← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) တစ်သောင်းအတွက် တစ်သိန်း

"ငါတို့ သားအဖကြားမှာ ဆွေးနွေးစရာ ဘာရှိလို့လဲ... မင်းက အဖေကို ဘာလုပ်စေချင်လဲဆိုတာသာ ပြောပါ..."

ချန်ရှုံးက သူ၏ရင်ဘတ်ကို ပုတ်ကာ ချန်ချင်းအား သူစိမ်းဆန်ဆန်မလုပ်ရန်နှင့် ပွင့်ပွင့်လင်းလင်း ပြောရန် တောင်းဆိုလိုက်သည်။

"အဲ့ဒီကိစ္စ မတိုင်ခင် အဖေက ကျွန်တော့်ကို အရင်ပြောပြဖို့ မျှော်လင့်တယ်... အဖေ့မှာ ပုန်ကန်ဖို့ ရည်ရွယ်ချက်များ ရှိနေလား..."

ချန်ချင်းက မေးလိုက်၏။

"ဒါမှမဟုတ် အဖေက ဧကရာဇ် ဖြစ်ချင်နေတာလား..."

"ဧကရာဇ် ဖြစ်ချင်တာလား..."

ချန်ရှုံးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"စိတ်မဝင်စားပါဘူး... မင်းရဲ့အဖေ ဒီအဆင့်အထိ ရောက်လာရတဲ့ အကြောင်းအရင်းက ရိုးရိုးလေးပါ... ငါက အရာရှိလောကမှာ ရှိနေတော့ ရွေးချယ်စရာ မရှိခဲ့လို့ပဲ... တကယ်လို့ မင်းက ကျားတစ်ကောင်လို မပြုမူဘဲ တခြားလူတွေကို မစားဘူးဆိုရင် တခြားလူတွေက ကျားတွေ ဖြစ်လာပြီး မင်းကို စားသွားကြလိမ့်မယ်..."

ထို့ထက်ပို၍ ပွင့်ပွင့်လင်းလင်း ပြောဆိုရလျှင် ချန်ရှုံးသည် ဤအရာအားလုံးကို သူ့ကိုယ်သူ ကာကွယ်ရန်အတွက်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေ၏။ ယခုအချိန်တွင် သူ ဆုတ်ခွာရန် လမ်းမရှိတော့ချေ။

ရှားမိသားစု၏ ပြင်ပဝါဒဖြန့်မှုနှင့် ပုံကြီးချဲ့မှုများအောက်တွင် ချန်ရှုံးသည် မဟာဝူနိုင်ငံကို ဘေးဒုက္ခများ ယူဆောင်လာပေးသော အာဏာကြီးမားသည့် ဝန်ကြီးနှင့် သစ္စာဖောက် ဝန်ကြီးချုပ်ဖြစ်ကာ အမှားအယွင်း အားလုံး၏ အရင်းအမြစ်အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည်။ ချန်ရှုံးသည် ဤအရာကို ဂရုမစိုက်ပါချေ။ လူအများက အထင်သေးခံရပြီး အနှိမ်ခံရခြင်းထက်သူ့ကို ကြောက်ရွံ့ပြီး လေးစားခြင်းက များစွာပို၍ ကောင်းမွန်ပေ၏။

"ဒါဆိုရင် ကျွန်တော်က ဧကရာဇ်ကို ချန်မိသားစုက ဘယ်တော့မှ ပုန်ကန်မှာ မဟုတ်ဘူးလို့ ကတိပေးထားပြီးပြီ... အဖေ မြို့ပြင်မှာ စောင့်ကြပ်နေတဲ့ သံချပ်ကာမြင်းတပ် တစ်သိန်းလုံးကို ရုပ်သိမ်းပေးပါ... ဒါမှမဟုတ် ဧကရာဇ်အပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ အများကြီး မသက်ရောက်စေဖို့ သူတို့ကို ပိုဝေးတဲ့ နေရာကို ရွှေ့ပေးပါ..."

ချန်ချင်းက အကြံပြုလိုက်သည်။

"မဖြစ်ဘူး... တကယ်လို့ ငါတို့က အဲ့ဒီ သံချပ်ကာမြင်းတပ် တစ်သိန်းကို ရုပ်သိမ်းလိုက်ရင် ငါတို့ရဲ့ လုံခြုံရေးကို ဘယ်လိုလုပ်ပြီး အာမခံနိုင်တော့မလဲ..."

ဤသည်က ချန်ရှုံးက သဘောမတူလို၍ မဟုတ်ဘဲ မလုပ်နိုင်သောကြောင့်ပင်။ ချန်ချင်းသည် မဟာဝူရှားဧကရာဇ်၏ ဖြားယောင်းသွေးဆောင်မှုကို ခံထားရသည်ဟု သူ သံသယဝင်မိသည်။ တပ်များ ရုပ်သိမ်းရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်သော်လည်း ချန်ရှုံးသည် ရှားမိသားစုက သူ့ကို အသုံးချပြီးနောက် စွန့်ပစ်လိုက်မည်ကို အမှန်တကယ်ပင် စိုးရိမ်နေမိသည်။ ယခင်က သာဓကများလည်း ရှင်းလင်းစွာ ရှိနေခဲ့သဖြင့် သူ သတိထားရပေမည်။

ဤစကားကို ကြားသောအခါ ချန်ချင်းသည် ချန်ရှုံးအား စကားဖြင့် ဆက်လက်ဖျောင်းဖျရန် မလောတော့ချေ။ သူ၏နောက်တွင် အရိပ်များ လှိုင်းထသွားပြီး အရိပ်ရုပ်သေးရုပ်တစ်ရုပ် ထွက်ပေါ်လာသည်။

ဤအရာကို မြင်သောအခါ ချန်ရှုံးသည် အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူ ချက်ချင်းနောက်လှည့်ကာ သူ၏နောက်ရှိ ဓားစင်မှ ဓားရှည်တစ်လက်ကို ဆွဲထုတ်ပြီး အရိပ်ရုပ်သေးရုပ်ကို ချိန်ရွယ်လိုက်သည်။

"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ... ချန်အိမ်တော်ထဲကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့..."

ချန်ချင်းကမူ လက်ကိုမြှောက်ကာ သူ၏နားနံဘေးတွင် တွဲလောင်းကျနေသော ချန်ရှုံး၏ ဓားကို ညင်သာစွာ ဖယ်ရှားပြီး ပြောဆိုသည်။

"အဖေ... ထိတ်လန့်စရာ မလိုပါဘူး... ဒီပစ္စည်းကို အရိပ်ရုပ်သေးရုပ်လို့ ခေါ်ပြီး ဒါက သား ထိန်းချုပ်ထားတဲ့ ရုပ်သေးရုပ်ပါ..."

"အရိပ်ရုပ်သေးရုပ်လား..."

ချန်ချင်း ဤသို့ ပြောဆိုသည်ကို ကြားသောအခါ ချန်ရှုံးသည် သူ၏သူလျှိုများထံမှ အလားတူ သတင်းများ ကြားခဲ့ရသည်ကို ပြန်လည်၍ သတိရသွားသည်။

"ကောင်းကင်ငှက်မွှေးဂိုဏ်းက လွှတ်လိုက်တဲ့ လူသတ်သမားကို သတ်ခဲ့တာ သူလား..."

ချန်ရှုံးသည် ဓားကို နှိမ့်ချလိုက်သော်လည်း အလျှင်အမြန် ဓားအိမ်ထဲ ပြန်မထည့်သေးဘဲ မေးလိုက်၏။

"အမှန်ပဲ..."

ချန်ချင်းက ခေါင်းညိတ်လိုက်သည်။

"ဒီအရိပ်ရုပ်သေးရုပ်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှတယ်..."

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ရုပ်သေးရုပ်လား..."

ဤအရာကို နားလည်သွားပြီးနောက် ချန်ရှုံး၏ နှလုံးသားသည် ထိတ်လန့်မှုနှင့် ဝမ်းသာမှု နှစ်မျိုးလုံးဖြင့် ပြည့်နှက်သွားသည်။ ချန်ချင်းသည် ဤမျှထိ အားကောင်းသော ရုပ်သေးမှော်ရတနာကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို သူ အလွန်သိချင်နေခဲ့သည်။

သဘောတရားအရ မြို့တော်တစ်ခုလုံးတွင် ဖြစ်ပွားသော အသေးအဖွဲ လှုပ်ရှားမှုလေးများပင် သူ၏ အာရုံစိုက်မှုမှ လွတ်ကင်းမသွားသင့်ချေ။ ဤအရာကို တွေးမိသောအခါ ချန်ရှုံးသည် သူ၏သား ချန်ချင်းကို ကြောက်ရွံ့မသွားရုံသာမက သူ့ထက် သာလွန်သွားသည့်အတွက် အလွန်ပင် ကျေနပ်ဂုဏ်ယူနေခဲ့ပေ၏။ ဤကဲ့သို့ အရည်အချင်းစုံလင်သည့် သားတစ်ယောက်ရှိနေခြင်းက သူ၏ ကံကောင်းမှုဖြစ်ပြီး ချန်မိသားစု အမွေအနှစ် ဆက်ခံမည့်ကိစ္စကို စိုးရိမ်နေရန် မလိုအပ်တော့ချေ။

"သားမှာ ဒီလိုမျိုး ရုပ်သေးရုပ် တစ်ရာကျော် ရှိသေးတယ်..."

ချန်ချင်း၏စကားမဆုံးမီမှာပင် ချန်ရှုံး၏စိတ်နှလုံးသားတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့လေပြီ။

'တစ်ရာကျော်... အဲ့ဒါက သူ့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ရာကျော် ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား... ပြီးတော့ သူတို့က သူ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်တဲ့ အကြွင်းမဲ့ သစ္စာရှိတဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ရာကျော် ဖြစ်နေတယ်...'

ချန်ချင်းသည် သံပူခိုက် နာနာနှက်သည့်အနေဖြင့် ဆက်လက်၍ ပြောဆိုလိုက်သည်။

"အဖေ... အဖေ့ရဲ့အမြင်အရ... ဒီအရိပ်ရုပ်သေးရုပ် တစ်ရာကျော်က သားတို့ သားအဖရဲ့ လုံခြုံရေးကို အာမခံနိုင်လောက်လား..."

"ရတယ်... သေချာပေါက် ရတာပေါ့..."

စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်...

အကယ်၍ ချန်ရှုံး မှတ်မိသည်မှာ မှန်ကန်ပါက ကောင်းကင်ငှက်မွှေးဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်၌သာ ရှိသေးပြီး ချန်ချင်း၏ရုပ်သေးရုပ်ကိုပင် ယှဉ်နိုင်မည် မဟုတ်ချေ။

ယခုအချိန်၌ ချန်ချင်းက ကောင်းကင်ငှက်မွှေးဂိုဏ်းနှင့် မဟာဝူနိုင်ငံ၏ ဒုတိယမင်းသားတို့ကို သနားစရာကောင်းသော ဘာမဟုတ်သည့် ကောင်များအဖြစ် ခေါ်ဆိုရသည့် ယုံကြည်မှု မည်သည်ကြောင့်ရှိနေသနည်းဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ... သူ လုံးလုံးလျားလျား နားလည်သွားခဲ့ပြီ ဖြစ်ပေ၏။ ဤသည်မှာ မောက်မာမှု လုံးဝမဟုတ်ဘဲ ခွန်အားမှ လာသော ယုံကြည်မှုပင်။

"တပ်တွေ ရုပ်သိမ်းမယ်... အဲ့ဒီ သံချပ်ကာမြင်းတပ် တစ်သိန်းကို မြို့တော်ကနေ ရုပ်သိမ်းဖို့ ငါ ချက်ချင်း အမိန့်ပေးလိုက်မယ်..."

ချန်ချင်း ဤသို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို မသိသော်လည်း သူ့ကို လှည့်စားမည် မဟုတ်ကြောင်း ချန်ရှုံးက ယုံကြည်ထားပေ၏။ သူ၏သားသည် ကြီးမားသော ကစားပွဲတစ်ခုကို ကစားနေကြောင်း သူ ယုံကြည်ထားပြီး ဖခင်အိုကြီးတစ်ဦးအနေဖြင့် သူသည် ချန်ချင်းနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ သူ၏စည်းမျဥ်းများကို မကျော်လွန်ရန်သာ လိုအပ်သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေးရုပ်တစ်သောင်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ဤတစ်ကြိမ်တွင် ဆုလာဘ်သည် ရက်ရောမည်ဟု မျှော်လင့်ထားသော်လည်း ချန်ချင်းသည် စနစ်မျက်နှာပြင်ပေါ်ရှိ စာသားများကို အမှန်တကယ်မြင်တွေ့ရပြီး ရှင်းလင်းစွာ ဖတ်လိုက်ရချိန်တွင် အနည်းငယ် တုန်လှုပ်သွားခဲ့ပေ၏။

အမှန်အားဖြင့် စစ်သည်တစ်သိန်းကို ရှားဧကရာဇ် သို့မဟုတ် ရှားမိသားစုတစ်ခုလုံးကို စိတ်အေးစေရန် သူ ရုပ်သိမ်းခိုင်းလိုက်ခြင်း မဟုတ်ချေ။ ဤသည်က သူ၏ဇနီး ရှားချင်းယွဲ့အား သူမအပေါ်ထားရှိသော သူ၏ စစ်မှန်သော ခံစားချက်များကို နားလည်စေရန်သက်သက်သာဖြစ်သည်။

သံချပ်ကာမြင်းတပ် တစ်သိန်းကို စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ခွန်အားရှိသော အရိပ်ရုပ်သေးရုပ် တစ်သောင်းဖြင့် လဲလှယ်လိုက်ခြင်းသည် ကောင်းမွန်သော အပေးအယူတစ်ခုမျှသာမကဘဲ အလွန်အမင်း အမြတ်ထွက်သော အပေးအယူတစ်ခုပင်။ ချန်ချင်း ဆန္ဒရှိနေသရွေ့ သူသည် မျက်စိတစ်မှိတ်အတွင်း အရိပ်ရုပ်သေးရုပ် တစ်သောင်းကို ဆင့်ခေါ်နိုင်ပြီး မဟာဝူနိုင်ငံ တစ်ခုလုံးကို ဖြတ်ကျော်ကာ သိမ်းပိုက်နိုင်သည်။

မြို့ပြင်ရှိ သံချပ်ကာမြင်းတပ် တစ်သိန်း ရုပ်သိမ်းသွားကြောင်း သိရှိပြီးနောက် ဆယ်နှစ်နီးပါး လေးလံခဲ့သော ရှားဧကရာဇ်၏ နှလုံးသားသည် နောက်ဆုံးတွင်ပြေလျော့သွားခဲ့လေ၏။

"ရှားချင်းယွဲ့က ငါ့အတွက် တကယ့်ကို သမက်ကောင်း တစ်ယောက် ရှာပေးနိုင်ခဲ့ပုံရတယ်..."

ရှားချန်က စိတ်ကျေနပ်စွာဖြင့် ပြောလိုက်သည်။

သူ၏ဘေးရှိ အကြံပေးရှောင်ဟယ်ကမူ စကားပြောချင်သော်လည်း တုံ့ဆိုင်းနေသည့် အမူအရာ ရှိနေသည်။

"အကြံပေးရှောင်.. လွတ်လွတ်လပ်လပ် ပြောပါ... ငါတို့က သူစိမ်းတွေမှ မဟုတ်တာ..."

ရှားချန်က သူ၏မျက်နှာအမူအရာ အပြောင်းအလဲကို သတိထားမိပြီး ပြောဆိုလိုက်သည်။

"အခု မြို့ပြင်က ခြိမ်းခြောက်မှု ဖယ်ရှားသွားပြီဆိုတော့... အရှင်မင်းကြီးက ချန်ရှုံးဆိုတဲ့ ဒီဆူးငြောင့်ခလုတ်ကို မဟာဝူနိုင်ငံကနေ အမြစ်ပြတ် ဖယ်ရှားဖို့ အခွင့်အရေး မယူသင့်ဘူးလား..."

ခိုးနားထောင်သူများ ရှိနေမည်ကို စိုးရိမ်သဖြင့် ရှောင်ဟယ်သည် ရှားချန်၏နားအနီးသို့ ကပ်ကာ တီးတိုးပြောဆိုလိုက်၏။

"မဖြစ်ဘူး... နန်းတွင်းက နယ်ဘက် စစ်ဘက် အရာရှိ တော်တော်များများက ချန်ရှုံးရဲ့ အုပ်စုထဲမှာ ရှိနေတုန်းပဲ... အဆင်အခြင်မဲ့ လှုပ်ရှားတာက ဆိုးကျိုးပဲ ဖြစ်စေပြီးတော့ နန်းတွင်းမှာ ကြီးမားတဲ့ ကမောက်ကမကို ဖြစ်စေလိမ့်မယ်..."

"ဒုတိယအချက်အနေနဲ့..."

ချန်ရှုံးနှင့် နှိုင်းယှဉ်ပါက ရှားချန်သည် ယခုအချိန်၌ ချန်ချင်းကို ပို၍သတိထားနေသည်။ သူသည် သူ့ကိုယ်သူ လူကဲခတ်တတ်သူဟု ယူဆထားသော်လည်း ချန်ချင်းကိုမူ သူ နားမလည်နိုင်ချေ။ ချန်ချင်း၏ လိမ္မာပါးနပ်မှုနှင့်ဆိုလျှင် သံချပ်ကာမြင်းတပ် တစ်သိန်းကို ရုပ်သိမ်းလိုက်ပါက သူသည် ချန်မိသားစုအပေါ် အရေးယူမှု ပြုလုပ်လာနိုင်ကြောင်းကို ချန်ချင်း မစဉ်းစားမိဘဲ နေလိမ့်မည်ဟု မယုံကြည်ပါချေ။ ဤသို့ဖြစ်နေသည့်တိုင် ချန်ချင်းသည် ချန်ရှုံးအား တပ်များ ရုပ်သိမ်းရန် သတ္တိရှိရှိ ခွင့်ပြုလိုက်ခြင်းမှာ သူ အရေးယူခြင်းကို တားဆီးနိုင်မည့် ဝှက်ဖဲတစ်ခုခု တစ်ဖက်လူထံတွင် ရှိနေသေးကြောင်း ဆိုလိုသည်။ ထို့ကြောင့် ရှားချန်သည် စောင့်ကြည့်ရန် ရွေးချယ်လိုက်၏။

ဤဆုံးဖြတ်ချက်က ရှားမိသားစုကို တိုက်ရိုက် ကယ်တင်နိုင်ခဲ့ပြီး မျိုးတုံးမည့် အကျပ်အတည်းမှ ရှောင်လွှဲနိုင်ခဲ့ကြောင်း ရှားဧကရာဇ် မသိခဲ့ချေ။ ယခုချိန်၌ ချန်ချင်း ကိုင်ဆောင်ထားသော ဝှက်ဖဲမှာ သံချပ်ကာမြင်းတပ်တစ်သိန်းနှင့် နှိုင်းယှဉ်၍ ရနိုင်သည်ထက် များစွာသာလွန်နေလေပြီ။ အကယ်၍ ရှားချန်သာ ကျေးဇူးသိတတ်မှု မရှိပါက ချန်ချင်းသည် သူ့အား ကျေးဇူးသိတတ်စေရန် ကူညီပေးပြီး ရှားမင်းဆက်ကို ချန် အဖြစ် ပြောင်းလဲပစ်ရန် ဝန်လေးနေမည် မဟုတ်ချေ။

အကယ်၍ ချန်ရှုံးက ဧကရာဇ် မဖြစ်ချင်ဘဲ ဝန်ထုပ်ဝန်ပိုးနှင့် ပြည်သူများ၏ ပြစ်တင်ရှုတ်ချမှုကို မခံစားချင်ပါက ချန်ချင်းသည် ဇာတ်လမ်းကို ရှေ့တိုးစေပြီး သူ၏ဇနီး ရှားချင်းယွဲ့အား ဧကရီ ဖြစ်လာစေရန်အတွက် ကူညီပေးရန် ဝန်လေးမည် မဟုတ်ပေ။

တော်ဝင်စာကြည့်ဆောင်သို့ ပြန်သွားရလျှင် ရှားချန်၏ သဘောထားကို ရှင်းလင်းစွာ သိရှိပြီးနောက် ရှောင်ဟယ်သည် ချန်မိသားစုကို ဖျက်ဆီးမည့် ကိစ္စကို ထပ်မံ၍ မပြောဆိုတော့ချေ။

ထိုအစား သူက တခြားကိစ္စတစ်ခုကို တင်ပြလိုက်၏။

"အရင်က နန်းတော်ထဲမှာ ချန်ချင်းကို လုပ်ကြံခဲ့တဲ့ ကျင့်ကြံသူနဲ့ ပတ်သက်ပြီး... ကျွန်တော် စုံစမ်းကြည့်တော့ သူက ကောင်းကင်ငှက်မွှေးဂိုဏ်းက လာတာကို တွေ့ရပါတယ်..."

"ကောင်းကင်ငှက်မွှေးဂိုဏ်းလား... ဒါက ဒုတိယမင်းသားနဲ့ ပတ်သက်နေတာလား..."

ရှားချန်သည် လန့်ဖျပ်သွားပြီး စာရေးခြင်းကို ရပ်တန့်လိုက်သည်။ သူသည် ကောင်းကင်ငှက်မွှေးဂိုဏ်းက မကောင်းဆိုးဝါးများကို ဖယ်ရှားပြီး နိုင်ငံတော်ကို ကာကွယ်ရန် ကြိုးစားနေခြင်းမျှသာ ဖြစ်သည်ဟု တွေးထင်ထားခြင်း မရှိချေ။ ထို့ပြင် ရှားမိသားစုဝင်များအားလုံးထဲတွင် ကောင်းကင်ငှက်မွှေးဂိုဏ်းနှင့် အရင်းနှီးဆုံးသူမှာ သူ၏ဒုတိယသားတော်ပင်။

"ဆက်စပ်နေဖို့ အလားအလာ များပါတယ်..."

ရှောင်ဟယ်က သူ၏ သုံးသပ်ချက်ကို ပေးလိုက်သည်။

"သွားစမ်း... အဲ့ဒီ ပုန်ကန်တတ်တဲ့ သားရဲ့ စံအိမ်တံခါးဝမှာ အလောင်းကို သွားပစ်ထားခိုင်းလိုက်..."

ရှားချန်သည် ဒုတိယမင်းသားအား ပြဿနာများ ထပ်မံ၍ မဖန်တီးရန် သတိပေးသည့်အနေဖြင့် ဤသို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပေ၏။ သူ စုံစမ်းသိရှိနိုင်သောအရာများကို ချန်မိသားစုကလည်း စုံစမ်းသိရှိနိုင်သည်။ အကယ်၍ အခြေအနေများ အမှန်တကယ် ပြင်းထန်လာပါက သူ့ကို မသတိပေးခဲ့ဘူူး သူ၏ အလောင်းကို လာမကောက်ခဲ့ဘူးဟု မည်သူ့ကိုမျှ အပြစ်မတင်သင့်ချေ။

"ဟုတ်ကဲ့ပါ..."

...

ချန်အိမ်တော်...

ရှားချင်းယွဲ့သည် လန့်နိုးလာပြီး ကုတင်ပေါ်တွင် ရုတ်တရက် ထထိုင်လိုက်၏။ သူမသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်တစ်ခုကို မက်ခဲ့သည်။

All Chapters