အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) ဒုတိယမင်းသား
အလွန်နီးကပ်လာသော ချန်ချင်း၏မျက်နှာကို ကြည့်ရင်း အပြန်အလှန် အသက်ရှူသံများကိုပင် ကြားနေရလောက်အောင် နီးကပ်လွန်းသော အနေအထားကို ခံစားရသောအခါ ရှားချင်းယွဲ့၏ နီရဲနေပြီဖြစ်သော မျက်နှာလေးသည် ပို၍ပင် နီရဲလာခဲ့ပေ၏။
သူမက လက်နှစ်ဖက်ကို မြှောက်ကာ ချန်ချင်း၏ ရင်ဘတ်ပေါ်သို့ တင်ပြီး သူ့ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ ထို့နောက် ချန်ချင်း၏ မျက်လုံးများကို မကြည့်ရဲတော့ဘဲ ခေါင်းကို တစ်ဖက်သို့ လွှဲကာ စိုးရိမ်တကြီး ပြောလိုက်သည်။
"ကျွန်မ အဆင်ပြေပါတယ်... ခုဏက သွေးတွေ မြင်လိုက်ရလို့ နည်းနည်း နေလို့မကောင်းဖြစ်သွားတာပါ..."
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် တတိယအဆင့် သန့်စင်ခြင်း ဆေးလုံး ၂၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
လိုချင်သောအရာကို ရရှိသွားပြီးနောက် ချန်ချင်းက ပြန်လည်ဖြေကြားလိုက်သည်။
"ဒါက မင်းခင်ပွန်းရဲ့ ပေါ့ဆမှုပါ... နောက်ဆိုရင် မင်းကို ဒီလိုထိတ်လန့်သွားအောင် လုပ်မယ့်အရာမျိုး လုံးဝမလုပ်တော့ပါဘူး..."
"အင်း..."
ရှားချင်းယွဲ့က တိုးညှင်းစွာ အသံပြုပြီး သဘောတူလိုက်၏။ ချန်ချင်း၏ အသေးစိတ် ဂရုစိုက်မှုနှင့် ကြင်နာယုယမှုတို့သည် သူမအား ချောက်နက်ကြီးတစ်ခုထဲသို့ ဖြည်းညင်းစွာ ဆွဲချနေပြီး နက်ရှိုင်းစွာ နစ်မွန်းသွားစေသော ရွှံ့နွံတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုနောက် ရထားလုံးသည် ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး ချန်အိမ်တော်သို့ ဦးတည်သွားသည်။ ရထားလုံးသည် ချန်အိမ်တော်၏ တံခါးဝသို့ ရောက်ရှိချိန်တွင် မွန်းတည့်ချိန်သို့ ရောက်ရှိနေလေပြီ။
တုန်ခါမှုကို ခံစားရသောအခါ ရှားချင်းယွဲ့သည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူမ အချိန်တစ်ခုတွင် အိပ်ပျော်သွားခဲ့ကြောင်း ယခုမှပင် သဘောပေါက်သွားလေ၏။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ချန်ချင်း၏ ချောမောခန့်ညားသော မျက်နှာက သူမ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
'ပန်းပုဆစ်ထားသကဲ့သို့' နှင့် 'ဓားကဲ့သို့ မျက်ခုံးများနှင့် ကြယ်ကဲ့သို့ မျက်လုံးများ' ဟူသော စကားလုံးများသည် ထိုမျက်နှာကို မြင်ပြီးနောက် ရှားချင်းယွဲ့၏ စိတ်ထဲတွင် မသိစိတ်မှ ထွက်ပါ်လာသည်။ သူမသည် ထိုအရာကို မြင်ပြီးနောက် စိတ်ကူးယဉ်ဆန်သော အတွေးမျိုး ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သူမ၏အကြည့်ကို အလျင်အမြန် လွှဲဖယ်လိုက်၏။
သို့သော် နောက်တခဏတွင် ရှားချင်းယွဲ့ကို ပို၍ မျက်နှာနီရဲသွားစေသည့်အရာမှာ သူမသည် လက်ရှိတွင် ချန်ချင်း၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခံထားရကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားခြင်းပင်။ ပတ်ဝန်းကျင်တွင် ချန်မိသားစု၏ အစေခံများထံမှ အကြည့်များစွာလည်း ရှိနေခဲ့သည်။
"ရှင်... ရှင် ကျွန်မကို အောက်ချပေးပါ... ကျွန်မဘာသာ လမ်းလျှောက်နိုင်ပါတယ်..."
ရှားချင်းယွဲ့သည် သူမ၏ ခေါင်းကို ချန်ချင်း၏ ရင်ခွင်ထဲတွင် ဝှက်ထားကာ ခြင်တစ်ကောင် အော်သံကဲ့သို့ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"ရပါတယ်... ခြေလှမ်း နည်းနည်းလောက်ပဲ ရှိတာကို... မင်းရဲ့ ခင်ပွန်းက အဲ့ဒီလောက် ခွန်အားတော့ ရှိပါသေးတယ်..."
ချန်ချင်းက ရှားချင်းယွဲ့အား စိတ်မပူရန် ပြောလိုက်၏။ ချန်ချင်းကို ဖျောင်းဖျ၍ မရနိုင်ကြောင်း မြင်သောအခါ ရှားချင်းယွဲ့သည် စကားဆက်မပြောတော့ဘဲ သူ့ကို ပွေ့ချီခွင့်ပြုလိုက်သည်။
အတင်းအဖျင်းစကားများ ထွက်ပေါ်လာနိုင်သလော...
သူမသည် ချန်ချင်းနှင့် လက်ထပ်ပြီးဖြစ်ကြောင်းကို ရှားချင်းယွဲ့ မေ့ပျောက်မသွားသေးချေ။ ခင်ပွန်းတစ်ယောက်က ဇနီးသည်ကို ပွေ့ချီထားခြင်းတွင် အတင်းအဖျင်း ပြောစရာ ဘာရှိပါသနည်း။ ချန်ချင်း၏ အားကောင်းသော ဘက်ကို မြင်တွေ့ပြီးနောက် ရှားချင်းယွဲ့သည် ယဲ့ဖုန်းနှင့် သူမ၏ ကံကြမ္မာအတွက် မျှော်လင့်ချက် ကြီးကြီးမားမား မထားတော့ချေ။
အကယ်၍ ယဲ့ဖုန်းသည် ယခုအချိန်တွင် သူမ၏ ရှေ့၌ ထွက်ပေါ်လာလျှင်ပင် ရှားမိသားစုနှင့် မဟာဝူနိုင်ငံ တစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ရှားချင်းယွဲ့သည် သူနှင့်အတူ ထွက်ပြေးရန်နှင့် ချန်ချင်းကို သစ္စာဖောက်ရန် လုံးဝသဘောတူမည် မဟုတ်ချေ။ သို့သော် သူမ၏စိတ်အတွင်းရှိ ခံစားချက်များကိုမူ သူမ မစွန့်လွှတ်နိုင်သေးချေ။
ထို့ထက်ပို၍ ရှင်းလင်းစွာ ပြောရလျှင် သူမ၏ ခန္ဓာကိုယ်သည် ချန်ချင်း၏ အပိုင်ဖြစ်နေပြီ ဖြစ်သော်လည်း သူမ၏နှလုံးသားသည် ယဲ့ဖုန်း၏ အပိုင်အဖြစ်သာ ရှိနေသေးသည်။ သို့သော် သူမကိုယ်တိုင်ပင် သတိမပြုမိလိုက်သောအရာမှာ သူမ၏ နှလုံးသားထဲတွင် ယဲ့ဖုန်း၏ အရေးပါမှုသည် တဖြည်းဖြည်း ပြောင်းလဲနေပြီ ဖြစ်ကြောင်းပင်။
ထိုနောက် ချန်ချင်းသည် ရှားချင်းယွဲ့ကို အိပ်ခန်းထဲအထိ ပွေ့ချီသွားခဲ့ပြီး သူမအား နူးညံ့သော ကြွေထည်လေးတစ်ခုကဲ့သို့ ကုတင်ပေါ်တွင် ဂရုတစိုက် ချထားကာ စောင်ခြုံပေးလိုက်၏။ တော်ဝင်နန်းတွင်းမှ လူများသည် မွန်းလွဲပိုင်းတွင် တစ်ရေးအိပ်တတ်သော အကျင့်ရှိကြောင်း ချန်ချင်း သိထားသဖြင့် သူသည် ရှားချင်းယွဲ့ကို အနှောင့်အယှက်များ မပေးတော့ဘဲ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ရှားချင်းယွဲ့သည် စောင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သူမ စိတ်မတည်မငြိမ် ဖြစ်နေခဲ့ပေ၏။ သူမ၏စိတ်ထဲတွင် အစောပိုင်းက ရထားလုံးပေါ်၌ ချန်ချင်း၏ နဖူးနှင့် သူမ၏ နဖူးကို ဖိကပ်ထားသော မြင်ကွင်း သို့မဟုတ် ခုဏက သူမကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသော အခိုက်အတန့်များသည် မရည်ရွယ်ဘဲ ထွက်ပေါ်လာခဲ့သည်။ သူမ ပို၍တွေးလေလေ သူမ၏ပါးပြင်များ ပို၍ပူထူလာပြီး သူမ၏ နှလုံးခုန်သံများက နားထဲတွင် ဗုံတီးနေသကဲ့သို့ မြည်ဟီးနေပေ၏။
"မဟုတ်ဘူး... ငါ တကယ်တော့ ဘာတွေ တွေးနေတာလဲ..."
ရှားချင်းယွဲ့က သူမ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး သူမ၏ မျက်လုံးများကို အတင်းအကြပ် ပိတ်ကာ ပို၍ရှုပ်ထွေးသော အတွေးများ မဖြစ်ပေါ်လာစေရန်အတွက် အိပ်ပျော်သွားစေရန် ရည်ရွယ်၍ သူမ၏စိတ်ကို ရှင်းလင်းအောင် ကြိုးစားနေသည်။ ရှားချင်းယွဲ့သည် သူမ အမှန်တကယ် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားလျှင်ပင် တချို့သောအရာများကို ရှောင်လွှဲ၍မရနိုင်ကြောင်း လုံးဝမသိခဲ့ချေ။ ဤသည်မှာ သဘာဝကျသော အမှန်တရားပင်။
တစ်ချိန်တည်းမှာပင် တံခါး၏အပြင်ဘက်၌ ချန်ချင်းသည် အစောပိုင်းက လုပ်ဆောင်ချက်များမှ ရရှိခဲ့သော ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို စစ်ဆေးရန် စနစ်၏မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်တစ်ထုပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ် ဆိုသည့် စကားလုံးများကို ကြည့်ကာ ချန်ချင်းသည် ဤအရာကို အသုံးပြုပြီးနောက် ကျင့်ကြံခြင်း မည်မျှ တိုးလာမည်ကို သိရှိရန် စိတ်အားထက်သန်နေခဲ့သည်။
"ထားလိုက်ပါတော့... ငါ အရင်သုံးကြည့်ပြီးမှ ဘယ်လောက်ထိ တိုးတက်လာမလဲဆိုတာ ကြည့်တာပေါ့..."
ဤအတွေးဖြင့် ချန်ချင်းသည် စနစ်ကို စိတ်ဖြင့် ထိန်းချုပ်ကာ ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်ကို ရွေးချယ်ပြီး အသုံးပြုလိုက်၏။
【ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုနေပါသည်...】
【အသုံးပြုခြင်း အောင်မြင်ပါသည်... အိမ်ရှင်၏ လက်ရှိကျင့်ကြံခြင်းနယ်ပယ်သည် အခြေတည်စစိတ်ဝိညာဉ်နယ်ပယ် ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပါပြီ...】
"အရင်က ရွှေအမြုတေနယ်ပယ် ဒုတိယအဆင့်မှာ ရှိနေခဲ့ပြီး အခုတော့ အခြေတည်စစိတ်ဝိညာဉ်နယ်ပယ် ဒုတိယအဆင့် ဖြစ်သွားပြီ... ဆိုလိုတာက အဓိက နယ်ပယ်တစ်ခုလုံး မြင့်တက်သွားတာပေါ့..."
ချန်ချင်း၏မျက်နှာပေါ်တွင် အလွန်အမင်း ဝမ်းသာပျော်ရွှင်သော အမူအရာတစ်ရပ် ထွက်ပေါ်လာသည်။ ကျင့်ကြံခြင်းနယ်ပယ်နှင့် နားလည်နိုင်စွမ်းအမှတ်တို့သည် လက်ရှိအချိန်တွင် သူ အလိုအပ်ဆုံးသော ဆုလာဘ်များပင်။ စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး ခြံဝန်ူထဲမှ ထွက်ခွာလာချိန်တွင် ချန်ချင်းသည် လန်းဆန်းပြီး ခွန်အားများ ပြည့်ဝနေသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် ခြံဝင်းတံခါးမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အိမ်တော်ထိန်းက အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်ကို သူ သတိထားမိသွားသည်။
"ဘာကိစ္စလဲ..."
ချန်ချင်းက မေးလိုက်သည်။
"သခင်လေး... သခင်ကြီးက သခင်လေးကို တွေ့ချင်လို့တဲ့..."
အိမ်တော်ထိန်းက အမှန်အတိုင်း သတင်းပို့လေသည်။
"လမ်းပြ..."
"ဟုတ်ကဲ့ပါ..."
ထိုနောက် ချန်ချင်းသည် သူ့ဖခင်ချန်ရှုံး၏ စာကြည့်ခန်းသို့ အိမ်တော်ထိန်းနောက်မှ လိုက်သွားခဲ့ပြီး အိမ်တော်ထိန်းကမူ တံခါးအပြင်ဘက်တွင် စောင့်နေခဲ့သည်။
"အဖေ... ကျွန်တော့်ကို ရှာနေတာလား..."
ချန်ချင်းက မေးလိုက်သည်။
"ခုဏက မင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ လူနှစ်စုနဲ့ ပတ်သက်ပြီး သူတို့ရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို ငါ စုံစမ်းပြီးသွားပြီ..."
ချန်ရှုံးက သူ၏စုတ်တံကို ဆက်လက်အသုံးပြုရင်း ပြောဆိုလေ၏။
"ဘယ်သူလဲ..."
ချန်ချင်းက တိုက်ရိုက်မေးလိုက်သည်။
"ဒုတိယမင်းသား..."
ချန်ရှုံးက ချန်ချင်းကို မော့ကြည့်ကာ မှန်ကန်သော အဖြေကို ထုတ်ဖော်ပြောဆိုလိုက်၏။
"ဒုတိယမင်းသားလား... သူက အိမ်ရှေ့မင်းသား နေရာကို ဒီနည်းလမ်းနဲ့ ယှဉ်ပြိုင်ချင်နေတာများလား..."
ချန်ချင်းက ပြောဆိုသည်။
ဤစကားကို ကြားသောအခါ ချန်ရှုံးသည် အလွန်အမင်း ဝမ်းသာသွားသည်။
"ငါ ချန်ရှုံးရဲ့ သားလို့ မပြောရဘူး...မင်းက ဉာဏ်ရည်ပြည့်ဝပြီးတော့ ပြဿနာရဲ့ အဓိကအချက်ကို တစ်ချက်ကြည့်ရုံနဲ့ သိမြင်နိုင်တယ်..."
"အမှန်ပဲ... သူက ဒီနည်းလမ်းကို သုံးပြီးတော့ ဂုဏ်သတင်းနဲ့ အောင်မြင်မှုတွေကို တည်ဆောက်ချင်နေတာ... မင်းကို အသုံးချပြီး... ငါတို့ ချန်မိသားစု တစ်ခုလုံးရဲ့ နာမည်ဆိုးကို အသုံးချပြီး သူ့ရဲ့ အနာဂတ် တက်လှမ်းမှုအတွက် ခြေနင်းတုံးတစ်ခုအဖြစ် အသုံးချချင်နေတာပဲ..."
"ဒုတိယမင်းသားက ငယ်ငယ်ကတည်းက ကောင်းကင်ငှက်မွှေးဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့တယ်... နန်းတော်ထဲမှာ မင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ကျင့်ကြံသူက ကောင်းကင်ငှက်မွှေးဂိုဏ်းရဲ့ အတွင်းစည်းကနေ လာတာပဲ..."
ချန်ရှုံး၏ စကားများကို ကြားသောအခါ ချန်ချင်းသည် အဓိကအချက်ကို နောက်တစ်ကြိမ် သိမြင်သွားသည်။ "ကောင်းကင်ငှက်မွှေးဂိုဏ်းက ဒုတိယမင်းသားရဲ့ ဆက်ခံမှုကို ထောက်ခံချင်နေတာပဲ..."
"တော်တယ်..."
ချန်ရှုံးသည် သူ၏ တန်ဖိုးမဖြတ်နိုင်သော သားကို ပိုကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်လာခဲ့ပေ၏။ ပါရမီအရာတွင် ပြိုင်ဘက်ကင်း ပါရမီရှိပြီး ဉာဏ်ရည်အရာတွင် ပြိုင်ဘက်ကင်း ဉာဏ်ရည်ရှိနေသဖြင့် သူ၏သားသည် အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုကို မည်သို့ မရရှိဘဲ နေမည်နည်း။
"ဒါက သေချာပေါက် သူတို့ရဲ့ နောက်ဆုံးလုပ်ရပ် ဖြစ်မှာ မဟုတ်ဘူး... အနာဂတ်မှာ ငါတို့ သားအဖကို ပစ်မှတ်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေက ပိုများလာဖို့ပဲရှိတယ်..."
ချန်ရှုံး၏ စကားများသည် ချန်ချင်းက ဦးဆောင်လှုပ်ရှားလိုခြင်း ရှိမရှိ သွယ်ဝိုက်သော နည်းလမ်းဖြင့် မေးမြန်းနေခြင်း ဖြစ်ပေ၏။
သူ၏သားသည် တောက်ပမှုကို ဖုံးကွယ်ထားပြီး ကာမဂုဏ်ခံစားမှုနှင့် ပျော်ပါးခြင်းကိုသာ နှစ်သက်သော လူပေါ်ကျော့တစ်ဦးအဖြစ် ဟန်ဆောင်နေကြောင်း သိရှိပြီးနောက် ချန်ရှုံးသည် ယခင်ကကဲ့သို့ အာဏာရှင်ဆန်ဆန် ပြုမူ၍ မရတော့ဘဲ သားဖြစ်သူ၏ ထင်မြင်ချက်များကို အလေးအနက် စဉ်းစားရမည်ဖြစ်ကြောင်း သဘောပေါက်သွားသည်။
"ဒုတိယမင်းသားလား... ကောင်းကင်ငှက်မွှေးဂိုဏ်းလား..."
ချန်ချင်းက ရယ်မောလိုက်၏။
"သူတို့က သနားစရာကောင်းပြီး ဘာကောင်မှမဟုတ်တဲ့ ကောင်တွေ စုပေါင်းထားတဲ့ အုပ်စုတစ်စုပါပဲ... စကားထဲ ထည့်ပြောဖို့တောင် မတန်ပါဘူး..."
ချန်ချင်းသည် ဂိုဏ်းတစ်ခုလုံးကို ယှဉ်နိုင်သည့် အဆင့်မရှိသေးလျှင်ပင် သူ၏ သေကြေပျက်စီးမဲ့ခန္ဓာကိုယ်နှင့်ဆိုလျှင် တစ်ဖက်လူက သူ့ကို သတ်နိုင်မည် မဟုတ်ချေ။ ချန်ချင်းသည် သူတို့ကို အင်အားကုန်ခမ်းအောင် လုပ်ပြီး သတ်ပစ်နိုင်သည်။
ချန်ချင်း ဤသို့ ပြောသည်ကို ကြားသောအခါ ချန်ရှုံးသည် မောက်မာသည် သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီးသည်ဟု မထင်မှတ်ဘဲ သူ၏သားသည် ဤကဲ့သို့ ပြောဆိုနိုင်ရန် ကိုယ်ပိုင်ယုံကြည်မှု ရှိရမည်ဟု ခိုင်မာစွာ ယုံကြည်သွားခဲ့လေ၏။ သို့သော် ချန်ရှုံးက မေးခွန်းများစွာ မမေးခဲ့ချေ။ တချို့သောအရာများက သူ နားလည်ထားရုံဖြင့် လုံလောက်သည်။
"အဖေ... လောလောဆယ် ဒုတိယမင်းသားနဲ့ ကောင်းကင်ငှက်မွှေးဂိုဏ်းအကြောင်း မပြောဘဲ နေကြရအောင်... ကျွန်တော် အဖေ့နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စလေး တစ်ခုရှိနေတယ်..."
ချန်ချင်း၏ အမူအရာသည် တည်ကြည်လေးနက်နေပြီး စနစ်ထံမှ အကျိုးအမြတ် အမြောက်အများ ရယူရန် ဆုံးဖြတ်လိုက်၏။