အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) ဧကရာဇ်တစ်ပါး၏ အသွင်အပြင်
"ဒီလောက်ထိများပြားတဲ့ ပျံသန်းရေးသင်္ဘောများက ဘယ်ကရောက်လာတာလဲ... ဂိုဏ်းတစ်ဂိုဏ်းက ငါတို့နဲ့ စစ်ခင်းတော့မလို့လား..."
"တကယ်လို့ စစ်ဖြစ်မယ်ဆိုရင်... အမြှောက်တွေ တပ်ဆင်ထားတဲ့ စစ်သင်္ဘောတွေကို လွှတ်မှာပေါ့..."
"ဒီသင်္ဘောပေါ်က သင်္ကေတကို ကြည့်ရတာ... ကောင်းကင်ဓားဂိုဏ်းက ဖြစ်ပုံရတယ်..."
"ကောင်းကင်ဓားဂိုဏ်း... သူတို့က မဟာဝူနိုင်ငံရဲ့ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းထဲက တစ်ခု မဟုတ်ဘူးလား... ငါတို့ ချင်းချန်ဂိုဏ်းနဲ့ သူတို့က အမြဲတမ်း ကိုယ့်လမ်းကိုယ် လျှောက်နေကြတာ မဟုတ်လား..."
"အရူးကောင်... ဒါကို ပြောနေစရာ လိုသေးလို့လား... ကောင်းကင်ဓားဂိုဏ်းက ထိပ်တန်းပါရမီရှိတဲ့ အဲ့ဒီ လူငယ်ဇနီးမောင်နှံအတွက်လာတာ သေချာတယ်..."
ထိုစကားကို ကြားသည်နှင့် တပြိုင်နက် တခြားသူများလည်း ချက်ချင်း နားလည်သွားကြပြီး ထိုအရာမှာ မှန်ကန်သော အဖြေဖြစ်သည်ဟု ယုံကြည်လိုက်ကြ၏။
"ကောင်းကင်ဓားဂိုဏ်း ရောက်လာတာကို ဘာလို့ ဘယ်သူမှ လာမကြိုကြတာလဲ..."
ပျံသန်းရေးသင်္ဘော ပေါ်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ဟိန်းဟောက်သံသည် တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွားသည်။
ချင်းချန်ဂိုဏ်း တပည့်များက မကျေမနပ်ဖြစ်နေကြသော်လည်း ကောင်းကင်ဓားဂိုဏ်းသည် မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ခုဖြစ်သဖြင့် သူတို့ ဘာမှမလုပ်နိုင်ကြချေ။ သူတို့ မည်မျှပင် သဘောမကျစေကာမူ သူတို့၏ မကျေနပ်မှုကို မျိုသိပ်ထားရုံသာ တတ်နိုင်ပေမည်။
သူတို့သည် တစ်ဖက်လူများကို မစော်ကားရဲချေ... အမှန်တကယ်ကို မစော်ကားရဲချေ။
ထိုစကားကို ကြားသောအခါ လီစီဖန်သည် မဟာအကြီးအကဲ တစ်ယောက်အနေဖြင့် လေ့ကျင့်ရေး အခန်းတံခါးကို သူ့ကိုယ်စား စောင့်ကြပ်ရန် တစ်စုံတစ်ဦးကို ညွှန်ကြားပြီး ထွက်ခွာလာရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
ထို့နောက် သူသည် လျင်မြန်စွာ ရွေ့လျားသွားပြီး ချင်းချန်ဂိုဏ်း၏ အထက်ရှိ လေထုထဲတွင် မျက်စိတစ်မှိတ်အတွင်းပေါ်လာကာ အော်ဟစ်နေသော အမျိုးသားနှင့် ပေအနည်းငယ်မျှသာ ကွာဝေးတော့သည်။
"ချင်းချန်ဂိုဏ်းရဲ့ မဟာအကြီးအကဲ လီစီဖန်က တာအိုမိတ်ဆွေအားလုံးကို နှုတ်ခွန်းဆက်သပါတယ်..."
လီစီဖန်က လက်ပူးဆုပ်ကာ ပြောလိုက်သည်။
မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ထိုက်တန်သော လေးစားမှုကို ရရှိသင့်ပေ၏။
မဟာအကြီးအကဲတစ်ယောက်အနေဖြင့် သူသည် ကောင်းကင်ဓားဂိုဏ်းနှင့် စစ်မဖြစ်လိုချေ။ အကယ်၍ တိုက်ပွဲဖြစ်ပွားပါက ချင်းချန်ဂိုဏ်းသည် သမိုင်းမှ ဖျက်ဆီးခံရနိုင်ခြေရှိကြောင်း သူ ကောင်းစွာသိထားသည်။
"အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောတာ ရပ်လိုက်တော့... သူတို့ကို မြန်မြန်ထုတ်ပေးစမ်း..."
ဂိုဏ်းတစ်ခု၏ မဟာအကြီးအကဲကို ရင်ဆိုင်နေရချိန်တွင်ပင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ယဉ်ကျေးမှု အနည်းငယ်မျှ မရှိဘဲ အမိန့်ပေးသည့် လေသံဖြင့် ပြောဆိုလိုက်၏။
အင်အားကြီးသူကို လေးစားသော ခေတ်တွင် သူသည် သူ့ကိုယ်သူ အင်အားကြီးသူဟု ယူဆထားသဖြင့် စွမ်းအားနိမ့်ကျသော လီစီဖန်ကို ယဉ်ကျေးနေရန် မလိုအပ်ချေ။
"ဘယ်သူတွေကိုလဲ... တာအိုမိတ်ဆွေက ဘယ်လို လူမျိုးကို ရှာနေတာလဲလို့ မေးလို့ရမလား..."
လီစီဖန်က သိလျက်နှင့် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
"ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်တွေရှိတဲ့ အဲ့ဒီ ပါရမီရှင် နှစ်ယောက်လေ... ငါက တူညီတဲ့ စကားကို ဒုတိယအကြိမ် ထပ်မပြောချင်ဘူး..."
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ၏လေသံကို ဖိအားပေးကာ ပြောလိုက်သည်။
"မင်းတို့ ချင်းချန်ဂိုဏ်းက ဒီလို ပါရမီရှင်တွေကို သိမ်းထားဖို့ အရည်အချင်း မပြည့်မီဘူး..."
"တာအိုမိတ်ဆွေ... မင်း အထင်လွဲနေပြီ... သူတို့နှစ်ယောက်က ငါတို့ ချင်းချန်ဂိုဏ်းကို ဝင်ထားတာ မဟုတ်ဘူး... ငါတို့ ဂိုဏ်းရဲ့ လေ့ကျင့်ရေးအခန်းကို ငှားပြီး ကျင့်ကြံနေရုံသက်သက်ပါ... သူတို့ တာအိုမိတ်ဆွေနဲ့အတူ လိုက်သွားဖို့ သဘောတူ မတူ ဆိုတာကတော့ သူတို့ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာမှပဲ ငါတို့ သိနိုင်လိမ့်မယ်..."
လီစီဖန်က အမှန်အတိုင်း ပြန်ဖြေလိုက်၏။
သူ အကြောက်ဆုံးအရာက အမှန်တကယ် ဖြစ်လာခဲ့ပြီး သူ စိတ်ကူးထားသည်ထက်ပင် ပို၍မြန်ဆန်နေခဲ့သည်။
ကောင်းကင်ဓားဂိုဏ်း တစ်ခုတည်းကသာ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့၏ ပါရမီများကို စောင့်ကြည့်နေခြင်း မဟုတ်ကြောင်း သူ သေချာပေါက် သိထားသည်။ သူတို့သည် တခြားသူများထက် ပိုမြန်နေခြင်းသာ ဖြစ်ပေ၏။
တခြားအင်အားစု ဘယ်လောက်များများက လမ်းမှာ ရှိနေသေးလဲဆိုတာ ငါ မသိဘူး...
"ငါ့ကို အဲ့ဒီနေရာဆီ ခေါ်သွားစမ်း..."
လီစီဖန်က တွေးနိုင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မည်သို့ မတွေးနိုင်ဘဲ နေမည်နည်း။
ဤခရီးစဉ်အတွက် သူ၏ရည်ရွယ်ချက်မှာ တခြားဂိုဏ်းအင်အားစုများထက် လက်ဦးမှု ရယူပြီး ထိုပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ဦးကို ကောင်းကင်ဓားဂိုဏ်းသို့ ခေါ်ဆောင်သွားကာ ကျင့်ကြံပေးရန်ပင်။ ထိုသို့ဖြစ်လာမှသာ သူတို့သည် ကောင်းကင်ဓားဂိုဏ်း၏ အနာဂတ် တိုးတက်မှုနှင့် အားအကောင်းဆုံး ဂိုဏ်းအဖြစ်သို့ မြှင့်တင်ရန် မျှော်လင့်ချက်များ ဖြစ်လာနိုင်ပေမည်။
"တာအိုမိတ်ဆွေ... ဒီဘက်ကို ကြွပါ..."
လီစီဖန်သည် သူကိုယ်တိုင် သို့မဟုတ် ချင်းချန်ဂိုဏ်းအတွက် ပြဿနာ မဖန်တီးလိုသဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။
လီစီဖန်က အခြေအနေကို နားလည်သည်ကို မြင်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ကို အခက်အခဲ မပေးတော့ချေ။
လမ်းတွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမည်မှာ ကျောက်ထျန်းယို ဖြစ်ပြီး ကောင်းကင်ဓားဂိုဏ်း၏ အတွင်းစည်းအကြီးအကဲ တစ်ဦးဖြစ်ကြောင်း လီစီဖန် သိရှိခဲ့ရလေ၏။
မကြာမီ ကျောက်ထျန်းယိုသည် လီစီဖန်၏ လမ်းညွှန်မှုဖြင့် ကျင့်ကြံနည်းစနစ်ခန်းမဆောင်ရှိ လေ့ကျင့်ရေး အခန်းသို့ ဝင်ရောက်သွားခဲ့သည်။
"တာအိုမိတ်ဆွေ ကျောက်... သူတို့နှစ်ယောက်က အထဲမှာ ကျင့်ကြံနေပါတယ်..."
လီစီဖန်က ကပ်လျက်ရှိသော လေ့ကျင့်ရေးအခန်း နှစ်ခန်းကို ညွှန်ပြလိုက်၏။
"ဖွင့်လိုက်..."
ကျောက်ထျန်းယိုသည် မောက်မာနေဆဲပင်။
"တာအိုမိတ်ဆွေ ကျောက်... မင်း သိချင်မှ သိမယ်... ငါတို့ ဂိုဏ်းရဲ့ လေ့ကျင့်ရေး အခန်းတံခါးတွေ ပိတ်သွားပြီဆိုရင် အထဲကနေပဲ ပြန်ဖွင့်လို့ရတယ်..."
လီစီဖန်က ရှင်းပြလိုက်သည်။
"ဒီလိုဆိုမှတော့ တာအိုမိတ်ဆွေ လီ... ငါက အတင်းအကြပ်ဖွင့်တဲ့ နည်းလမ်းတချို့သုံးတာကို မင်း စိတ်မရှိဘူး မလား..."
ကျောက်ထျန်းယိုက ပြောလိုက်ပြီး သူ၏ လက်ထဲတွင် အစိမ်းရောင်ဓားသွားရှိသော ဓားရှည်တစ်လက် ရှိနေလေပြီ။
လီစီဖန် စကားမပြောနိုင်မီမှာပင် ကျောက်ထျန်းယိုက ဆက်ပြောလိုက်၏။
"စိတ်မပူပါနဲ့... လျော်ကြေးအတွက် ငါတို့က တွန့်တိုနေမှာ မဟုတ်ဘူး... ငါတို့ ကောင်းကင်ဓားဂိုဏ်းက နာမည်ကြီးပြီး ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခုပါ..."
ထိုစကားများသည် လီစီဖန်အတွက် ဆုံးဖြတ်ချက်ကို တိုက်ရိုက်ချပေးလိုက်ခြင်းဖြစ်ပြီး သူ့ကို စကားပြောခွင့် မပေးတော့ချေ။
"..."
ကျောက်ထျန်းယိုက ဓားကို ဆွဲထုတ်ထားပြီးဖြစ်သည်ကို မြင်သောအခါ လီစီဖန်အနေဖြင့် သူ ပြောဆိုတော့မည့် စကားများကို ပြန်မျိုသိပ်လိုက်ရုံမှလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ချေ။
ထိုသို့မဟုတ်ပါက ထိုဓားသည် သူ့အပေါ် ကျရောက်မည်လော သို့မဟုတ် ကျောက်တံခါးပေါ် ကျရောက်မည်လော ဆိုသည်ကို သူ အာမမခံနိုင်ချေ။
လီစီဖန်က ကန့်ကွက်ခြင်း မရှိသည်ကို မြင်သောအခါ ကျောက်ထျန်းယိုသည် စိတ်ကျေနပ်သွားလေ၏။
သူက ရှားချင်းယွဲ့ ရှိနေသော လေ့ကျင့်ရေး အခန်းသို့ ရောက်ရှိသွားသည်။
သူသည် ဓားကို မြှောက်ကာ စိတ်ဝိညာဉ်ချီများကို ထိုအရာထဲသို့ ထည့်သွင်းလိုက်ပြီး တံခါးကို အတင်းအကြပ် ဖျက်ဆီးကာ ပါရမီရှင်ကို ခေါ်ဆောင်သွားရန် ရည်ရွယ်လိုက်သည်။
ရှားချင်းယွဲ့နှင့် ချန်ချင်းတို့၏ ဆန္ဒများအတွက်ကမူ...
ထိုအရာများသည် အရေးမကြီးချေ။
အနည်းဆုံးအနေဖြင့် လောလောဆယ်တွင် ကျောက်ထျန်းယိုသည် သူတို့၏ စွမ်းရည်များဖြင့် သူ့ကို ခုခံနိုင်မည် သို့မဟုတ် ကောင်းကင်ဓားဂိုဏ်းကို ခုခံနိုင်မည်ဟု ထင်မှတ်မထားချေ။
သူ ဓားဖြင့် မခုတ်ပိုင်းမီမှာပင်...
ဝုန်း...
ကပ်လျက်ရှိသော ကျောက်တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့လေ၏။
ချန်ချင်း၏အသံက လူထက်အရင် ထွက်ပေါ်လာသည်။
"ဘယ်လို လူယုတ်မာမျိုးက ငါ့ဇနီးရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် ပေးရဲတာလဲ..."
ချန်ချင်းက သူ၏လက်ကို ညင်သာစွာ မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ လေပြင်းမုန်တိုင်းကဲ့သို့ အားကောင်းသော စိတ်ဝိညာဉ်ချီများသည် ကျောက်ထျန်းယိုဆီသို့ ဖိနှိပ်လာခဲ့လေ၏။
"ရိုးအလိုက်တာ..."
ကျောက်ထျန်းယိုက လှောင်ပြောင်လိုက်သည်။ သူ၏အမြင်အရ လက်ရှိချန်ချင်းသည် အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် သူ့ကို ယှဉ်ပြိုင်ရန် အရည်အချင်း မပြည့်မီသေးချေ။
သူသည် ချန်ချင်း၏ တိုက်ကွက်ကို ချိုးဖျက်ပြီး သင်ခန်းစာတစ်ခုပေးရန် ရည်ရွယ်ကာ သူ၏ဓားဖြင့် သေသပ်လှပစွာ ခုတ်ပိုင်းလိုက်သည်။
သို့သော် သူ၏ ဓားသည် တစ်ဝက်တစ်ပျက်သာ ကျဆင်းသွားခဲ့သည်။ ကျောက်ထျန်းယို မည်မျှပင် အားစိုက်ထုတ်စေကာမူ နောက်ထပ် တစ်လက်မမျှပင် အောက်သို့ မချနိုင်တော့ချေ။
ထို့နောက် ကျောက်ထျန်းယိုကို ပို၍အံ့အားသင့်သွားစေသောအရာမှာ နက်နဲသိမ်မွေ့သံမဏိဖြင့် ပြုလုပ်ထားသည့် သူ၏လက်ထဲရှိ အဖိုးတန် ဓားသည် ပင့်ကူအိမ်ကဲ့သို့ သိပ်သည်းသော အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားခြင်းပင်။
ကျောက်ထျန်းယိုသည် သူ၏ စွမ်းအားများအားလုံးကို အသုံးပြုခဲ့သည့်တိုင် ဓားသွားကျိုးပဲ့သွားမည့် ရလဒ်ကို မပြောင်းလဲနိုင်ခဲ့ချေ။ သံမဏိအပိုင်းအစများသည် နေရာအနှံ့ လွင့်စင်သွားပြီး သူ၏ မျက်နှာကို ခြစ်မိသွားကာ သူ၏ လက်ထဲတွင် ဓားရိုးသာ ကျန်ရစ်တော့သည်။
နောက်တခဏတွင် ချန်ချင်းက လက်ဝှေ့ယမ်းပြီး ထုတ်လွှတ်လိုက်သော စွမ်းအားသည် ကျောက်ထျန်းယို၏ မျက်လုံးထဲတွင် ဒေါသတကြီး စီးဆင်းနေသော ရေလွှမ်းမိုးမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ကို မီတာဆယ်ဂဏန်းကျော် အဝေးသို့ ချက်ချင်း လွင့်စင်သွားစေသည်။ သူသည် ပင်မခန်းမရှိ တိုင်လုံးကြီးတစ်ခုကို ဖောက်ထွက်သွားကာ ကြီးမားသော တွင်းကြီးတစ်ခုကို ဖန်တီးလိုက်၏။
ချန်ချင်း၏ တံခါးပိတ်ကျင့်ကြံချိန်မှာ မရှည်လျားဘဲ ကျင့်ကြံနည်းစနစ်ကို အဓိက အာရုံစိုက်ခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းကို အဆင့်ငယ်တစ်ခု တက်လှမ်းနိုင်ရန် စီမံနိုင်ခဲ့ပြီး စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျောက်ထျန်းယို၏စွမ်းအားသည် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ပဉ္စမအဆင့်၌သာ ရှိပြီး ချန်ချင်းထက် အဆင့်ငယ်သုံးခုတိတိ နိမ့်ကျနေလေ၏။ မှော်ရတနာများ၏ အကူအညီမပါဘဲ သူသည် ချန်ချင်းကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
"စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အဋ္ဌမအဆင့်..."
ဤအရာအားလုံးကို မျက်မြင်တွေ့ရှိခဲ့သော မဟာ အကြီးအကဲ လီစီဖန်သည် အလွန်အမင်း အံ့အားသင့်သွားပေ၏။ ချန်ချင်း၏ ပါရမီမှာ ထိပ်တန်းအဆင့် ဖြစ်ကြောင်း သူ သိထားသော်လည်း ဤမျှ ငယ်ရွယ်သော အရွယ်တွင် တစ်ဖက်လူ၏ကျင့်ကြံခြင်းက သူ့ထက် ဤမျှထိ ပို၍မြင့်မားနေလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။
'မခုလို ပါရမီမျိုးနဲ့ အချိန်တိုလေးအတွင်းမှာ သူက မဟာဧကရာဇ် တစ်ပါးနေရာအတွက် အားကောင်းတဲ့ ပြိုင်ဘက် တစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မယ်...'
လီစီဖန်သည် ချန်ချင်းထံတွင် မဟာဧကရာဇ် တစ်ပါး ဖြစ်လာနိုင်ခြေကို မြင်တွေ့ခဲ့ရလေ၏။
"စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အဋ္ဌမအဆင့်လား..."
ကျောက်ထျန်းယိုသည် သူ၏ရင်ဘတ်ကို ဖိကာ မြေကြီးပေါ်မှ ထလာသည်။
သူသည် ပါးစပ်ထောင့်မှ စီးကျလာသော သွေးများကို လက်မဖြင့် သုတ်လိုက်ပြီး တည်ငြိမ်သော အမူအရာကို အတင်းအကြပ် ဖန်တီးကာ ပြောလိုက်သည်။
"မဆိုးဘူး... တကယ်ကို ပျိုးထောင်ဖို့ကောင်းတဲ့ ပျိုးပင်လေးပဲ... လူငယ်လေး... ငါ့ရဲ့ ကောင်းကင်ဓားဂိုဏ်းကို ဝင်ခဲ့ပါ... ဂိုဏ်းက မင်းကို ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်အဖြစ် ပုံသွင်းဖို့ အစွမ်းကုန် ကြိုးစားပေးမယ်လို့ ငါ အာမခံတယ်... မင်းက အနာဂတ် အုပ်စိုးသူအရှင်တစ်ယောက် ဖြစ်လာပြီးတော့ တခြားလူတွေ အားလုံးရဲ့ အထက်မှာ ရပ်တည်နိုင်မယ့်သူ ဖြစ်လာလိမ့်မယ်..."
ဤသည်မှာ ချန်ချင်းအား ပေးသော အချည်းနှီး ကတိများ မဟုတ်ချေ။ ကောင်းကင်ဓားဂိုဏ်းသည် ဤကတိကို ဖြည့်ဆည်းနိုင်ပြီး ချန်ချင်းအနေဖြင့် ငြင်းဆန်ရန်အကြောင်းမရှိဟု ကျောက်ထျန်းယို အမှန်တကယ်ပင် ခံစားခဲ့ရလေ၏။
သူသည် ရိုးသားမှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် စကားပြောဆိုခဲ့ပြီး ဂိုဏ်းတစ်ခု၏ မဟာ အကြီးအကဲဖြစ်သော လီစီဖန်ကို ရင်ဆိုင်ရချိန်ကနှင့် လုံးဝမတူညီသော လူတစ်ယောက်ကဲ့သို့ ဖြစ်နသည်။ သူသည် သူ၏သဘောထားကို လုံးလုံးလျားလျား ပြောင်းလဲလိုက်ခြင်းပင်။
ဤသည်က တခြားအကြောင်းအရင်းကြောင့် မဟုတ်ဘဲ ချန်ချင်းသည် သူ့ထက် များစွာပို၍ သန်မာအားကောင်းနေသောကြောင့်ပင်။
ကောင်းကင်ဓားဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ချန်ချင်း၏ အဆင့်အတန်းနှင့် လွှမ်းမိုးမှုကို တွေးကြည့်ပါက ကျောက်ထျန်းယိုသည် သူ၏ရန်သူဖြစ်ရန် ပို၍ပင် အကြောင်းပြချက် မရှိတော့ချေ။
အကြီးအကဲ တစ်ယောက်ဖြစ်သော သူကိုယ်တိုင်နှင့် ပါရမီရှင် တစ်ယောက်ဖြစ်သော ချန်ချင်းတို့ကြားရှိ အရေးပါမှုကို သူ ရှင်းလင်းစွာ နားလည်ထားသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချန်ချင်းကမူ ကျောက်ထျန်းယို၏ စကားများကို ဂရုမစိုက်ပေ။
ဤအချိန်တွင် သူ၏စိတ်အာရုံသည် သူ၏ ဇနီးသည်အား ကာကွယ်ခြင်း ဆုလာဘ်ကို တောင်းခံရန် အသင့်ဖြစ်နေကာ ထွက်ပေါ်လာသည့် စနစ်မျက်နှာပြင်ပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေခဲ့လေ၏။