အခန်း ၂၆
Vol. 3 Ch. 26
အခန်း (၂၆) ဂိုဏ်းကို ဖျက်ဆီးခြင်း
မျက်စိတစ်မှိတ်အတွင်း သောင်းနှင့်ချီသော အရိပ်ရုပ်သေးရုပ်များ ထွက်ပေါ်လာပြီး ကောင်းကင်ငှက်မွှေးဂိုဏ်း၏ တပည့်များအပေါ်တွင် မတ်တတ်ရပ်နေကာ တည်ကြည်လေးနက်ပြီး ခြောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်၏။
ဤအရာကိုမြင်တွေ့ချိန်၌ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ကို နေရာတွင်ပင် ကွပ်မျက်ပေးရန် ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီးအား ကျယ်လောင်စွာ တောင်းဆိုနေခဲ့ကြသော တပည့်အုပ်စုသည် ချက်ချင်း တိတ်ဆိတ်သွားကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် အံ့အားသင့်မှင်သက်နေကြပြီး ပါးစပ်များ ပွင့်ဟနေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာချေ။ ပတ်ဝန်းကျင်နေရာတဝိုက်သည် သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်နေကာ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့လေ၏။
"..."
ဘိုးဘေးကြီး၏ မျက်နှာအမူအရာသည်လည်း တပည့်များနှင့် ထပ်တူထပ်မျှဖြစ်ပြီးဖြစ်ပြီး အနည်းငယ်မျှပင် မကွာခြားချေ။
"ဒါတွေက ဘာတွေလဲ..."
ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီးသည် အရိပ်ရုပ်သေးရုပ်များနှင့် ပတ်သက်၍ ခိုင်မာသော နားလည်မှု မရှိချေ။ သူ သတိပြန်ဝင်လာပြီးနောက် နံဘေးရှိ ကောင်းကင်ငှက်မွှေးဂိုဏ်း ဂိုဏ်းချုပ် လုဝူယန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"သတင်းပို့ပါတယ် ဘိုးဘေးကြီး... ဒါတွေ အားလုံးက ရုပ်သေးရုပ်တွေ ဖြစ်ပုံရတယ်... ပြီးတော့ ရုပ်သေးရုပ် တစ်ခုချင်းစီတိုင်းက...ညီမျှ..."
လုဝူယန်က တွေဝေတုံ့ဆိုင်းနေသည်။
"ဘာနဲ့ ညီမျှတာလဲ... မြန်မြန်ပြောစမ်း..."
ဤကဲ့သို့သော အချိန်မျိုးတွင် လုဝူယန်းက ဟန်လုပ်နေသေးသည်ကို မြင်သောအခါ ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီးသည် စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်၏။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်နဲ့ ညီမျှပါတယ်..."
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်လား..."
ဤစကားကို ကြားသောအခါ ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီး၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး လေထဲမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူ၏ကျင့်ကြံခြင်းမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်၌သာ ရှိသေးကြောင်း သူ မမေ့လျော့သေးချေ။ သို့သော် ချန်ချင်းသည် သူနှင့် တူညီသော ကျင့်ကြံခြင်းရှိသည့် ရုပ်သေးရုပ်များကို သောင်းနှင့်ချီ၍ ချက်ချင်းဆင့်ခေါ်လိုက်သည်။
ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီးသည် သူ၏ စိတ်ဝိညာဉ်ချီအားလုံးဖြင့် နောက်ဆုံးအချိန်အထိ တိုက်ခိုက်မည်ဆိုလျှင်ပင် အရိပ်ရုပ်သေးရုပ်နှစ်ခုကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။ ပြင်းထန်သော စွမ်းဆောင်ရည်မဲ့မှုနှင့် ကြောက်ရွံ့မှု ခံစားချက်တို့က ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီး၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှင်မြန်စွာ ပြည့်နှက်သွားသည်။ ဤခံစားချက်သည် ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
ရှားချင်းယွဲ့သည် ချန်ချင်းက သူ့ထံတွင် အရိပ်ရုပ်သေးရုပ်များစွာ ရှိကြောင်း သူမကို ကြိုတင် အသိပေးထားခဲ့သော်လည်း...
အရေအတွက်သည် သောင်းနှင့်ချီ၍ အချိန်မရွေး ဆင့်ခေါ်နိုင်ခြင်းကို ဆိုလိုကြောင်း ရှားချင်းယွဲ့ လုံးဝထင်မှတ်မထားခဲ့ချေ။
ယခုအချိန်၌ ရှားချင်းယွဲ့၏စိတ်နှလုံးသားထဲတွင် ရှိနေသော စိုးရိမ်စိတ်များ နောက်ဆုံးတွင် ပြယ်လွင့်သွားသည်။ ချန်ချင်းသည် ကောင်းကင်ငှက်မွှေးဂိုဏ်း၏ အင်အားကို မကြောက်ရွံ့ဘဲ ဂိုဏ်းကို ဖျက်ဆီးပစ်မည်ဟု ရဲရဲဝင့်ဝင့် ပြောဆိုနိုင်ရခြင်း၏ အကြောင်းရင်းကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ပေ၏။ သူမထံတွင် ဤကဲ့သို့ အရိပ်ရုပ်သေးရုပ်တစ်သောင်း ရှိခဲ့ပါက သူမသည်လည်း ဤယုံကြည်မှုမျိုး ရှိနေမည်မှာ သေချာပေါက်ပင်။
တစ်ချိန်တည်းမှာပင် သူမသည် အချက်တစ်ချက်ကိုလည်း နားလည်သွားသည်။ မဟာဝူနိုင်ငံအတွက် အစစ်အမှန် ခြိမ်းခြောက်မှုမှာ အာဏာကြီးမားသော ဝန်ကြီးချုပ် ချန်ရှုံး သို့မဟုတ် မြို့ပြင်ရှိ သံချပ်ကာမြင်းတပ် တစ်သိန်း မဟုတ်ဘဲ ချန်ချင်းသာ ဖြစ်ကြောင်းပင်။ သောင်းနှင့်ချီသည့် အရိပ်ရုပ်သေးရုပ်များနှင့် နှိုင်းယှဉ်ပါက ထိုအရာတို့သည် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှပင် မရှိဟု ဆိုခြင်းမှာ ပုံကြီးချဲ့ခြင်း မဟုတ်ချေ။
ဤအရာကို တွေးမိသောအခါ ရှားချင်းယွဲ့သည် ယခင်က ချန်ချင်းနှင့် လက်ထပ်ရန် သူမ သဘောတူခဲ့ခြင်းအတွက် ကံကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထိုသို့မဟုတ်ဘဲ သူ ဒေါသထွက်သွားပါက မဟာဝူနိုင်ငံတစ်ခုလုံးတွင် သူ၏ ဒေါသကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။ ချန်ချင်းကို ခင်ပွန်းအဖြစ် လက်ခံထားခြင်းဖြင့် သူ ပုန်ကန်ခြင်း မပြုသရွေ့ မဟာဝူနိုင်ငံ၏ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်နှင့် နှစ်ထောင်ပေါင်းများစွာ ထာဝရ ကြီးပွားတိုးတက်ရေးမှာ ခက်ခဲမည်မဟုတ်ကြောင်း သူမ ပို၍ယုံကြည်လာခဲ့ပေ၏။
ဤအရာကို သဘောပေါက်ပြီးနောက် အတင်းအကြပ် လက်ထပ်ခံရခြင်းမှ ရှားချင်းယွဲ့၏ နောက်ဆုံးကျန်ရှိနေသော နာကြည်းမှုနှင့် မကျေနပ်မှုများ အားလုံးသည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ သူမကိုယ်သူမ စွန့်လွှတ်လိုက်ရုံဖြင့် ရှားမိသားစု၏ လွှမ်းမိုးမှုကို ထာဝရ တည်တံ့စေရန် ဆောင်ရွက်နိုင်ခြင်းမှာ အမှန်တကယ်ကို ထိုက်တန်သည်။ ထို့ပြင် ရှားချင်းယွဲ့သည် ချန်ချင်းနှင့် လက်ထပ်ခြင်းကို စွန့်လွှတ်အနစ်နာခံမှုတစ်ခုအဖြစ် ယူဆမထားတော့ချေ။
သူမ တွေးတောနေစဉ်မှာပင် ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီး၏ အသံသည် မလှမ်းမကမ်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
"ကျန်းဟန်က ကောင်းကင်ငှက်မွှေးဂိုဏ်း တစ်ခုလုံးကို ဦးဆောင်ပြီး စီနီယာဆီကို အညံ့ခံဖို့ ဆန္ဒရှိပါတယ်... စီနီယာက သနားညှာတာပြီး ကျွန်တော်တို့ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်..."
ဘိုးဘေးကြီးပင်လျှင် ဒူးထောက် အညံ့ခံနေသည်ကို မြင်သောအခါ အခွင့်အရေးသမား တပည့်များသည်လည်း သဘာဝကျစွာ လိုက်ပါလုပ်ဆောင်ကြသည်။
"ကျေးဇူးပြုပြီး စီနီယာ... သနားညှာတာပြီး ကျွန်တော်တို့ကို ချမ်းသာပေးပါ..."
...
ချန်ချင်းသည် ဤကဲ့သို့ အခွင့်အရေးသမား အပြုအမူကို အလွန်ရွံရှာပြီး ပြန်လည်တုံ့ပြန်ရန် ပျင်းရိနေသဖြင့် သူ၏စိတ်ထဲမှ သတ်ဖြတ်ရန် အမိန့်တစ်ခု ပေးလိုက်သည်။ သောင်းနှင့်ချီသော အရိပ်ရုပ်သေးရုပ်များသည် အမှောင်ထုထဲတွင် တိတ်တဆိတ် လှုပ်ရှားသွားကြပြီး သရဲတစ္ဆေများအလား ကောင်းကင်ငှက်မွှေးဂိုဏ်းတပည့်များ၏နောက်တွင် ချက်ချင်းထွက်ပေါ်လာကာ သူတို့၏လက်ဝါးများကို ဓားများအဖြစ် ပြောင်းလဲလိုက်ကြသည်။ သူတို့၏လက်တစ်ဖက်ဖြင့် တစ်ဖက်လူများ၏ ဆံပင်ရှည်များကို ဆွဲမပြီး တခြားလက်တစ်ဖက်က လည်ပင်းကို ဖြတ်တောက်ကာ အားပြင်းပြင်းဖြင့် ဆွဲလိုက်ရာ ခေါင်းနှင့်ခန္ဓာကိုယ် ချက်ချင်း ကွဲကွာသွားတော့သည်။
ဂိုဏ်းချုပ်နှင့်အကြီးအကဲများအပါအဝင် သောင်းနှင့်ချီသော ကောင်းကင်ငှက်မွှေးဂိုဏ်းတပည့်များသည် အသက်တစ်ရှိုက်စာအချိန်အတွင်း၌ သေဆုံးသွားကြ၏။ ဤအချိန်မှစ၍ ကောင်းကင်ငှက်မွှေးဂိုဏ်း ဟူသောအမည်သည် တည်ရှိခြင်း မရှိတော့ချေ။ ချန်ချင်းသည် သက်သေအထောက်အထားများကို ဖျက်ဆီးရန်အတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ချေ။ သူသည် အလောင်းများအားလုံးကို ထိုနေရာတွင်ပင် ထားရစ်ခဲ့ပြီးနောက် အမှောင်ကမ္ဘာထဲသို့ ပျောက်ကွယ်သွားသည်။ သူ့ကို ရန်သူအဖြစ် သတ်မှတ်ခြင်း၏ အကျိုးဆက်များကို လောကကြီးပေါ်ရှိ လူတိုင်း သိစေချင်ခဲ့သည်။
ပုန်းအောင်းရမည်လော...သူ မည်သည်ကြောင့် ပုန်းအောင်းရမည်နည်း...
ဇာတ်လိုက်သည် တံခါးပိတ်ကျင့်ကြံရင်း စနစ်တက်ရောက်စာရင်းသွင်းနေဆဲသာ ရှိသေးပြီး သူကမူ သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်နှင့် စနစ်ကို လက်ဝယ် ပိုင်ဆိုင်ထားခြင်းပင်။ အကယ်၍ သူသည် မောက်မာထောင်လွှားသောပုံစံကို အနည်းငယ်မျှ မပြသလျှင် ဤအဆင့်အတန်းနဲ့ ထိုက်တန်မည်လော။ သူသည် သနားစရာကောင်းသော ဘဝတစ်ခုကို နေထိုင်ရန် ပြန်လည်မွေးဖွားလာခြင်း မဟုတ်ချေ။
"ဟူး..."
ညစ်ညမ်းသောချီများကို မှုတ်ထုတ်လိုက်ပြီးနောက် ချန်ချင်းသည် ရှားချင်းယွဲ့၏ခါးကို ပွေ့ဖက်ကာ ပြောဆိုလိုက်၏။
"ဇနီးလေး... အခု ကောင်းကင်ငှက်မွှေးဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ငါတို့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်နားလို့ရပြီ..."
"အင်း..."
ရှားချင်းယွဲ့သည် ချန်ချင်းနှင့် ဤကဲ့သို့ ရင်းနှီးသော အထိအတွေ့ကို အသားကျနေပြီဖြစ်ပြီး မခုခံခဲ့ချေ။ ထိုအစား သူမက တက်တက်ကြွကြွ လက်လှမ်းကာ သူမက ပြုတ်မကျစေရန် သူ့ကို ဖက်ထားလိုက်ပြီး အရာအားလုံးက အလွန်သဘာဝကျနေပုံရသည်။
ချန်ချင်း သက်ပြင်းချလိုက်ရသည့် အကြောင်းရင်းမှာ ဤမျှထိ များပြားသော လူများကို သတ်ဖြတ်ပြီးနောက် စနစ်က သူ့ကို မည်ကဲ့သို့ ဆုလာဘ်မျိုး ပေးမည်ကို အလွန်မျှော်လင့်နေသောကြောင့်ပင်။ ခွန်းလုံဝင်္ကပါကို သူ အသုံးပြုခဲ့သည့် အချိန်မှစ၍ ယခုအထိ အနီရောင်အစက်များ လင်းလက်နေသော စနစ်မျက်နှာပြင်ကို စစ်ဆေးရန် အချိန်မရခဲ့ချေ။ ကြီးမားသော စိတ်လှုပ်ရှားမှုများဖြင့် ချန်ချင်းသည် စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်၏။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့်နိမ့် ခုနစ်စင်ကြယ်ဓားမြှောင်ပျံကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
သူ အလွန်အံ့အားသင့်သွားသည်။ ဆုလာဘ်သည် ကောင်းကင်အဆင့် လက်နက်တစ်ခုဖြစ်နေသဖြင့် အမှန်တကယ်ကို တန်ဖိုးရှိလှသည်။ သိချင်စိတ်ဖြင့် ချန်ချင်းသည် အသေးစိတ်ကို ဝင်ရောက်ကြည့်ရှုလိုက်သည်။
["ခုနစ်စင်ကြယ်ဓားမြှောင်ပျံ... စိတ်စွမ်းအင်ဖြင့် ပျံသန်းနေသော ဓားမြှောင်ကို ထိန်းချုပ်နိုင်သည်... စိတ်စွမ်းအင် ပို၍အားကောင်းလေလေ တိုက်ခိုက်မှု အကွာအဝေး ပို၍ဝေးကွာလေလေ ဖြစ်သည်... မိုင်ထောင်ချီအဝေးမှ ရန်သူများကို သတ်ဖြတ်ခြင်းအတွက် အတွေးတစ်ချက်သာလိုအပ်သည်...
မှတ်ချက် - ခုနစ်စင်ကြယ် ဓားမြှောင်ပျံသည် သွေးချီကို ကျွေးမွေးခြင်းဖြင့် အဆင့်မြှင့်တင်နိုင်သည်... ဓားမြှောင်ကြယ်တစ်ပွင့် လင်းလာတိုင်း ထိုအရာသည် ကွဲထွက်သွားနိုင်ပြီး နောက်ထပ်ဓားမြှောင်ပျံတစ်လက်ကို ထိန်းချုပ်ခွင့် ပြုသည်..."]
'အဆင့်မြှင့်တင်ဖို့ သွေးချီကို သုံးရမယ်လား...'
သူ အဖတ်မမှားကြောင်း အတည်ပြုပြီးနောက် ချန်ချင်းသည် ခုနစ်စင်ကြယ်ဓားမြှောင်ပျံကို အလျင်အမြန် ထုတ်ယူကာ အနောက်ရှိ ကောင်းကင်ငှက်မွှေးဂိုဏ်း၏ ဦးတည်ရာသို့ ပစ်လွှတ်လိုက်၏။
ရှားချင်းယွဲ့သည် သိချင်နေသော်လည်း လိမ္မာပါးနပ်စွာဖြင့် မေးခွန်းများ မမေးမြန်းခဲ့ချေ။ ချန်ချင်းက သူမကို ထိခိုက်အောင် လုပ်မည်မဟုတ်ကြောင်း သူမ သိထားရုံဖြင့် လုံလောက်ပေ၏။ သူတို့ သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း ရှားချင်းယွဲ့သည် ဤအချက်ကို အလွန်အမင်း ယုံကြည်စိတ်ချနေသည်။
နောက်တခဏတွင် ခုနစ်စင်ကြယ်ဓားမြှောင်ပျံသည် ကောင်းကင်ငှက်မွှေးဂိုဏ်း အပျက်အစီးများ အထက်သို့ ရောက်ရှိလာပြီး ထိုအရာ၏ဓားသွားမှာ ဒေါင်လိုက်ဖြစ်နေလေ၏။ ထိုနောက် ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော သွေးချီစီးကြောင်းများသည် ထိုအရာဆီသို့ စုရုံးလာကြပြီး လွင့်မျောနေသော အနီရောင်ပိုးသားကုလားကာများကဲ့သို့ ခုနစ်စင်ကြယ်ဓားမြှောင်ပျံ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ မြေကြီးပေါ်ရှိ သွေးများအားလုံး အငွေ့ပျံသွားပြီး အလောင်းများသည် မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် ညှိုးနွမ်းသွားကာ အရေခွံနှင့်အရိုးများသာ ကျန်ရစ်တော့သည်။
ထို့နောက် သွေးချီစုပ်ယူမှုကို ပြီးစီးသွားသော ခုနစ်စင်ကြယ်ဓားမြှောင်ပျံသည် ချန်ချင်း၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ချန်ချင်းသည် ဓားရိုးကို ကိုင်ပြီး ဓားသွားကို ကြည့်လိုက်ရာ ဓားမြှောင်ကြယ် နှစ်ပွင့် လင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေ၏။ မူလက လင်းနေသော တစ်ပွင့်အပါအဝင် ယခုအချိန်၌ ချန်ချင်းသည် သူ၏စိတ်စွမ်းအင်ဖြင့် ခုနစ်စင်ကြယ် ဓားမြှောင်ပျံနှစ်ခုကို တပြိုင်နက်တည်း ထိန်းချုပ်နိုင်ပြီဟု ဆိုလိုသည်။ ဤဆုလာဘ်နှင့် ပတ်သက်၍ သူ အလွန်စိတ်ကျေနပ်သွားသည်။ သူသည် ထိုအရာကို စနစ်သိုလှောင်ခန်းထဲတွင် ယာယီ သိမ်းဆည်းထားလိုက်သည်။
ယခုအချိန်သည် ခုနစ်စင်ကြယ်ဓားမြှောင်ပျံအတွက် သူ၏ အချိန်အားလုံးကို ဖြုန်းတီးရန် အချိန်မဟုတ်သေးချေ။ သူ ဖွင့်ရန်အတွက် ကြီးမားသော ဆုလာဘ်တစ်ခု ကျန်ရှိနေဆဲပင်။ ဘိုးဘေးကြီးတစ်ဦး၊ ဂိုဏ်းချုပ်တစ်ဦးနှင့် သောင်းနှင့်ချီသော ကောင်းကင်ငှက်မွှေးဂိုဏ်း တပည့်များ ပေါင်းစပ်လိုက်လျှင် မည်ကဲ့သို့ အရည်အသွေးရှိသည့် ဆုလာဘ်မျိုး ဖြစ်ပေါ်လာမည်ကို သူ အလွန်မျှော်လင့်နေမိသည်။