အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) မင်းက ငါ့ရဲ့ လက်အောက်ခံဖြစ်နိုင်တယ်
ဇနီးသည် ကျင့်ကြံနေစဉ် ပြင်ပလူများ၏ အနှောင့်အယှက် မခံရစေရန် ကာကွယ်ပေးခြင်းကို သူမအား အလိုလိုက်ခြင်းဟု မည်သို့ မသတ်မှတ်ဘဲ နေနိုင်မည်နည်း။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကျင့်ကြံခြင်း အဆင့်ငယ်ငါးခု တိုးတက်မှုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
ကံကောင်းထောက်မစွာဖြင့် စနစ်သည် ချန်ချင်း၏ မျှော်လင့်ချက်များကို စိတ်ပျက်မသွားစေခဲ့ချေ။
ထိုအရာက သူ၏ ကျင့်ကြံခြင်းကို စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် စတုတ္ထအဆင့်သို့ ချက်ချင်းတက်လှမ်းသွားစေခဲ့လေ၏။
အဆင့်ငယ်ငါးခုသာ တိုးတက်ခြင်း ဖြစ်သော်လည်း ကျင့်ကြံခြင်း ပို၍မြင့်မားလေလေ အဆင့်ငယ်တစ်ခုစီ၏ ပင်ကိုယ်တန်ဖိုးမှာ ပို၍ကြီးမားလေလေပင်။
ရှေ့ဆက်သွားပါက ကျင့်ကြံခြင်း၏ အဆင့်ငယ်တစ်ခုသည် အစောပိုင်းအဆင့်များရှိ အဓိကနယ်ပယ်တစ်ခုလုံးနှင့် အပြည့်အဝ ညီမျှနိုင်သည်။
ချန်ချင်းအတွက်မူ ပေါ့ပေါ့ပါးပါး လုပ်ဆောင်ချက်တစ်ခုမှ ဤမျှထိ သိသာထင်ရှားသော တိုးတက်မှုမျိုး ရရှိခြင်းက စိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေသဖြင့် စနစ်ကို အပြစ်ရှာရန် အကြောင်းမရှိတော့ချေ။
"ပါရမီရှင်ချန်... မင်း ဘယ်လို ဆုံးဖြတ်လိုက်လဲလို့ မေးလို့ရမလား..."
ချန်ချင်း၏ အတွေးများက အခြားတစ်နေရာတွင် ရှိနေပုံရပြီး သူ့ကို လုံးဝလျစ်လျူရှုထားသည်ကို မြင်သောအခါ ကျောက်ထျန်းယိုက ထပ်မံ၍ မေးမြန်းလိုက်သည်။
"သာမန် ကောင်းကင်ဓားဂိုဏ်းလောက်က ငါ့ရဲ့ ရည်မှန်းချက်နဲ့ မထိုက်တန်ဘူး..."
ကောင်းကင်ဓားဂိုဏ်းသည် သူ၏ ဖခင်နှင့် နက်ရှိုင်းသော အဆက်အသွယ် သို့မဟုတ် ကျေးဇူးကြွေး မရှိသည့်အပြင် ကျောက်ထျန်းယို၏ အစောပိုင်း သဘောထားတို့ကြောင့် ချန်ချင်းသည် သူ့အား ကောင်းမွန်သော အမူအရာ ပြသမည် မဟုတ်ချေ။
မထိုက်တန်ဘူး...
ထိုစကားကို ကြားသောအခါ ကျောက်ထျန်းယို၏ ပါးစပ် တွန့်ကွေးသွားခဲ့လေ၏။ သူသည် မောက်မာသော လူများကို မြင်ဖူးသော်လည်း ချန်ချင်းကဲ့သို့ မောက်မာသူမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သို့သော် သူ သေချာပြန်တွေးကြည့်ချိန်၌ ထိုအရာမှာ ပုံမှန်ပင်။ မည်သို့ပင်ဖြစ်စေကာမူ ချန်ချင်းသည် ထိပ်တန်းပါရမီရှိသော ပါရမီရှင်တစ်ဦးပင်။ ထိုကဲ့သို့အရည်အချင်းမျိုးနှင့် ကိုက်ညီအောင် သူသည် မည်သည်ကြောင့် မမောက်မာဘဲ နေမည်နည်း။
"ပါရမီရှင်ချန်... အဲ့ဒါက မဟုတ်သေးဘူး... ငါတို့ကောင်းကင်ဓားဂိုဏ်းက အင်အားအပိုင်းမှာဆိုရင် မဟာဝူနိုင်ငံက မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှာ ထိပ်ဆုံး သုံးခုစာရင်းဝင်တယ်... ဓားတာအိုပါရမီရှင်တွေကို မရေမတွက်နိုင်အောင် မွေးထုတ်ပေးခဲ့ပြီးတော့ မင်းအတွက် အသင့်တော်ဆုံး နေရာဆိုတာ သေချာပါတယ်..."
ချန်ချင်း၏ သဘောထား မည်မျှပင် ဆိုးရွားနေပါစေ ကျောက်ထျန်းယိုသည် သူ့ကိုယ်သူ နှိမ့်ချကာ တစ်ဖက်လူ၏ အေးစက်သော တုံ့ပြန်မှုကို သူ၏နွေးထွေးသော မျက်နှာဖြင့် ရင်ဆိုင်ရုံသာ တတ်နိုင်ပေ၏။
သူ့ထံ၌ တခြားရွေးချယ်စရာ မရှိချေ။ ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ် ရှိသော တပည့်တစ်ဦးသည် ကောင်းကင်ဓားဂိုဏ်းအတွက် အလွန်အရေးကြီးလွန်းသည်။
"စိတ်မဝင်စားဘူး... မြန်မြန် ထွက်သွားစမ်း... ဒီမှာနေပြီး ငါ့ဇနီးရဲ့ ကျင့်ကြံခြင်းကို လာမနှောင့်ယှက်နဲ့..." ချန်ချင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ပါရမီရှင်ချန်..."
ကျောက်ထျန်းယိုက တစ်ခုခု ပြောချင်နေသေးသော်လည်း ချန်ချင်း၏ စူးရှသော အကြည့်တစ်ချက်က သူ့ကို ကြောက်လန့်သွားစေပြီး စကားလုံးများကို ပြန်မျိုချသွားစေခဲ့ပေ၏။
ငယ်ရွယ်သော ဂျူနီယာတစ်ယောက်ထံမှ ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။
ဤမြင်ကွင်းက နံဘေးတွင် ရပ်နေသော လီစီဖန်ကို အနည်းငယ် ပြုံးမိသွားစေသည်။ ကျောက်ထျန်းယို ဤမျှထိ စိတ်ပျက်နေသည်ကို မြင်ရခြင်းက သူ့အား ကြီးမားသော စိတ်သက်သာရာရမှုကို ခံစားရစေခဲ့သည်။
ဖြောင်း...ဖြောင်း...ဖြောင်း...
ထိုအချိန်မှာပင် အနောက်မှနေ၍ လက်ခုပ်တီးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
လီစီဖန် နောက်လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းကျုံ့သွားခဲ့သည်။ လီစီဖန်သည် ဤလူနှင့် ပတ်သက်၍ ခိုင်မာသော မှတ်သားမှု ရှိထားသည်။ သူ၏ မျိုးရိုးအမည်မှာ ဆွန်း ဖြစ်ပြီး နာမည်မှာ ကျီ ဖြစ်ပေ၏။ သူသည် ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ပင်။
'ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ...'
တပည့်တစ်ဦးအတွက် ဤကဲ့သို့ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးက ချင်းချန်ဂိုဏ်းသို့ သူကိုယ်တိုင် လာရောက်လည်ပတ်လိမ့်မည်ဟု လီစီဖန် ထင်မှတ်မထားခဲ့ချေ။
"ဂိုဏ်းချုပ်..."
ဂိုဏ်းချုပ် ရောက်လာသည်ကို မြင်သောအခါ ကျောက်ထျန်းယိုသည် ပို၍ပင် ရို့ကျို့သွားပြီး ဒူးတစ်ဖက် ထောက်ကာ လက်ပူးဆုပမ၍ ဦးညွှတ်လိုက်၏။
ဂိုဏ်းချုပ် ဆွန်းကျီသည် ကျောက်ထျန်းယိုကို လျစ်လျူရှုကာ တစ်ချက်မျှပင် မကြည့်ဘဲ အချိန်အတော်ကြာသည်အထိ ကိစ္စရပ်များကို မဖြေရှင်းနိုင်သည့် သူ၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို အပြစ်တင်နေသည့်ပုံ ပေါက်နေခဲ့သည်။
"..."
ကျောက်ထျန်းယို စကားမပြောရဲဘဲ ဒူးထောက်နေသည့် အနေအထားကိုသာ ထိန်းသိမ်းထားလိုက်၏။ ဂိုဏ်းချုပ် ဆွန်းကျီ စကားမပြောသရွေ့ သူ လှုပ်ရှားရဲမည် မဟုတ်ချေ။
မကြာမီ ဂိုဏ်းချုပ် ဆွန်းကျီသည် ချန်ချင်း၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ အသွင်အပြင်မှာ ဒေါသမပါဘဲ လွှမ်းမိုးချုပ်ကိုင်နိုင်သည်။
"မိတ်ဆွေလေးချန်... တကယ်လို့ မင်းက ငါ့ရဲ့ ကောင်းကင်ဓားဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင်... ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ငါ မင်းကို ကတိပေးနိုင်တယ်... မင်းက ဘယ်အကဲဖြတ်မှုမှာမှ ပါဝင်ဖို့ မလိုဘူး... သူတော်စင်သားတော်တစ်ယောက်ရဲ့ အခွင့်အရေးကို ချက်ချင်းခံစားရပြီးတော့ ငါ့ရဲ့ တပည့်ရင်း ဖြစ်လာမယ်... ကောင်းကင်ဓားဂိုဏ်းက မင်းကို အနာဂတ် အုပ်စိုးသူအရှင် တစ်ယောက် ဖြစ်လာဖို့ အစွမ်းကုန် ကျင့်ကြံပေးမယ်..."
ဘယ်အကဲဖြတ်မှုမှာမှ ပါဝင်ဖို့ မလိုဘူး... သူတော်စင် သားတော်တစ်ယောက်ရဲ့ ဆက်ဆံရေးကို ချက်ချင်း ခံစားရမှာလား...
မဟာ အကြီးအကဲ တစ်ယောက်ဖြစ်သော လီစီဖန်ပင်လျှင် ဤစကားများကြောင့် သွေးဆောင်မခံရဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပေ၏။
မဟာဂိုဏ်းကြီးဆယ်ဂိုဏ်း၏ အတွင်းစည်း တပည့်များ ခံစားရသော ကျင့်ကြံခြင်း အရင်းအမြစ်များမှာ သာမန်လူများ၏ စိတ်ကူးယဥိနိုင်စွမ်းထက် ကျော်လွန်နေလေပြီ။ တပည့်များ၏ အမြင့်ဆုံးအဆင့်ဖြစ်သော သူတော်စင်သားတော်တစ်ယောက်အတွက်ကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ဂိုဏ်းချုပ်တစ်ဦး၏ တပည့်ရင်း ဟူသော အဆင့်အတန်းနှင့် ပေါင်းစပ်လိုက်ပါက သူသည် ထိုဂိုဏ်းတွင် ပြိုင်ဘက်ကင်း ဖြစ်လာမည်ဟု ဆိုနိုင်သည်။
"ခင်ဗျားက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်တာလား..."
ချန်ချင်းက ပြုံးလိုက်သည်။
ဂိုဏ်းချုပ်ဆွန်းကျီ၏ ကျင့်ကြံဆင့်နယ်ပယ်မှာ သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် တူညီသော စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် စတုတ္ထအဆင့်တွင် ရှိနေကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေ၏။
တစ်ဖက်လူကို ဆရာအဖြစ် အသိအမှတ်ပြုရန် အကြောင်းပြချက်အား သူ လုံးဝ ရှာမတွေ့ချေ။
"ဘာလဲ... မိတ်ဆွေလေးချန်က ဒီဂိုဏ်းချုပ်က မထိုက်တန်ဘူးလို့ ထင်နေတာလား..."
ဂိုဏ်းချုပ် ဆွန်းကျီသည် သူ၏ ကျင့်ကြံခြင်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြသလိုက်သည်။
စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် စတုတ္ထအဆင့်၏ ဖိအားသည် လေ့ကျင့်ရေးခန်းမကြီး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ကျောက်ထျန်းယိုသည် သူ၏ခန္ဓာကိုယ် နိမ့်ကျသွားသည်ကို ချက်ချင်း ခံစားလိုက်ရပြီး မဟာအကြီးအကဲ လီစီဖန်၏ဒူးများသည်လည်း အထိန်းအကွပ်မဲ့စွာ ကွေးညွှတ်သွားခဲ့လေ၏။
"ဟင်..."
ဂိုဏ်းချုပ် ဆွန်းကျီသည် ချန်ချင်း၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုကို အလွန်အကျွံ မချေမှုန်းလိုသည့်အပြင် တစ်ဖက်လူ၏ တာအိုနှလုံးသားကို ထိခိုက်မည်အား စိုးရိမ်သဖြင့် သူ၏ဖိအားကို တမင်သက်သက်ထိန်းချုပ်ထားသည်။
သို့သော် မထင်မှတ်ဘဲ ချန်ချင်းသည် သူ၏ ဖိအားကို ဘာမှမဖြစ်သကဲ့သို့ ရင်ဆိုင်နေပြီး တစ်ဖက်လူ၏မျက်နှာမှာ တည်ငြိမ်အေးဆေးနေခဲ့လေ၏။
"ခင်ဗျားက တကယ်ကို မထိုက်တန်ဘူး..."
တစ်ဖက်လူသည် ပါးရိုက်ခံရန် သူ၏မျက်နှာကို ထိုးပေးလာသဖြင့် ချန်ချင်းက မည်သည်ကြောင့် ယဉ်ကျေးနေရမည်နည်း။
သူသည်လည်း သူ၏ ကျင့်ကြံခြင်းကို အလားတူ ထုတ်ဖော်ပြသလိုက်ရာ ဖိအားများသည် ဒီရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာသည်။
'စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် စတုတ္ထအဆင့်...'
ဂိုဏ်းချုပ် ဆွန်းကျီ၊ လီစီဖန် နှင့် ကျောက်ထျန်းယို တို့ အားလုံးသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တူညီသော မျက်နှာအမူအရာများ ရှိနေကြ၏။
ချန်ချင်း၏ ပါရမီမှာ ထိပ်တန်းအဆင့် ဖြစ်ကြောင်း သူတို့ သိထားသော်လည်း သူ၏ လက်ရှိကျင့်ကြံခြင်းမှာ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ ဂိုဏ်းချုပ် တစ်ယောက်ကိုပင် ယှဉ်ပြိုင်နိုင်နေပြီဖြစ်ကြောင်း သူတို့ မသိခဲ့ကြချေ။
"ဒါ..."
အစောပိုင်းက သူ ပြောဆိုခဲ့သော စကားများကို တွေးမိပြီး ဂိုဏ်းချုပ် ဆွန်းကျီသည် သူ၏မျက်နှာ ပူထူလာသည်ကို ခံစားလိုက်ရလေ၏။
ချန်ချင်း ပြောသည်မှာ အမှန်တကယ်ကို မမှားပေ။ သူသည် ချန်ချင်းကို တပည့်အဖြစ် လက်ခံရန် တကယ့်ကို အရည်အချင်း မပြည့်မီချေ။
ချန်ချင်း၏အရွယ်တွင် ဂိုဏ်းချုပ် ဆွန်းကျီသည် အစေခံတပည့်တစ်ယောက်သာ ဖြစ်နေသေးပြီး သူ၏ ကျင့်ကြံခြင်းမှာ...
ထိုအရာကို တွေးမိသောအခါ ဂိုဏ်းချုပ် ဆွန်းကျီသည် စိတ်ကိုတင်းထားပြီး ထပ်မံ၍ ပြောဆိုလိုက်သည်။
"ငါက မိတ်ဆွေလေးချန်ကို လျှော့တွက်ခဲ့မိတာ အမှန်ပါပဲ... ဒီလိုလုပ်ရင်ကော... တကယ်လို့ မင်းက ဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင်... မင်းက ငါတို့ ဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ် တိုက်ရိုက်ဖြစ်လာနိုင်တယ်... ဘယ်လိုလဲ..."
ချန်ချင်းက သူ၏စွမ်းအားကို ထုတ်ဖော်ပြသပြီးနောက် ယခုအချိန်၌ တည်ငြိမ်သွားပြီဖြစ်သော ဂိုဏ်းချုပ် ဆွန်းကျီသည် သူ့ကို မကျေနပ်ခြင်း မရှိရုံသာမက သူ့ကို ကောင်းကင်ဓားဂိုဏ်းသို့ ခေါ်ယူလိုစိတ် ပို၍ပြင်းပြလာသည်။
သူက အထူးတလည် အလေးပေး၍ ပြောဆိုလိုက်၏။
"'လက်ထောက်' ဆိုတဲ့ စကားလုံး ပါနေပေမဲ့... ကောင်းကင်ဓားဂိုဏ်း အတွင်းမှာတော့ မင်းရဲ့ အဆင့်အတန်း အာဏာနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေက တရားဝင်ဂိုဏ်းချုပ်ဖြစ်တဲ့ ငါနဲ့ ဘာမှ ကွာခြားမှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်..."
ထိုပြိုင်ဘက်ကင်း ပါရမီရှင် ချန်ချင်း... မဟုတ်ဘူး... ပြိုင်ဘက်ကင်း ပါရမီရှင်များအကြားရှိ ပြိုင်ဘက်ကင်း ပါရမီရှင်ကို သိမ်းသွင်းနိုင်ရန် ဂိုဏ်းချုပ် ဆွန်းကျီသည် အစွမ်းကုန် ကြိုးစားခဲ့လေ၏။
အသက်ဆယ့်ရှစ်နှစ်အရွယ် မဟာဂိုဏ်းကြီးဆယ်ဂိုဏ်း ထဲမှ ဂိုဏ်းချုပ် တစ်ယောက်...
လီစီဖန်နှင့်ကျောက်ထျန်းယိုတို့ အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်ယောက်လုံး တပြိုင်နက်တည်း တံတွေးမျိုချလိုက်ကြ၏။
သူတို့သည် ချန်ချင်း နေရာတွင် အစားထိုး ဝင်ရောက်ခွင့်ရရန် မည်မျှထိ ဆန္ဒရှိနေကြမည်နည်း။
အကယ်၍ ထိုကဲ့သို့ ကိစ္စမျိုးသာ သူတို့အပေါ် ကျရောက်လာပါက သူတို့သည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်ကြမည်မှာ သေချာပေါက်ပင်။
မကြာမီ အချိန်အတွင်းမှာပင် သူတို့၏ ရာထူးမှ 'လက်ထောက်' ဆိုသည့် စကားလုံးကို ဖယ်ရှားပြီး တရားဝင် ဂိုဏ်းချုပ် ဖြစ်လာနိုင်မည်ဟု သူတို့ ယုံကြည်ကြလေ၏။
"ကျွန်တော် ပြောပြီးပြီလေ... ခင်ဗျားတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက ကျွန်တော့်ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆီးနိုင်မှာ မဟုတ်ဘူး..."
ချန်ချင်းက ပြောဆိုလိုက်၏။
ထို့နောက် သူက ဆက်လက်၍ ပြောဆိုသည်။
"ဒါပေမဲ့... တကယ်လို့ ခင်ဗျားတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက ကျွန်တော့်ကို လက်အောက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင်တော့... ကျွန်တော် စဉ်းစားပေးလို့ ရပါတယ်..."
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းချုပ် ဆွန်းကျီ၊ ကျောက်ထျန်းယို နှင့် အခြားသူ တစ်ဦးတို့သည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တုန်ယင်သွားကြ၏။
မောက်မာတယ်... တကယ့်ကို မောက်မာလွန်းတယ်...
မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ခုဖြစ်သော ကောင်းကင်ဓားဂိုဏ်းကို သဘောဆန္ဒအလျောက် လက်အောက်ခံရန် တောင်းဆိုခြင်း...
ပြီးတော့ အဲ့ဒီလိုလုပ်ရင်တောင် သူက စဉ်းစားပေးမယ် ဆိုတာက...
တည်ငြိမ်သော ဂိုဏ်းချုပ်အဖြစ် လူသိများသော ဂိုဏ်းချုပ် ဆွန်းကျီပင်လျှင် သူ၏ မျက်နှာပေါ်တွင် သတိမထားမိလောက်အောင် သေးငယ်သော ဒေါသအရိပ်အယောင်တစ်ခု မသိမသာ ဖြတ်ပြေးသွားသည်ကို မတားဆီးနိုင်ခဲ့ချေ။
ချန်ချင်းသည် အလွန်မောက်မာလွန်းပြီး ကောင်းကင်ဓားဂိုဏ်းကို အလွန်အမင်း လျှော့တွက်နေသည်ဟု သူ ခံစားမိလေ၏။
တစ်ဖက်လူသည် ကောင်းကင်ဓားဂိုဏ်း၏ နှစ်တစ်ထောင် သမိုင်းကြောင်းနှင့် ဂိုဏ်းချုပ်ဖြစ်သော သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။
ထိုအချိန်မှာပင်…
အလျင်စလို ခြေသံများ အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"မဟာ အကြီးအကဲ... မကောင်းတော့ဘူး... တစ်ခုခု မှားနေပြီ..."
လီစီဖန်က ရောက်လာသူဘက်သို့ လှည့်ကာ မေးလိုက်၏။
"ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက်ထိ ပျာယာခတ်နေရတာလဲ... မလောနဲ့... အသက်အရင်ရှူပြီး ဖြည်းဖြည်းပြောစမ်း..."
"မဟာ အကြီးအကဲ... အပြင်ဘက်မှာ ပျံသန်းရေးသင်္ဘောတွေ အများကြီး ရောက်နေတယ်... မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းက လူတွေ အကုန်လုံးနီးပါး ရောက်နေကြပြီးတော့ ကျွန်တော်တို့ဆီက လူတွေကို တောင်းဆိုနေကြတယ်..."