← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃) သူက အရည်အချင်းတွေကို ဖုံးကွယ်ထားတုန်းပဲ

ထိုနောက် ရုတ်ချည်းဆိုသလိုပင် ရှားချင်းယွဲ့သည် ချန်ချင်း၏ လက်ထဲရှိ ဓားရှည်မှ သွေးစက်များ ကျဆင်းနေသည်ကို သတိထားမိသွားသည်။

သူမ၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ထွက်ပေါ်လာခဲ့၏။

အဲ့ဒီကောင်းကင်ငှက်မွှေးဂိုဏ်း တပည့်တွေအားလုံးကို သူ သတ်လိုက်တာများလား။

ဒါက ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ စွမ်းအားမျိုးလား...

နောက်တခဏတွင် သူတို့၏နံဘေးမှ လင်ထျန်း၏ ထိတ်လန့်တကြား ပြောဆိုလိုက်သော စကားများက ရှားချင်းယွဲ့၏စိတ်ရှုပ်ထွေးမှုများကို ချက်ချင်းဖြေဖျောက်ပေးလိုက်သည်။

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက ဘယ်လိုလုပ်ပြီး အခြေတည်စစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံခြင်းကို ရောက်နေရတာလဲ..."

လင်ထျန်းသည် ဤအချက်ကို ငြင်းဆိုရန် အသည်းအသန် ကြိုးစားနေခဲ့သည်။

'အခြေတည်စစိတ်ဝိညာဉ်နယ်ပယ်...'

ဤစကားကို ကြားသောအခါ ရှားချင်းယွဲ့သည် အံ့အားသင့်မှုနှင့်ဝမ်းသာမှု နှစ်မျိုးလုံးကို ခံစားလိုက်ရသည်။

မကြာမီကမှ ရွှေအမြုတေနယ်ပယ်တွင်သာ ရှင်းလင်းစွာ ရှိနေသေးသော ချန်ချင်းသည် ဤမျှ အချိန်တိုအတွင်း၌ အခြေတည်စစိတ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ချေ။

ချန်ချင်းသည် နှစ်တစ်ရာတွင် တစ်ကြိမ်တွေ့ရခဲသော ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သူမ ကောက်ချက်ချလိုက်၏။ သူ အနည်းငယ် ကြိုးစားအားထုတ်ရုံဖြင့် သူ၏ကျင့်ကြံခြင်းမှာ အမြင့်သို့ ချက်ချင်းတက်လှမ်းသွားပေမည်။

ထိုသို့မဟုတ်ပါက သူသည် အရည်အချင်းအစစ်အမှန်များကို ဖုံးကွယ်ထားဆဲ ဖြစ်နိုင်သည်။

သူမ၏ ရွှန်းလဲ့နေသော မျက်လုံးများသည် ချန်ချင်းအပေါ်သို့ အာရုံစိုက်သွားကာ သူမ၏ခင်ပွန်းသည် မည်မျှထိ ထပ်မံ၍ ဖုံးကွယ်ထားသေးသနည်းဆိုသည်ကို သူမ သိချင်နေခဲ့သည်။

"သခင်မလေး... နောက်ပိုင်းမြင်ကွင်းက နည်းနည်း သွေးထွက်သံယို ဖြစ်နိုင်တယ်... မင်း ကြောက်ရင် မျက်လုံး အရင်မှိတ်ထားလိုက်နော်..."

ချန်ချင်းသည် ရှားချင်းယွဲ့၏လက်ကို လွှတ်ပေးလိုက်ပြီး လင်ထျန်းဆီသို့ စတင်၍ လျှောက်လှမ်းသွားခဲ့သည်။

"ခဏလေး... မလာနဲ့... မင်း ဘာလုပ်ချင်လို့လဲ... မင်း ငါ့ကို သတ်ဖို့ မစဉ်းစားထားဘူး မဟုတ်လား..."

"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ... ငါက ကောင်းကင်ငှက်မွှေးဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်ပဲ... တကယ်လို့ မင်း ငါ့ကို သတ်လိုက်ရင် မင်းနဲ့ ကောင်းကင်ငှက်မွှေးဂိုဏ်းကြားမှာ ပြန်လည်သင့်မြတ်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး..."

ရွှေအမြုတေနယ်ပယ် အထွတ်အထိပ်အဆင့်၌သာ ရှိနေသော လင်ထျန်းသည် သူူ ချန်ချင်းကို မယှဉ်နိုင်ကြောင်း သိထားပေ၏။ သူသည် အကူအညီမဲ့စွာဖြင့် ချန်ချင်းကို ခြိမ်းခြောက်ရန် ကြိုးပမ်းကာ သူ၏ နောက်ကွယ်ရှိ ကောင်းကင်ငှက်မွှေးဂိုဏ်းကို ထုတ်ပြရုံသာ တတ်နိုင်တော့သည်။

"ငါ့ရဲ့ ဇနီးလေးအပေါ် သတ်ဖြတ်လိုစိတ် ထားရဲတဲ့ ဘယ်သူမဆို သေရမယ်..."

ချန်ချင်းက သူ၏ လက်ထဲရှိ ဓားကို မြှောက်လိုက်သည်။

ဤစကားကို ကြားသောအခါ ရှားချင်းယွဲ့သည် သူမ၏မျက်လုံးများကို ဖွင့်ကာ ဓားရှည်ကို မြှောက်ထားသော ချန်ချင်း၏ ကြီးကျယ်ခမ်းနားသော ကျောပြင်ကိုကြည့်ရင်း သူမ၏နှလုံးသား နက်ရှိုင်းစွာ ထိရှသွားသည်။

"သူ့ကို အသက်ချမ်းသာပေးလိုက်ပါ..."

ချန်ချင်းသည် ထိုအသံကို လျစ်လျူရှုကာ သူ၏ဓားကို လျင်မြန်စွာ ခုတ်ပိုင်းလိုက်၏။ ခေါင်းပြတ်ကြီးသည် လှေကားထစ်များပေါ်မှ လိမ့်ဆင်းသွားပြီး ခုန်ပေါက်နေခဲ့သည်။

ထို့နောက် လင်ထျန်း၏ ခေါင်းမပါသော ခန္ဓာကိုယ်သည် လဲကျသွားပြီး ပြတ်တောက်သွားသော လည်ပင်းမှ သွေးများသည် စမ်းပေါက်တစ်ခုအလား ပန်းထွက်လာကာ လှေကားထစ်များပေါ်မှ စီးဆင်းပြီး ပြန့်ကျဲသွားတော့သည်။

"..."

ဤမြင်ကွင်းကြောင့် ရှားချင်းယွဲ့၏ နှလုံးသား တင်းကြပ်သွားပြီး သူမသည် တံတွေးကို အကြိမ်ကြိမ် မျိုချလိုက်မိသည်။

"မင်း... မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ..."

ဦးဆောင်လာသော အကြီးအကဲသည် ချန်ချင်း၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသော လင်ထျန်း၏ ခေါင်းကိုကြည့်ကာ ကြောက်လန့်သွားခဲ့ပေ၏။ ထိုလူ၏အမည်မှာ မဟာအကြီးအကဲ လင်းဝေဖြစ်ပြီး လင်ထျန်း၏ အစ်ကိုအရင်းပင်။

သူ၏အဆင့်အတန်းသည် ကောင်းကင်ငှက်မွှေးဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်ပြီး နောက်သို့ လိုက်ပါလာသော လူဆယ်ဂဏန်းခန့်မှာလည်း ကောင်းကင်ငှက်မွှေးဂိုဏ်း၏ အတွင်းစည်းအကြီးအကဲများ ဖြစ်ကြသည်။

"ငါက ဘာလို့ မလုပ်ရဲရမှာလဲ..."

ချန်ချင်းသည် မည်သည့်ကြောက်ရွံ့မှုကိုမျှ မပြသခဲ့ချေ။ သူသည် လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ဓားသွားတွင် တွယ်ကပ်နေသော သွေးစက်များသည် ပြင်းထန်စွာ လွင့်စင်သွားပြီး မြေကြီးပေါ်တွင် ဆွဲဆောင်မှုရှိသော သွေးပန်းပွင့်များအဖြစ် ပြန့်ကျဲသွားတော့သည်။

"ဒီကောင်လေးရဲ့ လုပ်ရပ်တွေက ရက်စက်လွန်းတယ်... မကောင်းဆိုးဝါး လမ်းစဉ်ကို ရောက်သွားသလိုပဲ... ဒီနေ့ ငါတို့ ကောင်းကင်ငှက်မွှေးဂိုဏ်းရဲ့ အကြီးအကဲတွေက ပြည်သူတွေအတွက် မကောင်းဆိုးဝါးကို ဖယ်ရှားပေးမယ်... မှန်ကန်တဲ့ လမ်းစဉ်ကို ထိန်းသိမ်းမယ်..."

မဟာအကြီးအကဲ လင်းဝေသည် ဓားရှည်တစ်လက်ကို ထုတ်ယူကာ ချန်ချင်းအား ချိန်ရွယ်လိုက်သည်။ တခြား အတွင်းစည်းအကြီးအကဲများသည် ဤအရာကို မြင်သောအခါ လိုက်ပါလုပ်ဆောင်ကြ၏။

သူနှင့်လင်ထျန်းတို့သည် ညီအစ်ကိုအရင်းများဖြစ်ရန် ထိုက်တန်လှသည်။ မကောင်းမှု မလုပ်မီ သူတို့သည် ယုတ်မာသော လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် မှန်ကန်သော လမ်းစဉ်ဟူသော ဆောင်ပုဒ်ကို အသုံးပြုကာ ခမ်းနားသော စာတန်းတစ်ခုကို လွှင့်ထူရန် ဘယ်သောအခါမျှ မမေ့လျော့ကြချေ။

ဂိုဏ်းတစ်ဂိုဏ်း၏ မဟာအကြီးအကဲ တစ်ယောက်အနေဖြင့် မဟာအကြီးအကဲလင်းဝေ၏ ခွန်အားသည် လင်ထျန်းကဲ့သို့သော ဂျူနီယာအကြီးအကဲ တစ်ယောက်နှင့် နှိုင်းယှဉ်၍မရချေ။ တစ်ဖက်လူ၏စွမ်းအားသည် သူ့ထက် သာလွန်ကာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်သို့ ရောက်ရှိနေကြောင်း ချန်ချင်း မြင်တွေ့နိုင်သည်။

သူ ယှဉ်နိုင်မည် မဟုတ်ကြောင်း သိသဖြင့် ချန်ချင်းသည် မဟာအကြီးအကဲ လင်းဝေနှင့် ထိပ်တိုက် ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ သူသည် ဇာတ်လိုက် မဟုတ်ချေ။ ထိုကြောင့် သူသည် ဖုံးကွယ်ထားသော စွမ်းအားတစ်ခုကို ထုတ်လွှတ်နိုင်ခြင်းရှိမရှိကို လောင်းကြေးထပ်ရန် မလိုအပ်ပေ။

သူသည် နောက်သို့ တစ်ချက်ပြန်ခုန်ပြီး ရှားချင်းယွဲ့၏ နံဘေးသို့ ဆုတ်ခွာလိုက်၏။

ဤအရာကို မြင်သောအခါ မဟာအကြီးအကဲ လင်းဝေက ရယ်မောလိုက်သည်။

"အခုမှ ကြောက်ရမှန်း သိပြီလား... ထွက်ပြေးဖို့ ကြိုးစားနေတာလား... နောက်ကျသွားပြီ..."

"တိုက်ခိုက်စမ်း..."

ထိုစကားကိုပြောပြီးနောက် မဟာအကြီးအကဲ လင်းဝေသည် အကြီးအကဲများကို သတိပေးရန် မမေ့ခဲ့ချေ။

"မင်းသမီးကို မထိခိုက်စေနဲ့... မဟုတ်ရင် တော်ဝင်မိသားစုကို ရှင်းပြဖို့ ခက်လိမ့်မယ်..."

အကြီးအကဲများအားလုံးသည် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် သူတို့၏ခြေထောက်များကို ဆောင့်ကာ ပုံရိပ် ဒါဇင်ပေါင်းများစွာသည် ချန်ချင်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြပြီး သူတို့ လက်နက်များ၏ အေးစက်သော အလင်းရောင်မှာ အချိန်နှင့်အမျှ ပို၍တောက်ပလာကာ ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။

ချန်ချင်းသည် သူတို့ ထောင်ချောက်ထဲသို့ ဝင်လာရန် စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်ပေ၏။

"သတ်..."

စကားတစ်ခွန်းတည်းဖြင့် အရိပ်ရုပ်သေးရုပ် တစ်ခုသည် အမှောင်ကမ္ဘာထဲမှ ခုန်ထွက်လာပြီး သူ၏လက်သည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ဝုန်း...

အကြီးအကဲအမြောက်အများသည် အားကောင်းသော ဓားချီစွမ်းအားအောက်တွင် အစိတ်အပိုင်းရာထောင်ချီ၍ ချက်ချင်းဆုတ်ဖြဲခံလိုက်ရသည်။

ဓားချီလေပွေသည် ရပ်တန့်မသွားဘဲ ပို၍အားကောင်းလာကာ အကြီးအကဲများ၏ ပြတ်တောက်နေသော အလောင်းများကို သွေးမြူများအဖြစ် ထပ်မံ၍ ခြေမွှဖျက်ဆီးလိုက်တော့သည်။

ဤသည်မှာ ဓားတစ်ချက်တည်းဖြင့် ကောင်းကင်ငှက်မွှေးဂိုဏ်း၏ အတွင်းစည်းအကြီးအကဲ ဒါဇင်ပေါင်းများစွာကို သုတ်သင်ပစ်လိုက်ခြင်းပင်။

ဤမြင်ကွင်းက မဟာအကြီးအကဲ လင်းဝေကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပေ၏။

'ဒီမကောင်းဆိုးဝါးကြီးက ဘာကြီးလဲ...'

မဟာအကြီးအကဲ လင်းဝေသည် အရိပ်ရုပ်သေးရုပ်ကို ထွင်းဖောက်ကြည့်ရှုရန် ကြိုးစားခဲ့သော်လည်း မည်သည့် သက်ရှိလက္ခဏာကိုမျှ မတွေ့ရှိခဲ့ရချေ။

'ရုပ်သေးရုပ်လား...'

မဟာအကြီးအကဲလင်းဝေသည် သေချာမပြောနိုင်ချေ။ အရိပ်ရုပ်သေးရုပ်၏ တိကျသော ကျင့်ကြံခြင်းကို သူ သိမြင်လိုသော်လည်း မသိမြင်နိုင်ခဲ့ပေ။ သူ အတည်ပြုနိုင်သော တစ်ခုတည်းသောအရာမှာ ထိုအရာသည် သူ့ကဲ့သို့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်တွင် ရှိနေနိုင်ခြေ အများဆုံးဖြစ်ကြောင်းပင်။

"ဒီမကောင်းဆိုးဝါးတစ်ကောင်လောက်နဲ့ ငါတို့ကောင်းကင်ငှက်မွှေးဂိုဏ်းကို စိန်ခေါ်နိုင်မယ်လို့ မင်း ထင်နေတာလား... စိတ်ကူးယဉ်နေတာပဲ..."

မဟာအကြီးအကဲလင်းဝေသည် စကားပြောပြီးနောက် အချိန်မဖြုန်းတော့ဘဲ အရိပ်ရုပ်သေးရုပ်ဆီသို့ ဓားဖြင့် ပြေးဝင်သွားလေ၏။ အတွင်းစည်းအကြီးအကဲ အမြောက်အများသည် သူ့ကြောင့် သေဆုံးသွားခဲ့ရရာ မဟာအကြီးအကဲ လင်းဝေအနေဖြင့် တစ်စုံတစ်ခု မလုပ်ပါက အပြည့်အဝ တာဝန်ယူရမည် ဖြစ်ပြီး ဂိုဏ်းချုပ်ကို ရှင်းပြနိုင်မည် မဟုတ်ချေ။

သူသည် သူ၏ကျင့်ကြံနည်းစနစ်ကို အသက်သွင်းကာ ဓားကို လက်နှစ်ဖက်ဖြင့် မြှောက်လိုက်ပြီး သူ၏ အသန်မာဆုံး တိုက်ခိုက်မှုဖြစ်သည့် ကောင်းကင်ရေဓားနည်းစနစ်ကို ထုတ်လွှတ်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားကာ အရိပ်ရုပ်သေးရုပ်ဆီသို့ ရိုက်ခတ်သွားပေ၏။

ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အရိပ်ရုပ်သေးရုပ်သည် အထင်ကြီးစရာမရှိသော ဓားချက်တစ်ချက်ကို ရိုးရှင်းစွာ ခုတ်ပိုင်းလိုက်သည်။ ဤဓားတစ်ချက်တည်းက မဟာအကြီးအကဲလင်းဝေ ဂုဏ်ယူဝင့်ကြွားနေသော ကျင့်ကြံနည်းစနစ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်ရုံသာမက သူ၏ လက်ထဲရှိ ဓားကိုလည်း ပြန့်ကျဲသွားသော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထိုနောက် ချက်ချင်းဆိုသလိုပင် မဟာအကြီးအကဲ လင်းဝေ၏ မျက်လုံးများသည် ကြောက်လန့်တကြားဖြင့် ပြူးကျယ်သွားသည်။ သူ၏ လက်များသည် မမြင်နိုင်သော အားကောင်းသည့် စွမ်းအားအောက်တွင် တစ်လက်မချင်း ပေါက်ကွဲထွက်သွားကာ အသားများက မြူများအဖြစ် အရိုးများက အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး သူ့ဆီသို့ ပျံ့နှံ့လာသည်ကို ကြည့်နေရတော့သည်။

မဟာအကြီးအကဲ လင်းဝေသည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း မရခဲ့ချေ။ သူ မတုံ့ပြန်နိုင်မီမှာပင် သူ၏ တစ်ကိုယ်လုံးသည် လေထဲတွင် လွင့်မျောနေသော သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ချန်ချင်းသည် မဟာအကြီးအကဲ လင်းဝေနှင့် အခြားသူများ မည်သို့ သေဆုံးသွားသည်ကို ကြည့်နေမည့်အစား သူ၏စိတ်အာရုံသည် လက်ရှိတွင် စနစ်မျက်နှာပြင်ပေါ်တွင်သာ လုံးလုံးလျားလျား ရောက်ရှိနေပေ၏။

မဟာအကြီးအကဲ လင်းဝေ ရောက်မလာမီကပင် လင်ထျန်း သေဆုံးခါနီ၌ ရှားချင်းယွဲ့အား ပစ်မှတ်ထားသော စကားများကို အားကိုးကာ လူတစ်ယောက်ကို သတ်ခြင်းက ဇနီးသည်အား တစ်ကြိမ်အလိုလိုက်ခြင်းအဖြစ် စနစ်က သတ်မှတ်ခဲ့ပေသည်။ သို့သော် ချန်ချင်းသည် ယခုမှသာ ဆုလာဘ်များကို စစ်ဆေးရန် အခွင့်အရေး ရရှိခဲ့သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် မြေကမ္ဘာ အလယ်အလတ်အဆင့် ကျင့်ကြံနည်းစနစ် 'မဟာ ပျက်စီးခြင်း နတ်ဘုရား လက်ဝါး' ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ပဉ္စမအဆင့် ကောင်းကင်အင်ပါယာ ဆေးလုံးအလုံး၅၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

...

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၂၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

"နားလည်နိုင်စွမ်းအမှတ် နှစ်ရာလား..."

စနစ်၏ရှင်းပြချက် မပါဘဲနှင့်ပင် ဤနားလည်နိုင်စွမ်းအမှတ် နှစ်ရာသည် လင်ထျန်းက ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ကြောင်း ချန်ချင်း သေချာပေါက် သိထားပေ၏။ ရှားချင်းယွဲ့၏ သူ့အပေါ်ထားရှိသော ခံစားချက်များသည် ဆုလာဘ်များ၏ အရည်အသွေးနှင့် အရေအတွက်အပေါ် သက်ရောက်မှု ရှိနိုင်ရုံသာမက ပြိုင်ဘက်က ပို၍အားကောင်းလေလေ ဆုလာဘ်များ၏ အရည်အသွေးနှင့် အရေအတွက်ကို ပို၍တိုးတက်စေနိုင်ကြောင်း သူ ကောက်ချက်ချလိုက်သည်။

ကောင်းတယ်... တကယ့်ကို အရမ်းကောင်းတယ်...

ဆုလာဘ်များသည် လင်ထျန်းနှင့်အတူ ပြီးဆုံးသွားသည်မှာ နှမြောစရာ ကောင်းလှ၏။ မည်သို့ပင်ဖြစ်စေကာမူ နောက်ပိုင်း၌ ရောက်လာသူတိုင်းသည် ချွင်းချက်မရှိ သူ့အတွက် လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် အရိပ်ရုပ်သေးရုပ်က မည်မျှပင် သတ်ဖြတ်ပါစေ စနစ်၏ ဆုလာဘ် စံနှုန်းများကို ဖြစ်ပေါ်စေမည် မဟုတ်ချေ။

သူ စနစ်မျက်နှာပြင်ကို ပိတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ချန်ချင်းသည် အမှောင်ကမ္ဘာထဲမှ အရိပ်ရုပ်သေးရုပ် ဒါဇင်ပေါင်းများစွာကို လွှတ်ပေးလိုက်ပြီး တစ်ခုချင်းစီတိုင်းသည် ကောင်းကင်ငှက်မွှေးဂိုဏ်း တပည့်တစ်ဦး၏ ဖြတ်တောက်ခံထားရသော ခေါင်းကို ကိုင်ဆောင်ထားကြသည်။

ယနေ့တွင် သူသည် ကောင်းကင်ငှက်မွှေးဂိုဏ်းတစ်ခုလုံးကို သုတ်သင်ပစ်ရန် ရည်ရွယ်ထားပြီး ထိုအရာကို အသုံးပြုကာ သူ့အား ပစ်မှတ်ထားရန်အတွက် လျှို့ဝှက်စွာနှင့် ပေါ်ပေါ်ထင်ထင် ဆန္ဒရှိနေသူများကို သတိပေးရန်ပင်။ သူတို့ မလှုပ်ရှားမီ သူတို့ထံတွင် အရည်အချင်းရှိမရှိကို သေချာစဉ်းစားရပေမည်။

All Chapters