← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်ခြင်း... နတ်ဆိုးသားရဲဧကရာဇ်က စိတ်ဝိညာဉ်အိမ်မွေးသားရဲ ဖြစ်လာခြင်း

အဝေးသို့ ကြည့်လိုက်ရာ မဟာဝူနိုင်ငံ၏ ထင်ရှားပြီး လွှမ်းမိုးမှုရှိသော အင်အားစုအားလုံးနီးပါး ရောက်ရှိနေကြလေပြီ။

ချန်ချင်းသည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ ငရဲကိုးထပ် မသေမျိုးနဂါးကို ဆင့်ခေါ်ရန် ချက်ချင်းဆုံးဖြတ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံကိုးထပ်မှ ကျယ်ပြောလှသော သမုဒ္ဒရာကဲ့သို့ လေးလံသောဖိအားတစ်ရပ် ကျဆင်းလာပြီး သောင်းနှင့်ချီသောလူများကို အသက်ရှုမွန်းကြပ် သွားစေခဲ့ပေသည်။

အကြီးအကဲများကို မဆိုထားနှင့် ဂုဏ်သိက္ခာရှိသော ဂိုဏ်းချုပ်ရာထူးကို ရယူထားသော ဂိုဏ်းချုပ် ဆွန်းကျီပင်လျှင် သူ၏ဒူးများ ခွေယိုင်သွားသည်ကို မတားဆီးနိုင်ခဲ့ဘဲ ဖြည်းညင်းစွာ ကွေးညွှတ်သွားကာ အညံ့ခံ ဒူးထောက်မည့် အနေအထားကို ပြသနေသည်။

တပည့်များအတွက်ကမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ သူတို့သည် ကြာမြင့်စွာကတည်းက မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေကြလေပြီ။

ဤနတ်ဘုရားဖိအားကို ခုခံရန်အတွက် သူတို့၏ စိတ်ဝိညာဉ်ချီများအားလုံးကို ချက်ချင်း စုစည်းလိုက်သည့်တိုင် ဆင်တစ်ကောင်ကို တုန်လှုပ်အောင် ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်အလား အချည်းနှီးအားထုတ်မှုသက်သက်သာ ဖြစ်လေ၏။

သူတို့ ရုန်းကန်၍ မော့ကြည့်နေစဉ်တွင် လေနှင့် တိမ်များ၏ အရောင်များ ပြောင်းလဲသွားကာ ကမောက်ကမ ဖြစ်နေသော မြင်ကွင်းက အနီရောင် နေမင်းကြီးကို လုံးဝဖုံးကွယ်သွားခဲ့သည်။

တိမ်တိုက်အမိုးခုံးသည် လှိုင်းထကာ လည်ပတ်နေပြီး ထိုမုန်တိုင်း၏ဗဟိုချက်မှ အကြည့်တစ်ချက်တည်းဖြင့် ကြည့်၍မကုန်နိုင်လောက်အောင် ကြီးမားသော နဂါးခေါင်းကြီးတစ်ခု ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

မရေမတွက်နိုင်သော တာအိုညှို့ဓာတ်များ ပါဝင်နေသည့် ထိုရွှေရောင်နဂါးမျက်လုံးများနှင့် အကြည့်ဆုံလိုက်ရုံဖြင့် စိတ်ဓာတ်ခိုင်မာမှု အားနည်းသော တပည့်များစွာသည် ချက်ချင်းဆိုသလိုပင် မျက်ဖြူလန်သွားကာ နေရာတွင်ပင် သတိလစ်သွားကြ၏။

လျှပ်စီးနှင့် မိုးခြိမ်းသံများကြားတွင် အလင်းတန်းတစ်တန်းက တိမ်များကြား၌ ပုန်းကွယ်နေသော ကျန်းတစ်ရာရှိ ဧရာမ နဂါးကြီး၏ခန္ဓာကိုယ်ကို တခဏမျှ ဖော်ပြလိုက်ရာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့သည်။

ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"နဂါး... နဂါး မျိုးနွယ်စု..."

"ဒီလောက် ဖိအားမျိုးနဲ့ဆိုရင်... အနည်းဆုံး နှစ်တစ်သိန်းသက်တမ်းရှိတဲ့ နတ်ဆိုးသားရဲ တစ်ကောင်... နတ်ဆိုးသားရဲဘုရင်လား... မဟုတ်ဘူး... နတ်ဆိုးသားရဲဧကရာဇ်ပဲ ဖြစ်ရမယ်..."

"ပြေး... ငါတို့ ချက်ချင်း ထွက်ပြေးရမယ်... ကျစ်... ငါ့ရဲ့ခန္ဓာကိုယ်က စကားနားမထောင်တော့ဘူး..."

"ဘာလို့ နှစ်တစ်သိန်း ကျင့်ကြံထားတဲ့ နတ်ဆိုးသားရဲဧကရာဇ် တစ်ပါးက အောက်ဘုံမှာ ပေါ်လာရတာလဲ... အမြင်ကျဉ်းတဲ့ ကောင်တစ်ယောက်က အထက်ဘုံက အားကောင်းတဲ့ ကျွမ်းကျင်သူ တစ်ယောက်ကို စော်ကားမိလို့များ အခု သူတို့က ငါတို့ အောက်ဘုံက သက်ရှိသတ္တဝါ သန်းပေါင်းများစွာကို သတ်ပစ်ချင်နေတာလား..."

ငရဲကိုးထပ် မသေမျိုးနဂါးတွင် ထိုကဲ့သို့ စွမ်းအားမျိုး ရှိမရှိကို မည်သူမျှ သံသယမဝင်ကြချေ။

ချန်ချင်းမှလွဲ၍ လက်ရှိနေရာတွင် ရှိနေသော မည်သူမျှ ငရဲကိုးထပ် မသေမျိုးနဂါး၏ အရှိန်အဝါ ဖိအားအောက်တွင် မတ်တတ်ရပ်နေနိုင်ရန် အခွင့်အရေး သို့မဟုတ် ခွန်အား မရှိကြပေ။

ဆန့်ကျင်ဘက်အနေဖြင့် ချန်ချင်းသည် သက်သောင့်သက်သာ ရှိပုံရပြီး ငရဲကိုးထပ် မသေမျိုးနဂါး၏ဖိအားကို လုံးဝလျစ်လျူရှုကာ ဂရုမစိုက်သူတစ်ယောက်ကဲ့သို့ မတ်မတ်ရပ်နေခဲ့သည်။

ဤအရာက ကျင့်ကြံခြင်းနယ်ပယ်အပိုင်းတွင် ချန်ချင်းထက် အနည်းငယ် ပို၍မြင့်မားသော အကြီးအကဲများနှင့် ဂိုဏ်းချုပ်များကို ဇဝေဇဝါ ဖြစ်သွားစေပေ၏။

သူတို့သည် ချန်ချင်းထက် ပို၍မြင့်မားသော ကျင့်ကြံခြင်း ရှိသော်လည်း နတ်ဆိုးသားရဲဧကရာဇ်၏ နတ်ဘုရား ဖိအားကို မခုခံနိုင်ကြပေ။ ထို့ဆိုလျှင် ချန်ချင်းက မည်သည်ကြောင့် မကြောက်ရွံ့ဘဲ မတုန်မလှုပ် ရှိနေနိုင်ရသနည်းဟု သူတို့ တွေးတောနေကြသည်။

သူတို့ စဉ်းစား၍မရခဲ့ပေ... ထိုအရာ၏ နောက်ကွယ်ရှိ အကြောင်းအရင်းကို သူတို့ အမှန်တကယ်ပင် နားမလည်နိုင်ခဲ့ပေ။

သို့သော် မကြာမီ ချန်ချင်းက အဖြေကို ထုတ်ဖော်ပြသလိုက်၏။

ငရဲကိုးထပ် မသေမျိုးနဂါးသည် လူတိုင်း၏ မျှော်လင့်ချက်မဲ့နေသော အကြည့်များအောက်တွင် နဂါးခေါင်းကို ချန်ချင်းဆီသို့ ဖြည်းညှင်းစွာ နှိမ့်ချလိုက်သည်။

နဂါးခေါင်းသည် တောင်ထိပ်နှင့် တစ်တန်းတည်း ဖြစ်သွားသည်အထိ ဆင်းသက်လာခဲ့သည်။

ချန်ချင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အပေါ်သို့ ခုန်တက်သွားပြီး နဂါးခေါင်းပေါ်တွင် မတ်တတ်ရပ်လိုက်သည်။

သူသည် သူ၏လက်များကို နောက်ပစ်ထားပြီ ပြင်ပကမ္ဘာမှ ဆင်းသက်လာသော မိစ္ဆာနတ်ဘုရား တစ်ပါးနှင့် တူညီနေပေ၏။

"သူ... သူက အရမ်းရဲတင်းလွန်းတယ်... နတ်ဆိုးသားရဲဧကရာဇ်ရဲ့ ခေါင်းပေါ်ကို တက်စီးပြီး အရမ်း ရိုင်းစိုင်းရဲတယ်ပေါ့..."

"ဒါ... ဒါက သေချင်နေတာပဲ... မင်း သေချင်ရင်လည်း သေလေ... ဒါပေမဲ့ ငါတို့ကို ဒုက္ခမပေးနဲ့... အောက်ဘုံက အပြစ်ကင်းတဲ့ သက်ရှိတွေကို ဒုက္ခမပေးနဲ့..."

ချန်ချင်း၏ လုပ်ရပ်များသည် လက်ရှိနေရာတွင် ရှိနေသူအားလုံးကို အမှန်တကယ်ပင် ထိတ်လန့်သွားစေသည်။

နှစ်တစ်သိန်း ကျင့်ကြံထားသော နတ်ဆိုးသားရဲဧကရာဇ် တစ်ပါးကိုပင် ဂရုမစိုက်လောက်အောင် သူ ဤမျှထိ အလွန်ရဲတင်းလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

သို့သော် တဖြည်းဖြည်းနှင့် တချို့လူများသည် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလာကြ၏။

"နေဦး... တစ်ခုခု မှားနေသလိုပဲ... နတ်ဆိုးသားရဲဧကရာဇ်က အနင်းခံရတာကို ဘာမကျေမနပ် ဖြစ်ပုံမရဘူးလို့ ငါ ဘာလို့ ခံစားနေရတာလဲ..."

သူ ထိုသို့ ပြောဆိုသည်ကို ကြားသောအခါ လူအများက ဤအချက်ကို သတိပြုမိလာကြသည်။

ချန်ချင်းသည် နတ်ဆိုးသားရဲဧကရာဇ်၏ အထက်တွင် ရှိနေသော်လည်း နတ်ဆိုးသားရဲဧကရာဇ်သည် အလွန်အမင်း ရန်လိုသော သို့မဟုတ် ဒေါသထွက်သော အပြုအမူမျိုး မပြသခဲ့ပေ။

ထို့နောက် အလွန် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုသည် လူတစ်ယောက်ပြီး တစ်ယောက်၏ စိတ်ထဲတွင် ပေါက်ဖွားလာခဲ့ပေ၏။

နှစ်တစ်သိန်း ကျင့်ကြံထားသော နတ်ဆိုးသားရဲဧကရာဇ် တစ်ပါးကို အနိုင်ယူခြင်းမှာ မကြုံစဖူး ဖြစ်သော်လည်း အမှန်တရားသည် သူတို့၏ မျက်စိရှေ့တွင် ရှိနေရာ သူတို့ ငြင်းဆို၍မရနိုင်ချေ။

ဤအရာအပြင် တခြားပို၍သင့်လျော်သော ရှင်းလင်းချက်ကို သူတို့ စဉ်းစား၍မရခဲ့ပေ။

"ထာဝရ လက်အောက်ခံမယ်လို့ မိုးကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်း ပြုလုပ်မလား... ဒါမှမဟုတ် သေမလား..."

ချန်ချင်းသည် လူတိုင်းကို ငုံ့ကြည့်နေသော အင်မော်တယ်ဧကရာဇ် တစ်ပါးကဲ့သို့ အမြင့်တွင် မတ်တတ်ရပ်နေလေ၏။

မူလက ခမ်းနားကြီးကျယ်သော ပျံသန်းရေးသင်္ဘောသည် ယခုအချိန်၌ သူ၏ မျက်လုံးထဲတွင် ကျယ်ပြန့်သည့် ပင်လယ်သမုဒ္ဒရာထဲမှ သစ်ရွက်တစ်ရွက်မျှသာ ဖြစ်နေတော့သည်။

ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဥ်အမြှစ်၊ နံပါတ်တစ် ဓားတာအို မြင့်မြတ်ခန္ဓာကိုယ်တို့အပြင် နှစ်တစ်သိန်းသက်တမ်းရှိ နတ်ဆိုးသားရဲဧကရာဇ်ကို စိတ်ဝိညာဉ်အိမ်မွေးသားရဲအဖြစ်...

သူတို့ ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရပါက ဤအရာများသည် လူတစ်ယောက်တည်းတွင် ထွက်ပေါ်လာမည်ဟု ယုံကြည်ရန် သူတို့အတွက် ခက်ခဲပေလိမ့်မည်။

ဤအရာသုံးခုထဲမှ တစ်ခု ထွက်ပေါ်လာခြင်းကပင် တိုင်းပြည်တစ်ခုလုံး သို့မဟုတ် ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ကြောင်း သိထားရပေမည်။

နဂါးခေါင်းပေါ်တွင် ရပ်နေပြီး စကားတစ်ခွန်းမျှ မပြောသည့်တိုင် 'ပြိုင်ဘက်ကင်း' ဟု အော်ဟစ်နေသကဲ့သို့ ဖြစ်နေသော ချန်ချင်းကို မော့ကြည့်ရင်း ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သော ဂိုဏ်းချုပ် ဆွန်းကျီသည် လေ့ကျင့်ရေး ခန်းမကြီးတွင် ချန်ချင်း ပြောခဲ့သော သတိပေးချက်၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့လေ၏။

အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးကို မှီခိုရန် ပထမဆုံး အခွင့်အရေးကို ဆုံးရှုံးခဲ့ပြီးဖြစ်ရာ ဤတစ်ကြိမ်တွင် လူတိုင်း ငေးမောနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မချနိုင်သေးသည်ကို မြင်သောအခါ သူသည် ချက်ချင်းဒူးထောက်ပြီး အသံကုန် အော်ဟစ်လိုက်သည်။

"ဂိုဏ်းချုပ် ဆွန်းကျီက ကောင်းကင်ဓားဂိုဏ်းကို ဦးဆောင်ပြီး သခင်လေးချန်ဆီမှာ လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်..."

ဂိုဏ်းချုပ် ဆွန်းကျီသည် လိမ္မာပါးနပ်သူတစ်ဦးပင်။ သူ၏အမြင်တွင် အညံ့ခံပြီး သစ္စာခံမည့် ပထမဆုံး ပုဂ္ဂိုလ်သည် သခင်အပေါ်တွင် ပို၍ကောင်းမွန်သော အထင်အမြင်ကို ချန်ထားနိုင်လေ့ရှိသည်။

သူ၏အသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သူသည် မတုံ့ဆိုင်းဘဲ မိုးကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်းကို ပြုလုပ်လိုက်သည်။ အကယ်၍ သူသာ ပုန်ကန်လိုစိတ် အနည်းငယ်မျှ ရှိနေပါက ချန်ချင်း လှုပ်ရှားရန် မလိုအပ်ဘဲ မိုးကောင်းကင်တာအိုက ဂိုဏ်းချုပ် ဆွန်းကျီကို တိုက်ရိုက်ဖျက်ဆီးပစ်ပေမည်။

"ဘာ... ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် အညံ့ခံသွားပြီဆိုတော့ ငါတို့က..."

"ယွီဟန်ဂိုဏ်းက သခင်လေးချန်ကို လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်..."

"ယုံယဲ့ဂိုဏ်းက သခင်လေးချန်ကို လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်..."

"ထျန်းဟိုင်ဂိုဏ်းက သခင်လေးချန်ကို လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်..."

...

ဂိုဏ်းချုပ် အမြောက်အများက သူတို့၏ ရပ်တည်ချက်ကို ဖော်ပြလာကြပြီး ချန်ချင်းကို လက်အောက်ခံကာ သူ့နောက်သို့လိုက်ရန် ဆန္ဒရှိကြောင်းနှင့် ဘယ်သောအခါမျှ သစ္စာမဖောက်ဟု မိုးကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်းအား ပြုလုပ်လိုက်ကြ၏။

တွေဝေစဥ်းစားနေဆဲဖြစ်ပြီး အညံ့မခံလိုဘဲ အသံပေးပို့ခြင်းမှတဆင့် လျှို့ဝှက်စွာ ဆက်သွယ်နေကြသူများအတွက်ကမူ...

ချန်ချင်း၏စိတ်ရှည်မှုတွင် အကန့်အသတ်ရှိသည်။ စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ခွန်အားရှိသော အရိပ်ရုပ်သေးရုပ် ထောင်ပေါင်းများစွာသည် မည်သည့် သတိပေးချက်မျှမပါဘဲ အမှောင်ကမ္ဘာထဲမှ ခုန်ထွက်လာပြီး ဓားတစ်ချက်တည်းဖြင့် သူတို့၏လည်ပင်းများကို ဖြတ်တောက်ပစ်ကာ နှလုံးသားများကို တိုက်ရိုက်ထိုးဖောက်သွားကြ၏။

ထို့နောက် အရိပ်ရုပ်သေးရုပ်သည် သူတို့၏လက်များကို ဓားများအဖြစ် အသုံးပြုကာ တစ်ဖက်လူများ၏ နှလုံးသွေးများကို ဖောက်ထုတ်ပစ်လိုက်ကြသည်။

အစမှအဆုံး ခုခံရန် အခွင့်အရေး မရှိခဲ့ဘဲ အသက်ကို အတင်းအကြပ် နှုတ်ယူခံလိုက်ရပြီး မြေကြီးပေါ်သို့ လဲကျကာ ထိတ်လန့်တကြား အမူအရာများနှင့် မျက်လုံးမမှိတ်ဘဲ သေဆုံးသွားသူများကို ကြည့်ရင်း....

တခြားဂိုဏ်းအင်အားစုများသည် စောစောစီးစီး အညံ့ခံခဲ့သည့်အတွက် သူတို့ကိုယ်သူတို့ ကျေးဇူးတင်နေကြပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။

ငရဲကိုးထပ် မသေမျိုးနဂါး၏နောက်တွင် ချန်ချင်းသည် ဤကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသော မှော်ရတနာမျိုးကို ထုတ်သုံးနိုင်အုံးမည်ဟု သူတို့ အနည်းငယ်မျှ ထင်မှတ်နိုင်မထားခဲ့ကြပေ။

အားကောင်းသော အကြီးအကဲများနှင့် ဂိုဏ်းချုပ်များသည် ထိုအရိပ်ရုပ်သေးရုပ်များတွင် သက်ရှိစွမ်းအင်မရှိဘဲ မှော်ရတနာ အမျိုးအစားတစ်ခုသာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ကြသည်။

စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်နှင့် ညီမျှသော ခွန်အားရှိသည့် မှော်ရတနာများ...

ထို့ပြင် သူသည် ထိုအရာများကို ပေါ့ပေါ့ပါးပါး ထောင်နှင့်ချီ၍ ဆင့်ခေါ်နိုင်သည်။

ဤအရာများအားလုံးကို ကြုံတွေ့ပြီးနောက် သူတို့၏ စိတ်နှလုံးသားများထဲတွင် မည်သည့် မကျေနပ်မှုမျိုးကိုမျှ မခံစားရတော့ဘဲ ချန်ချင်းကို မှီခိုရန် ဤကဲ့သို့ အခွင့်အရေးမျိုး ရရှိခြင်းမှာ ထိုက်တန်သည်ဟု ခံစားမိလေ၏။

တစ်ချိန်တည်းမှာပင်…

ကျင့်ကြံနည်းစနစ် ခန်းမဆောင်၏ လေ့ကျင့်ရေး အခန်းအတွင်းရှိ ရှားချင်းယွဲ့သည် 'ပြိုင်ဘက်ကင်း ကြာပန်းကိုးပွင့် ကျမ်းစာ' ၏ ကျင့်ကြံနည်းစနစ် အားလုံးကို မှတ်သားပြီးဖြစ်လေ၏။

ထို့ပြင် သူမသည် 'ပြိုင်ဘက်ကင်း ကြာပန်းကိုးပွင့် ကျမ်းစာ' ကို ပထမအဆင့်အထိ ချောမွေ့စွာ ကျင့်ကြံနိုင်ခဲ့သည်။

ထိုကြောင့် သူမက တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

ကျောက်တံခါး ပွင့်သွားပြီးနောက် သူမ လှည့်ကြည့်လိုက်ရာ ချန်ချင်း ရှိနေခဲ့သော လေ့ကျင့်ရေး အခန်းမှာ ဗလာဟင်းလင်းဖြစ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် သူမသည် တံခါးကို စောင့်ကြပ်နေသော ချင်းချန်ဂိုဏ်းတပည့်ကို ကြည့်ကာ မေးမြန်းလိုက်၏။

"တဆိတ်လောက်... ခုဏက အထဲမှာ ရှိနေတဲ့သူ ဘယ်ရောက်သွားလဲ..."

တပည့်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ချန်ချင်းကို ရှာဖွေရန် ရောက်လာသော အင်အားစု အသီးသီး၏ သတင်းအချက်အလက်များအားလုံးကို ရှားချင်းယွဲ့အား အပြည့်အစုံ ပြောပြလိုက်သည်။

'ဒုက္ခပါပဲ... ငါ့ခင်ပွန်း ဒုက္ခရောက်နေပြီ...'

ဤအရာကို တွေးမိသောအခါ ရှားချင်းယွဲ့သည် မသိစိတ်မှ စိတ်လှုပ်ရှားသွားပြီး လေ့ကျင့်ရေး အခန်းထဲမှ လျှင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ယခုအချိန်၌ သူမသည် ကျင့်ကြံသူ တစ်ဦးဖြစ်လာပြီဖြစ်ရာ သူမ အားနည်းနေလျှင်ပင် ချန်ချင်းတစ်ယောက်တည်း အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ကို သူမ မလိုလားပေ။

သို့သော် သူမ လေ့ကျင့်ရေးအခန်းထဲမှ အမှန်တကယ် ထွက်လာပြီး အပြင်ဘက်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအချိန်၌ မည်သည့် အကျပ်အတည်းမျှ မရှိကြောင်းနှင့် သူမ၏ သေးငယ်သော စွမ်းအားလေးက အသုံးဝင်ရန် အခွင့်အရေး မရှိကြောင်း ရှားချင်းယွဲ့ ချက်ချင်းနားလည်သဘောပေါက်သွားသည်။

All Chapters