အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂) ရွှေအမြုတေနယ်ပယ်
သစ္စာဖောက်ဝန်ကြီး၏သားဟူသော စကားလုံးလေးလုံးသည် ရှားချင်းယွဲ့၏နားထဲတွင် မိုးကြိုးပစ်ခတ်သကဲ့သို့ ပဲ့တင်ထပ်သွားပေ၏။
သူမသည် ခေါင်းလှည့်ကြည့်လိုက်ရာ ချန်ချင်း၏ မျက်နှာ ချက်ချင်းမှောင်မိုက်သွားသည်ကို တွေ့လိုက်ရသည်။ ရှားချင်းယွဲ့ ပျာယာခတ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
"သူတို့တွေက နားမလည်သေးလို့ မစဉ်းစားဘဲ ပြောလိုက်မိတာပါ... ရှင် စိတ်ထဲ မထားပါနဲ့နော်..."
"စိတ်မပူပါနဲ့... ကိုယ်က အဲ့ဒီလောက် ဒေါသကြီးတဲ့သူ မဟုတ်ပါဘူး..."
ချန်ချင်းက သူ၏လက်မောင်းကို ဆုပ်ကိုင်ထားသော ရှားချင်းယွဲ့၏ လက်ခုံကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ထို့နောက် သူသည် မင်းသမီးများနှင့် မင်းသားများ ရှိနေသော ခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
ရှားချင်းယွဲ့သည် သူ့နောက်သို့ လိုက်သွားရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
ချန်ချင်း သူတို့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်သောအခါ အစောပိုင်းက ဖြောင့်မတ်မှန်ကန်ပုံဖြင့် ဒေါသထွက်နေခဲ့ကြသော မင်းသားများနှင့် မင်းသမီးများသည် ယခုအချိန်တွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှု အမူအရာများကို ပြသနေကြသည်။ သူတို့သည် ချန်ချင်း မည်မျှထိ မောက်မာပြီး အာဏာရှိကြောင်းကို ကြားသိထားသည်။
မင်းသားတစ်ပါး ဖြစ်နေရုံမျှဖြင့် သူ့ကို ဟန့်တားနိုင်မည် မဟုတ်ကြောင်း သူတို့ သိထားကြ၏။ လွန်ခဲ့သော လဝက်ခန့်က မင်းသားတစ်ပါးသည် ချန်ချင်းကို စော်ကားမိသဖြင့် ဝန်ကြီးများစွာ၏ရှေ့တွင် ပါးနှစ်ချက် ရိုက်ခံခဲ့ရသည်။ ဤသည်က တော်ဝင်မိသားစု၏မျက်နှာကို ဆိုးရွားစွာ ထိခိုက်စေခဲ့သော်လည်း ရှားဧကရာဇ်သည် စည်းကမ်းလျော့ရဲမှုအတွက် ချန်ရှုံးကို လစာ လဝက်စာ ဖြတ်ရုံသာ အပြစ်ပေးခဲ့လေ၏။
ချန်ချင်းကမူ သူသည် မည်သည့်အပြစ်ပေးမှုကိုမျှ မခံရချေ။ ထိုလဝက်စာလစာဆိုသည်မှာ ချန်ရှုံးကဲ့သို့ အာဏာကြီးမားသည့် ဝန်ကြီးတစ်ဦးအတွက် ရေစက်လေးတစ်စက်မျှပင် မရှိချေ။
ဤအရာက မဟာဝူနိုင်ငံတွင် ချန်သားအဖ၏ အာဏာသည် မည်မျှထိ အံ့မခန်းဖြစ်ကြောင်းကို ထပ်မံ၍ သက်သေပြနေသည်။ မင်းသားတစ်ပါး အရိုက်ခံရချိန်တွင်ပင် ရှားဧကရာဇ်သည် မျက်စိမှိတ်ကာ သက်ညှာစွာ ဖြေရှင်းပေးရုံသာ တတ်နိုင်ပေ၏။
ချန်ချင်းသည် ခန်းမဆောင်၏ လှေကားထစ်များပေါ်သို့တက်ရန် ဟန်ပြင်လိုက်ချိန်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်းသမီးတွေနဲ့ မင်းသားတွေက ငယ်သေးလို့ ဘယ်လို စကားပြောရမလဲဆိုတာ ကောင်းကောင်း မသိသေးပါဘူး... သခင်လေးကို သက်ညှာပေးဖို့ တောင်းဆိုပါတယ်..."
ချန်ချင်းသည် လက်နှစ်ဖက်ကိုပူးဆုပ်ကာ စကားပြောနေသော ဤလူလတ်ပိုင်းအရွယ် အမျိုးသားနှင့် မရင်းနှီးသလို ယခင်ကလည်း မမြင်တွေ့ဖူးချေ။ သို့သော် သူသည် အခြေခံတည်ဆောက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ချက်ချင်းသိလိုက်ပြီး မင်းသမီးများနှင့် မင်းသားများကို လျှို့ဝှက်စွာ ကာကွယ်ပေးနေသော သက်တော်စောင့်တစ်ဦး ဖြစ်နိုင်သည်။
"အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ငါ့ရဲ့လမ်းကို ပိတ်ရဲတယ်ပေါ့... ဖယ်စမ်း..."
ချန်ချင်းက သူ၏ဖိအားအရှိန်အဝါကို ထုတ်လွှတ်လိုက်၏။
"ရွှေအမြုတေနယ်ပယ်..."
သက်တော်စောင့် အလွန်အမင်း ထိတ်လန့်သွားသည်။
ကောလာဟလထဲမှ အသုံးမကျပြီး ပညာမတတ်သော နတ်ဆိုးဘုရင်သည အမှန်အားဖြင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။ ထိုမျှသာမက ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် ဆယ်စုနှစ်များစွာ ကျင့်ကြံလာခဲ့သော သူ့ထက်ပင် ကျော်လွန်နေသလော....
အစောင့်သည် ချန်ချင်း၏ဖိအားကို မခုခံနိုင်ချေ။ မမြင်ရသော တောင်ကြီးတစ်လုံးက သူ၏ ပခုံးများကို ဖိချလိုက်သကဲ့သို့ ဒူးများခွေသွားပြီး ချန်ချင်း၏ရှေ့တွင် ဒူးထောက်ကျသွားတော့သည်။
'ရွှေအမြုတေနယ်ပယ်...'
အစောင့်ထံမှတစ်ဆင့် ချန်ချင်း၏ လက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ကို သိရှိသွားသောအခါ ရှားချင်းယွဲ့သာမက မင်းသားများနှင့် မင်းသမီးများသည်လည်း ထပ်တူထပ်မျှ ထိတ်လန့်ကာ ကြောက်ရွံ့သွားကြသည်။ ဤသည်မှာ ဖခင်ကိုသာ အားကိုးသော သူတို့သိထားသည့် 'သစ္စာဖောက်ဝန်ကြီး၏ သား' နှင့် လုံးဝ ကွာခြားနေခဲ့ပေ၏။
ဤမင်းသားများနှင့် မင်းသမီးများအနက် တစ်ဦးတည်းသာ ကျင့်ကြံခြင်း ပါရမီရှိပြီး တော်ဝင် အရင်းအမြစ်များစွာ၏ အထောက်အပံ့ဖြင့်ပင် လက်ရှိတွင် ချီသန့်စင်ခြင်းနယ်ပယ် တတိယအဆင့်၌သာ ရှိနေသေးသည်။ သို့သော် သူ့ထက် အသက်အနည်းငယ်မျှသာ ကြီးသော ချန်ချင်းသည် သူ မမျှော်မှန်းနိုင်သော ကျင့်ကြံခြင်းနယ်ပယ်သို့ ဝင်ရောက်နေလေပြီ။
အစောပိုင်းက သူသည် ချန်ချင်းအား ဖခင်ကိုသာ အားကိုးသော အသုံးမကျသူတစ်ဦးအဖြစ် ယူဆခဲ့သည်ကို တွေးမိသောအခါ သူ၏ ပါးပြင်များ ပူထူကာ နာကျင်လာပြီး မမြင်ရသော လက်တစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ပါးရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ သူ့ကိုယ်သူ မေးလိုက်မိ၏။
'သူက အသုံးမကျဘူးဆိုရင် ငါက အသုံးမကျတာထက်တောင် ပိုဆိုးနေတာ မဟုတ်ဘူးလား...'
ချန်ချင်း၏ပုံရိပ်သည် သူ၏ ဖိအားအောက်တွင် ဖိနှိပ်ခံထားရဆဲဖြစ်သော အစောင့်ကို ကျော်ဖြတ်သွားပြီး မင်းသားများနှင့် မင်းသမီးများ၏ ရှေ့သို့ ရောက်လာခဲ့ပေသည်။
"ခုဏက ငါ့ဇနီးအကြောင်း မင်းတို့ ဘာပြောလိုက်တာလဲ..."
"..."
သူတို့အားလုံး ခေါင်းငုံ့ထားကြပြီး မဖြေရဲကြချေ။
"မင်းတို့က သူ့ကို သနားစရာကောင်းတယ်... ရယ်စရာကောင်းတယ်... ရင်နာစရာကောင်းတယ်လို့ ထင်နေတာလား... ဒါဆိုရင် မင်းတို့ထဲက ဘယ်သူက သိလဲ... သူ့သာ ငါနဲ့ အပေးအယူ မလုပ်ခဲ့ရင် ဒီနေ့ သံချပ်ကာမြင်းတပ် တစ်သိန်းက မြို့တံခါးတွေကို ဖျက်ဆီးပြီး မြို့တော်ထဲကို ဝင်လာပြီး မင်းတို့ ရှားမိသားစုကို သုတ်သင်ပစ်မယ်ဆိုတာကိုရော သိလား..."
ချန်ချင်းက ထပ်မံ၍ မေးလိုက်သည်။
ဤစကားများကို ကြားသောအခါ ရှားချင်းယွဲ့၏စိတ်နှလုံးသားအတွင်း၌ တုန်လှုပ်သွားခဲ့ပေ၏။
ထိုအချိန်မှသာ ချန်ချင်းသည် 'သစ္စာဖောက်ဝန်ကြီး၏ သား' ဟု အခေါ်ခံရခြင်းအတွက် ဒေါသထွက်နေခြင်း မဟုတ်ဘဲ သူမ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သည့်အတွက် ဒေါသထွက်ကာ သူမအတွက် တရားမျှတမှုကို ရှာဖွေပေးလိုခြင်း ဖြစ်ကြောင်း သူမ နားလည်သဘောပေါက်သွားသည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေးရုပ် ဆယ်ရုပမကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
'စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ခွန်အားရှိတဲ့ အရိပ်ရုပ်သေးရုပ် ဆယ်ခုတောင်လား...'
ချန်ချင်းသည် အံ့အားသွားသော အမူအရာကို ပြသလိုက်ပြီး ဤတစ်ကြိမ်တွင် ဤမျှထိ ရက်ရောသော ဆုလာဘ်မျိုး ရရှိလိမ့်မည်ဟု သူ အမှန်တကယ်ပင် ထင်မှတ်မထားခဲ့ချေ။
အမှန်အားဖြင့် သူ ဤကဲ့သို့ သရုပ်ပြရခြင်း၏ အကြောင်းအရင်းမှာ သူ့ဇနီး ရှားချင်းယွဲ့၏ ဂုဏ်သိက္ခာကို စော်ကားခံရသည်ဟု သူယူဆပြီး ခင်ပွန်းတစ်ယောက်အနေဖြင့် သူမအတွက် ရှေ့ထွက်ကာ သူမ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခြင်းသည် သဘာဝကျစွာပင် ဇနီးသည်အား အလိုလိုက်ခြင်း ပုံစံတစ်မျိုး ဖြစ်သောကြောင့်ပင်။ အချက်အလက်များက သူ၏ အကြံအစည် မှန်ကန်ကြောင်း သက်သေပြနေသည်။
သူ့ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက်ကမူ ဤသည်က အရေးမကြီးချေ။ ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ပြီး ဆုလာဘ်များ ရယူရန်သာ လိုချင်ခဲ့ပြီး သို့မှသာ ဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်းသို့ သူ အမြန်ဆုံး ရောက်ရှိနိုင်ပေမည်။ သူ၏စွမ်းအား လုံလောက်နေသရွေ့ သူ၏တာအိုကို ဆွေးနွေးငြင်းခုံမည့် ပညာရှင်ကြီးများ သဘာဝကျစွာပင် ရှိလာလိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်ထားလေ၏။
ချန်ချင်း၏ ရှင်းပြမှုအပြီးတွင် မင်းသားများနှင့် မင်းသမီးများသည် သူတို့၏အစ်မကြီး ရှားချင်းယွဲ့သည် သူတို့အတွက်၊ မဟာဝူ အင်ပါယာ မိသားစုတစ်ခုလုံးအတွက်နှင့် နိုင်ငံ၏အနာဂတ်အတွက် မည်မျှ စွန့်လွှတ်အနစ်နာခံခဲ့ရကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ သူတို့သည် မျက်နှာများ နီရဲလာပြီး ရှက်ရွံ့မှုကို မခံစားရဘဲ မနေနိုင်တော့ချေ။
"ဒီတစ်ကြိမ်တော့ ရှားချင်းယွဲ့ရဲ့ မျက်နှာကို ထောက်ပြီး မင်းတို့ကို ဒုက္ခမပေးတော့ဘူး... လိမ္မာအောင် နေကြ..."
ချန်ချင်းသည် သူ၏ ရည်မှန်းချက် အောင်မြင်သွားသည်ကို မြင်သောအခါ ဤမင်းသားငယ်များနှင့် မင်းသမီးငယ်များကို ဆက်လက်နောက်ပြောင်နေရန် စိတ်ဝင်စားမှု မရှိတော့ဘဲ နောက်လှည့်ကာ ထွက်ခွာသွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ ဖိအားများကို ပြန်လည်ရုတ်သိမ်းလိုက်သဖြင့် ဒူးထောက်နေရသော အစောင့်မှာ များစွာပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သို့သော် သူသည် အလျင်အမြန် မထရဲဘဲ သူ၏သဘောဆန္ဒအလျောက် ဆက်လက်၍ ဒူးထောက်နေခဲ့သည်။
ကျင့်ကြံသူတစ်ဦးအနေဖြင့် အစောင့်သည် စွမ်းအားကြီးသူကို လေးစားရမည်ဟူသော တာအိုသဘောတရားကို မည်သို့ မသိဘဲ နေမည်နည်း။
"သခင်မလေး... ဒီတော်ဝင်ဥယျာဉ်ထဲမှာ လှပတဲ့ မြင်ကွင်းတွေ အများကြီး ရှိတယ်... တခြားနေရာတွေကို သွားလည်ကြမလား..."
ချန်ချင်းသည် ရှားချင်းယွဲ့၏ ရှေ့သို့ ရောက်လာပြီး အကြံပြုလိုက်လေသည်။
"သခင်မလေး..."
ရှားချင်းယွဲ့ တိတ်ဆိတ်နေသည်ကို မြင်တွေ့ချိန်တွင် ချန်ချင်းက လက်ကိုမြှောက်ကာ သူမ၏ မျက်စိရှေ့တွင် ဝှေ့ယမ်းလိုက်၏။
"အင်း..."
ရှားချင်းယွဲ့က ရုတ်တရက် သတိပြန်ဝင်လာပြီး သဘောတူလိုက်သည်။
ရှားချင်းယွဲ့သည် ချန်ချင်းနှင့်အတူ ခန်းမဆောင်မှ ထွက်ခွာကာ လမ်းလျှောက်သွားခဲ့ပေ၏။ လမ်းခရီးတလျှောက်တွင် သူမသည် ချန်ချင်းကို ရံဖန်ရံခါ ခိုးကြည့်နေမိသည်။
လောကကြီးတစ်ခုလုံးက ချန်ချင်းကို အထင်လွဲနေခဲ့ပြီး သူ၏ ကောင်းမွန်လှသော သရုပ်ဆောင်စွမ်းရည်များကို အမှန်တကယ်ပင် လှည့်စားခံခဲ့ရသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။
သူသည် အသုံးမကျသူ မဟုတ်ရုံသာမက သူ၏ တောက်ပမှုကို မည်သို့ ဖုံးကွယ်ရမည်နှင့် လျှို့ဝှက်စွာ မည်သို့ ဖွံ့ဖြိုးတိုးတက်ရမည်ကို သိရှိသော အလွန် ပါးနပ်သူတစ်ဦးလည်း ဖြစ်နေပေ၏။
ရှားချင်းယွဲ့သည် ကျင့်ကြံခြင်းလောကနှင့် ပတ်သက်၍ များစွာမထိတွေ့ဖူးသော်လည်း ချန်ချင်းသည် သူ၏အသက်အရွယ်ဖြင့် ရွှေအမြုတေနယ်ပယ်သို့ ရောက်ရှိရန် ပါရမီနှင့် ကြိုးစားအားထုတ်မှု နှစ်ခုလုံး မရှိမဖြစ် လိုအပ်ကြောင်း သူမ သိထားသည်။ သူမ ပိုကြည့်လေလေ ချန်ချင်းကို သူမ နားမလည်နိုင်လေလေ ဖြစ်လာပြီး ချောက်နက်ကြီးတစ်ခုထဲသို့ ငေးကြည့်နေရသကဲ့သို့ ခံစားရကာ စွမ်းဆောင်ရည်မဲ့မှု ခံစားချက်တစ်ခုက သူမ၏တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားလေ၏။
အကယ်၍ ချန်ချင်းသာ ဤအတိုင်း ဆက်လက်၍ ကြီးထွားလာပါက မဟာဝူနိုင်ငံ၏ အနာဂတ်သည် မည်သည့်နေရာသို့ ဦးတည်သွားမည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။ ဤအရာကို တွေးမိသောအခါ ရှားချင်းယွဲ့သည် တုံ့ဆိုင်းသွားပြီး အနာဂတ်တွင် ယဲ့ဖုန်း ပြန်လာသောအခါ ချန်ချင်းထံမှ သူမ ထွက်ခွာသွားသင့်မသင့်ဆိုသည်ကို သူမ၏စိတ်ထဲတွင် ယိမ်းယိုင်နေခဲ့လေ၏။
ယဲ့ဖုန်းသည် ချန်ချင်း၏ ပြိုင်ဘက်ဖြစ်မည်ဟု သူမ တွေးထင်မထားချေ။
ထိုအချိန်ကျလျှင် ရှားချင်းယွဲ့အနေဖြင့် အရာအားလုံးကို စွန့်လွှတ်ကာ တော်ဝငိမိသားစုနှင့် မဟာဝူနိုင်ငံ၏ ရှင်သန်မှုကို လျစ်လျူရှုပြီး ယဲ့ဖုန်းနှင့်အတူ ခိုးရာလိုက်ကာ လောကအနှံ့ လှည့်လည်သွားလာရန် ဆိုသည်မှာ သူမ မည်သို့မျှ မလုပ်ဆောင်နိုင်သောအရာပင်။
ရှားချင်းယွဲ့သည် ရွေးချယ်စရာများကို ချိန်ဆနေခဲ့၏။ ဤရက်များအတွင်း ချန်ချင်း၏ သူမအပေါ်ထားရှိသော သဘောထားကို အခြေခံ၍ သူမသာ သူ၏ဘေးတွင် နေထိုင်ရန် လိုလိုလားလား ရှိနေပါက မဟာဝူ ရှားမိသားစု၏ ဆက်လက်တည်ရှိရေးအတွက် အနည်းဆုံးအနေဖြင့် အချိန်ပို၍ ဝယ်ယူနိုင်ပေမည်။ ထို့ပြင် ချန်ရှုံးနှင့်အတူ ပုန်ကန်မှု မပြုလုပ်ရန်၊ စစ်ပွဲ မစတင်ရန်နှင့် ပြည်သူများ ဒုက္ခရောက်ရမည့် ရက်စက်ကြမ်းကြုတ်သော အခြေအနေမျိုး မဖန်တီးရန် ချန်ချင်းကို သူမ ဖျောင်းဖျနိုင်ပေမည်။
သူမကိုယ်သူမ စွန့်လွှတ်လိုက်ရုံဖြင့် လူအများအပြားကို ကယ်တင်နိုင်မည်ဆိုလျှင် ရှားချင်းယွဲ့၏ အမြင်တွင် ဤသည်မှာ သေချာစဉ်းစားသင့်သော ကိစ္စရပ်တစ်ခုပင်။
သူမသည် စဉ်းစားတွေးတောကာ အကျိုးကျေးဇူးများကို ချိန်ဆပြီးနောက် ရှားချင်းယွဲ့သည် နောက်ဆုံးတွင် ချန်ချင်း၏နံဘေး၌ နေထိုင်ရန် ဆုံးဖြတ်ချက်ချလိုက်ကာ မရေမတွက်နိုင်သော လူများ၏ အသက်ကို ကယ်တင်ရန် သူမကိုယ်သူမ စွန့်လွှတ်လိုက်တော့သည်။
'အစ်ကိုဖုန်း... အစ်ကိုနဲ့ ကျွန်မက ဒီဘဝမှာ ရေစက်မပါဘူးလို့ ကံကြမ္မာက သတ်မှတ်ထားပါတယ်... ကျွန်မတို့ နောက်ဘဝမှပဲ ပြန်ဆုံတွေ့ရဖို့ ကံပါလာတယ် ထင်တယ်...'
ချန်ချင်းသည် စိတ်ကို ဖတ်နိုင်စွမ်း မရှိသဖြင့် ရှားချင်းယွဲ့၏ အတွင်းစိတ်မှ အတွေးများကို သိရှိနိုင်မည် မဟုတ်ချေ။
သူ သူမကို တစ်ချက်ကြည့်လိုက်ပြီး ဇနီးသည်အား အလိုလိုက်ရန်နှင့် ဆုလာဘ်များ ရယူရန် နည်းလမ်းသစ်တစ်ခုကို စဉ်းစားမိသွားလေ၏။
....