← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) မင်းကြီးနဲ့ တွေ့ဆုံခြင်း

ချန်ချင်းသည် မလှမ်းမကမ်းရှိ ဒန်းတစ်ခုကို သတိထားမိသွားသည်။

"သွားရအောင်... အဲ့ဒီကို သွားကြည့်ကြစို့..."

သူသည် ရှားချင်းယွဲ့၏ လက်ကို သဘာဝကျစွာ ကိုင်ကာ ဒန်းဆီသို့ လျှောက်သွားပြီးနောက် သူမကို ထိုင်ခိုင်းလိုက်၏။

"မြဲမြဲကိုင်ထားနော်... ပြုတ်မကျအောင် သတိထား..."

ချန်ချင်းက ထိုင်ခုံ၏နောက်ဘက်သို့ လျှောက်လှမ်းသွားကာ လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ရှေ့သို့ ညင်သာစွာ တွန်းပေးလိုက်သည်။

ဒန်းက ရှေ့သို့ လွှဲသွားပြီး နောက်သို့ ပြန်အလာတွင် ချန်ချင်း မျှော်လင့်ထားသည့်အတိုင်း စနစ်မျက်နှာပြင်က သူ၏မျက်စိရှေ့တွင် ပေါ်လာပြီး အချက်ပေးသံတစ်သံ သူ၏ စိတ်ထဲတွင် မြည်ဟည်းသွားသည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ပထမအဆင့် ချီစုစည်းခြင်းဆေးလုံး ၅၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ပထမအဆင့် ချီစုစည်းခြင်းဆေးလုံးသာ ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် အရေအတွက်က လုံလောက်သည်။

ဆုလာဘ်ကို စစ်ဆေးနေစဉ်မှာပင် ချန်ချင်း၏ လက်များက မရပ်တန့်ဘဲ ဒန်းကို ရှေ့သို့ ထပ်မံ၍ တွန်းပေးလိုက်၏။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ပထမအဆင့် အရိုးသန့်စင်ခြင်းဆေးလုံး ၅၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

"ဟင်..."

အစက ဤဆုလာဘ်သည် ရရန် မလွယ်ကူဘဲ စောင့်ဆိုင်းရမည့် အချိန်တစ်ခုရှိမည်ဖြစ်ကာ တစ်ကြိမ်ရပြီးနောက် နောက်တစ်ကြိမ် ထပ်မံရရှိရန် အချိန်အနည်းငယ် စောင့်ရမည်ဟု ချန်ချင်း ထင်မှတ်ထားသည်။ စနစ်တွင် ကန့်သတ်ချက် မရှိဟု မည်သူက တွေးထင်ထားမိမည်နည်း။

စနစ်သည် ဤမျှထိ ရက်ရောနေသဖြင့် ချန်ချင်းသည် မည်သည်ကြောင့် နှိမ့်ချနေရမည်နည်း။ သူ ဆက်တွန်းရုံသာ ရှိပေသည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် လွတ်မြောက်အဆောင်လက်ဖွဲ့ ၅ ခု ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ပထမအဆင့် ချီစုစည်းခြင်းဆေးလုံး ၅၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ထို့နောက် ချန်ချင်းသည် တစ်နာရီတိတိ ဆုလာဘ်များ ရယူရင်း အပြည့်အဝ ပျော်မွေ့နေခဲ့သည်။

ထိုအချိန်အတွင်း ရှားချင်းယွဲ့က သူမ လုံလောက်အောင် ကစားပြီးပြီဖြစ်ကြောင်းနှင့် သူ ပင်ပန်းသွားမည်ကို စိုးရိမ်ကြောင်း ချန်ချင်းအား အကြိမ်အနည်းငယ် ပြောဆိုခဲ့လေ၏။ သို့သော် ချန်ချင်းက သူ့ခန္ဓာကိုယ်အတွင်းတွင် မကုန်ခမ်းနိုင်သော ခွန်အားများ ရှိနေသကဲ့သို့ ဖြစ်နေသဖြင့် ရှားချင်းယွဲ့ကို စိတ်မပူရန် ပြောလိုက်သည်။ အမှန်အားဖြင့် ယခုချိန်၌ ရွှေအမြုတေနယ်ပယ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော သူ့အတွက် ဤမျှသေးငယ်သော အားစိုက်ထုတ်မှုသည် ဘာမှမဟုတ်ချေ။

ဒန်းစီးရသဖြင့် ရှားချင်းယွဲ့ ခေါင်းမူးလာကာ အန်တော့မည့် လက္ခဏာများ မပြသပါက ချန်ချင်းသည် တစ်နာရီနှင့် ရပ်တန့်မည် မမဟုတ်ဘဲ တစ်နေကုန် ဒန်းလွှဲပေးနိုင်သည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ မဟာဝူနိုင်ငံ၏ သိုင်းပညာဧကရာဇ် ရှားချန်သည် ခန်းမဆောင်ထဲတွင် ချန်ချင်း၏ ဖိအားပေးမှုကြောင့် ဒူးထောက်ခဲ့ရသော အစောင့်ထံမှတစ်ဆင့် ချန်ချင်းသည် ကျင့်ကြံခြင်း တာအိုလမ်းစဉ်သို့ ကြာမြင့်စွာကတည်းက ဝင်ရောက်ခဲ့ရုံသာမက ရွှေအမြုတေနယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရှိသွားခဲ့လေပြီ။

"ရွှေအမြုတေနယ်ပယ်... အဲ့ဒီကောင်လေးက ရွှေအမြုတေနယ်ပယ်ကို တကယ်ကြီး ဝင်ရောက်သွားတာလား..."

ဤအရာကို သိရှိသောအခါ သိုင်းပညာဧကရာဇ် ရှားချန်သည် အလွန်အမင်း အံ့အားသင်သွားပေ၏။ ချန်ရှုံး တစ်ယောက်တည်းကပင် သူ့ကို ခေါင်းကိုက်အောင်လုပ်ရန် လုံလောက်နေပြီဖြစ်ရာ ယခုချိန်၌ ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦး ထပ်တိုးလာသည်။ ရှားချန်က သူ၏ဧကရာဇ်ပလ္လင် ပိုမိုလုံခြုံမှုမရှိ ဖြစ်လာကြောင်း ခံစားလိုက်ရသည်။

"အကြံပေးရှောင်ဟယ်... ဒီကောင်လေးနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ..."

ရှားချန်သည် သူ၏ဘေးရှိ အကြံပေးရှောင်ဟယ်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"အသက်ဆယ့်ရှစ်နှစ်အရွယ် ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူ... ဝန်ကြီးချုပ်ချန်က သူ့အပေါ်ကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ အ​များကြီး ရင်းနှီးမြှုပ်နှံခဲ့မယ်ဆိုရင်တောင် ဒီကလေးရဲ့ ပါရမီက မဟာဝူနိုင်ငံတစ်ခုလုံးမှာတောင် တော်တော်ရှားပါးတယ်... တကယ်လို့ အဲ့ဒီအတိုင်းသာ လွှတ်ထားမယ်ဆိုရင် သူက သေချာပေါက် ကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်လာပါလိမ့်မယ်..."

ရှောင်ဟယ်က သူ၏ ထင်မြင်ချက်ကို ပေးလိုက်သည်။

"ဒါပေမဲ့ နန်းတွင်းမှာ ဝန်ကြီးချုပ်ချန်ရဲ့ လက်ရှိ ဩဇာလွှမ်းမိုးမှုနဲ့ မြို့ပြင်မှာ စခန်းချနေတဲ့ သံချပ်ကာမြင်းတပ် တစ်သိန်းကိုပါ ပေါင်းလိုက်ရင် သူ့ကို အရေးယူဖို့ ကြိုးစားရတာက ခက်ခဲတယ်...ဒါက ကောင်းကင်ကို တက်ရသလိုမျိုး ခက်ခဲလွန်းပါတယ်..."

ထိုမျှသာမက ချန်ချင်းသည် ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းနှင့် အထူးသဖြင့် သူ အချစ်ရဆုံးသော မင်းသမီး ရှားချင်းယွဲ့ကို လက်ထပ်ပြီးနောက်တွင် ပို၍များပြားသော လူများသည် ဝန်ကြီးချုပ် ချန်ရှုံးဘက်သို့ ပါသွားလိမ့်မည်ဟု ရှားချန်က ကြိုတင်ခံစားမိနေလေ၏။ ရှားချန်သည် သူ့ကိုယ်သူ အင်ပါယာ အုပ်ချုပ်ရေး ပညာရပ်တွင် အလွန် ကျွမ်းကျင်သူဟု ယူဆထားသော်လည်း ဤတစ်ကြိမ်တွင် ဤချန်မိသားစု သားအဖနှစ်ဦး၏ လုံးလုံးလျားလျား အနိုင်ယူမှုကို ခံရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။

"ဒါကြောင့်... အရှင်မင်းကြီး... ကျွန်တော်ရဲ့ အမြင်အရတော့ ချန်မိသားစု သားအဖနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က တည်ငြိမ်အောင် နေထိုင်ရုံပဲ တတ်နိုင်ပြီး ရန်လိုလို့ မရပါဘူး... ဆက်ဆံရေး ပျက်ပြားသွားတာနဲ့ အကျိုးမရှိဘဲ အန္တရာယ်ပဲ ရှိလာပါလိမ့်မယ်..."

ရှောင်ဟယ်က အကြံပေးလိုက်၏။

ရှားချန်က သက်ပြင်းချကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောဆိုသည်။

"ငါ နားလည်ပါပြီ... မင်း သွားလို့ရပြီ..."

ဤအချိန်တွင် ချန်ချင်းသည် ရွှေအမြုတေနယ်ပယ် ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားကြောင်း သတင်းသည် ချန်ရှုံး၏ နားထဲသို့လည်း ရောက်ရှိသွားခဲ့ပေ၏။

"ငါ့ရဲ့သားက ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူလား... ရွှေအမြုတေနယ်ပယ်... အသက်ဆယ့်ရှစ်နှစ်အရွယ် ရွှေအမြုတေနယ်ပယ်လား... တကယ့် ပါရမီရှင်ပဲ..."

စကားအနည်းငယ် ရေရွတ်ပြီးနောက် ချန်ရှုံးသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤသည်မှာ ချန်ချင်း၏ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲပြီးလျှင် သူ့အတွက် အပျော်ရွှင်ဆုံး ကိစ္စတစ်ခု ဖြစ်ပေ၏။ အောင်ပွဲခံသည့်အနေဖြင့် သူသည် ချမ်းသာပြီး သူ၏သဘောဆန္ဒအလျောက် လုပ်ဆောင်တတ်သည့် စိတ်ဓာတ်ကို ဖော်ပြကာ လက်ကို ခမ်းနားစွာ ဝှေ့ယမ်း၍ ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ချန်အိမ်တော်ရှိ လူတိုင်းကို ဆုချလိုက်သည်။

တခြားတစ်ဖက်တွင်...

လုံလောက်အောင် လေ့လာစူးစမ်းပြီးနောက် ချန်ချင်းသည် ရှားချင်းယွဲ့၏ အကြံပြုချက်အရ သူ၏ ယောက္ခမ ဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် တော်ဝင်စာကြည့်ဆောင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ အတိတ်က သူ့ကို အကြိမ်အနည်းငယ် တွေ့ဖူးသော်လည်း သူတို့ သိပ်စကားမပြောဖြစ်ခဲ့ကြချေ။ ဤတစ်ကြိမ် ရှားချန်ထံသို့ သွားရောက်လည်ပတ်ရာတွင် ချန်ချင်း၌ တခြားရည်ရွယ်ချက်တစ်ခု ရှိနေသည်။ ရှားချန်အား များစွာမတွေးတောရန်၊ ချန်မိသားစုတွင် ပုန်ကန်ရန် ရည်ရွယ်ချက် မရှိကြောင်းနှင့် ဧကရာဇ်ပလ္လင်ကို ရှားမိသားစုက ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်ကြောင်း သိစေရန်ပင်။

ထိုမျှသာမက သူသည် ချန်ရှုံးအား ရှားချန်၏ပလ္လင်ကို လုံခြုံစေရန် ကူညီခိုင်းပေမည်။

မျက်စိတစ်မှိတ်အတွင်း သူတို့သည် တော်ဝင်စာကြည့်ဆောင်သို့ ရောက်ရှိလာကြသည်။

ချန်ချင်းက အမှန်တကယ်ပင် သူ့ကို တွေ့ချင်နေကြောင်း မိန်းမစိုးထံမှ သိရှိရသောအခါ ရှားချန်သည် တစ်ဖက်လူ၏ရည်ရွယ်ချက်ကို မသေချာသဖြင့် အလွန်ဇဝေဇဝါ ဖြစ်သွားခဲ့ပေ၏။ သို့သော် သူသည် မိန်းမစိုးအား သွားရောက်၍ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို တော်ဝင်စာကြည့်ဆောင်ထဲသို့ ဖိတ်ခေါ်ခိုင်းလိုက်သည်။

"ရှားချင်းယွဲ့က ခမည်းတော်ကို အရိုအသေပေးပါတယ်..."

ရှားချင်းယွဲ့က ဦးညွှတ်ကာ ပြောလိုက်၏။

ဤအရာကို မြင်သောအခါ ချန်ချင်းသည် ရှားချန်ကို မျက်နှာသာမပေးလျှင်ပင် ရှားချင်းယွဲ့ကို မျက်နှာသာပေးရမည်ဖြစ်သဖြင့် သူက လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောလိုက်သည်။

"ချန်ချင်းက ယောက္ခမကို အရိုအသေပေးပါတယ်..."

"တရားဝင် စည်းကမ်းတွေ မလိုပါဘူး... တရားဝင် စည်းကမ်းတွေ မလိုပါဘူး... လာ... ထိုင်ကြပါအုံး..."

ရှားချန်က တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်လေ၏။

ထို့နောက် မိန်းမစိုးများက ထိုင်ခုံနှစ်လုံး ယူလာပေးပြီး ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် စားပွဲ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြသည်။

"မေးပါရစေ... ငါ့ရဲ့ အရည်အချင်းရှိတဲ့ သမက်က ငါ့ကို တွေ့ဖို့ ဘာကိစ္စများ ရှိလို့လဲ..."

ရှားချန်က တိုက်ရိုက်မေးလိုက်သည်။

"သမက်တော်က ဒီနေ့ အရှင်မင်းကြီးကို ချန်မိသားစုရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောပြဖို့ ရောက်လာတာပါ..."

ရှားချန်က တိုက်ရိုက်မေးလိုက်သဖြင့် ချန်ချင်းကလည်း ကွယ်ဝှက်မနေတော့ချေ။

"အိုး... ချန်မိသားစုရဲ့ ရပ်တည်ချက်လား..."

ရှားချန် ချက်ချင်း စိတ်ဝင်စားသွားသည်။

"အမှန်ပါပဲ... ချန်မိသားစုက ပုန်ကန်မှာ မဟုတ်သလို ရှားတော်ဝင်မိသားစုရဲ့ ရန်သူလည်း ဖြစ်လာမှာ မဟုတ်ပါဘူး... အရှင်မင်းကြီး စိတ်ချပါ..."

ချန်ချင်းက ပြတ်သားစွာ ပြောဆိုလိုက်သည်။

"မင်းကို ငါ ဘယ်လို ယုံရမလဲ..."

တစ်နည်းအားဖြင့် ချန်ချင်းတွင် ဤကဲ့သို့ ကိစ္စရပ်ကြီးကို အဆုံးအဖြတ်ပေးနိုင်သည့် အာဏာ မည်သို့ရှိသနည်းဟု ရှားချန်က မေးနေခြင်းပင်။ မဟာဝူနိုင်ငံ တစ်ခုလုံးက ဖခင်ဖြစ်သူ ချန်ရှုံးသည် သားဖြစ်သူ ချန်ချင်းကို အလိုလိုက်ကြောင်း သိထားသော်လည်း ဤကဲ့သို့ ကြီးမားသော ကိစ္စရပ်တွင် ချန်ရှုံးသည် ချန်ချင်း၏ ထင်မြင်ချက်ကို နားထောင်လိမ့်မည်ဟု ရှားချန် အမှန်တကယ်ပင် မယုံကြည်ချေ။

"ဒါက ရိုးရှင်းပါတယ်... အရှင်မင်းကြီးရဲ့ ထောက်လှမ်းရေး ကွန်ရက်နဲ့ဆိုရင် ကျွန်တော်ရဲ့ ကျင့်ကြံခြင်း ပါရမီအကြောင်းကို သိပြီးလောက်ပါပြီ... တကယ်လို့ သူက ပုန်ကန်ဖို့ တင်းခံပြီး နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်မယ်ဆိုရင်... ကျွန်တော် သူ့ကို တားဆီးဖို့ အစွမ်းကုန် ကြိုးစားပြီး ရှားချင်းယွဲ့ဘက်ကနေ ရပ်တည်ပြီးတော့ သူ့ကို အကြွင်းမဲ့ ကာကွယ်ပေးသွားမှာပါ..."

ဤစကားများသည် ရှားချန် ကြားရန်ထက် သူ၏နံဘေးရှိ ရှားချင်းယွဲ့ ကြားရန် အထူးရည်ရွယ်ထားခြင်းဖြစ်ပေ၏။ ဤစကား၏အကျိုးသက်ရောက်မှုက အံ့အားသင့်ဖွယ်ပင်။ ချန်ချင်းသည် သူမအတွက် သူ၏ဖခင်အရင်းကိုပင် အမှန်တကယ် ဆန့်ကျင်လိမ့်မည်ဟု ရှားချင်းယွဲ့ လုံးဝထင်မှတ်မထားခဲ့ချေ။ ထိုနောက် ချက်ချင်းပင် ချန်ချင်းက မြင်မြင်ချင်း ချစ်မိခြင်းအကြောင်း ထိုနေ့က သူမအား ပြောခဲ့သည့် စကားများကို သူမ သတိရသွားလေ၏။

'သူက အတည်ပြောနေတာပဲ...'

ရှားချင်းယွဲ့၏နှလုံးသား ထိရှသွားခဲ့သည်။

"ကောင်းပြီ... မင်းကို ငါ ယုံတယ်..."

ရှားချန်သည် ချန်ချင်းကို ယုံကြည်ရန် ရွေးချယ်လိုက်၏။ တစ်ဖက်တွင် ဤသည်မှာ ပိုမိုကောင်းမွန်သော ရွေးချယ်စရာ မရှိသောကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင် ချန်ချင်း၏ လေးနက်သော အမူအရာကြောင့် သူ စိတ်လှုပ်ရှားသွားကာ လိမ်ညာနေခြင်းမဟုတ်ဟု ယုံကြည်သောကြောင့်ပင်။

ထိုနောက် အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် ချန်ချင်းသည် သားအဖနှစ်ဦးဖြစ်သော ရှားချန်နှင့် ရှားချင်းယွဲ့တို့အတွက် အချိန်ပေးခဲ့လေသည်။ ချန်ချင်းက မတ်တတ်ရပ်ကာ တော်ဝင်စာကြည့်ဆောင်မှ ထွက်ခွာလာခဲ့၏။

အစောပိုင်းက သူသည် သရုပ်ဆောင်ရန်သာ လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သဖြင့် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို စစ်ဆေးရန် သတိမပြုမိခဲ့ချေ။ ယခု တော်ဝင်စာကြည့်ဆောင်၏ ပင်မတံခါးမှ ထွက်လာပြီးနောက် ချန်ချင်းသည် မိန်းမစိုး၏ မေးခွန်းများကို လျစ်လျူရှုကာ စနစ်မျက်နှာပြင်ကိုဆင့်ခေါ်ရန် လက်ကို ဝှေ့ယမ်းလိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ဆုလာဘ် အချက်ပေးချက်များကို တိုက်ရိုက်စစ်ဆေးလိုက်သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေးရုပ် ၁၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

အရိပ်ရုပ်သေးရုပ် တစ်ရာ...

'အဲ့ဒါက ငါ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် လူဆိုး တစ်ရာ ရှိလာတော့မယ်လို့ ဆိုလိုတာ မဟုတ်လား... ပြီးတော့ သူတို့က ငါ့ကို အကြွင်းမဲ့ သစ္စာရှိတဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် လူတစ်ရာကျော် ဖြစ်လာတော့မယ်...'

ချန်ချင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့ပေ၏။ ဤတစ်ကြိမ်တွင် သူ ထီပေါက်သွားခဲ့လေပြီ။

All Chapters