← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) နဝမအဆင့်သို့ တက်လှမ်းခြင်း

"ကောင်းကင်ဓားဂိုဏ်းက သခင်လေးကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်... သခင်လေး အမိန့်ပေးတာနဲ့ တုံ့ဆိုင်းမှုမရှိဘဲ မီးတောင်ကိုဖြတ်ကျော်ပြီး ပင်လယ်ကို ဖြတ်ကူူးပါ့မယ်..."

"ရှန်ကျန်းဂိုဏ်းက သခင်လေးအတွက် သေတဲ့အထိ ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်..."

"ဟွမ်ဂိုဏ်းက သခင်လေးအတွက် ရန်သူ အားလုံးကို သတ်ဖြတ်ပေးဖို့ ဆန္ဒရှိပါတယ်..."

.....

အထက်မှ ထွက်ပေါ်လာသော ကောင်းကင်ကိုပင် မှောက်လှန်လုနီးပါး ဖြစ်စေသည့် သစ္စာခံနေသည့် ကြေညာချက်များကို နားထောင်ရင်း...

ရှားချင်းယွဲ့၏စိတ်နှလုံးသားကို အမှန်တကယ် မငြိမ်မသက် ဖြစ်စေသောအရာမှာ ကောင်းကင်ဓားဂိုဏ်း၊ ရှန်ကျန်းဂိုဏ်းနှင့် ကျီးယန်ဂိုဏ်းဟူသော အမည်များပင်။

သူမသည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ယခုလေးတင် ခြေချခဲ့သော်လည်း တခြားသူများထံမှနေ၍ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းအကြောင်း များစွာကြားဖူးခဲ့သည်။

သစ္စာခံနေသော အသံများအကြားတွင် မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းလုံး ပါဝင်နေကြောင်း သူမ၏စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်၏။

ထို့နောက် သူတို့၏အကြည့်များအတိုင်း သူမ လိုက်ကြည့်လိုက်ရာ လျှပ်စီးနှင့် မိုးခြိမ်းသံများအောက်တွင် ကောင်းကင်နှင့်နေကို ဖုံးလွှမ်းနေသော ဧရာမနဂါးကြီး၏ခန္ဓာကိုယ်ကို မြင်တွေ့ရသောကြောင့် ရှားချင်းယွဲ့၏ ခြေထောက်များ ပျော့ခွေသွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူမ၏ အကြည့်သည် ဖြည်းညင်းစွာ မြင့်တက်သွားပြီး နဂါးခေါင်း၏ အထက်တွင် ရှိနေသော ချန်ချင်းကို မြင်လိုက်ရသောအခါ ရှားချင်းယွဲ့၏ လျှင်မြန်စွာ ခုန်နေသော နှလုံးသားသည် ငြိမ်ကျမသွားသည့်အပြင် ပို၍ပင် လျင်မြန်စွာ ခုန်ပေါက်လာပေ၏။

အင်အားစုများစွာ အညံ့ခံသည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် တစ်စုံတစ်ခုကို တွေးတောမိပြီးသား ဖြစ်သော်လည်း...

ဤလွှမ်းမိုးချုပ်ကိုင်မှုရှိသော ပုဂ္ဂိုလ်ကြီးများ ဒူးထောက်နေသူမှာ သူမ၏ခင်ပွန်း ချန်ချင်း ဖြစ်နေကြောင်း သူမမျက်မြင်တွေ့ရှိလိုက်ရသောအခါ သူမသည် နက်နက်ရှိုင်းရှိုင်း ထိတ်လန့်နေဆဲပင်။

'ခမည်းတော် အောင်မြင်ဖို့ အိပ်မက်မက်ခဲ့တဲ့အရာကို သူက ဒီလောက်ထိ အလွယ်လေး ပြီးမြောက်သွားတာပဲ...'

သူ၏ ဇနီးတစ်ဦးဖြစ်သော ရှားချင်းယွဲ့ပင်လျှင် ဤအရာအားလုံးကို မျက်မြင်တွေ့ရှိပြီးနောက် ချန်ချင်း၏ အလွန်အမင်း အားကောင်းလွန်းမှုကြောင့် နက်ရှိုင်းသော စွမ်းဆောင်ရည်မဲ့မှု ခံစားချက်ကို မလွဲမသွေ ခံစားခဲ့ရလေ၏။

ဤစွမ်းဆောင်ရည်မဲ့မှုသည် သူမ၏ နှလုံးသား အောက်ခြေမှ မြစ်ဖျားခံပြီး သူမ၏ အရိုးများအထိ စိမ့်ဝင်သွားခဲ့သည်။

သူမ တစ်သက်လုံး ကြိုးစားလျှင်ပင် ဘယ်တော့မှ လိုက်မီနိုင်တော့မည် မဟုတ်ဟု ခံစားရသော အကျွမ်းတဝင်ရှိသည့် ခံစားချက်မျိုးပင်။

ရှားချင်းယွဲ့သည် သူမ၏ခမည်းတော် ဧကရာဇ်ရှားချန်၏ စိုးရိမ်ပူပန်နေသော မျက်နှာကို တစ်ကြိမ်မက မြင်တွေ့ခဲ့ဖူးသည်။ အကယ်၍ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ဤကဲ့သို့ အထိန်းအကွပ်မဲ့စွာ ဆက်လက် ကြီးထွားနေမည်ဆိုပါက မဟာဝူနိုင်ငံ၏ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်လာမည်အား စိုးရိမ်နေသော်လည်း ထိုကျင့်ကြံသူများကို သူ ဘာမှမလုပ်နိုင်ခဲ့ချေ။

ချန်ချင်းက မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းအပြင် တခြားသော အင်အားစုကြီးကြီးငယ်ငယ်များစွာကို လက်အောက်ခံစေလိုက်ခြင်းသည် မဟာဝူနိုင်ငံအတွက် သေးငယ်သော ပြဿနာ မဟုတ်သည့်အရာကို သွယ်ဝိုက်သောနည်းဖြင့် ဖြေရှင်းပေးလိုက်ခြင်းပင်။

ရှားချင်းယွဲ့သည် ချန်ချင်းကို ယုံကြည်ရန် ဆန္ဒရှိပေ၏။ သူသည် ပုန်ကန်မည် မဟုတ်သည့်အပြင် မဟာဝူနိုင်ငံကို တိုက်ခိုက်မည် မဟုတ်ဟု ပြောခဲ့ပြီးသဖြင့် သူ သေချာပေါက် ထိုသို့ ပြုလုပ်နိုင်မည် မဟုတ်ချေ။

ချန်ချင်းသည် ရှားချင်းယွဲ့ ထွက်ပေါ်လာသည်ကို သတိမပြုမိခဲ့ချေ။ ဤအချိန်တွင် သူ၏စိတ်အာရုံသည် သူ၏ရှေ့တွင် ထွက်ပေါ်လာသော စနစ်မျက်နှာပြင်ပေါ်သို့ လုံးလုံးလျားလျား ရောက်ရှိနေခဲ့လေ၏။

ဇနီးသည်အား အလိုလိုက်ခြင်းဆုလာဘ်ကို စနစ်မှ ပေးအပ်လိုက်လေပြီ။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နဝမအဆင့် ဆေးပညာရှင် အတွေ့အကြုံ လက်ဆောင်ထုပ်တစ်ထုပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

'နဝမအဆင့်...'

ချန်ချင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ နဝမအဆင့် ဆေးပညာရှင် တစ်ဦးကို မဟာဝူနိုင်ငံ တစ်ခုလုံးတွင် ရှာမတွေ့နိုင်သည်ကို မဆိုထားနှင့် ကြီးမားကျယ်ပြန့်သော ထျန်းရွှမ်ကုန်းမြေတွင်ပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။

ထို့ပြင် စနစ်က ပေးအပ်သော နဝမအဆင့် ဆေးပညာရှင် အတွေ့အကြုံ လက်ဆောင်ထုပ်သည် သင့်လျော်သော နည်းလမ်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့် နဝမအဆင့် ဆေးပညာရှင် ဖြစ်လာခြင်းနှင့် အလွန် ကွာခြားလှသည်။

တခြားသူများသည် အခွင့်အရေးကောင်း ကြုံတွေ့မှုများကြောင့် နဝမအဆင့် ဆေးပညာရှင် ဖြစ်လာနိုင်ပြီး အမှတ်မထင် နဝမအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့ကာ နဝမအဆင့် ဆေးပညာရှင်ဟု ခေါ်ဆိုခံရခြင်း ဖြစ်နိုင်ပေ၏။

သို့သော် ချန်ချင်းသည် နဝမအဆင့် ဆေးပညာရှင် အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုလိုက်သည်နှင့် သူသည် ကံတရားကို အားကိုးစရာမလိုဘဲ နဝမအဆင့် ဆေးလုံးများကို ဖော်စပ်ရာတွင် ရာနှုန်းပြည့်အောင်မြင်မည်ဖြစ်ပြီး ထိုအရာအားလုံးမှာ အဆင့်မြင့်ဆေးလုံးများသာ ဖြစ်ပေလိမ့်မည်။

'ကောင်းတယ်... ကောင်းတယ်... ဒါက အရမ်းကောင်းတယ်... အခုကစပြီး အဆင့်မြင့် ဆေးလုံးတွေအတွက် ငါ စိတ်ပူစရာ မလိုတော့ဘူး... ဝယ်လို့မရဘူးလား... ဒါဆို ငါ့ဘာသာငါ ဖော်စပ်မယ်...'

ချန်ချင်းသည် ဆေးဖော်စပ်သူ အတွေ့အကြုံ လက်ဆောင်ထုပ်ကို မစောင့်ဆိုင်းနိုင်တော့ဘဲ ရွေးချယ်ကာ ထိုအရာ၏အသုံးပြုမှုကို အတည်ပြုလိုက်၏။

【နဝမအဆင့် ဆေးပညာရှင် အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုနေပါသည်...】

【နဝမအဆင့် ဆေးပညာရှင် အတွေ့အကြုံ လက်ဆောင်ထုပ် အသုံးပြုခြင်း အောင်မြင်ပါသည်...】

နောက်တခဏတွင် ဆေးဖော်စပ်ခြင်းဆိုင်ရာ ဗဟုသုတများ သောင်းနှင့်ချီ၍ ချန်ချင်း၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့သည်။

ဤဆေးဖော်စပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို သူ မှတ်မိစေရန် ကူညီသည့်အနေဖြင့် စနစ်သည် ချန်ချင်း၏ အသိစိတ်ပင်လယ် နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပေသည်။

ဤသည်မှာ သူ ထင်မှတ်မထားသော အမြတ်အစွန်းတစ်ခုပင်။

စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက် ချန်ချင်းသည် သူ၏အကြည့်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီဖြစ်သော ရှားချင်းယွဲ့ကို သူ၏မျက်စိထောင့်မှ သတိပြုမိသွားသည်။

ထို့ကြောင့် သူသည် အင်အားစုအသီးသီးကို လက်ဝှေ့ယမ်းပြကာ အေးစက်စွာ ပြောဆိုလိုက်၏။

"ထွက်သွားကြတော့..."

"ဟုတ်ကဲ့..."

လူတိုင်းက တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြပြီး သူတို့၏ ပျံသန်းရေးသင်္ဘောများကို နောက်လှည့်ကာ သူတို့ လာရာလမ်းအတိုင်း ပြန်သွားကြပြီး တခဏမျှပင် မနေရဲကြတော့ချေ။

မိုးကောင်းကင်တာအိုကို သက်သေထားပြီး ကျိန်ဆိုထားသဖြင့် ချန်ချင်း၏အမိန့်ကို သူတို့ ဖီဆန်ရဲမည် မဟုတ်ချေ။

မိုးကောင်းကင်တာအို မရှိလျှင်ပင် သူတို့သည် ချန်ချင်းကို ရန်သူအဖြစ် သတ်မှတ်ရဲမည် မဟုတ်ပေ။

ငရဲကိုးထပ် မသေမျိုးနဂါးကို ဘေးဖယ်ထားလျှင်ပင် ချန်ချင်း၏ ဝှက်ဖဲများသည် ထိုမျှနှင့် သေချာပေါက် ကန့်သတ်မထားကြောင်း သူတို့ အမြဲတစေ ခံစားနေရသည်။

လူအများသည် မသိရလေလေ စိတ်ကူးယဉ်ရန် လွယ်ကူလေလေဖြစ်ပြီး စိတ်ကူးယဉ်လေလေ ပိုလေးစားလေလေဖြစ်ကာ ပိုလေးစားလေလေ ပိုသစ္စာရှိလေလေပင်။

ရုတ်ချည်းဆိုသလိုပင် ချန်ချင်းသည် နဂါးခေါင်းပေါ်မှ ခုန်ချလိုက်သည်။

ငရဲကိုးထပ် မသေမျိုးနဂါးသည်လည်း သူ၏ နဂါးခေါင်းကို တိမ်များနှင့်မြူခိုးများထဲတွင် ဖြည်းညင်းစွာ ပုန်းကွယ်သွားတော့သည်။ ထို့နောက် တိမ်များ ပြယ်လွင့်သွားကာ အပြာရောင် ကောင်းကင်ကြီးကို ဖော်ပြနေပြီး တောက်ပသော နေမင်းကြီးက လောကကြီးကို တဖန်ပြန်၍ လင်းလက်စေခဲ့သည်။

"ဇနီးလေး... မင်း တံခါးပိတ်ကျင့်ကြံခြင်းကနေ ဒီလောက်မြန်မြန် ထွက်လာတာလား..."

ချန်ချင်းသည် ရှားချင်းယွဲ့၏ရှေ့သို့ ရောက်လာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"မင်းရဲ့ ကျင့်ကြံခြင်းက ချောမွေ့ရဲ့လား..."

"အင်း... ကျွန်မ 'ပြိုင်ဘက်ကင်း ကြာပန်းကိုးပွင့် ကျမ်းစာ' ရဲ့ ကျင့်ကြံနည်းစနစ် အားလုံးကို မှတ်သားပြီး ပထမအဆင့်အထိ ကျင့်ကြံပြီးသွားပြီ..."

ရှားချင်းယွဲ့က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"ငါ ချန်ချင်းရဲ့ ဇနီး ပီသပါပေတယ်... ဒီကျင့်ကြံခြင်း အမြန်နှုန်းက တကယ်ကို ပါရမီရှင်ဆန်တယ်... အံ့သြစရာပဲ...တကယ့်ကို အံ့သြစရာပဲ..."

ချန်ချင်းက ချီးကျူးလိုက်သည်။

"ပါရမီရှင်တွေ အကြောင်း ပြောရရင်... ဒီလောကမှာ ခင်ပွန်းကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ မရှိလောက်ဘူးထင်တယ်..."

အစောပိုင်းက အရာအားလုံးကို သူမကိုယ်တိုင် တွေ့ကြုံခဲ့ရပြီးနောက် ချန်ချင်း၏ရှေ့တွင် ရှားချင်းယွဲ့သည် သူမကိုယ်သူမ ပါရမီရှင် သို့မဟုတ် ဉာဏ်ကြီးရှင် တစ်ဦးဟု သုံးနှုန်းရန် အမှန်တကယ်ကို ယုံကြည်မှု မရှိတော့ချေ။

ထိုနောက်တွင်…

မဟာအကြီးအကဲ လီစီဖန်၏ အသံသည် သူမ၏နံ ဘေးမှ ထွက်ပေါ်လာခဲ့လေ၏။

"ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်သပါတယ်..."

ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ အသံကြားရာသို့ လှည့်ကြည့်လိုက်ကြ၏။

သူ၏ ဖခင် ချန်ရှုံး၏ မျက်နှာကို လေးစားသောအားဖြင့် တစ်ဖက်လူကို "ဦးလေး" ဟု ချန်ချင်း မခေါ်ရသေးမီမှာပင်...

ချင်းချန်ဂိုဏ်း၏ဂိုဏ်းချုပ် လျှူဝူသည် ဒူးထောက်ကျသွားပြီး လက်များကို မြေကြီးပေါ်ထောက်ကာ ခေါင်းငုံ့၍ ပြောလိုက်သည်။

"ချင်းချန်ဂိုဏ်း ဂိုဏ်းချုပ် လျှူဝူက မိုးကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်း ပြုလုပ်ပြီးတော့ ချင်းချန်ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီး သခင်လေးကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်..."

ချန်ချင်းသည် ဤအရာအတွက် အံ့အားသင့်မသွားခဲ့သည့်အပြင် သူ၏ဖခင်နှင့် ဆက်ဆံရေးကြောင့် လျှူဝူကို တမင်သက်သက် ယဉ်ကျေးပျူငှာနေရန် အစီအစဉ် မရှိချေ။

သူသည် လျှူဝူ ပြုလုပ်သော မိုးကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်း ကို အသိအမှတ်ပြုလိုက်ပြီး သခင်ကျေးကျွန် စာချုပ်ကို တရားဝင် ပြုလုပ်လိုက်၏။

"လျှူဝူက သခင်ကို နှုတ်ခွန်းဆက်သပါတယ်..."

"ဦးလေး... ထပါ..."

ချန်ချင်းသည် ရှေ့သို့လျှောက်လှမ်းကာ လျှူဝူကို မတ်တတ်ထရန် ကူညီပေးလိုက်သည်။

ရှားချင်းယွဲ့သည် ဤမြင်ကွင်းကို နံဘေးမှ ကြည့်နေခဲ့ပြီး လျှူဝူသည် ချန်ချင်းကို အညံ့ခံပြီး လက်အောက်ခံမည့် နောက်ဆုံးလူ သေချာပေါက် ဖြစ်မည်မဟုတ်ဟု သူမ အမြဲတစေ ခံစားနေရပေသည်။

ယခုအချိန်၌ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် တခြားသော အင်အားစုကြီးကြီးငယ်ငယ်များကို ထိန်းချုပ်ထားသော ချန်ချင်းသည် မေးခွန်းထုတ်စရာ မလိုဘဲ မဟာဝူ နယ်မြေ၏ ဧကရာဇ်အစစ်အမှန် ဖြစ်နေလေပြီ။ သူ၏ အဆင့်အတန်းကို သက်သေပြရန်အတွက် ပလ္လင်တစ်ခု မလိုအပ်တော့ကြောင်း သူမ ခိုင်မာစွာ ယုံကြည်ထားလေ၏။

ယဉ်ကျေးပျူငှာမှုအရ စကားတချို့ ပြာဆိုပြီးနောက် ချန်ချင်းသည် ချင်းချန်ဂိုဏ်း၏ ဆေးဖော်စပ်ရေး အခန်းကို ငှားလိုကြောင်း လျှူဝူကို ပြောလိုက်သည်။

"သေချာပေါက် ရတာပေါ့... ပြဿနာ မရှိပါဘူး... ဒီချင်းချန်ဂိုဏ်းမှာရှိတဲ့ အရာအားလုံးကို သခင့်က စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်... တကယ်လို့ ဆေးလုံးတွေ လိုအပ်ရင်... သခင့်ကို လာပို့ဖို့ တစ်ယောက်ယောက်ကို ချက်ချင်းအမိန့်ပေးလိုက်ပါ့မယ်... သခင်ကိုယ်တိုင် သွားစရာ မလိုပါဘူး..."

ချန်ချင်းက ခေါင်းခါပြီး ရှင်းပြလိုက်သည်။

"ငါ ဆေးလုံးတွေ မလိုချင်ပါဘူး... ငါကိုယ်တိုင် ဆေးဖော်စပ်ဖို့ စမ်းကြည့်ချင်လို့ပါ..."

"အော်... ဒီလိုကိုး... သခင်... ဒီဘက်ကို ကြွပါ..."

ချန်ချင်း၏ရည်ရွယ်ချက်ကို သိရှိပြီးနောက် လျှူဝူက စကားများများ ဆက်မပြောတော့ဘဲ လမ်းပြလိုက်သည်။

"ရှင်က ဆေးလည်း ဖော်စပ်တတ်တာလား..."

ချန်ချင်း၏နံဘေးတွင် လမ်းလျှောက်နေသော ရှားချင်းယွဲ့က သိချင်စိတ်ဖြင့် မေးလိုက်၏။

သူမ၏အမြင်တွင် သို့မဟုတ် လူအများ၏ အမြင်တွင် လူတစ်ယောက်သည် ပါရမီတစ်ခုကို ကျွမ်းကျင်ရန်ပင် အလွန်ရှားပါးလှသည်။

အကယ်၍ ရှားချင်းယွဲ့ မှတ်မိသည်မှာ မှန်ကန်ပါက ချန်ချင်း လက်ရှိပိုင်ဆိုင်ထားသော ပါရမီများတွင် သိုင်းပညာကျင့်ကြံခြင်း နှင့် ဝင်္ကပါသာမက သားရဲယဉ်ပါးစေခြင်းနှင့် ရုပ်သေးရုပ်များကို ထိန်းချုပ်ခြင်းပင် ပါဝင်သည်။

ယခုအချိန်၌ သူသည် ဆေးဖော်စပ်ခြင်းကို နောက်ထပ် ပါရမီတစ်ခုအနေဖြင့် ပေါင်းထည့်တော့ပေမည်။

သူသည် ဤမျှထိ ပါရမီရှိနေသလော...

ရှားချင်းယွဲ့သည် ကျင့်ကြံသူတစ်ဦးအဖြစ် ဆက်လက် ရပ်တည်ရန် ယုံကြည်မှုသည် ပျောက်ဆုံးလုနီးပါး ဖြစ်နေလေပြီ။

သို့သော် ချန်ချင်းကမူ အမှန်အတိုင်း ပြောလိုက်သည်။

"ပထမဆုံးအကြိမ်ပါ... ငါ အရင်က တစ်ခါမှ ဆေးမဖော်စပ်ဖူးပါဘူး..."

"အဲ့လိုလား..."

ချန်ချင်း၏ အဖြေကို ကြားသောအခါ ရှားချင်းယွဲ့သည် သူက ဆေးဖော်စပ်ခြင်းတွင် ပါရမီ ရှိမရှိ စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။

ချန်ချင်း ပြောခဲ့သောအရာမှာ တကယ်ပင် မှန်ကန်ကြောင်း သူမ မသိခဲ့ချေ။ ဤမတိုင်မီက သူ တစ်ခါမျှ ဆေးမဖော်စပ်ဖူးသော်လည်း သူသည် အမှန်အားဖြင့် စစ်မှန်သော နဝမအဆင့် ဆေးပညာရှင်တစ်ဦးပင်။

All Chapters