အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁) နောက်ဘဝဆိုတာ ရှိခဲ့ရင်...
ဤစကားကို ကြားသောအခါ ချန်ချင်းက ရှားချင်းယွဲ့၏ မျက်နှာကို သုတ်ပေးနေရင်း ပြန်လည်မေးခွန်းထုတ်လိုက်၏။
"သခင်မလေးက ကိုယ် မင်းကို လက်ထပ်ချင်တဲ့ တစ်ခုထည်းသော အကြောင်းအရင်းဟာ မင်းကို အသုံးချပြီး ပုန်ကန်ဖို့လို့ ယုံကြည်နေတာလား..."
"..."
ရှားချင်းယွဲ့ စကားမပြောနိုင်အောင် ဖြစ်သွားသည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၁၀မှတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
ချန်ချင်းသည် ဤအခွင့်အရေးကို အရယူကာ သူနှင့် ရှားချင်းယွဲ့ကြားရှိ အကွာအဝေးကို ကြီးမားစွာ လျှော့ချလိုက်ပြီး ဆက်လက်ပြောဆိုလိုက်၏။
"သခင်မလေးက မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို ယုံလား..."
"မြင်မြင်ချင်း ချစ်မိတာလား..."
ရှားချင်းယွဲ့၏ စိတ်ထဲတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်သွားသည်။
"အမှန်ပဲ..."
ချန်ချင်းက ခေါင်းညိတ်လိုက်ပြီးနောက် မျက်နှာသုတ်ပဝါကို ဆေးကြောရန် နောက်လှည့်ကာ ဆက်လက်၍ ပြောဆိုသည်။
"မင်းကို ပထမဆုံး မြင်လိုက်ရတဲ့ အချိန်မှာတင်... ဘဝတလျှောက်လုံး မင်းနဲ့အတူ ရှိနေချင်တဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခု ကိုယ့်မှာ ဖြစ်ပေါ်လာခဲ့တယ်... အဲ့ဒီအချိန်မှာ ကိုယ် မင်းကို ရွေးချယ်လိုက်ပြီ... မင်းကို ပိုင်ဆိုင်ချင်တယ်... ပြီးတော့ ဒီဘဝမှာ မင်းပဲ ဖြစ်ရမယ်..."
သူတို့၏ အကြည့်များ ဆုံတွေ့သွားချိန်တွင် ချန်ချင်းသည် သူ၏ သရုပ်ဆောင်စွမ်းရည်ကို အမြင့်ဆုံးအထိ အသုံးပြုလိုက်၏။
နောက်ထပ် ဘဝတစ်ခုကို ဖြတ်သန်းခဲ့ဖူးသော ပြန်လည်မွေးဖွားလာသူတစ်ဦးအနေဖြင့် သူသည် ဝက်သား မစားဖူးလျှင်တောင် ဝက်ပြေးသည်ကိုတော့ မြင်ဖူးသည် မဟုတ်လော။ ဤကဲ့သို့ ရှေးရိုးဆန်သည့် အချစ်ဝန်ခံမှုများကို သူ အမြောက်အများ မြင်တွေ့ဖူးသည်။ မည်သည့်စာကြောင်း နှစ်ကြောင်းကို ရွေးထုတ်လိုက်သည်ဖြစ်စေ အတိုင်းအတာတစ်ခုအထိ တစ်ဖက်မိန်းကလေး၏ခုခံမှုကို လျှော့ချနိုင်သကဲ့သို့ ခံစားရစေပေ၏။ ရှားချင်းယွဲ့၏ မျက်လုံးများတွင် ထင်ဟပ်လာသော ရင်ခုန်စိတ်လှုပ်ရှားမှုများအရ သူ၏ စကားများသည် အမှန်တကယ်ကို သိသာထင်ရှားသော ရလဒ်များ ရရှိခဲ့ကြောင်း တွေ့မြင်ရရန် မခက်ခဲချေ။
နောက်ဆက်တွဲ ရရှိလာသော စနစ်ဆုလာဘ်ကလည်း ဤအချက်ကို ထပ်မံ၍ သက်သေပြနေသည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ်၂၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
တခြားတစ်ဖက်တွင် ချန်ချင်း၏ စစ်မှန်သော အတွေးများကို သိရှိပြီးနောက် ရှားချင်းယွဲ့သည် သူ့ကို ချက်ချင်းနားလည်သွားခဲ့ပေ၏။ အကြောင်းအရင်းမှာ ရှားချင်းယွဲ့သည်လည်း ယဲ့ဖုန်းအပေါ်၌ ထိုကဲ့သို့ ခံစားချက်မျိုး ရှိနေသောကြောင့်ပင်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် သူ့ကို ရွေးချယ်ခဲ့ပြီး သူသာလျှင် သူမ၏လက်တွဲဖော် ဖြစ်ရမည်ဟု တွေးတောခဲ့သည်။ သူတို့၏အကြည့်များ ဆုံတွေ့သွားပြီး သူမ၏ရှေ့ရှိ အလွန်အမင်း ချစ်ခင်ယုယနေသော အမျိုးသားကို ကြည့်ကာ ရှားချင်းယွဲ့သည် သူ့အပေါ် အပြစ်ရှိသကဲ့သို့ မခံစားရဘဲ မနေနိုင်တော့ချေ။
'တကယ်လို့ ရှင်ပြောတာ အမှန်သာဆိုရင်... ကျွန်မကို နားလည်ပေးနိုင်မှာပါနော်... ဒီဘဝမှာတော့ ကျွန်မက ရှင့်ကို စိတ်ပျက်အောင် လုပ်ဖို့ ကံကြမ္မာပါလာတယ် ထင်တယ်... နောက်ဘဝဆိုတာ ရှိခဲ့ရင်တော့...'
သူမက စိတ်ထဲမှ တွေးတောလိုက်သည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဆွဲဆောင်မှုအမှတ် ၂၀မှတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၁၀မှတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို ခြောက်ကြိမ် သို့မဟုတ် ခုနစ်ကြိမ်မျှ ထပ်ခါတလဲလဲ ရယူပြီးနောက် ချန်ချင်းသည် နောက်ဆုံးတွင် ရှားချင်းယွဲ့ကို မျက်နှာသစ်ပေးခြင်းမှ လွှတ်ပေးလိုက်သည်။
အရာအားလုံး ပြီးစီးသွားပြီးနောက် ချန်ချင်းသည် ရှားချင်းယွဲ့ကို ချွေးမတစ်ဦးအနေဖြင့် သူ၏ဖခင် ချန်ရှုံးထံသို့ လက်ဖက်ရည်ဆက်သရန်အတွက် ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်၏။
ရှားချင်းယွဲ့က မငြင်းဆန်ခဲ့ချေ။ ယခုအချိန်တွင် သူမသည် ထိုကဲ့သို့ကိစ္စများကို မဆန့်ကျင်တော့ချေ။ ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်နေလျှင်ပင် အနည်းဆုံး ယဲ့ဖုန်း ပြန်မလာမီအထိ ဇနီးသည်၏ အခန်းကဏ္ဍကို ကောင်းစွာသရုပ်ဆောင်ရပေမည်။ သူမသည် ချန်ချင်းကို ပို၍သက်သောင့်သက်သာဖြစ်စေရန်နှင့် သူမ၏ အပြစ်ရှိစိတ်ကို လျှော့ချရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဟု သူမ တွေးတောထားသည်။
မကြာမီ သူတို့နှစ်ဦးသည် ချန်မိသားစု၏ ပင်မခန်းမသို့ ရောက်ရှိလာကြ၏။ ချန်ရှုံးသည် မျိုးနွယ်စုခေါင်းဆောင်၏ ထိုင်ခုံတွင် ထိုင်နေပြီး ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ရောက်လာသည်ကို မြင်သောအခါ သူ၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာ ရယ်မောလိုက်သည်။
"လိုက်ဖက်တဲ့ စုံတွဲလေးပဲ... တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလေးပဲ..."
"အဖေ... ရှားချင်းယွဲ့က အဖေ့ကို လက်ဖက်ရည်ဆက်သဖို့ ရောက်လာတာပါ..."
ချန်ချင်းက ပြောလိုက်၏။
"ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်..."
ချန်ရှုံးသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသည်။
"လက်ဖက်ရည် သုံးဆောင်ပါ..."
ရှားချင်းယွဲ့သည် ချန်ရှုံးထံသို့ လျှောက်သွားကာ ကြိုတင်ပြင်ဆင်ထားသော လက်ဖက်ရည်ကို ကမ်းပေးလိုက်၏။ ဤအချိန်တွင် လူအများက သစ္စာဖောက်ဝန်ကြီးဟု သိထားကြသော ချန်ရှုံးကို ဖခင်ဟု ခေါ်ရန် သူမ မစွမ်းဆောင်နိုင်သေးချေ။
"ကောင်းတယ်... ကောင်းတယ်..."
ချန်ရှုံးသည် လက်ဖက်ရည်ခွက်ကိုယူကာ သူ၏ပါးစပ်က နားရွက်တက်ချိတ်လုမတတ် ပြုံးရွှင်နေသည်။ သူသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်၏။
ထို့နောက် သူသည် သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူကာ ရှားချင်းယွဲ့ထံသို့ လက်ကမ်းပေးလိုက်လေသည်။
"ဒါက ငါ့ရဲ့ လက်ဖွဲ့သင်္ကေတ အသေးလေးတစ်ခုပါ... ယူထားလိုက်ပါ... မလောက်ရင် ငါ့ကို ထပ်တောင်းလို့ရတယ်..."
"ကျေးဇူးတင်ပါတယ်..."
ရှားချင်းယွဲ့သည် ချန်ချင်းကို လှမ်းကြည့်လိုက်ပြီး သူ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ချန်ရှုံး၏ ကြင်နာသော ကမ်းလှမ်းမှုကို လက်ခံလိုက်၏။
ထို့နောက် ချန်ရှုံးသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တွင် ချထားကာ ချန်ချင်းထံသို့ အလျင်အမြန် လျှောက်သွားပြီး သူ့ကို နံဘေးသို့ဆွဲခေါ်ကာ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် တီးတိုးမေးလိုက်သည်။
"ဘယ်လိုလဲ... ဘယ်လောက် တိုးတက်နေပြီလဲ..."
"ဘာတိုးတက်တာလဲ..."
ချန်ချင်းက မသိချင်ယောင်ဆောင်ကာ ပြန်မေးလေသည်။
"တခြားဘာရှိရမှာလဲ... ငါတို့ ချန်မိသားစုရဲ့ မျိုးဆက် ဆက်ခံမယ့် ကိစ္စလေ..."
ချန်ရှုံးက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အဲ့ဒီလောက်တော့ မမြန်သေးဘူး... စိတ်ရှည်ရှည်ထားပါအုံး..."
ချန်ချင်းသည် ချန်ရှုံး၏လက်ကို ခါထုတ်ကာ ရှားချင်းယွဲ့ထံသို့ လျှောက်လှမ်းသွားပြီး သူမအား ပြောလိုက်၏။
"မင်း နန်းတော်ကို ပြန်ချင်တယ် မဟုတ်လား... သွားကြစို့... ကိုယ် လိုက်ပို့ပေးမယ်..."
"ဒါဆိုရင်... ချင်းယွဲ့ကို အရင်သွားခွင့်ပြုပါအုံး..."
ချန်ရှုံးကို ရင်ဆိုင်ရချိန်တွင် သူ့ထံ၌ အလွန် ကြင်နာတတ်သော အမူအရာရှိနေသော်လည်း ရှားချင်းယွဲ့သည် စိုးရိမ်ပူပန်မှုကို မဖျောက်ဖျက်နိုင်ခဲ့ချေ။
ချန်ရှုံးက အသိအမှတ်ပြုကြောင်း ခေါင်းညိတ်ပြပြီးနောက် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို နန်းတော်ထဲသို့ ပို့ဆောင်ရန်အတွက် ရထားလုံးတစ်စီး ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။ သူတို့၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ချန်ရှုံးသည် ရုတ်တရက် သက်ပြင်းချလိုက်၏။
"ချင်းအာက အရင်ကထက် အများကြီး ပိုချောလာတယ်လို့ ငါ ဘာလို့ ရုတ်တရက် ခံစားလိုက်ရတာလဲ... ဒီအသွင်အပြင်က သေမျိုးလောကကို ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ပါးလိုပဲ..."
"အင်း... သူက ငါ့ရဲ့ ချန်မျိုးနွယ်စုဝင်ပဲ... ငါ ချန်ရှုံးရဲ့ သားဖြစ်ဖို့ တကယ့်ကို ထိုက်တန်တာပဲ..."
နောက်ဆုံးတွင် သူသည် ထိုကဲ့သို့ အကြောင်းပြချက်ဖြင့် သူ့ကိုယ်သူ ဆင်ခြေပေးလိုက်သည်။
တခြားတစ်ဖက်တွင် ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် ရထားလုံးပေါ်သို့ တက်လိုက်ကြသည်။ ရထားလုံးဘီးများ လိမ့်နေသည်ကို ခံစားရပြီး ခရီးစတင်သည်နှင့် ရှားချင်းယွဲ့သည် သိုလှောင်လက်စွပ်ကို ချန်ချင်းထံသို့ လက်ကမ်းပေးလိုက်သည်။
"ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်... ကျွန်မ လက်မခံနိုင်ဘူး..."
သူမသည် အစောပိုင်းက အတွင်းသို့ အကဲခတ်ကြည့်လိုက်ရာ ဤသိုလှောင်လက်စွပ်ထဲတွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသည်။ ချန်ချင်းကို ဘေးဖယ်ထားလိုက်လျှင်ပင် ဤသိုလှောင်လက်စွပ်နှင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းက ချန်ရှုံးသည် သေချာပေါက် သစ္စာဖောက်ဝန်ကြီးတစ်ဦးဖြစ်ကြောင်း အတည်ပြုနေလေပြီ။ အကြောင်းအရင်းမှာ လက်ရှိရှားဧကရာဇ်ပင်လျှင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ထုတ်ပေးရန် လုံးဝမလွယ်ကူသောကြောင့်ပင်။
"လက်မခံနိုင်စရာ ဘာရှိလို့လဲ... မင်းက ငါ ချန်ချင်းရဲ့ သခင်မလေးလေ... ငါ့အဖေရဲ့ ချွေးမပဲ... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို မဆိုထားနဲ့ သန်းတစ်ရာဆိုရင်တောင် လုံးဝတရားမျှတတယ်..."
ချန်ချင်းက ထိုသို့ပြောလိုက်သော်လည်း ဤနေရာရှိ ကိစ္စများ ပြီးစီးသွားပါက ချန်ရှုံးထံမှ ငွေအမြောက်အမြား သေချာပေါက် ခြိမ်းခြောက်တောင်းယူမည်ဟု သူ၏စိတ်ထဲတွင် တွေးတောနေမိသည်။
စိတ်ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံသူများနှင့် သာမန်လောကကြား အရောင်းအဝယ်အတွက် အကြွင်းမဲ့ငွေကြေးတစ်ရပ်ဖြစ်ရုံသာမက အလွန်ကောင်းမွန်သော ကျင့်ကြံခြင်း အရင်းအမြစ်များလည်း ဖြစ်နေသည်။ ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန် စိတ်ဝိညာဉ်ကျောက်တုံးများအတွင်း သိုလှောင်ထားသော စိတ်ဝိညာဉ်ချီများကို စုပ်ယူကာ သန့်စင်နိုင်ကြ၏။ စိတ်ဝိညာဉ်ကျောက်တုံး၏ အရည်အသွေး ပို၍မြင့်မားလေလေ စိတ်ဝိညာဉ်ချီများ ပို၍ပါဝင်လေလေပင်။ ထိုစိတ်ဝိညာဉ်ချီများကို အပြည့်အဝ စုပ်ယူပြီးပါက စိတ်ဝိညာဉ်ကျောက်တုံးသည်လည်း အသုံးမဝင်သော ကျောက်ခဲတစ်တုံး ဖြစ်သွားပြီး မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ချေ။
"ကောင်းပါပြီ..."
ချန်ချင်းက ဤမျှထိ ပြောဆိုနေသည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် ယာယီလက်ခံထားရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ဘဲ လုံခြုံစွာ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ဖုန်း ပြန်ရောက်လာသောအခါ သူမသည် အရာအားလုံးကို ချန်ချင်းထံသို့ ပြန်ပေးမည်ဖြစ်ပြီး သူ့အပေါ် မည်သည့်အကြွေးမျှ မတင်စေရချေ။
မကြာမီပင် ရထားလုံးသည် တော်ဝင်နန်းတော် တံခါးများကို ဖြတ်သန်းသွားခဲ့လေ၏။ ရထားလုံးပေါ်ရှိ ချန်မိသားစု၏ အမှတ်တံဆိပ်ကို မြင်သောအခါ အစောင့်များသည် စကားမပြောရဲကြတော့ဘဲ တားဆီးကာ အထောက်အထား စစ်ဆေးရန်ကိုမူ ထည့်ပြောရန်ပင် မလိုတော့ချေ။ မဟာဝူနိုင်ငံတွင် ချန်မိသားစု၏ ရထားလုံးသည် ဧကရာဇ်၏ နဂါးရထားလုံးနှင့် မခြားနားကြောင်း သူတို့ ကောင်းစွာသိရှိထားသည်။ အကယ်၍ သူတို့ တားဆီးမိပါက လူအနည်းငယ် ခေါင်းပြုတ်သွားရုံနှင့် လုံလောက်မည် မဟုတ်ချေ။
မကြာမီ ရထားလုံး ရပ်တန့်သွားပြီး ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ဆင်းလာခဲ့ကြသည်။
"လာ... ချော်မလဲအောင် သတိထား..."
ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ရယူရန် ဤကောင်းမွန်သော အခွင့်အရေးကို သဘာဝကျစွာပင် လက်လွတ်ခံမည် မဟုတ်ဘဲ ရှားချင်းယွဲ့ကို ကူညီရန် လက်ကမ်းပေးလိုက်၏။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် သက်ရှည်သစ်သီးတစ်လုံးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
ချန်ချင်းသည် အသေးစိတ် ဖော်ပြချက်ကို ကြည့်လိုက်၏။ ဤသက်ရှည်သစ်သီးကို စားသုံးပြီးနောက် သစ်သီးတစ်လုံးသည် သက်တမ်းကို နှစ်တစ်ရာ တိုးမြှင့်ပေးနိုင်ပေသည်။ ယခုချိန်၌ သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သူ့အတွက်မူ ဤအရာသည် အသုံးမဝင်ချေ။
သို့သော် အကယ်၍ သူသာ သက်ရှည်သစ်သီးကို အရောင်းအဝယ် လုပ်မည်ဆိုပါက လူမည်မျှထိများများ အာဏာရှိသူ မည်မျှထိများများသည် သူ့ထံသို့ စုပြုံလာကာ အရောင်းအဝယ် လုပ်ပေးရန် ခေါင်းကွဲမတတ် တောင်းဆိုကြမည်ကို ချန်ချင်း အလွယ်တကူ စိတ်ကူးကြည့်နိုင်သည်။ သူသည် ထိုအရာကို စနစ် သိုလှောင်ခန်းထဲတွင် ယာယီသိမ်းဆည်းထားလိုက်၏။
ထို့နောက် ရှားချင်းယွဲ့သည် အိမ်ရှင်၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ချန်ချင်း၏ တောင်းဆိုမှုအရ သူ့အား တော်ဝင်နန်းတော်အတွင်းသို့ ကောင်းစွာ လှည့်လည်ပြသရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ယခင်မှတ်ဉာဏ်များတွင် နန်းတော်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များ အလွန်နည်းပါးပြီး စည်းကမ်းများကို လိုက်နာရမည့် နေရာများအား မနှစ်သက်ခဲ့ချေ။ တခြားကမ္ဘာမှ ကူးပြောင်းလာသူ တစ်ဦးအနေဖြင့် ချန်ချင်းသည် သူ၏အမြင်အာရုံကို ကျယ်ပြန့်စေရန် ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ ရခဲသဖြင့် တော်ဝင်နန်းတော်၏ အတွင်းရေးအခြေအနေကို သေချာပေါက် နားလည်လိုခဲ့သည်။
လှည့်လည်ကြည့်ရှုပြီးနောက် သူတို့နှစ်ဦးသည် တော်ဝင်ဥယျာဉ်သို့ရောက်ရှိလာကြ၏။ ထူးခြားဆန်းပြားသော မြင်ကွင်းအမျိုးမျိုးနှင့် တသွင်သွင် စီးဆင်းနေသော ရေကန်ရေများက သူ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
ချန်ချင်းက တစ်ခုခုပြောရန် ဟန်ပြင်လိုက်ချိန်တွင် သဟဇာတမဖြစ်သော လှောင်ပြောင်သည့် အသံတစ်သံက နံဘေးမှ ထွက်ပေါ်လာသည်။
"ဟက်... အရင်ကတော့ သူ့ရဲ့ သန့်စင်မှုကို ကာကွယ်ဖို့ သေရတာကမှ ပိုကောင်းမယ်ဆိုပြီး အခုတော့ သစ္စာဖောက်ဝန်ကြီးရဲ့ သားနဲ့အတူ လည်ပတ်ပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောနေပါလား... တကယ်ကို ရယ်စရာကောင်းလိုက်တာ... တကယ်ကို သနားစရာကောင်းလိုက်တာ... တကယ်ကို ရင်နာစရာကောင်းလိုက်တာ..."