← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်

"ဘယ်သူက... ဘယ်သူက ရှင့်ကို ပိုပိုပြီး နားလည်လာလို့လဲ..."

ရှားချင်းယွဲ့ ထိုသို့ ပြောဆိုလိုက်သော်လည်း သူမ၏ စိတ်နှလုံးသားထဲတွင်မူ တခြားခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။

ချန်ချင်းသည် သိနားလည်စွာ ပြုံးလိုက်ပြီး ဆက်လက်၍ စကားမပြောတော့ချေ။

ရထားလုံးသည် ချင်းချန်ဂိုဏ်းသို့ ဦးတည်၍ ဆက်လက်ခရီးနှင်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း အမွှေးတိုင်တစ်တိုင်လောငါကျွမ်းချိန်စာ အချိန်ကုန်ဆုံးသွားသည်။

ရထားထိန်း၏ "ရပ်လိုက်တော့...."ဟူသော အသံနှင့်အတူ ရထားလုံးသည် ဖြည်းညှင်းစွာ ရပ်တန့်သွားခဲ့၏။

ရထားထိန်း၏အသံသည် လိုက်ကာအပြင်ဘက်မှ ထွက်ပေါ်လာသည်။

"သခင်လေး... သခင်မလေး... ကျွန်တော်တို့ ရောက်ပါပြီ..."

ချန်ချင်းက လိုက်ကာကို မတင်လိုက်သည်။

"သခင်မလေး... သွားကြစို့..."

သူ အရင်ဆင်းသွားပြီးနောက် ရှားချင်းယွဲ့ကို ရထားလုံးပေါ်မှ ဆင်းရန် ကူညီပေးလိုက်သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် တတိယအဆင့် လမင်းဝိညာဉ် ဆေးလုံးအလုံး၅၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ဤမျှ သေးငယ်သော လုပ်ဆောင်ချက်လေးအတွက် ဆုလာဘ်တုံ့ပြန်မှုမှာ အလွန်ကြီးမားလှသည်။

ယခုအချိန်၌ ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ခြင်းတွင် သူ၏ ကျွမ်းကျင်မှုနှင့် အသေးစိတ် ဂရုပြုမှုတို့ကို အပြည့်အဝ အသုံးချနေပြီဖြစ်ပြီး လွယ်ကူစွာ ကိုင်တွယ်ကာ အခွင့်အရေး တစ်ခုကိုမျှ လက်လွတ်မခံတော့ချေ။

ရှားချင်းယွဲ့ သူမ၏ ငွေအိတ်ကို ထုတ်ယူနေသည်ကို မြင်သောအခါ ရထားထိန်းသည် အလျှင်အမြန် ခေါင်းခါပြပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"မလိုပါဘူး... မလိုပါဘူး... တကယ်လို့ သခင်လေးကသာ သမာဓိရှိရှိ မလုပ်ဆောင်ခဲ့ရင် ကျွန်တော်က လေမည်းတောင်မှာ အသက်ဆုံးရှုံးသွားတာ ကြာလောက်ပြီ... ကျွန်တော်က ဘယ်လိုလုပ်ပြီး ခင်ဗျားတို့ နှစ်ယောက်ဆီကနေ ပိုက်ဆံ တောင်းနိုင်မှာလဲ..."

ရထားထိန်းက ဤမျှထိ ပြောဆိုနေသဖြင့် ရှားချင်းယွဲ့က အတင်းအကြပ် မပေးတော့ဘဲ ကျေးဇူးတင်စကား ပြောကာ ချန်ချင်းနှင့်အတူ တောင်ပေါ်သို့ တက်သွားခဲ့သည်။

ကောင်းကင်ငှက်မွှေးဂိုဏ်းနှင့် မတူဘဲ ချင်းချန်ဂိုဏ်းတွင် ချန်ချင်းက သူ၏ အမည်ကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် သူတို့သည် အတားအဆီးမရှိ ဝင်ရောက်နိုင်ခဲ့ပြီး မည်သူကမျှ သူတို့ကို မတားဆီးရဲကြချေ။

ဂိုဏ်းချုပ်၏ အာဏာကို မည်သူမျှ စိန်မခေါ်လိုကြပေ။ သူတို့၏ ဂိုဏ်းချုပ်နှင့် ချန်ရှုံးတို့ကြားတွင် မိတ်ဆွေဖွဲ့ထားမှု ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့လေ၏။

သူတို့ လောင်းကြေးမထပ်နိုင်သလို သေချာပေါက် လောင်းကြေးမထပ်ရဲကြချေ။

သူတို့နှစ်ဦးသည် တောင်ပေါ်သို့ တက်လာပြီး အပြင်ဘက် ခြံဝင်းထဲသို့ပင် မဝင်ရသေးမီ ပင်မတံခါးကို စောင့်ကြပ်နေသော အကြီးအကဲ ဝတ်စုံဝတ်ထားသည့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။

ချန်ချင်း ထွက်ပေါ်လာသည်ကို မြင်သောအခါ အဘိုးအိုသည် အလျှင်အမြန် ရှေ့သို့ လှမ်းလာပြီး ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။

"သခင်လေးချန်ကို နှုတ်ခွန်းဆက်သပါတယ်...ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ခွင့်ပြုပါ... ကျွန်တော်က ချင်းချန်ဂိုဏ်းရဲ့ အတွင်းစည်းက မဟာ အကြီးအကဲ လီစီဖန်ပါ..."

"အကြီးအကဲလီ..."

ချန်ချင်းက တုံ့ပြန်လိုက်ပြီး ရှားချင်းယွဲ့၏ စိတ်ဝိညာဉ်အမြှစ် ပါရမီကို စမ်းသပ်လိုကြောင်း သူ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

ထို့နောက် သူက မေးလိုက်သည်။

"ခင်ဗျား ကူညီပေးနိုင်မလား မသိဘူး..."

"ပြဿနာ မရှိပါဘူး... သေချာပေါက် ကူညီပေးနိုင်တာပေါ့..."

လီစီဖန်သည် ချန်ချင်း ကိုယ်တိုင်လာရောက်ခြင်းဖြစ်သဖြင့် ဖြည့်ဆည်းပေးရန် ခက်ခဲသော တောင်းဆိုမှု တစ်ခုခု ပြုလုပ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ ရှားချင်းယွဲ့၏ စိတ်ဝိညာဉ်အမြှစ် ပါရမီကို စမ်းသပ်ရန်သာ ဖြစ်ကြောင်း ကြားပြီးနောက် သူ သက်ပြင်းချနိုင်ခဲ့သည်။

မဟာဝူနိုင်ငံတွင် ချန်ချင်း၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုကိုလည်း သူ ကြားသိထားသည်။

"သခင်လေးချန်... မင်းသမီး... ဒီဘက်ကို ကြွပါ..."

လီစီဖန်သည် နံဘေးသို့လှည့်ကာ လက်ကိုမြှောက်ပြီး သူတို့အား လိုက်လာရန် အမူအရာပြလိုက်သည်။

သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြကာ ပါရမီများကို စမ်းသပ်သည့် လေ့ကျင့်ရေးကွင်းသို့ လီစီဖန်၏နောက်မှ လိုက်သွားခဲ့ကြသည်။

လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟိုရှိ ကျောက်တုံးစင်မြင့်ပေါ်တွင် ဧရာမသလင်းကျောက်တစ်လုံး ရှိနေပေသည်။

လီစီဖန်၏ မိတ်ဆက်ပြသမှုမှတစ်ဆင့် စင်မြင့်ပေါ်သို့ တက်ကာ သလင်းကျောက်ကို လက်ဖြင့် ထိလိုက်ရုံဖြင့် သူတို့၏ စိတ်ဝိညာဉ်အမြှစ် ပါရမီ၏ သဘာဝနှင့် အရည်အသွေးကို သိရှိနိုင်ကြောင်း သူတို့နှစ်ဦး သိရှိခဲ့ရလေ၏။

ရှားချင်းယွဲ့က ချန်ချင်းကို လှမ်းကြည့်လိုက်သည်။

ချန်ချင်းက ခေါင်းညိတ်ပြလိုက်၏။

ရှားချင်းယွဲ့သည် အလျင်အမြန် ဆုံးဖြတ်ချက်ချပြီး သူ၏လက်သီးများကို ဆုပ်ကာ စမ်းသပ်သည့် စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။

"မင်းသမီး... ကြွပါ..."

အကြီးအကဲလီက သူ၏လက်ကို ဆန့်တန်းကာ ပြောလိုက်သည်။

"ကောင်းပါပြီ..."

ရှားချင်းယွဲ့က ပြန်ဖြေလိုက်ပြီး သူမ၏ လက်ကို မြှောက်လိုက်သောအခါ သူမ၏အင်္ကျီလက်ရှည်သည် အောက်သို့ လျှောကျသွားပြီး သူမ၏ ဖြူဖွေးသော လက်ကို ဖော်ပြနေကာ အေးစက်သော သလင်းကျောက်ကို ထိရန် ဆန့်တန်းလိုက်သည်။

အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သလင်းကျောက်သည် နှင်းခဲများဖြင့် ဖုံးလွှမ်းသွားပြီးနောက် သလင်းကျောက်ပေါ်တွင် စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။

ကောင်းကင်အဆင့် အထွတ်အထိပ် ရေခဲစိတ်ဝိညာဉ်အမြှစ်…

'ကောင်းကင်အဆင့် အထွတ်အထိပ်လား...'

ဤရလဒ်ကြောင့် လီစီဖန် အံ့အားသင့်သွားရုံသာမက ချန်ချင်း၏ မျက်လုံးများလည်း အနည်းငယ် ပြူးကျယ်သွားခဲ့လေ၏။

သူ၏စိတ်ထဲမှ တွေးလိုက်မိသည်။

'မျှော်လင့်ထားတဲ့အတိုင်း ဇာတ်လိုက်မလို့ မပြောရဘူး...သူက ကောင်းကင်အဆင့် အထွတ်အထိပ် ဝိညာဉ်အမြစ်နဲ့အတူ ရောက်လာတာပဲ...'

ကံကောင်းထောက်မစွာဖြင့် ချန်ချင်းသည် ပို၍အားကောင်းသော ကောင်းကင်အဆင့် အထွတ်အထိပ် လျှပ်စီးစိတ်ဝိညာဉ်အမြှစ်ကို ရရှိထားပြီးဖြစ်ရာ သူ နိမ့်ကျသည်ဟု မခံစားရပေ။

ထို့ပြင် ရှားချင်းယွဲ့၏ လက်ရှိအဆင့်အတန်းမှာ ရန်သူမဟုတ်ဘဲ သူ၏ဇနီး ဖြစ်နေသည်။ သူမသည် ဇာတ်လိုက်၏ ကံကြမ္မာကို ခံစားနေရခြင်းသာ ဖြစ်ပေ၏။ သူမ ပို၍အားကောင်းလေလေ ချန်ချင်းအတွက် ပို၍အကျိုးရှိလေလေပင်။

"အိုး ဘုရားရေ... ကောင်းကင်အဆင့် အထွတ်အထိပ် ဝိညာဉ်အမြစ်... မဟာဝူနိုင်ငံတစ်ခုလုံးမှာ ဒုတိယတစ်ခု ရှာတွေ့နိုင်ဖို့ဆိုတာ မလွယ်ဘူး..."

"ဒီအမျိုးသမီးက တကယ်တော့ ဘယ်သူလဲ... သူက ငါတို့ ချင်းချန်ဂိုဏ်းကို ဝင်ဖို့လာတာလား..."

"သူသာ ​ဂိုဏ်းထဲကို ဝင်လာမယ်ဆိုရင်... ငါတို့ ချင်းချန်ဂိုဏ်းက ထာဝရတည်မြဲနိုင်တဲ့ အင်အားစုတစ်ခု သေချာပေါက် ဖြစ်လာတော့မှာပဲ..."

...

တစ်စုံတစ်ယောက်က ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်ကို နိုးထလာကြောင်း ကြားသိရသောအခါ ချင်းချန်ဂိုဏ်း တပည့်များ ပို၍များပြားစွာ ရောက်ရှိလာပြီး လာရောက်ကြည့်ရှုကြ၏။

ထိုလူများအနက် တိုက်ခိုက်ရေးစွမ်းအားတွင် အဆင့်မြင့်သော ပါရမီရှင်များလည်း ပါဝင်သည်။

ရှားချင်းယွဲ့၏ ကောင်းကင်အဆင့် အထွတ်အထိပ် ပါရမီသည် လုံလောက်စွာ အံ့အားသင့်ဖွယ် ကောင်းနေလေပြီ။ ထိုအရာကို သူမ၏ စွဲမက်ဖွယ်ကောင်းသော အလှအပနှင့် ပေါင်းစပ်လိုက်သောအခါ များစွာသော အမျိုးသား ပါရမီရှင်များ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူမအား တာအိုလက်တွဲဖော် အဖြစ် ပြုလုပ်လိုသော အတွေးများ ချက်ချင်းဖြစ်ပေါ်လာစေပေ၏။

ထိုကဲ့သို့ တာအိုလက်တွဲဖော်ကို ရရှိခြင်းက သူတို့၏ အမြင်အရ ဤဘဝအတွက် နောင်တရစရာ မရှိတော့ကြောင်း ဆိုလိုသည်။

ချန်ချင်းသည် သူတို့၏ အတွေးများကို သိမြင်သွားပြီး စင်မြင့်ပေါ်သို့ တက်သွားကာ လီစီဖန်ကို မေးလိုက်သည်။

"အကြီးအကဲလီ... စမ်းသပ်ရေး ကျောက်တုံးကို ကျွန်တော် အသုံးပြုလို့ရမလား..."

"သေချာပေါက် ရတာပေါ့..."

လီစီဖန် မှတ်မိသည်မှာ မှန်ကန်ပါက ချန်ချင်းသည် သူ၏ ပါရမီကို လွန်ခဲ့သော အချိန်အတော်ကြာကတည်းက စမ်းသပ်ခဲ့ပြီးဖြစ်ကာ မြေကမ္ဘာအဆင့် ဖြစ်ပုံရသည်။

မြေကမ္ဘာအဆင့်သည် အလွန်ကောင်းမွန်သော်လည်း ကောင်းကင်အဆင့် အထွတ်အထိပ်နှင့် နှိုင်းယှဉ်ပါက...

သေချာပေါက် လီစီဖန်တွင် သတ္တိအဆတစ်ရာ၊ တစ်ထောင် ရှိလျှင်ပင် ဤကဲ့သို့ စကားများကို ဘယ်သောအခါမျှ ထုတ်ပြောရဲမည် မဟုတ်ချေ။

"ဇနီးလေး...မင်းရဲ့ ခင်ပွန်း စွမ်းဆောင်ပြတာကို ကြည့်နေ..."

သူမကို ဖြတ်ကျော်သွားစဉ် ချန်ချင်းသည် ရှားချင်းယွဲ့ကို ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေးလိုက်၏။

"အင်း..."

ရှားချင်းယွဲ့က ပြန်ဖြေလိုက်သော်လည်း သူမ၏ လေသံမှာ အနည်းငယ် တောင့်တင်းနေဆဲပင်။ မည်သို့ပင်ဆိုစေကာမူ သူမသည် လောကတွင် ထိပ်တန်းအကျဆုံး စိတ်ဝိညာဉ်အမြှစ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

တစ်ချိန်တည်းမှာပင် ချန်ချင်း၏ ပါးစပ်မှ ထွက်လာသော "ဇနီးလေး" ဟူသော စကားလုံးသည် ထိုနေရာတွင် ရှိနေသော တပည့်များအားလုံး၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားသည်။

ကျင့်ကြံသူများအနေဖြင့် သူတို့၏ အာရုံခံစားမှုများသည် သာမန်လူများထက် အဆပေါင်းများစွာ ပို၍ထက်ရှသည်။

"မင်း... မင်း သူက အဲ့ဒီမိန်းကလေးကို ဘယ်လိုခေါ်လိုက်လဲဆိုတာ ကြားလိုက်လား..."

"ငါ အကြားမမှားဘူးဆိုရင်... ဇနီးလေးလို့ ခေါ်လိုက်တာပဲ..."

"ဇနီးလေး... သူက ပြိုင်ဘက်ကင်း အလှအပ ရှိရုံတင်မကဘူး ထိပ်တန်း ပါရမီကိုပါ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးကို လက်ထပ်ဖို့ ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ..."

"သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ... သူ့ရဲ့ ပါရမီကို ပထမဆုံးအကြိမ် စမ်းသပ်တာ ဖြစ်ရမယ်... အခု သူ့မှာ ထိပ်တန်း ပါရမီ ရှိနေမှန်း သိသွားပြီဆိုတော့ ဒီလို သာမန်တာအိုလက်တွဲဖော်မျိုးနဲ့ သူ ကျေနပ်နေမှာ မဟုတ်ဘူး... သူက အဲ့ဒီလူကို သေချာပေါက် လမ်းခွဲတော့မှာပဲ..."

"ဟုတ်တယ်... ရလဒ်တွေ ထွက်လာတဲ့ အချိန်ကစပြီး သူတို့က တူညီတဲ့ ကမ္ဘာက မဟုတ်တော့ဘူးလို့ သတ်မှတ်ခံလိုက်ရပြီ..."

ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်ကို နိုးထပြီးနောက် သူမ၏ ပထမဆုံး လုပ်ရပ်မှာ ချန်ချင်းနှင့် အဆက်အသွယ်ဖြတ်ရန်သာ ဖြစ်မည်ဟု တစ်ယောက်ထက်တစ်ယောက် ပို၍သေချာပြောဆိုနေသည့် ဤပြန့်ကျဲနေသော အသံများကို ကြားရသောအခါ…

ရှားချင်းယွဲ့၏ပထမဆုံး အတွေးမှာ သဘောတူရန် မဟုတ်ဘဲ ရွံရှာရန်ပင်။ သူမကိုယ်သူမ ဤကဲ့သို့ ကျေးဇူးကန်းသူ တစ်ယောက်အဖြစ် ထင်မှတ်မထားသလို ချန်ချင်းနှင့်သူမ၏ အိမ်ထောင်ရေးကို ဖြတ်တောက်ရန်လည်း တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။

သူမ၏အကြည့်များသည် သူတို့အပေါ်သို့ အေးစက်စွာ ဖြတ်ပြေးသွားခဲ့လေ၏။

ထိုလူများသည် ရှားချင်းယွဲ့၏ မျက်လုံးများမှ ဖိအားကို ခံစားလိုက်ရပြီး သူတို့ စကားများများ ပြောမိသွားကာ သူမကို မပျော်မရွှင် ဖြစ်စေခဲ့ကြောင်း သိရှိသွားသဖြင့် သူတို့၏ ပါးစပ်များကို ချက်ချင်းပိတ်ထားလိုက်ကြသည်။

ထိပ်တန်း ပါရမီကို ပိုင်ဆိုင်ထားပြီး အနာဂတ်တွင် အင်အားစုကြီးများက သေချာပေါက် ရှာဖွေခြင်းခံရမည်ဖြစ်ကာ အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာမည့် ဤကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်ကို သူတို့ မည်သို့ စော်ကားရဲမည်နည်း။

သူမကို သူတို့၏ နှလုံးသားထဲတွင် ထားရှိပြီး ဘိုးဘေးကြီးတစ်ဦးကဲ့သို့ ကိုးကွယ်ခြင်းကသာ ပို၍သင့်လျော်ပေ၏။

သူတို့အားလုံး ပြတ်သားစွာ ဆုံးဖြတ်လိုက်ကြသည်။ ရှားချင်းယွဲ့အပေါ်တွင် လေးစားမှုနှင့် ကြောက်ရွံ့မှုကိုသာ ထားရှိနိုင်ပြီး ဘယ်သောအခါမျှ မစော်ကားသင့်သလို သူမနှင့် ဆန့်ကျင်ဘက်တွင်လည်း မရပ်တည်သင့်ချေ။ ထိုသို့မဟုတ်ပါက သူမ၏ စကားတစ်ခွန်းတည်းဖြင့် သူတို့၏ အသက်များကို ကယ်တင်ရန် ခက်ခဲသွားပေလိမ့်မည်။

သူတို့ သူမကို ရန်မစရဲချေ... အမှန်တကယ်ကို ရန်မစရဲချေ...

သူတို့ အားလုံး ပါးစပ်ပိတ်သွားသည်ကို မြင်သောအခါ ရှားချင်းယွဲ့၏ စိတ်အခြေအနေမှာ အတော်လေး တည်ငြိမ်သွားခဲ့ပေ၏။

သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရယူပြီးနောက် ချန်ချင်း၏ ပါရမီက မည်သို့ဖြစ်မည်ကို သိချင်သဖြင့် စမ်းသပ်ရေးကျောက်တုံးကိုကြည့်ရန် နောက်လှည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်ချင်းသည် ပါရမီ ကျောက်တုံးအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏လက်ကို မြှောက်ကာ သလင်းကျောက်ကို ထိလိုက်သည်။

ဝုန်း...

ခမ်းနားကြီးကျယ်သော စွမ်းအင်လှိုင်းတံပိုးတစ်ခု ပြန့်ကျဲသွားကာ ထွက်ပေါ်လာပြီးနောက် လျှပ်စီးပုံစံ ရာပေါင်းများစွာက နံဘေးပတ်လည်တွင် လင်းလက်နေဆဲဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။ ထို့နောက် သလင်းကျောက်ပေါ်၌ စာကြောင်းတစ်ကြောင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့လေ၏။

ကောင်းကင်အဆင့် အထွတ်အထိပ် လျှပ်စီးစိတ်ဝိညာဉ်အမြှစ်...

All Chapters