အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) ထိပ်တန်းနားလည်နိုင်စွမ်း
စမ်းသပ်ရေး ကျောက်တုံးပေါ်တွင် ထွက်ပေါ်လာသော စာသားများကို ကြည့်ကာ လူတချို့သည် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင်အောင် ဖြစ်သွားကြသည်။
တခြားသူများမှာမူ သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလောဟု အတည်ပြုလိုသဖြင့် သူတို့၏ မျက်လုံးများကို အကြိမ်ကြိမ်ပွတ်သပ်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေကြပေသည်။
"အမ်... ဒါက အစစ်လား... အတုလား... ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား... နောက်ထပ် ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်လား..."
"ထင်ယောင်ထင်မှား ဖြစ်တာလား... ငါတို့ အားလုံး ထင်ယောင်ထင်မှား ဖြစ်နေဖို့က မဖြစ်နိုင်ဘူး မလား..."
"ဒါက... ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်နှစ်ခု တကြိမ်တည်းမှာ ထွက်ပေါ်လာတာပဲ... ဘယ်အချိန်ကစပြီး ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်တွေက ဒီလောက်ထိ ပေါများသွားရတာလဲ..."
"လျှပ်စီး စိတ်ဝိညာဉ်အမြှစ်... ဒါက လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ သဘာဝရှိတယ်လို့ နာမည်ကြီးတဲ့ လျှပ်စီး စိတ်ဝိညာဉ်အမြှစ်ပဲ... စိတ်ဝိညာဉ်အမြှစ် သဘောသဘာဝအရကို အဆင့်မြင့်နေပြီ... ပြီးတော့ သူ့ရဲ့ ကောင်းကင်အဆင့် အထွတ်အထိပ် အရည်အသွေးနဲ့ဆိုရင် သူ့ရဲ့ အနာဂတ်က သေချာပေါက် ကန့်သတ်ချက် မရှိနိုင်တော့ဘူး..."
"ခုဏက သူက အဲ့ဒီမိန်းကလေးနဲ့ မထိုက်တန်ဘူးလို့ ပြောလိုက်တဲ့သူက ဘယ်သူလဲ... ရှေ့ထွက်လာရဲတဲ့ သတ္တိရှိလား..."
ရှားချင်းယွဲ့သာမက ချန်ချင်းထံတွင်လည်း ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်နှင့် ထိပ်တန်းပါရမီကို ပိုင်ဆိုင်ထားကြောင်း သဘောပေါက်သွားပြီးနောက် လွန်ခဲ့သော အခိုက်အတန့်လေးကမှ သတိလက်လွတ် စကားပြောဆိုခဲ့သူများသည် ချက်ချင်းဇက်ပုသွားကြပြီး လူအုပ်ကြီး၏ အစွန်အဖျားသို့ ဆုတ်ခွာသွားကြ၏။
ထို့ပြင် ရှားချင်းယွဲ့အပေါ် စိတ်ကူးယဉ် အိပ်မက်များ မက်ခဲ့ကြသော ပါရမီရှင်များသည် သူတို့၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာစ ခံစားချက်များကို လျင်မြန်စွာ ဖိနှိပ်လိုက်ကြသည်။ သူတို့သည် ထိုကဲ့သို့ တာအိုလက်တွဲဖော်နှင့် မထိုက်တန်ကြောင်း ကောင်းစွာ သိရှိထားကြသည်။
ကောင်းကင်အဆင့် အထွတ်အထိပ် လျှပ်စီးစိတ်ဝိညာဉ်အမြှစ် ပါရမီရှင်တစ်ဦးကိုလည်း သူတို့ မစော်ကားရဲကြချေ။ မဟုတ်သေး... သူတို့၏အမြင်အရ ချန်ချင်းကို ပါရမီရှင်များအကြားမှ ပါရမီရှင်တစ်ဦးအဖြစ် ဖော်ပြသင့်သည်။
ဤစကားများကို နားထောင်ရင်း ရှားချင်းယွဲ့သည် သူ၏ဇနီးတစ်ဦးအနေဖြင့် တိတ်တဆိတ် ဝမ်းသာပီတိ ဖြစ်သွားပြီး ရင်ကော့လိုက်သည်။
အကြောင်းသိသူများက သူတို့သည် ချန်ချင်းကို ချီးကျူးနေကြောင်း နားလည်ကြသော်လည်း အကြောင်းမသိသူများကမူ သူတို့သည် သူမကို ချီးကျူးနေသည်ဟု ထင်ကောင်းထင်ကြပေလိမ့်မည်။
နိုးထခြင်းအခမ်းအနားကို တာဝန်ယူရသော မဟာအကြီးအကဲ လီစီဖန်ကို ကြည့်လိုက်ရာ သူသည် အသက်တစ်ရာကျော် နေထိုင်ခဲ့ပြီးဖြစ်သော်လည်း ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
သူ တည်ငြိမ်မှုကို ပြန်လည်ရယူပြီးနောက် ပထမဆုံး လုပ်ဆောင်ခဲ့သောအရာမှာ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို ဖိတ်ခေါ်ခြင်းပင်။
"မင်းတို့ နှစ်ယောက် ငါတို့ ချင်းချန်ဂိုဏ်းကို ဝင်ဖို့ စဉ်းစားကြည့်ပါလား... မဟာအကြီးအကဲ တစ်ယောက်အနေနဲ့ ငါ အာမခံ..."
စကားတစ်ဝက်တွင် လီစီဖန်သည် ထွက်လာတော့မည့် စကားလုံးများကို ပြန်မျိုချလိုက်၏။
ချင်းချန်ဂိုဏ်း၏ လက်ရှိ ဩဇာလွှမ်းမိုးမှုနှင့် အရင်းအမြစ်များဖြင့်ဆိုလျှင် သူတို့သည် ထိုကဲ့သို့သော ပါရမီရှင်များကို ပိုင်ဆိုင်ရန် လုံးဝအရည်အချင်း မပြည့်မီကြောင်း သူ သိထားသည်။ ကောင်းကင်အဆင့် အထွတ်အထိပ် ပါရမီရှိသူနှစ်ဦးကို မဆိုထားနှင့် တစ်ဦးတည်းဖြင့်ပင် အလွန်ခက်ခဲလှသည်။
အကယ်၍ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့က ချင်းချန်ဂိုဏ်းသို့ ဝင်ရောက်ရန် အမှန်တကယ်ကို ဆန္ဒရှိလျှင်ပင် ချင်းချန်ဂိုဏ်းသည် သူတို့ကို ကာကွယ်ရန်စွမ်းအား လိုအပ်ပေမည်။
သူတို့၏ ထိပ်တန်းပါရမီအကြောင်း သတင်းများ ပေါက်ကြားသွားသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းများနှင့် အင်အားစုများသည် သူတို့ကို ရရှိရန် သေချာပေါက် အလုအယက် ကြိုးစားကြပေမည်။
ဤကဲ့သို့သော ကိစ္စရပ်ကြီးကို မည်သို့မျှ လျှို့ဝှက်ထား၍ မရနိုင်ချေ။
ဤအရာကို တွေးမိပြီး လီစီဖန်သည် သူ၏ လေသံကို ပြတ်သားစွာ ပြောင်းလဲလိုက်၏။
"အခု ပါရမီကို စမ်းသပ်ပြီးပြီဆိုတော့... သခင်လေးချန်... တခြားတောင်းဆိုစရာများ ရှိသေးလား..."
"ချင်းချန်ဂိုဏ်းရဲ့ ကျင့်ကြံနည်းစနစ်ခန်းမဆောင်မှာ ရတနာတွေ မရေမတွက်နိုင်အောင် ရှိတယ်လို့ ကျွန်တော် ကြားဖူးတာ ကြာပြီ... ကျွန်တော်တို့ နှစ်ယောက် သွားကြည့်လို့ ရမလား..."
ချန်ချင်းသည် ဤအချိန်တွင် သူ၏ ထိပ်တန်း နားလည်နိုင်စွမ်းအမှတ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
"ပြဿနာ မရှိပါဘူး... ကျွန်တော်ရဲ့နောက်ကို လိုက်ခဲ့ပါ..."
လီစီဖန်၏အကြံအစည်မှာ ရိုးရှင်းသည်။ ဂိုဏ်းချုပ်နှင့် ချန်ရှုံးတို့ကြားရှိ ဆက်ဆံရေး မရှိလျှင်ပင် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့၏ ပါရမီကိုသာ အခြေခံကြည့်လျှင် သူတို့ကို ကျင့်ကြံနည်းစနစ် တစ်ခု နှစ်ခု ပေးခြင်းက မည်သည့်ဆိုးကျိုး ရှိနိုင်မည်နည်း။
အကယ်၍ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် အနာဂတ်တွင် အားကောင်းသော အုပ်စိုးသူအရှင်များ ဖြစ်လာပြီး ယနေ့၏ ကျေးဇူးကို မှတ်မိနေပါက သူတို့၏ စကားတစ်ခွန်းတည်းဖြင့် ချင်းချန်ဂိုဏ်း တစ်ခုလုံးအတွက် လောကကို တုန်လှုပ်စေမည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေနိုင်ပြီး ထိပ်တန်းအစွမ်းထက်ဂိုဏ်းတစ်ခုအဖြစ်သို့ မြှင့်တင်ပေးနိုင်သည်။
ထိုနောက် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် လီစီဖန်နောက်မှ ချင်းချန်ဂိုဏ်း၏ ကျင့်ကြံနည်းစနစ် ခန်းမဆောင်သို့ လိုက်ပါသွားကြ၏။
လီစီဖန်၏ ရှင်းပြချက်အရ ကျင့်ကြံနည်းစနစ် ခန်းမဆောင်ကို အထပ်လေးထပ် ခွဲခြားထားပြီး ကောင်းကင်၊ မြေကမ္ဘာ၊ နက်နဲသိမ်မွေ့ နှင့် အဝါရောင် အဆင့်များအတိုင်း စီစဉ်ထားသည်။ ပထမထပ်တွင် အဝါရောင်အဆင့် ကျင့်ကြံနည်းစနစ် လေးထောင်ရှိပြီး ဒုတိယထပ်တွင် နက်နဲသိမ်မွေ့အဆင့် ကျင့်ကြံနည်းစနစ် ငါးရာရှိသသည်။ တတိယထပ်တွင် မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ် လေးဆယ့်ရှစ်ခု ရှိပြီး စတုတ္ထထပ်တွင် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်သုံးခု ရှိလေသည်။
"သခင်လေးချန်နဲ့ မင်းသမီးတို့က မြေကမ္ဘာ နက်နဲသိမ်မွေ့ နဲ့ အဝါရောင်အဆင့်တွေကနေ ကိုယ်ကြိုက်တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်..."
လီစီဖန်သည် သူတို့ကို ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်များ မပေးချင်၍ မဟုတ်ချေ။ ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သာဖြစ်သော သူ့အနေဖြင့် အခွင့်အာဏာမရှိသောကြောင့်ပင်။
ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်များကို ဂိုဏ်း၏ အခြေခံအုတ်မြစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး မည်သူက လေ့လာနိုင်သည်ကို ဆုံးဖြတ်ပိုင်ခွင့်မှာ ဂိုဏ်းချုပ်တစ်ဦးတည်းတွင်သာ ရှိနေသည်။
သူသည် အကြီးအကဲများ၏ ခေါင်းဆောင် ဖြစ်သော်လည်း ဤကဲ့သို့ ကိစ္စများကို ဆုံးဖြတ်ပိုင်ခွင့် သူ့ထံတွင် မရှိချေ။
"ကျေးဇူးတင်ပါတယ် အကြီးအကဲလီ..."
ထို့နောက် ချန်ချင်းသည် ရှားချင်းယွဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။
"ဇနီးလေး... ဝင်သွားကြစို့..."
"အင်း..."
ရှားချင်းယွဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
သူမသည် ချန်ချင်းကို အလွန်ကျေးဇူးတင်နေခဲ့သည်။ သူက သူမ၏ စိတ်ဝိညာဉ်အမြှစ် ပါရမီကို နိုးထရန် ဤအထိ ခေါ်ဆောင်လာရုံသာမက အပြင်လူတစ်ဦးဖြစ်သော သူမကို ကျင့်ကြံနည်းစနစ်တစ်ခု ရွေးချယ်ရန်အတွက် ကျင့်ကြံနည်းစနစ် ခန်းမဆောင်သို့ ဝင်ရောက်ခွင့် အခွင့်အရေးကိုလည်း ပေးအပ်ခဲ့သည်။
သူတို့ သုံးဦးသည် ကျင့်ကြံနည်းစနစ် ခန်းမဆောင်ထဲသို့ အတူတကွ ဝင်ရောက်သွားကြ၏။ ချန်ချင်းသည် ပထမထပ်နှင့် ဒုတိယထပ်ကို တိုက်ရိုက်ကျော်ဖြတ်သွားပြီး ရှားချင်းယွဲ့နှင့်အတူ တတိယထပ်သို့ ရောက်ရှိသွားသည်။
တတိယထပ်သည် ပထမထပ်နှင့် ဒုတိယထပ်တို့ထက် သိသိသာသာ ပို၍ကျယ်ဝန်းပြီး စာအုပ်စင်များကို ခပ်ကျဲကျဲစီထားသည်။
ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် သူတို့နှင့် သင့်လျော်သော ကျင့်ကြံနည်းစနစ်များကို ရွေးချယ်ရန် လူခွဲသွားကြ၏။
ကျင့်ကြံနည်းစနစ်တစ်ခုသာ ရွေးချယ်ရမည်ဟု ပြောခဲ့သော်လည်း...
ချန်ချင်းသည် သူ၏ ထိပ်တန်းနားလည်နိုင်စွမ်းအမှတ်ကို အားကိုးကာ စာမျက်နှာအနည်းငယ်ကို လှန်လှောကြည့်ရုံဖြင့် ဤမြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်များအားလုံးကို မှတ်သားနိုင်ပြီး အချက်အလက်အများစုကို နားလည်သဘောပေါက်သွားသည်။
အနီးအနားတွင် မတ်တတ်ရပ်နေသော လီစီဖန်သဘ် အလွန်ဇဝေဇဝါလဖြစ်နေခဲ့ပေ၏။ ချန်ချင်းသည် သူ၏ဖတ်ရှုနှုန်းဖြင့် သူ မည်သည့်အရာကို နားလည်နိုင်မည်နည်း။
ဤတိုတောင်းသော အချိန်လေးအတွင်းမှာပင် ချန်ချင်းသည် မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ် လေးဆယ့်ရှစ်ခုလုံးကို ကျွမ်းကျင်သွားပြီဖြစ်ပြီး ပြီးပြည့်စုံသော အဆင့်သို့ရောက်ရန် ဆံချည်တစ်မျှင်စာသာ လိုတော့ကြောင်း... အချိန်တစ်ခုသာ လိုအပ်တော့ကြောင်း သူ မသိခဲ့ချေ။
ချန်ချင်း နောက်ဆုံး ကျင့်ကြံနည်းစနစ်ကို မူလနေရာတွင် ပြန်ထားလိုက်သည်ကို မြင်သောအခါ လီစီဖန်က ရှေ့သို့ လှမ်းလာပြီး တက်တက်ကြွကြွ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... ဒီကျင့်ကြံနည်းစနစ်တွေထဲက တစ်ခုမှ သခင်လေးချန် မျက်စိမကျဘူးလား..."
"ဒီကျင့်ကြံနည်းစနစ်တွေက ကောင်းပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းနဲ့တော့ နည်းနည်း ကွာခြားနေတုန်းပဲ..."
ချန်ချင်းသည် စတုတ္ထထပ်သို့ တက်သွားပြီး ထိုကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်သုံးခုကို တစ်ချက်လောက် ကြည့်လို့ရမလားဟု စမ်းသပ်မေးမြန်းချင်ခဲ့သည်။
သူ အချိန်ကြာမြင့်စွာ ကြည့်မည်မဟုတ်ဘဲ တစ်ချက်တည်းသာ ဖြစ်လေသည်။ယး
"ဒါက..."
လီစီဖန်သည် ချန်ချင်း၏ စကားများတွင် ပါဝင်သော သွယ်ဝိုက်သည့် အဓိပ္ပာယ်ကို ကြားလိုက်ရပြီး အချိန်တခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ပေ၏။
ထိုနောက်ချက်ချင်းပင် လေထုကို ထိုးဖောက်ပြီး အသံတစ်သံက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
'သူ့ကို စတုတ္ထထပ်ဆီ သွားခွင့်ပြုလိုက်ပါ...'
'ဟုတ်ကဲ့...'
လီစီဖန်က စိတ်ထဲမှ တုံ့ပြန်လိုက်ပြီး ဤအသံပိုင်ရှင်မှာ ချင်းချန်ဂိုဏ်း၏ ဂိုဏ်းချုပ်မှလွဲ၍ တခြားသူ မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိထားသည်။
"သခင်လေးချန်... ခင်ဗျားကို စတုတ္ထထပ်ကို ခေါ်သွားဖို့ ဂိုဏ်းချုပ်က အမိန့်ပေးလိုက်ပါတယ်..."
လီစီဖန်သည် နံဘေးသို့ လှည့်ကာ သူ၏လက်ကို ဆန့်တန်း၍ ဖိတ်ခေါ်လိုက်သည်။
"ကြွပါ..."
"ကျေးဇူးတင်ပါတယ်..."
ချန်ချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်၏။
သူတို့နှစ်ဦး စတုတ္ထထပ်သို့ တက်သွားသည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် လိုက်မသွားခဲ့ချေ။ ဤမြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်များသည် သူမအတွက် အလွန်နက်နဲနေပြီဖြစ်ပြီး အချိန်တစ်ခုအထိ နားလည်သဘောပေါက်ရန် လုံလောက်ကြောင်း သူမ ခံစားမိလေ၏။
ချန်ချင်း စတုတ္ထထပ်သို့ တက်သွားနိုင်ခြင်းမှာ သူ၏ ပါရမီက သူမထက် ပို၍အားကောင်းသောကြောင့် ဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။
ရှားချင်းယွဲ့သည် သူမ လုပ်နိုင်စွမ်းထက် ပို၍လုပ်ဆောင်ရန် အစီအစဉ်မရှိဘဲ တစ်ဆင့်ချင်းစီ ကျင့်ကြံသွားရန် ဆုံးဖြတ်လိုက်သည်။
မကြာမီ လီစီဖန်နှင့်အတူ ချန်ချင်းသည် စတုတ္ထထပ်သို့ ရောက်ရှိလာသည်။
ဤနေရာတွင် စုစုပေါင်း စာအုပ်စင်သုံးခု ရှိပြီး တစ်ခုစီတိုင်းတွင် ကျင့်ကြံနည်းစနစ်တစ်ခုစီ ပြသထားကာ အားကောင်းသော တာအိုစည်းချက်တစ်ခုဖြင့် လွှမ်းခြုံထားလေ၏။
ဤအရာများသည် "ရေခဲကောင်းကင် နက်နဲသိမ်မွေ့ နည်းစနစ်"၊ "ကောင်းကင်ကိုးလွှာ လျှပ်စီးနည်းစနစ်" နှင့် "ရွှေခေါင်းလောင်း အုပ်စိုးသူအရှင် ခန္ဓာကိုယ် နည်းစနစ်" တို့ ဖြစ်ကြသည်။
တစ်ခုက ရေခဲ၊ တစ်ခုက လျှပ်စီးနှင့် ကာကွယ်ရေးကို အဓိကထားသော ကျင့်ကြံနည်းစနစ် တစ်ခုတို့ဖြစ်ပြီး ထိုအရာအားလုံးမှာ ကောင်းကင်အဆင့်နိမ့် နည်းစနစ်များ ဖြစ်ကြသည်။
ချန်ချင်းသည် စိတ်ပျက်မသွားခဲ့ချေ။ ချင်းချန်ဂိုဏ်းကဲ့သို့သော ဂိုဏ်းတစ်ခုအတွက် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ် သုံးခု ပိုင်ဆိုင်ထားခြင်းမှာ အတော်လေး ထူးခြားလှသည်။
သူ ရှေ့သို့သွားရောက်ကြည့်ရှုနိုင်ကြောင်း လီစီဖန်နှင့် အတည်ပြုပြီးနောက် ချန်ချင်းသည် လျှောက်လှမ်းသွားလိုက်၏။
သူက ထိုအရာများကို တစ်ခုချင်းစီ လှန်လှောကြည့်လိုက်သည်။
ကောင်းကင်အဆင့်နိမ့်ကဲ့သို့ အားကောင်းသော ကျင့်ကြံနည်းစနစ်များ ဖြစ်လျှင်ပင် ချန်ချင်း၏ လက်ရှိ နားလည်နိုင်စွမ်းအမှတ်ဖြင့် ထိုအရာများ၏ အကြောင်းအရာ အများစုကို သူ အလွယ်တကူ မှတ်သားနိုင်ပြီး နားလည်သဘောပေါက်သွားခဲ့လေ၏။
ချန်ချင်း၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနှင့်ပြီးသား ဖြစ်ပေသည်။ ရှားချင်းယွဲ့က မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ် တစ်ခုကို ရွေးချယ်ပြီးသည်နှင့် တပြိုင်နက် သူသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်တစ်ခု ရရှိပေမည်။
ထို့နောက် သူသည် သူမအား "ရေခဲကောင်းကင် နက်နဲသိမ်မွေ့ နည်းစနစ်" ကို သင်ကြားပေးပြီး နောက်ထပ် ဆုလာဘ်တစ်ခု ရယူပေမည်။
မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်က မည်သို့သော ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်မျိုး ယူဆောင်လာပေးနိုင်မည်ကို သူ သိချင်နေခဲ့သည်။