← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) ဆွဲဆောင်မှုအမှတ် မြင့်တက်လာခြင်း

ယဲ့ဖုန်းသည် တခြားအရာများကို ဆက်လက်၍ တွေးတောမနေတော့ချေ။

တစ်ကြိမ်တက်ရောက်စာရင်းသွင်းခွင့် ကျန်ရှိနေသေးပြီး တက်ရောက်စာရင်းသွင်းရန် ရွေးချယ်ခွင့် ပေါ်လာသော စနစ်မျက်နှာပြင်ကို မြင်တွေ့ရသောအခါ သူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ 【တက်ရောက်စာရင်းသွင်းရန် အတည်ပြုပါ】ကို နှိပ်လိုက်လသည်။

【တက်ရောက်စာရင်းသွင်းနေပါသည်...】

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က တာဝန်ဆုလာဘ်အဖြစ် သေမင်းတမန်စစ်သည်တစ်သိန်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

"စစ်သည်တစ်သိန်း... ပြီးတော့ သူတို့အားလုံးက ငါ့ရဲ့အမိန့်ကိုပဲ နာခံတဲ့ သေမင်းတမန်စစ်သည်တွေ..."

ဆုလာဘ်၏ အကြောင်းအရာကို ရှင်းလင်းစွာ မြင်တွေ့ရပြီး အကြိမ်ကြိမ် အတည်ပြုပြီးနောက် ယဲ့ဖုန်းသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားခဲ့ပေ၏။ ဤသေမင်းတမန်စစ်သည် တစ်သိန်းနှင့်ဆိုလျှင် ကျင့်ကြံခြင်းမရှိဘဲနှင့်ပင် မဟာဝူရှားဧကရာဇ်ကို ရင်ဆိုင်နိုင်ပေမည်။

ဤအရာကို တွေးမိသောအခါ သူသည် အလိုလို စိတ်ကျေနပ်ကာ ဂုဏ်ယူသွားမိ၏။ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီးနောက် သူ၏ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းနှင့် သူ၏ သေမင်းတမန်စစ်သည် တစ်သိန်းအကြောင်းကို ရှားဧကရာဇ် သိရှိသွားသောအခါ ယခင်ကကဲ့သို့ သူ့ကို အထင်သေးကာ အကြောင်းပြချက် အမျိုးမျိုးပေးပြီး မင်းသမီး ရှားချင်းယွဲ့နှင့် လက်ထပ်ခွင့်ကို ငြင်းဆန်ဝံ့သေးသလားဆိုသည်ကို သူ သိချင်နေခဲ့သည်။

အရေးအကြီးဆုံးမှာ ဤမျှလောက်သာရှိသော သေမင်းတမန်စစ်သည် တစ်သိန်းသည် စနစ်၏ အမြင့်ဆုံး ကန့်သတ်ချက် လုံးဝမဟုတ်ကြောင်း ယဲ့ဖုန်း သေချာပေါက် သိရှိထားပေ၏။ နောက်ထပ် နှစ်ဆယ့်ကိုးနှစ်အတွင်းတွင် တစ်သိန်းကို မဆိုထားနှင့်... တစ်သန်း၊ ဆယ်သန်း သို့မဟုတ် သန်းတစ်ရာ ဆိုသည်မှာလည်း မဖြစ်နိုင်သောအရာ မဟုတ်ချေ။

တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီးနောက် သူသည် ကြီးမားသော စစ်တပ်ကြီးဖြင့် ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးကို ဖြတ်ကျော်ကာ သိမ်းပိုက်ပြီးနောက် သူ့ကိုယ်သူ ဘုရင်အဖြစ် ကြေညာကာ အောင်ပွဲခံ၍ ပြန်လည်ရောက်ရှိလာပြီး ရှားချင်းယွဲ့ကို လက်ထပ်မည်ဟု ယဲ့ဖုန်း စိတ်ကူးယဉ်နေမိသည်။

တွေးကြည့်ရုံမျှဖြင့် သူ၏ဦးရေပြား စိတ်လှုပ်ရှားမှုကြောင့် ထုံကျင်သွားသည်။ သူသည် လက်ကိုမြှောက်ကာ ပါးစပ်ထောင့်မှ သွားရည်များကို သုတ်လိုက်ပြီး တံတွေးမျိုချလိုက်၏။

ထို့နောက် ယဲ့ဖုန်းသည် စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး သူ၏ ကျင့်ကြံသည့် ကိုယ်နေဟန်ထားကို ပြင်ဆင်ကာ အပိုအတွေးများကို ဖယ်ရှားရန် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ကျင့်ကြံခြင်းအခြေအနေသို့ ဆက်လက်ဝင်ရောက်သွားတော့သည်။

တက်ရောက်စာရင်းသွင်းခြင်း၊ ကျင့်ကြံခြင်း၊ တက်ရောက်စာရင်းသွင်းခြင်း၊ ကျင့်ကြံခြင်း...

နှစ်ဝက်ကြာပြီးနောက် ဤကဲ့သို့ ထပ်ခါတလဲလဲ ဖြစ်နေသော စည်းချက်နှင့် သူ အသားကျနေလေပြီ။ ဤသည်က ပျင်းစရာကောင်းသော်လည်း သူ​၏စွမ်းအား ပို၍ကြီးမားလာသည်ကို ရှင်းလင်းစွာ ခံစားရခြင်းမှာပျော်ရွှင်မှုတစ်မျိုးပင်။

တစ်ချိန်တည်းမှာပင် တခြားတစ်ဖက်၌...

တစ်ညလုံး ကျင့်ကြံပြီးနောက် ချန်ချင်း၏ကျင့်ကြံခြင်းသည် အဓိကနယ်ပယ်တစ်ခုသို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ရွှေအမြုတေနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပေ၏။ ထို့နောက် တခြားဆေးလုံးများ၏အကူအညီနှင့် သူ၏ မွေးရာပါ နားလည်နိုင်စွမ်းအမှတ်တို့ ပေါင်းစပ်ကာ ကောင်းကင်ယံတွင် နေထွက်လာချိန်၌ ရွှေအမြုတေနယ်ပယ် ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည်။

သူ၏မျက်လုံးများကို ဖွင့်လိုက်သောအခါ နေရောင်ခြည်တစ်စက ပြတင်းပေါက်မှတစ်ဆင့် ရှားချင်းယွဲ့၏ မျက်နှာပေါ်သို့ ကျရောက်နေသည်ကို သတိထားမိသဖြင့် ချန်ချင်း မတ်တတ်ရပ်ကာ လျှောက်သွားလိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို အသုံးပြုကာ ထိုနေရောင်ခြည်ကို ရှားချင်းယွဲ့အား မထိအောင် ကာကွယ်ပေးလိုက်သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နက်နဲသိမ်မွေ့ အဆင့်မြင့် ကျင့်ကြံနည်းစနစ် 'ဗာဂျရာခန္ဓာကိုယ် ကာကွယ်ရေးနည်းစနစ်' ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ချန်ချင်း တွေးထက်ထားသည့်အတိုင်းပင် ဤအရာသည် အမှန်တကယ်ကို ဇနီးသည်အား အလိုလိုက်ခြင်းအဖြစ် သတ်မှတ်ခံရပြီး အတော်အသင့် ကြီးမားသော ဆုလာဘ်တစ်ခုကို ရရှိခဲ့ပေ၏။ သူသည် ကာကွယ်ရေး ကျင့်ကြံနည်းစနစ်တစ်ခု လိုအပ်နေချိန်တွင် စနစ်က အဆင်ပြေစွာ ထောက်ပံ့ပေးလိုက်ခြင်းပင်။

ချန်ချင်းသည် ဤကျင့်ကြံနည်းစနစ်ကို တိတ်ဆိတ်စွာ စတင်ကျင့်ကြံနေခဲ့သည်။ သူ မသိသည်မှာ ရှားချင်းယွဲ့သည် အမှန်အားဖြင့် နိုးနေပြီး အိပ်ချင်ယောင်ဆောင်နေခြင်းပင်။ ချန်ချင်းသည် အမှန်တကယ်ကို တစ်ညလုံး ကျင့်ကြံနေခဲ့သဖြင့် သူမ အံ့အားသင့်သွားသည်။ အစပိုင်းတွင် သူမ အိပ်ပျော်သွားပြီးနောက် ချန်ချင်းက မသင့်တော်သော အပြုအမူများ လုပ်ဆောင်လာမည်ကို စိုးရိမ်သဖြင့် သူမ ပြန်မအိပ်ရဲခဲ့ချေ။ သို့သော် သူမသ​ည် အိပ်ချင်စိတ်ကို မလွန်ဆန်နိုင်ဘဲ ပြန်အိပ်ပျော်သွားခဲ့သည်။

သူမ ပြန်နိုးလာသောအခါ ပြတင်းပေါက်အပြင်ဘက်မှ ဝင်ရောက်လာသော တောက်ပသည့် နေရောင်ခြည်ကို သတိထားမိသွားသည်။ ရှားချင်းယွဲ့က မျက်လုံးဖွင့်ကာ ထိုင်ရန် ဆုံးဖြတ်လိုက်ချိန်မှာပင် ချန်ချင်း၏ ခြေသံများကို ကြားလိုက်ရ၏။ ထို့ကြောင့် ရှားချင်းယွဲ့သည် အိပ်ချင်ယောင်ဆောင်ရန် ရွေးချယ်လိုက်ပြီး အစက သူမသည် ချန်ချင်း၏ ဟန်ဆောင်မှု သက်သေကို ဖမ်းမိမည်ဟု ထင်မှတ်ကာ သူ ဆက်လက် ဟန်ဆောင်နေနိုင်တော့မည် မဟုတ်ဟု ယုံကြည်ထားခဲ့သည်။

သူမ၏ သေးသိမ်သော စံနှုန်းများဖြင့် လူကောင်းတစ်ယောက်ကို အကဲဖြတ်နေမိမည်ဟု မည်သူက တွေးထင်မိမည်နည်း။ ချန်ချင်းသည် ဤမျှထိ ညင်သာပြီး အသေးစိတ် ဂရုစိုက်တတ်လိမ့်မည်ဟု ရှားချင်းယွဲ့ အမှန်တကယ်ကို ထင်မှတ်မထားခဲ့ချေ။ တောက်ပသော နေရောင်ခြည်မှ သူမကို ကာကွယ်ပေးရန်အတွက် သူ၏ ကျင့်ကြံခြင်း တိုးတက်မှုကို အဟန့်အတားဖြစ်စေရန်ပင် သူ လိုလိုလားလား ရှိနေခဲ့၏။

ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်ကိုသာ လိုချင်နေခြင်းဖြစ်ပြီး သူမ စိတ်ကူးသလောက် များများစားစား တွေးတောမနေကြောင်း ထိုမိန်းမပျို မသိခဲ့ချေ။ သို့သော် အကျိုးသက်ရောက်မှုကမူ ချန်ချင်း လိုချင်သည့်အတိုင်းပင် ဖြစ်နေခဲ့သည်။ မျှော်လင့်မထားသော အကျိုးအမြတ်များသည် ဤမျှသာ မဟုတ်ချေ။ ချန်ချင်းသည် နေရာတွင်ပင် ရပ်ကာ တစ်နာရီတိတိ ကျင့်ကြံနေခဲ့ပြီး 'ဗာဂျရာခန္ဓာကိုယ် ကာကွယ်ရေးနည်းစနစ်' ကို တတိယအဆင့်အထိ နားလည်သဘောပေါက်သွားခဲ့သည်။

နိုးထခြင်းကို မခံစားရသေးဘဲ သာမန်လူတစ်ဦးအဖြစ်သာ ရှိနေသေးသော ရှားချင်းယွဲ့သည် ဤအရာကို သဘာဝကျစွာပင် သိမြင်နိုင်မည် မဟုတ်ချေ။ သူမ၏ အမြင်တွင် ချန်ချင်းသည် သူမကို နေရောင်မှ ကာကွယ်ပေးရန် နှစ်နာရီတိတိ မတ်တတ်ရပ်နေပေးခဲ့ခြင်းပင်။ ရှားချင်းယွဲ့သည် သူမကိုယ်သူမ ကျောက်တုံးကဲ့သို့ ခိုင်မာသော နှလုံးသားရှိသူ မဟုတ်ဟု ယူဆထားသည်။

ရှားချင်းယွဲ့သည် ခံစားချက်မဲ့သူ မဟုတ်ပါက မည်သို့စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ ဤရက်များအတွင်းတွက် ချန်ချင်း၏ လုပ်ရပ်များသည် ရှားချင်းယွဲ့၏ အမြင်တွင် ယဲ့ဖုန်းနှင့် သူမ၏ဖခင် ရှားချန်တို့မှလွဲ၍ တခြားမည်သူထက်မဆို သူမအပေါ် အကောင်းဆုံး ဆက်ဆံမှုများပင်။ ခင်ပွန်းတစ်ယောက်အနေဖြင့် သူသည် သေချာပေါက် အလွန်ကောင်းမွန်သော ကိုက်ညီမှုတစ်ခုပင်။

'မဟုတ်ဘူး... ငါ ဆက်ပြီး ဒီလိုတွေးနေလို့ မဖြစ်ဘူး...'

သူမသည် ယဲ့ဖုန်းကို နောက်တစ်ကြိမ် သစ္စာဖောက်မိပြီဟု သဘောပေါက်သွားကာ ရှားချင်းယွဲ့သည် သူမ၏ အတွေးများကို အလျင်အမြန် ရပ်တန့်ပြီး မျက်လုံးဖွင့်ကာ ကုတင်ပေါ်မှ ထထိုင်လိုက်၏။ ချန်ချင်း ကျင့်ကြံခြင်း ပြီးဆုံးသွားချိန်တွင် သူမကို မြင်တွေ့လိုက်ရပြီး ရှားချင်းယွဲ့၏ မျက်နှာကို သူကိုယ်တိုင် သစ်ပေးရန် ရည်ရွယ်ချက်ဖြင့် ရေနွေးတစ်ဇလုံ ယူလာပေးရန် လူတစ်ဦးအား ချက်ချင်းအမိန့်ပေးလိုက်သည်။

ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ရယူရန် ဤအခွင့်အရေးကို သူ လက်လွတ်မခံနိုင်ချေ။

"ကျွန်မဘာသာ လုပ်လို့ရပါတယ်..."

"အာ..."

ရှားချင်းယွဲ့၏ စကားဆုံးခါနီးမှာပင် ချန်ချင်းက သူမအား ငြင်းဆန်လိုက်၏။

"ဒီလိုကိစ္စမျိုးက ကိုယ်လုပ်ပေးတာ ပိုကောင်းပါတယ်..."

ရှားချင်းယွဲ့သည် ချန်ချင်း၏ အတင်းအကြပ် လုပ်ဆောင်မှုကို မဆန့်ကျင်နိုင်ချေ။ သူ မျက်နှာသုတ်ပဝါကို ဆေးကြောနေသည်အား ကြည့်ရင်း နောက်ဆုံးတွင် သူမ မအောင့်အည်းနိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်က ဘာလို့ ကျွန်မအပေါ် ဒီလောက်ထိ ကောင်းနေရတာလဲ..."

သူမနှင့် ချန်ချင်းတို့ကြားတွင် မည်သည့်အချိန်က ကံဆိုးသော ဆက်စပ်မှုမျိုး ရှိခဲ့ကြောင်း သူမ မမှတ်မိချေ။

"မင်းက ငါ့ရဲ့ဇနီးလေ... မင်းရဲ့ ခင်ပွန်းအနေနဲ့ မင်းအပေါ် ကောင်းတာ သဘာဝကျတာပဲ မဟုတ်ဘူးလား..."

ချန်ချင်းက လေးနက်စွာ ပြန်လည်ဖြေကြားလိုက်၏။

"..."

ဤစကားတစ်ခွန်းတည်းဖြင့် ရှားချင်းယွဲ့ စကားပြောမထွက်နိုင်အောင် ဖြစ်သွားသည်။

ချန်ချင်း၏ တည်ကြည်လေးနက်သော အမူအရာကို မြင်တွေ့ရချိန်တွင် ရှားချင်းယွဲ့ နောက်ဆုံး၌ သဘောပေါက်သွားလေ၏။ ဤသည်မှာ အမှန်ပင်။ ခင်ပွန်းတစ်ယောက်က ဇနီးအပေါ် ကောင်းမွန်ခြင်းမှာ သဘာဝကျသည်။ ချန်ချင်းသည် ခင်ပွန်းတစ်ယောက်၏ တာဝန်ဝတ္တရားများကို အမှန်တကယ်ပင် လေးလေးနက်နက် ထမ်းဆောင်နေပြီး သူမတစ်ဦးတည်းသာ ဆုံးဖြတ်ချက်မချနိုင်ဘဲ ယိမ်းယိုင်နေကြောင်း သူမ နားလည်သွားသည်။ သူမ ပို၍တွေးတောမိလေလေ ရှားချင်းယွဲ့၏ နှလုံးသားထဲတွင် ချန်ချင်းအပေါ် အပြစ်ရှိသကဲ့သို့ ခံစားရမှုများ ပို၍ပြည့်နှက်လာလေလေပင်။

"လာ... ဇနီးလေး... မျက်လုံးမှိတ်ထား... မင်းကို မျက်နှာကို သစ်ပေးမယ်..."

ဇနီးသည်အား အလိုလိုက်ခြင်းဖြင့် မည်သည့်ဆုလာဘ်မျိုး ရရှိမည်ကို ချန်ချင်း စောင့်မျှော်နေခဲ့သည်။

ရှားချင်းယွဲ့က နာခံစွာ လိုက်လျောပေးလေသည်။ ချန်ချင်းသည် စိုစွတ်သော မျက်နှာသုတ်ပဝါကို သူမ၏ မျက်နှာပေါ်တွင် တင်ပေးလိုက်၏။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် တတိယအဆင့် ကြက်သွေးရောင်ငှက်မွှေးဆေးလုံး၁၀လုံးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

တတိယအဆင့် ဆေးလုံးဆယ်လုံး...

ယခင်က သူ ရှားချင်းယွဲ့ မျက်နှာကို သစ်ပေးခဲ့စဉ်က ဆုလာဘ်များ၏ အရည်အသွေးရော အရေအတွက်ပါ ယခုလောက် မများပြားခဲ့ကြောင်း ချန်ချင်း ရှင်းလင်းစွာ မှတ်မိနေပေ၏။ မည်သည်ကြောင့်နည်း။ ချန်ချင်း နားမလည်နိုင်ချေ။

ထို့နောက် စနစ်က ရှင်းလင်းချက်တစ်ခု ပေးလာသည်။

【ပစ်မှတ်ထားသော "ရှားချင်းယွဲ့" ၏ သင့်အပေါ်ထားရှိသော ဆွဲဆောင်မှုအမှတ်၏ အားကောင်းမှုသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ၏ အရည်အသွေးနှင့် အရေအတွက်အပေါ်တွင်လည်း သက်ရောက်မှု ရှိသည်...】

'အော်... ဒီလိုကိုး...'

စနစ်၏ အသေးစိတ် ရှင်းလင်းချက်ကို မြင်တွေ့ရပြီးနောက် ချန်ချင်း၏ စိတ်နှလုံးထဲရှိ ရှုပ်ထွေးမှုများ နောက်ဆုံးတွင် ပြေပျောက်သွားခဲ့ပေ၏။

'အင်း... နေပါအုံး...'

သို့သော် နောက်တစ်ခဏတွင် တစ်ခုခု မှားယွင်းနေကြောင်း သူ သဘောပေါက်သွားသည်။

'ဆွဲဆောင်မှုအမှတ်က ဆုလာဘ်အဆင့်အပေါ် သက်ရောက်မှုရှိတယ်ဆိုတော့... အခု ဆုလာဘ်က တိုးလာတယ်ဆိုတာ သူရဲ့ ငါ့အပေါ်ထားတဲ့ ဆွဲဆောင်မှုအမှတ် မြင့်တက်လာတယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား...'

【အိမ်ရှင်အား အကြောင်းပြန်ပါတယ်... ဒါက အမှန်ပါပဲ...】

စနစ်က အတည်ပြုသည့် အဖြေတစ်ခု ပေးလာလေ၏။

'စိတ်ဝင်စားစရာပဲ...'

ချန်ချင်း ချက်ချင်းစိတ်ဝင်စားသွားခဲ့ပေသည်။ ဤအတိုင်းသာ ဆက်သွားပါက သူ ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန် အလှမ်းဝေးတော့မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။

ရှားချင်းယွဲ့၏မျက်နှာကို တစ်ကြိမ်သစ်ပေးပြီးနောက် ချန်ချင်းသည် မျက်နှာသုတ်ပဝါကို ဆေးကြောရန် နောက်လှည့်လိုက်သည်။ ယခင်ကကဲ့သို့ ရှားချင်းယွဲ့၏ မျက်နှာကို အကြိမ်ဆယ်ချီ၍ သစ်ပေးမည် မဟုတ်သော်လည်း တစ်ကြိမ်တည်းဖြင့်တော့ သေချာပေါက် မလုံလောက်ချေ။ အလုပ်ရှုပ်နေသော ချန်ချင်း၏ ကျောပြင်ကို ကြည့်ရင်း ရှားချင်းယွဲ့၏ ခံစားချက်များ ရှုပ်ထွေးနေခဲ့ပေ၏။

သူမ စကားမပြောမီ အကြိမ်ကြိမ် တုံ့ဆိုင်းနေခဲ့သည်။ သူ မျက်နှာသုတ်ပဝါကို ရေညှစ်ပြီး လှည့်လာသည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် အံ့ကြိတ်ကာ စိတ်တင်းထားပြီး မေးလိုက်၏။

"ရှင်က ကျွန်မကို အသုံးချပြီး ပုန်ကန်ဖို့ အကြံအစည် မရှိဘူးဆိုမှတော့... ဘာလို့ ကျွန်မကို လက်ထပ်ရတာလဲ..."

Book 1 end.

All Chapters