အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅) ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခြင်း
ရေနဂါးဝင်္ကပါ အပြည့်အဝ အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းချုပ်ဖြစ်သော လုဝူယန်သည် လေထဲသို့ ပျံသန်းသွားကာ နဂါးခေါင်း၏ အထက်တွင် နေရာယူလိုက်သည်။
သူသည် လက်စည်းသင်္ကေတတစ်ခုကို ဖန်တီးလိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ရှေ့သို့ ညွှန်ပြကာ အမိန့်ပေးလိုက်၏။
"ဖျက်ဆီးစမ်း..."
စကားတစ်ခွန်းတည်းဖြင့် ရေနဂါးကြီးသည် ဧရာမပါးစပ်ကြီးကို ဖွင်ဟကာ ကောင်းကင်နှင့်မြေကြီးတခွင် ပဲ့တင်ထပ်သွားသော နားကန်းလုမတတ် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်ပြီး ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ဆီသို့ ပြေးဝင်လာသည်။
ဤကဲ့သို့သော အံ့အားသင့်ဖွယ်မြင်ကွင်းမျိုးနှင့် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားသော ရေနဂါးကြီး၏ ခန္ဓာကိုယ်ကို ရှားချင်းယွဲ့ မြင်တွေ့လိုက်ရသည်။ သူမသည် ယခင်က ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူမသည် သူမကိုယ်သူမ သေးငယ်ပြီး စွမ်းဆောင်ရည်မဲ့သည်ဟုသာ ခံစားလိုက်ရ၏။
ဆန့်ကျင်ဘက်အနေဖြင့် ချန်ချင်းသည် တည်ငြိမ်အေးဆေးစွာ ရှိနေပြီး သူ၏ရှေ့တွင် တောင်ကြီးပြိုကျလာလျှင်ပင် မတုန်လှုပ်သော လူတစ်ဦး၏ ယုံကြည်မှုကို ထုတ်လွှတ်ထားသည်။ မည်သို့ပင်ဖြစ်စေကာမူ ဤသာမန်ဂိုဏ်းကာကွယ်ရေးဝင်္ကပါသည် သူ ကျွမ်းကျင်ထားသော ခွန်းလုံဝင်္ကပါထက် နယ်ပယ်တစ်ခုမက နိမ့်ကျနေသည်။
ချန်ချင်းသည် ခွန်းလုံဝင်္ကပါကို ပြီးပြည့်စုံသောအဆင့်အထိ နားလည်သဘောပေါက်ခြင်း မရှိသေးသော်လည်း ဤဂိုဏ်းကာကွယ်ရေး ရေနဂါးဝင်္ကပါကို ဖျက်ဆီးရန်မှာ လုံလောက်သည်ထက်ပင် ပိုနေလေပြီ။
စိတ်ဝိညာဉ်ချီများ ထွက်ပေါ်လာပြီး ခွန်းလုံဝင်္ကပါသည် ချက်ချင်းလင်းလက်လာကာ ပြန့်ကားသွားပြီး ရေနဂါးကို အတွင်း၌ ပိတ်လှောင်ထားသော စက်ဝိုင်းပုံစံ လှောင်ချိုင့်တစ်ခုကို ဖန်တီးလိုက်၏။
ထိုနောက် ချက်ချင်းပင် လေဟာနယ်ထဲမှ ထူထဲသော သံကြိုးများ ပျံ့လွင့်လာပြီး ရေနဂါး၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်သည်။
ရုတ်တရက် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီးနောက် ကောင်းကင်ငှက်မွှေးဂိုဏ်း၏ ရေနဂါးမဟာဝင်္ကပါသည် ကြမ်းတမ်းစွာ အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရကာ ပြန့်ကျဲနေသော စိတ်ဝိညာဉ်ချီများအဖြစ် ပြောင်းလဲသွားပြီး လောကကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
"မြေကမ္ဘာအဆင့်... မြေကမ္ဘာအဆင့် ဝင်္ကပါ... မင်း... မင်းက တကယ်တော့ မြေကမ္ဘာအဆင့် ဝင်္ကပါဆရာသခင် တစ်ယောက်ပဲ..."
ဝင်္ကပါ ပျက်စီးသွားသဖြင့် လုဝူယန်နှင့် တခြားသူများသည် တန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ချန်ချင်းသည် ဝင်္ကပါတစ်ခုကို အသုံးပြုကာ ရေနဂါးကို အပိုင်းပိုင်းဖြတ်ပြီး ဝင်္ကပါကို အတင်းအကြပ် ဖျက်ဆီးလိုက်သည်ကို ရှားချင်းယွဲ့ မြင်တွေ့လိုက်ရသည်။ သူမက ချန်ချင်းသည် ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦးဖြစ်ရုံသာမက ဝင်္ကပါများကိုလည်း နားလည်တတ်ကျွမ်းလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။
လုဝူယန် ပြောသော စကားလုံးများကို ကြားသောအခါ ရှားချင်းယွဲ့သည် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့ပေ၏။
ဝင်္ကပါဆရာသခင်များသည် သိုင်းပညာကျင့်ကြံသူများကဲ့သို့ ရှုပ်ထွေးသော အဆင့်ခွဲခြားမှုများ မရှိချေ။ ကောင်းကင်၊ မြေကမ္ဘာ၊ နက်နဲသိမ်မွေ့ နှင့် အဝါရောင် ဟူ၍ နယ်ပယ်လေးခုသာရှိသည်။
ထို့ပြင် ဝင်္ကပါဆရာသခင်များသည် တူညီသော အဆင့်ရှိ သိုင်းပညာကျင့်ကြံသူများထက် များစွာပို၍ရှားပါးပြီး ဝင်္ကပါပါရမီရှင်များကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲလှသည်။ ဝင်္ကပါဆရာသခင်တစ်ဦးသည် မကြာခဏဆိုသလို အင်အားစုအသီးသီးက အလုအယက် ခေါ်ယူလိုသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
ထူးချွန်သော သိုင်းပညာကျင့်ကြံခြင်း ပါရမီသာမက ကြောက်မက်ဖွယ်ကောင်းသော ဝင်္ကပါပါရမီကိုလည်း ပိုင်ဆိုင်ထားသည့် ချန်ချင်းကဲ့သို့ နှစ်ထပ်ကွမ်း ပါရမီရှင်တစ်ဦးကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ဤကိစ္စ ပေါက်ကြားသွားသည်နှင့်တပြိုင်နက် ထိပ်တန်းဂိုဏ်းကြီးများသည် ချန်ချင်းအတွက် သေချာပေါက် ပြင်းထန်စွာ တိုက်ခိုက်ကြပြီး သူ့ကို ရရှိရန် အလုအယက် ကြိုးစားကြမည်ဟု ရှားချင်းယွဲ့ ခိုင်မာစွာ ယုံကြည်ထားသည်။
ချန်ချင်း၏ ပါရမီ၊ ဉာဏ်ရည်နှင့် ပါးနပ်မှုတို့ဖြင့်ဆိုလျှင်... အနာဂတ်တွင် ပြိုင်ဘက်ကင်းသော အုပ်စိုးသူအရှင်တစ်ဦး သေချာပေါက် ဖြစ်လာလိမ့်မည်ဟု သူမ ပို၍ယုံကြည်လာခဲ့လေ၏။
ရှားချင်းယွဲ့သည် မည်သည့်အရာကိုမျှ ဤမျှထိ ယုံကြည်မှု မပြင်းပြခဲ့ဖူးချေ။
"အရှုံးပေးပါတယ်... ငါတို့ လက်နက်ချပါတယ်... အခုကစပြီး ကောင်းကင်ငှက်မွှေးဂိုဏ်းက သခင်လေးချန်ကို အကြွင်းမဲ့လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်... ခွေးတွေမြင်းတွေလို အလုပ်အကျွေးပြုပါ့မယ်... ငါတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းဆိုပါတယ်..."
ရေနဂါးမဟာဝင်္ကပါက ချန်ချင်းကို မယှဉ်နိုင်ကြောင်း သိရှိသွားသော လုဝူယန်သည် သူ၏ရင်ဘတ်ကိုဖိကာ လက်လျှော့အရှုံးပေးလိုက်သည်။
"နောက်ကျသွားပြီ..."
ချန်ချင်းက ရိုးရှင်းသော စကားလုံးတချို့ကိုသာ ပြောဆိုလိုက်၏။
ယနေ့ သူ လာခဲ့ချိန်တွင် လုဝူယန် သို့မဟုတ် ကောင်းကင်ငှက်မွှေးဂိုဏ်းကို ချမ်းသာပေးရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ချေ။
ဤသည်မှာ ရှေးဆိုရိုးစကားအတိုင်းပင်။ ချန်ချင်းက သူတို့အား အခွင့်အရေး ပေးခဲ့သော်လည်း သူတို့ကိုယ်တိုင်က တန်ဖိုးမထားရန် ရွေးချယ်ခဲ့ကြသည်။ ထိုသို့ဖြစ်နေသဖြင့် ချန်ချင်းက ရက်စက်စွာ လုပ်ဆောင်ပြီး သူတို့ကို အမြစ်ဖြတ် သုတ်သင်သည်အား အပြစ်တင်၍ မရနိုင်ချေ။
"သခင်လေးချန်... အနာဂတ်မှာ ပြန်တွေ့ရဖို့ ဘဝမှာ လမ်းလေးတစ်ကြောင်း ချန်ထားတာ ကောင်းပါတယ်... တကယ်လို့ မင်း ငါ့ကို မယုံဘူးဆိုရင်... ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ မိုးကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်းကိုတောင် လုပ်ပေးနိုင်ပါတယ်... ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ..."
လုဝူယန်က ပါးစပ်ထောင့်မှ စီးကျလာသော သွေးများကို သုတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ယုတ်မာကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေ၏။
"မင်းသာ ငါ့ကို သတ်ဖို့ အခွင့်အရေး ရခဲ့မယ်ဆိုရင်... ငါက အသက်ချမ်းသာပေးဖို့ တောင်းပန်ရုံနဲ့ မင်းက ငါ့ကို လွှတ်ပေးမှာလား..."
ချန်ချင်း၏ စကားတစ်ခွန်းတည်းက လုဝူယန်ကို စကားပြောမထွက်နိုင်အောင် ဖြစ်သွားစေခဲ့၏။ အဖြေမှာ သူ သေချာပေါက် လွှတ်ပေးမည် မဟုတ်ချေ။
တခြားရွေးချယ်စရာ မရှိတော့သဖြင့် လုဝူယန်သည် စိတ်ကို တင်းထားပြီး လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။ သူက အသံကိုမြှင့်ကာ အော်ဟစ်လိုက်၏။
"ကောင်းကင်ငှက်မွှေးဂိုဏ်းရဲ့ ဆယ့်ရှစ်ဆက်မြောက် ဂိုဏ်းချုပ် လုဝူယန်က ဘိုးဘေးအိုကြီးကို ထွက်လာပြီး ကောင်းကင်ငှက်မွှေးဂိုဏ်းကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်..."
ဤကဲ့သို့ဇာတ်ကွက်မျိုးသည် ပြန်လည်မွေးဖွားလာသူဖြစ်သော ချန်ချင်းအတွက် အလွန်ရင်းနှီးလွန်းနေခဲ့သည်။ ဂိုဏ်းတစ်ခုတွင် အားကောင်းသော လျှို့ဝှက်ကျွမ်းကျင်သူတစ်ဦးအဖြစ် ဘိုးဘေးကြီးတစ်ဦး ရှိနေခြင်းမှာ ပုံမှန်ကိစ္စတစ်ရပ်ပင်။
"အသုံးမကျတဲ့ အမှိုက်ကောင်တွေ..."
မျှော်လင့်ထားသည့်အတိုင်းပင် အသက်အရွယ် ကြီးရင့်သော်လည်း ခွန်အားများ ပြည့်ဝနေပုံရသော အသံတစ်သံက လေဟာနယ်ထဲတွင် ချက်ချင်းပဲ့တင်ထပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်ဆံပင်ဖြူများ မျက်ခုံးမွှေးဖြုများနှင့် မုတ်ဆိတ်မွှေးဖြူများရှိသော ဝတ်ရုံရှည်ဝတ်ပုံရိပ်တစ်ခုက လုဝူယန်၏ နံဘေးတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"လုဝူယန်က ဘိုးဘေးကြီးကို အရိုအသေပေးပါတယ်..."
လုဝူယန်သည် ဘိုးဘေးအိုကြီး အမှန်တကယ် ထွက်ပေါ်လာသည်ကို မြင်သောအခါ အလျင်အမြန် ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။ တခြားကောင်းကင်ငှက်မွှေးဂိုဏ်း တပည့်များလည်း ဤအရာကို မြင်သောအခါ လိုက်ပါလုပ်ဆောင်ကြ၏။
"ဘိုးဘေးကြီးကို အရိုအသေပေးပါတယ်..."
ဘိုးဘေးအိုကြီး ထွက်ပေါ်လာသည်ကို မြင်သောအခါ သူတို့၏စိတ်နှလုံးသားများအတွင်း၌ အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ ဘိုးဘေးအိုကြီး ထွက်လာပြီဖြစ်ရာ သူတို့ ကယ်တင်ခံရလေပြီ။ သူ ရှိနေသဖြင့် ရန်သူသည် ဝင်္ကပါဆရာသခင် ဖြစ်နေလျှင်ပင် အလွယ်တကူ ဖျက်ဆီးခံရမည်ဟု တွေးတောကာ သူတို့ ဝမ်းသာနေကြသည်။
"ဇနီးလေး... မင်း မြင်လား... အနာဂတ်မှာ မင်း ဒီတာအိုလမ်းစဉ်ကို လျှောက်မယ်ဆိုရင် မင်းရဲ့ ရန်သူတွေအပေါ် ဘယ်တော့မှ သနားညှာတာမှု မထားရဘူး... မှတ်ထား... မင်းရဲ့ ရန်သူတွေကို ကြင်နာတာက မင်းကိုယ်မင်း ရက်စက်တာပဲ..."
ချန်ချင်းသည် ဤဥပမာကို အသုံးပြုကာ ရှားချင်းယွဲ့ကို သတိပေးလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ပွန်း... ကျွန်မ နားလည်ပါပြီ..."
သက်ရှိထင်ရှား ဥပမာတစ်ခုက သူမ၏ ရှေ့တွင် ရှိနေသဖြင့် ရှားချင်းယွဲ့ ငြင်းဆန်၍မရနိုင်ဘဲ ချန်ချင်း၏အကြံဥာဏ်များ ကောင်းမွန်သည်ဟု ယုံကြည်ကာ နှိမ့်ချစွာ လက်ခံလိုက်၏။
"ဟူး..."
ချန်ချင်းက သက်ပြင်းချပြီး ရှားချင်းယွဲ့ကို စူးစိုက်၍ ကြည့်နေသည်။
"ဘာဖြစ်လို့လဲ... ကျွန်မရဲ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား..."
ရှားချင်းယွဲ့က သူနှင့် အကြည့်များ ဆုံတွေ့သွားချိန်တွင် ဇဝေဇဝါဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး... မင်း ငါ့ကို ခင်ပွန်းလို့ ခေါ်တာ ပိုပိုပြီး ကျွမ်းကျင်လာတယ်လို့ ခံစားရလို့ပါ..."
သူ၏စကားကြောင့် ရှားချင်းယွဲ့သည် အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် သူမ၏မျက်နှာလေး ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။ သူမသည် အကြည့်ကို လွှဲဖယ်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"ရှင်... ရှင် တအားဆိုးတာပဲ..."
"ကောင်းတယ်... တော်လိုက်တဲ့ ကောင်လေး... ဒီနေ့ ဒီအဘိုးကြီးက မင်းမှာ ဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာ ကြည့်ရသေးတာပေါ့..."
ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီးသည် ချန်ချင်း၏ ဂရုမစိုက်သော သဘောထားကြောင့် မကျေမနပ် ဖြစ်နေပြီး လူအုပ်ကြီး၏ အားပေးမှုကြောင့် သူ၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်။ သူသည် သူ၏ ခွန်အားများကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် စွမ်းအားကို ချွင်းချက်မရှိ ထုတ်ဖော်ပြသလိုက်၏။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်လေးပဲကို... ဘာတွေများ ဒီလောက်ထိ ဆူညံနေတာလဲ... လူတွေက ခင်ဗျားကို မဟာဧကရာဇ် တစ်ပါလို့ ထင်သွားအုံးမယ်..."
ချန်ချင်းက လှောင်ပြောင်လိုက်သည်။
"မင်း... မင်းက သေချင်နေတာပဲ..."
ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီး၏ ပါးစပ် မဲ့ရွဲ့သွားပြီး သူ၏သတ်ဖြတ်လိုစိတ်များ ဆူပွက်လာပေ၏။
ချန်ချင်းသည် ဆက်လက်၍ စကားမပြောတော့ချေ။ သူ၏ခြေအောက်မှ အရိပ်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့်လကိုပင် ဖုံးကွယ်သွားခဲ့ကာ လူအများ၏အမြင်အာရုံ အမှောင်ကျသွားသည်။
အတွေးတစ်ချက်ဖြင့် သူသည် အရိပ်ရုပ်သေးရုပ် သောင်းနှင့်ချီ၍ လွှတ်ပေးလိုက်ပြီး တစ်ခုချင်းစီသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှပေ၏။