← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း (၁၅) အလှတရားက ကြည့်ရှုသူရဲ့ မျက်စိထဲမှာပဲ ရှိတာလား

ချန်ချင်းသည် အရိပ်ရုပ်သေးရုပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ရန် အခွင့်အရေး မရှိသဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေချိန်တွင် ထိုလူက သူ၏ တံခါးဝသို့ တက်တက်ကြွကြွ သူ့ကိုယ်သူ လာရောက်ပို့ဆောင်ပေးခဲ့ခြင်းပင်။ တစ်ဖက်လူကို သူ အနိုင်မကျင့်လိုသဖြင့် အရိပ်ရုပ်သေးရုပ်တစ်ခုကိုသာ ရွေးချယ်ပြီး လွှတ်ပေးလိုက်သည်။

အကယ်၍ ထိုလူသာ ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူဖြစ်သော သူ့ကို တိုက်ခိုက်ရန် ချန်ချင်းက အဓိကနယ်ပယ်ကြီးနှစ်ခု ကွာခြားနေသည့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ခွန်အားကို အသုံးပြုနေပြီး ဤသည်အား 'သူ့ကို အနိုင်မကျင့်'ဟု ခေါ်ဆိုနေကြောင်း သိရှိသွားပါက သူ၏မကျေနပ်ချက်များသည် အဆုံးမဲ့ဖြစ်သွားမည်မှာ သေချာပေါက်ပင်။

အရိပ်ရုပ်သေးရုပ် အသက်ဝင်လာခြင်းနှင့် သခင်အစေခံ စာချုပ် ပြီးစီးသွားကြောင်း အတည်ပြုပြီးနောက် ချန်ချင်းသည် အရိပ်ရုပ်သေးရုပ်ကို ဆင့်ခေါ်ရန်အတွက် စနစ်မှတဆင့်သွားရန် မလိုအပ်တော့ချေ။သူသည် ထိုအရာကို သူ၏အရိပ်ထဲသို့ ပေါင်းစည်းထားနိုင်ပြီး အချိန်မရွေး အမှောင်ထဲမှ လွှတ်ပေးနိုင်လေပြီ။

ချန်ချင်း၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာခဲ့၏။

နောက်တခဏတွင် ထိုလူသည် ခြေလှမ်းများ ရပ်တန့်သွားပြီး ချန်ချင်း၏နောက်ရှိ အရိပ်သည် ရေထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းထနေသည်ကို စူးရှစွာ သတိထားလိုက်မိသည်။ သူ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သ​ည်။ ထိုနောက် ချက်ချင်းဆိုသလိုပင် ချန်ချင်း၏အရိပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ ပို၍ပင် အံ့အားသင့်သွားပေ၏။

သေချာကြည့်လျှင် ထိုအရာသည် လူမဟုတ်ဘဲ ခန္ဓာကိုယ်နှင့် ကွက်တိကျသော သံချပ်ကာကို ဝတ်ဆင်ထားပြီး ခေါင်းမှခြေဖျားအထိ အနက်ရောင်ဖြစ်ကာ သက်ရှိအငွေ့အသက် အနည်းငယ်မျှပင် မရှိသော မွန်းစတားတစ်ကောင် ဖြစ်နေကြောင်း တွေ့ရှိရပေမည်။

"လှုပ်ရှားတော့..."

ချန်ချင်းက အရိပ်ရုပ်သေးရုပ်အား သတ်ဖြတ်ရန် အမိန့်တစ်ခုကို ပေါ့ပေါ့ပါးပါး ပေးလိုက်၏။

အရိပ်ရုပ်သေးရုပ်သည် စကားမပြောဘဲ လှုပ်ရှားမှုဖြင့်သာ တုံ့ပြန်လိုက်ပြီး ချန်ချင်းကို လျင်မြန်စွာ ကျော်ဖြတ်ကာ ထိုလူနှင့် အကွာအဝေးကို ချက်ချင်းပိတ်ဆို့လိုက်သည်။

ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အရိပ်ရုပ်သေးရုပ်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ဓားကို မြှောက်ရန် ရည်ရွယ်ထားဆဲမှာပင် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော ဖိအားတစ်ခုက သူ၏အထက်မှ ကျဆင်းလာသည်။ သူသည် သူ၏ ခန္ဓာကိုယ်နှင့်ခြေလက်များ တောင်ကြီးများကဲ့သို့ လေးလံသွားပြီး အနည်းငယ်မျှပင် မထိန်းချုပ်နိုင်၊ မလှုပ်ရှားနိုင်တော့ကြောင်း ချက်ချင်းခံစားလိုက်ရသည်။

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်..."

သူသည် ဤစကားလုံးများကို သူ၏ သေခါနီး နောက်ဆုံးကြေညာချက်အဖြစ် ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်ချိန်မှာပင် အရိပ်ရုပ်သေးရုပ်၏ လက်သည် မင်ရည်များကဲ့သို့ လှိုင်းထသွားကာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး တစ်ချက်တည်းဖြင့် သူ၏လည်ပင်းကို ဖြတ်တောက်ပစ်လိုက်ရာ သူ၏ ခေါင်းသည် ကောင်းကင်သို့ လွင့်စင်သွားတော့သည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်...

ထိုလူ၏ သေခါနီး စကားသည် စကားလုံးတစ်ခုချင်းစီတိုင်း ရှားချင်းယွဲ့၏ နားထဲသို့ ရှင်းလင်းစွာနှင့် အပြည့်အဝ ရောက်ရှိသွားခဲ့ပေ၏။ သူမသည် ချန်ချင်း ဆင့်ခေါ်လိုက်သော မွန်းစတားသည် အလွန် အားကောင်းကြောင်း မြင်တွေ့ခဲ့ရသော်လည်း ရွှေအမြုတေနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်လောက်အောင်အထိ စွမ်းအားကြီးမားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ထိုမွန်းစတားတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံခြင်း ရှိနေလိမ့်မည်ဟု သူမ ပို၍ပင် ထင်မှတ်မထားခဲ့ပေ။

'စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ အမိန့်ကို နာခံဖို့ တကယ်ကြီး လိုလိုလားလား ရှိနေတာလား...'

ဤအရာကို သူမကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးနောက် ချန်ချင်းက သူ၏စွမ်းအားများကို ဖုံးကွယ်ထားကြောင်းသာ သူမသိရှိပြီး သူမ စိတ်ကူးထားသည်ထက် ပို၍နက်ရှိုင်းစွာ ဖုံးကွယ်ထားကြောင်းကိုမူ မသိခဲ့ကြောင်း ရှားချင်းယွဲ့ ရုတ်တရက် သဘောပေါက်သွားသည်။ ယခင်က သူမ မြင်တွေ့ကြားသိခဲ့ရသည်များမှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ဖြစ်နေသည်။ ဤအရာကို တွေးမိသောအခါ ရှားချင်းယွဲ့သည် ပြုံးယောင်သန်းသွားခဲ့လေ၏။

လောကကြီးက လူအများသည် ချန်ရှုံးသည် နန်းတွင်းအာဏာကို ချုပ်ကိုင်ထားပြီး သစ္စာဖောက်ဝန်ကြီးတစ်ဦး ဖြစ်ကြောင်း သိရှိထားကြသည်။ သို့ရာတွင် ချန်မိသားစု၏ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသောအရာမှာ ဖခင်ကိုသာ အားကိုးသည်ဟု ယုံကြည်ကာ သူတို့ လုံးလုံးလျားလျား လျစ်လျူရှုပြီး လှောင်ပြောင်ခဲ့ကြသော လူပေါ်ကျော့ သခင်လေး ချန်ချင်း ဖြစ်နေကြောင်းကိုမူ မသိကြသည့်အတွက် သူမ ရယ်မောလိုက်မိခြင်းပင်။

ချန်ချင်းကို ပြန်ကြည့်ရလျှင် ထိုလူကို သတ်ဖြတ်ကာ ဤခြိမ်းခြောက်မှုကို ဖယ်ရှားပြီးနောက် ပတ်ဝန်းကျင်တွင် အခြားလူသတ်သမားများ မရှိတော့ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် ချန်ချင်းသည် အရိပ်ရုပ်သေးရုပ်ကို သူ၏ အရိပ်ထဲသို့ ပြန်လည်ဝင်ရောက်စေပြီး အချိန်မရွေး လွှတ်ပေးရန် အသင့်အနေအထားဖြင့် ဆက်လက်၍ ပုန်းအောင်းနေစေခဲ့သည်။

ရှားချင်းယွဲ့အတွက်မူ ချန်ချင်းသည် ရွှေအမြုတေနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး သူ့နောက်သို့ လိုက်လာသည်ကိုပင် ထောက်လှမ်းနိုင်ရာ ကျင့်ကြံခြင်း တာအိုလမ်းစဉ်သို့ပင် မနိုးထသေးသော သာမန်လူတစ်ဦးဖြစ်သည့် သူမကို မထောက်လှမ်းနိုင်စရာ အကြောင်းမရှိချေ။ ချန်ချင်းသည် သူမ၏ တည်ရှိနေမှုကို ကြာမြင့်စွာကတည်းက ထောက်လှမ်းမိပြီးဖြစ်ကာ ရှားချင်းယွဲ့အား သူ၏ အားကောင်းသော ဘက်ကို ပြသရန် ဝန်လေးမနေခဲ့ချေ။

ရှေးခေတ်ကတည်းက မိန်းမလှများသည် သူရဲကောင်းများကို လေးစားအားကျကြကြောင်း သူ သိထားပေ၏။ မည်သည့်ခေတ်တွင်မဆို စွမ်းအားကြီးမားသူများသည် တခြားသူများနှင့် နှိုင်းယှဉ်ပါက မိန်းမလှများ၏ မျက်နှာသာပေးမှုကို အမြဲတစေ ပို၍ရရှိတတ်ကြသည်။

သူတို့၏ အကြည့်များ ဆုံတွေ့သွားချိန်တွင် ချန်ချင်းသည် သူမကို သတိထားမိသွားကြောင်း ရှားချင်းယွဲ့ သိလိုက်သည်။ သူမသည် ဆက်လက်၍ ပုန်းအောင်းမနေတော့ဘဲ နံရံနောက်မှ ထွက်လာခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် ယခုအချိန်တွင် သူမ၏စိတ်နှလုံးသားသည် အလွန်အမင်း မသက်မသာ ဖြစ်နေခဲ့ပေ၏။ ချန်ချင်း၏ လျှို့ဝှက်ချက်ကို သူမ သိရှိသွားသဖြင့် သူက သူမကို သတ်ပစ်မည်လားဟု အနည်းငယ် စိုးရိမ်နေမိသည်။ ယခုအချိန်မှသာ ချန်ချင်းသည် မဟာဝူနိုင်ငံကို ပုန်ကန်ကာ သိမ်းပိုက်ရန် ရည်ရွယ်ချက် မရှိကြောင်း ရှားချင်းယွဲ့ အမှန်တကယ် ယုံကြည်သွားခဲ့သည်။ အကြောင်းအရင်းမှာ သူ၏ အမြင်နှင့် ရည်မှန်းချက်များသည် သေးငယ်သော မဟာဝူနိုင်ငံလေး၌သာ ကန့်သတ်ထားမည် မဟုတ်သောကြောင့်ပင်။

ချန်ချင်းသည် ရှားချင်းယွဲ့၏ အတွေးများကို သိမြင်သွားပြီး ရှင်းပြလိုက်သည်။

"ဇနီးလေး... စိတ်ချပါ... ငါတို့ လင်မယားအတွက် ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး... ဒီကိစ္စကြောင့် မင်းရဲ့ ခင်ပွန်းက မင်းကို နှုတ်ပိတ်ဖို့ သတ်မှာ မဟုတ်ဘူး..."

"ဒါ့ပြင်... ငါက မရက်စက်နိုင်ပါဘူး..."

ချန်ချင်း၏ စကားများနှင့် သူ၏ နက်ရှိုင်းသော အကြည့်တို့ ပေါင်းစပ်သွားသောအခါ ရှားချင်းယွဲ့၏ နူးညံ့သော ပါးပြင်များ အနည်းငယ် နီရဲသွားခဲ့ပေ၏။ ကံမကောင်းစွာဖြင့် စနစ်၏ အမြင်တွင် ဤသည်မှာ ဇနီးသည်အား အလိုလိုက်ခြင်းအဖြစ် သတ်မှတ်မခံရသဖြင့် ဆုလာဘ် မရှိခဲ့ချေ။

"ခုဏက ရှင့်ရဲ့ အရိပ်ထဲမှာ ပုန်းသွားတဲ့အရာက ဘာကြီးလဲ..."

နန်းတော်သို့ အပြန်လမ်းတွင် ရှားချင်းယွဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ သေဆုံးသွားသော လူသတ်သမားကဲ့သို့ပင် အရိပ်ရုပ်သေးရုပ်သည် လူမဟုတ်ကြောင်း သူမ တွေးမိလေ၏။

"မှော်ရတနာ တစ်ခုပါ... ငါ့ရဲ့ အမိန့်ကိုပဲ နာခံတဲ့ ရုပ်သေးရုပ် တစ်မျိုးလို့ မင်း နားလည်ထားလို့ ရတယ်... ပြီးတော့ သူ့ရဲ့ စွမ်းအားက စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှတယ်..."

ချန်ချင်းက ဖုံးကွယ်မထားဘဲ ရှင်းပြလိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူမကို သူစိမ်းတစ်ယောက်ကဲ့သို့ မဆက်ဆံကြောင်း ရှားချင်းယွဲ့ကို ခံစားရစေရန်ပင်။

"မှော်ရတနာ... ရုပ်သေးရုပ်... စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူနဲ့ ညီမျှတယ်..."

ကျင့်ကြံခြင်းလောကသည် မယုံနိုင်လောက်အောင် နက်နဲကြောင်း ကြာမြင့်စွာကတည်းက သိထားသော်လည်း ယနေ့မှသာ ရှားချင်းယွဲ့သည် ထိုအရာ၏ အံ့အားသင့်ဖွယ်ရာများကို ပထမဆုံးအကြိမ် အမှန်တကယ် မြင်တွေ့ခွင့်ရခြင်းပင်။

"ဒါဆိုရင် အဲ့ဒီလို မှော်ရတနာမျိုး ရှင့်ဆီမှာ ဘယ်လောက်တောင် ရှိသေးလဲ..."

ရှားချင်းယွဲ့က ထပ်မံ၍ မေးလိုက်၏။ သူမခင်ပွန်း၏ အသစ်အမှန်ခွန်အားကို သူမ သေချာစွာ နားလည်လိုခဲ့သည်။ ချန်ချင်းက တုံ့ပြန်အဖြေပေးရန် ငြင်းဆန်မည်ကိုလည်း သူမ ပြင်ဆင်ထားခဲ့သည်။

"အများကြီးပဲ..."

ချန်ချင်းသည် တိကျသော အရေအတွက်ကို မပြောခဲ့ချေ။ ဤသည်မှာ နောက်ပိုင်းတွင် သူ အရိပ်ရုပ်သေးရုပ်များ ပိုမိုရရှိလာပါက ယခုအချိန်တွင် သူက သူမကို လှည့်စားခဲ့သည်ဟု ရှားချင်းယွဲ့ မခံစားရစေရန်သာဖြစ်သည်။ သူ၏ အာရုံစိုက်မှုမှာ အသေးစိတ် အချက်အလက်များကို ဂရုပြုရန်ပင်။

'အများကြီးပဲ...'

ရှားချင်းယွဲ့သည် ဆက်လက် မမေးမြန်းတော့ချေ။ ချန်ချင်း၏ ယုံကြည်မှုရှိသော 'အများကြီးပဲ' ဟူသည့် စကားလုံးမှနေ၍ သူမသည် သတင်းအချက်အလက် များစွာကို အဓိပ္ပာယ်ဖော်နိုင်ခဲ့လေပြီ။ သူမသည် ချန်ရှုံးက မဟာဝူနိုင်ငံ၏ အုပ်ချုပ်မှုကို ဖြုတ်ချရန် အမှန်တကယ်ပင် စစ်တပ်ဖွဲ့ကာ ပုန်ကန်ရန် ရည်ရွယ်ထားပါက ချန်ချင်းတွင် သူ့ကို ဟန့်တားနိုင်ပြီး စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခြင်းကို တားဆီးနိုင်သည့် စွမ်းအား တကယ်ပင် ရှိနေကြောင်း သူမ စတင်၍ ယုံကြည်လာခဲ့သည်။ ဤအရာကို တွေးမိသောအခါ ချန်ချင်း၏ အစစ်အမှန်စရိုက်ကို လောကကြီးတစ်ခုလုံးမှ သိရှိလာမည့် အနာဂတ် တစ်နေ့နေ့ကို ရှားချင်းယွဲ့ မစောင့်မျှော်ဘဲ မနေနိုင်တော့ချေ။

"လုပ်ကြံသတ်ဖြတ်သူကို စုံစမ်းဖို့အတွက် ဒီကိစ္စကို ခမည်းတော်ဆီ ပြောပြဖို့ လိုဦးမလား..."

ရှားချင်းယွဲ့က စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"မလိုပါဘူး... ဒီကိစ္စက သူလျှိုတွေကနေတစ်ဆင့် ယောက္ခမရဲ့ နားထဲကို ရောက်သွားလောက်ပြီ..."

ချန်ချင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှားချင်းယွဲ့ကို ရထားလုံးပေါ်သို့ တက်ရန် ကူညီပေးရန် လက်ကမ်းပေးလိုက်၏။

"သတိထား..."

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဆွဲဆောင်မှုအမှတ် ၂၀မှတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ချန်ချင်းက ထိုသို့ပြောလာသဖြင့် ရှားချင်းယွဲ့သည် ဆက်လက်၍ တင်းခံမနေတော့ချေ။

သူမသည် ငြိမ်သက်စွာ ထိုင်ပြီးနောက် လိုက်ကာကိုမပြီး ရထားလုံးပေါ်သို့ တက်လာသော ချန်ချင်းကို ကြည့်လိုက်ချိန်တွင် ရှားချင်းယွဲ့၏ မိုးမခရွက်ကဲ့သို့ မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့ပေ၏။ မည်သို့ပင်ဖြစ်စေ ချန်ချင်းသည် ယခင်ကထက် များစွာ ပို၍ကြည့်ကောင်းပြီး ချောမောလာသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။ ရုပ်ရည်ဆိုသည်မှာ ကောင်းကင်ဘုံက သတ်မှတ်ထားခြင်းဖြစ်ပြီး လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်သည် ရုတ်တရက် ပို၍ချောမောလာနိုင်မည်ဟု ရှားချင်းယွဲ့ မယုံကြည်ချေ။ သို့သော် ချန်ချင်းသည် ရုပ်ရည်တွင်ဖြစ်စေ စရိုက်လက္ခဏာတွင်ဖြစ်စေ သိသာထင်ရှားစွာ တိုးတက်လာကြောင်း သူမ အမှန်တကယ်ကို ခံစားနေရ၏။

ဤအချိန်တွင် အလှတရားသည် ကြည့်ရှုသူ၏ မျက်စိထဲတွင်သာ ရှိသည် ဟူသော ရှေး​ဆိုရိုးစကားတစ်ခွန်းက ရှားချင်းယွဲ့၏စိတ်ထဲတွင် ထွက်ပေါ်မလာဘဲ မနေနိုင်တော့ချေ။

'မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... ဒီလိုမျိုးတော့ သေချာပေါက် မဖြစ်နိုင်ဘူး...'

ရှားချင်းယွဲ့သည် လက်လှုပ်ဗုံလေးတစ်ခုကဲ့သို့ ခေါင်းကို ခါယမ်းလိုက်ပြီး သူမ၏စိတ်အတွင်းရှိ အတွေးကို အလျင်အမြန် ငြင်းပယ်လိုက်သည်။ သူမသည် ချန်ချင်းကို သဘောကျသွားမည် သို့မဟုတ် သူ့အပေါ် ခံစားချက်များ ဖြစ်ပေါ်လာမည်ဟု သူမ မယုံကြည်ချေ။ မည်သို့ပင်ဖြစ်စေ သူနှင့်သူမ အမှန်တကယ် အချိန်ဖြုန်းခဲ့ရသည်မှာ နှစ်ရက်မပြည့်သေးချေ။ ယဲ့ဖုန်းအပေါ်ထားရှိသော ဆယ်နှစ်တာ ခံစားချက်များကို ဤမျှထိ လွယ်ကူစွာ အစားထိုးခံရနိုင်သည်ဟု ရှားချင်းယွဲ့ လုံးဝမယုံကြည်လိုပေ။

မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး...

တခြားသူများကို မယုံကြည်စေမီ ရှားချင်းယွဲ့သည် ကိုယ့်ကိုယ်ကိုယ် ဦးစွာယုံကြည်အောင် ဖျောင်းဖျနေခဲ့ပေ၏။

"ဇနီးလေး... မင်း မျက်နှာက ဘာလို့ ဒီလောက်ထိ နီနေရတာလဲ... နေမကောင်းလို့လား..."

ချန်ချင်းက လက်လှမ်းကာ ရှားချင်းယွဲ့၏ ဆံပင်များကို သပ်တင်ပေးလိုက်ပြီး သူ၏ မျက်နှာကို နီးကပ်စွာ တိုးကာ သူမ၏နဖူးနှင့် သူ၏နဖူးကို ဖိကပ်လိုက်လေသည်။ ဤလုပ်ဆောင်ချက် တစ်ခုလုံးသည် ချောမွေ့ပြီး သဘာဝကျကာ ဟန်ဆောင်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။

.....

All Chapters