← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) ခင်ပွန်း... ကျေးဇူးပြုပြီး မျက်လုံးမှိတ်ထားပေးပါ

"ဇနီးလေး... ငါ့ကို အနမ်းလေး တစ်ပွင့်လောက် ပေးနိုင်မလား မသိဘူး..."

ချန်ချင်းသည် စကားကို လှည့်ပတ်ပြောမနေသည့်အပြင် အရာအားလုံးကို တစ်ကြိမ်တည်းဖြင့် ပြီးမြောက်ရန်လည်း အလျင်မလိုချေ။

သာမန် အမျိုးသမီးများအတွက် အဆင်ပြေနိုင်သော်လည်း ဗီလိန်တစ်ယောက်အနေဖြင့် ကောင်းကင်အမိန့်တော် ဧကရီကို သိမ်းပိုက်ရန် တစ်ဆင့်ချင်းစီ လုပ်ဆောင်ရပေမည်။

ဤအစပြုမှု ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် အနာဂတ်တွင် ကိစ္စများစွာသည် ပို၍လွယ်ကူလာပေမည်။

ဤသည်မှာ ရှေးဆိုရိုးစကားအတိုင်းပင်။ တစ်ကြိမ်ရှိလျှင် နှစ်ကြိမ်ရှိလာပြီး နှစ်ကြိမ်ရှိလျှင် သုံးကြိမ်ရှိလာနိုင်သည်။

"အနမ်း... ကျွန်မကို နမ်းခိုင်းတာလား..."

ရှားချင်းယွဲ့၏ လှပသော မျက်လုံးများ တောက်ပသွားပြီး သူမ၏စိတ်အတွင်းမှ ရှက်ရွံ့မှုကို ဖုံးကွယ်ထား၍ မရနိုင်ခဲ့ချေ။

ဤသည်မှာ ချန်ချင်းက ထိုကဲ့သို့ တောင်းဆိုမှုမျိုး လုပ်မည်ဟု သူမ ထင်မှတ်မထားခဲ့၍ မဟုတ်ချေ။

မှည့်နေသော သစ်သီးတစ်လုံးကဲ့သို့ နီရဲနေပြီး ညင်သာစွာ ညှစ်လိုက်ရုံဖြင့် အရည်များ ထွက်လာနိုင်သည်ဟု ခံစားရသော ရှားချင်းယွဲ့၏ မျက်နှာကို ချန်ချင်း မြင်လိုက်ရလေ၏။

ဤသေးငယ်သော တောင်းဆိုမှုက အနည်းငယ် မြန်လွန်းနေသေးသလားဟု သူ တွေးတောနေစဉ်မှာပင် ရှားချင်းယွဲ့၏အသံသည် ပိုးကြိုးမျှင်လေးအလား နူးညံ့ညင်သာစွာ ထွက်ပေါ်လာသည်။

"ရှင်... ရှင် မျက်လုံးမှိတ်ထားလိုက်..."

'တကယ်ကြီး ဖြစ်လာပြီ...'

"ဇနီးလေးရဲ့အမိန့်အတိုင်းပါ..."

ချန်ချင်းက ပြန်ဖြေလိုက်ပြီး နေရာတွင် မတ်တတ်ရပ်ကာ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။

နောက်ထပ်တခဏအကြာတွင် သူ၏ ညာဘက်ပါးပြင်ပေါ်သို့ နူးညံ့သော အထိအတွေ့တစ်ခု ကျရောက်လာသည်ကို ချန်ချင်း ခံစားလိုက်ရသည်။

"ပြီး... ပြီးသွားပြီ..."

ရှားချင်းယွဲ့၏အသံမှာ ယခင်ကထက် ပို၍ပင် တိုးညှင်းသွားသည်။

ချန်ချင်း မျက်လုံးများကို ဖွင့်လိုက်ပြီး ရှားချင်းယွဲ့ ယခုလေးတင် နမ်းသွားသော နေရာကို သူ၏လက်ချောင်းဖြင့်ဖိကာ ပြောလိုက်၏။

"ငါထင်တာက..."

"ခင်ပွန်းက ဘာကို ထင်တာလဲ..."

"ဘာမှမဟုတ်ပါဘူး..."

ရှားချင်းယွဲ့၏ ရှက်ရွံ့ပြီး ရှောင်ဖယ်နေသော အကြည့်ကို ကြည့်ကာ သူ၏ပါးကို နမ်းရန်ပင် သူမအတွက် ကြီးမားသော သတ္တိကို အသုံးပြုခဲ့ရကြောင်း ချန်ချင်း သိလိုက်သည်။ သူမအား သူာနှုတ်ခမ်းကို နမ်းရန် တောင်းဆိုခြင်းက သူမကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေပြီး စကားမပြောနိုင်အောင် ဖြစ်သွားစေမည် သို့မဟုတ် နေရာတွင်ပင် အေးခဲတောင့်တင်းသွားစေမည်မှာ သေချာပေ၏။

ရှားချင်းယွဲ့အတွက်မူ ချန်ချင်းက ပွင့်ပွင့်လင်းလင်း မပြောခဲ့သော်လည်း သူ ပြောချင်သော အဓိပ္ပာယ်ကို သူမ နားလည်ပြီး ဖြစ်သည်။

ငါ ဒါကို လျစ်လျူရှုထားလိုက်ရမလား...

ယခုအချိန်တွင် ရှားချင်းယွဲ့သည် အလွန်အမင်း ရှက်ရွံ့နေပြီး ချန်ချင်းကလည်း ပွင့်ပွင့်လင်းလင်း မပြောခဲ့သဖြင့် သူမသည် ထိုသို့ လုပ်ဆောင်ရန် မလိုအပ်ချေ။

သို့သော် ချန်ချင်းသည် ယခုအချိန်ထိ သူမ၏ ခံစားချက်များကို စာနာပြီး ဂရုစိုက်နေကာ သူမကို သူစိမ်းတစ်ယောက်ကဲ့သို့ မဆက်ဆံကြောင်း ပြသသည့် ကြီးမားသော လက်ဆောင်များနှင့် ပေါင်းစပ်လိုက်သောအခါ ရှားချင်းယွဲ့သည် ပြင်းထန်သော အပြစ်ရှိစိတ်ကို ခံစားလိုက်ရလေ၏။

ဤအရာကို သဘောပေါက်သောအခါ ရှားချင်းယွဲ့သည် သူ၏ပါးကို နမ်းရုံသက်သက်မှာ ကလေးဆန်လွန်းသည်ဟုလည်း ခံစားလိုက်ရသည်။

ထို့ပြင် သူမနှင့်သူသည် ဇနီးမောင်နှံ ဖြစ်နေသည် မဟုတ်လော...

'ဟုတ်တယ်... သူနဲ့ ငါက ဇနီးမောင်နှံတွေပဲ... နှုတ်ခမ်းချင်း နမ်းတာက ဇနီးမောင်နှံတွေအတွက် အရမ်းကို ပုံမှန်ဆန်တဲ့ ကိစ္စတစ်ခုပဲ... ဒါက သဘာဝကျရမယ့် အရာပဲ... ရှက်စရာ ဘာမှ မရှိဘူး...'

ရှားချင်းယွဲ့သည် သူမကိုယ်သူမ ယုံကြည်လက်ခံနိုင်စေရန် အချက်တစ်ချက်ကို ရှာတွေ့သွားခဲ့လေ၏။

"ခင်ပွန်း... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မျက်လုံး ပြန်မှိတ်ထားပေးပါ..."

'ပြန်မှိတ်ရမယ်...'

မြင့်မြတ်ခန္ဓာကိုယ် ဆုလာဘ်ကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို ခေါ်ယူတော့မည့် ချန်ချင်းသည် ရှားချင်းယွဲ့ထံမှ ဤစကားများကို ကြားလိုက်ရပြီးနောက် သူ ဇဝေဇဝါမဖြစ်ဘဲ မနေနိုင်တော့ချေ။

"ကောင်းပါပြီ..."

သူ မစဉ်းစားနိုင်မီမှာပင် ရှားချင်းယွဲ့၏ ညွှန်ကြားချက်အတိုင်း သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဤတစ်ကြိမ်တွင် ထိုအကျွမ်းတဝင်ရှိသော နူးညံ့မှုသည် သူ၏နှုတ်ခမ်းဆီမှ ထွက်ပေါ်လာခဲ့ပေ၏။

ချန်ချင်းက မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာ ထင်ဟပ်နေကာ တီးတိုးခေါ်လိုက်သည်။

"ဇနီးလေး..."

"အချိန်လွန်နေပြီ... မြန်မြန် ပြန်ကြရအောင်..."

ရှားချင်းယွဲ့သည် လက်ကို မြှောက်လိုက်ပြီး သူမ၏ အသံ အနည်းငယ် တုန်ယင်နေကာ ချန်ချင်း၏ စကားများကို ကြားဖြတ်ပြောဆိုလိုက်သည်။

အကယ်၍ သူတို့ ဤအကြောင်းအရာကို ဆက်ပြောနေမည်ဆိုပါက သူမ တည်ငြိမ်သွားသည်အထိ ပုန်းအောင်းရန် နေရာတစ်ခု အမှန်တကယ် ရှာရလိမ့်မည်ဟု သူမ ခံစားမိပေ၏။

မြေကြီးထဲမှာ အက်ကွဲကြောင်း မရှိဘူးလား... ဒါဆို ငါ တူးလိုက်မယ်လေ...

ယခုအချိန်၌ ကျင့်ကြံသူတစ်ဦးဖြစ်လာပြီဖြစ်သော သူမအတွက် ထိုကဲ့သို့ အရာမျိုးကို လုပ်ဆောင်ရန် မခက်ခဲချေ။

ရှားချင်းယွဲ့၏ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော အသွင်အပြင်ကို ကြည့်ရင်း ချန်ချင်းသည် ဤကဲ့သို့ အမျိုးသမီးတစ်ဦးနှင့်အတူ လောကကြီးကို စွန့်စားသွားလာပြီး သာယာဝပြောသော အနာဂတ်ဆီသို့ အတူတကွ လျှောက်လှမ်းခြင်းကလည်း ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်ဟု ရုတ်တရက် ခံစားမိလေ၏။

"သွားမလို့လား... မင်းတို့ သွားလို့ မရဘူး..."

ချန်ချင်း ပါးစပ်ဖွင့်ဟပြီး စကားတစ်ခွန်းမျှ မပြောနိုင်မီ တခြားသူများ၏အသံများ နံဘေးမှ ထွက်ပေါ်လာခဲ့သည်။

ရှားချင်းယွဲ့ အလျှင်အမြန် တည်ငြိမ်သွားပြီး သူမ၏ မျက်လုံးများတွင် အေးစက်မှုအနည်းငယ် အစားထိုး ဝင်ရောက်လာသည်။

အသံလာရာသို့ ကြည့်လိုက်ရာ လေ့ကျင့်ရေးဝတ်စုံများ ဝတ်ဆင်ထားသော ဂိုဏ်းတပည့် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ဓားများနှင့် ဆေဘာဓာများကို ကိုင်ဆောင်ကာ သစ်ပင်များ၏နောက်မှ ထွက်လာကြသည်။

"အလှလေး... မင်း ခုဏက သုံးခဲ့တဲ့ ကျင့်ကြံနည်းစနစ်ကို လိမ်လိမ်မာမာနဲ့ လွှဲပေးလိုက်... ပြီးတော့ ဒီသခင်လေးကို ကျွန်တံဆိပ် ခတ်ခွင့်ပေးရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်..."

ခေါင်းဆောင်ဖြစ်သူက ပြောလိုက်ပြီး ရှားချင်းယွဲ့ထက် ပို၍မြင့်မားသော သူ၏ ရွှေအမြုတေနယ်ပယ် ဖိအားကို ပြသရန် မမေ့လျော့ခဲ့ချေ။

ရှားချင်းယွဲ့တွင် အခြေခံတည်ဆောက်ခြင်းနယ်ပယ် အထွတ်အထိပ် စွမ်းအားသာ ရှိသည်ကို သူ တွေ့မြင်ခဲ့ရသည်။ ထိုအရာကို သူတို့၏ အရေအတွက် အားသာချက်နှင့် ပေါင်းစပ်လိုက်ချိန်၌ ရှားချင်းယွဲ့ ပိုင်ဆိုင်ထားသော မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်ကို သူ တပ်မက်ဝံ့ခြင်း ဖြစ်လေ၏။

ချန်ချင်းအတွက်ကမူ...

နတ်ဆိုးသားရဲကို ရင်ဆိုင်ရာတွင် အသက်ရှင်သန်ရန် အမျိုးသမီးတစ်ဦး၏နောက်တွင်သာ ပုန်းအောင်းနေနိုင်သော အားနည်းသူ တစ်ဦးသည် သူ၏ အာရုံစိုက်မှုကို ခံယူရန် မထိုက်တန်ချေ။

သူ၏ နတ်ဘုရားစိတ်အာရုံ လွှမ်းခြုံမှုအောက်တွင် ချန်ချင်းသည် ဤလူစုကို ကြိုတင်တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့ရာတွင် သူတို့သည် လမ်းဖြတ်သွားရုံသာမက သူ၏အမျိုးသမီးကိုပင် တပ်မက်ရဲလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

သူ လက်ကို မြှောက်လိုက်သည်နှင့် ကျန်းဆယ်ဂဏန်းခန့်ကျယ်ဝန်းသော ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက် လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။ ထိုအရာ၏တည်ရှိမှု တစ်ခုတည်းကပင် ထိုဂိုဏ်းတပည့်များကို အသက်ရှူရ ခက်ခဲသွားစေပြီး သူတို့၏ ဒူးများသည် အမြှစ်တွယ်နေသကဲ့သို့ မြေကြီးနှင့် ထိသွားကြသည်။

"စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ်လား..."

တပည့်ခေါင်းဆောင်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ရုပ်ချောသော ကောင်လေးတစ်ယောက်ဟုသာ သူ ထင်မှတ်ထားခဲ့သူသည် အမှန်အားဖြင့် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ကျင့်ကြံခြင်းရှိသော ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝစိတ်ကူးမယဉ်ခဲ့ဖူးချေ။

သူ အသက်ချမ်းသာပေးရန် တောင်းပန်လိုသော်လည်း သူ၏ခေါင်းပေါ်ရှိ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီး ပြုတ်ကျလာသည်ကို သူ မျက်မြင်တွေ့ရှိလိုက်ရလေ၏။

အရာအားလုံးသည် အလွန်လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့ပြီး သူတို့ကို အသက်ချမ်းသာပေးရန် တောင်းပန်ခွင့် သို့မဟုတ် ရှင်းပြခွင့် လုံးဝမပေးခဲ့ချေ။

လူတစ်စုလုံးသည် ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့်အတူ သုတ်သင်ခံလိုက်ရပြီး ထိုဧရာမလက်ဝါးပုံရိပ်ယောင်ကြီးအောက်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုနေရာတွင် ပေအနည်းငယ်နက်သော လက်ဝါးရာ တစ်ခုကို ချန်ထားရစ်ခဲ့သည်။

ရှားချင်းယွဲ့သည် နံဘေးတွင်ရပ်ကာ ထိုမြင်ကွင်းကို ငုံ့ကြည့်နေပြီး ချန်ချင်း၏စွမ်းအားကြောင့် အံ့အားသင့်နေခဲ့လေ၏။ သူ၏ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုက ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှုကို ဖြစ်ပေါ်စေနိုင်ခဲ့သည်။

ချန်ချင်းအပေါ်ထားရှိသော သူမ၏အကြည့်တွင် လေးစားမှု အရိပ်အယောင် အနည်းငယ်ပို၍ ပါဝင်လာသည်။

သူရဲကောင်းများသည် မိန်းမလှများအပေါ် အားနည်းချက် ရှိတတ်သည်ဟု ဆိုကြသော်လည်း 'သူရဲကောင်း' နှင့် 'မိန်းမလှလေး' နေရာကို လဲလှယ်လိုက်လျှင်လည်း ပြဿနာမရှိနိုင်ဟု ရှားချင်းယွဲ့က တိတ်တဆိတ် တွေးတောလိုက်မိသည်။

ထို့နောက် စေလွှတ်လိုက်သော အရိပ်ရုပ်သေးရုပ်သည် ချန်ချင်း၏အရိပ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

ထိုအရိပ်ရုပ်သေးရုပ်သည် ဒူးထောက်နေသည့် အနေအထားဖြင့် ထွက်ပေါ်လာပြီး သိုလှောင်အိတ် ခုနစ်လုံးကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။

ချန်ချင်းသည် ရှားချင်းယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုကျပန်းအိတ်များကို သူမ ဖွင့်ချင်သလောဟု မေးလိုခဲ့သည်။

ရှားချင်းယွဲ့က ခေါင်းကို အဆက်မပြတ် ခါယမ်းပြနေပြီး သူမ၏က ခါးခါးသီးသီး ငြင်းဆန်ကြောင်း ပြသနေပေ၏။

လွန်ခဲ့သည့်အကြိမ်က သိုလှောင်အိတ်ဖွင့်စဉ်တွင် ရခဲ့သော စိတ်ပိုင်းဒဏ်ရာကို သူမ မမေ့သေးကြောင်း ချန်ချင်း သိလိုက်သည်။

"ကောင်းပြီလေ... ငါပဲ ဖွင့်လိုက်မယ်..."

ချန်ချင်းက အတင်းအကြပ် မတောင်းဆိုတော့ချေ။

သူက လက်ကို အပေါ်သို့ ​မြှောက်လိုက်ရာ သိုလှောင်အိတ်ခုနစ်လုံးသည် လေထဲတွင် လွင့်မျောသွားပြီး အလိုအလျောက် ပွင့်သွားကြသ​ည်။ ဆေးလုံးများ၊ စိတ်ဝိညာဉ်ကျောက်တုံးများ၊ ကျောက်မျက်ရတနာများနှင့် လက်နက်များသည် ထိုအရာများထဲမှ လွင့်မျော၍ ထွက်ပေါ်လာသည်။

ဆေးလုံးများ၊ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ကျောက်မျက်ရတနာများနှင့်လက်နက်များသည် ချန်ချင်း ဂရုစိုက်မည့်အရာများ သေချာပေါက် မဟုတ်ချေ။

သို့သော် ထိုအရာများထဲမှ ပစ္စည်းတစ်ခုက သူ၏ စိတ်အာရုံကို ဖမ်းစားသွားသည်။

ဤှသည်မှာ မြေပုံတစ်ခုနှင့် တူညီသော သားရေစာလိပ်တစ်ခုပင်။

ချန်ချင်းက သူ၏လက်ကို မြှောက်လိုက်ရာ သားရေစာလိပ်သည် သူ၏ လက်ထဲသို့ အလိုအလျောက် ပျံသန်းလာခဲ့လေ၏။

သူ အနီရောင်ကြိုးကိုဖြည်ကာ သားရေစာလိပ်ကို ဖြန့်လိုက်သည်။

"ဒါက တကယ့်ကို မြေပုံတစ်ခုပဲ..."

"ထျန်းယွမ် လျှို့ဝှက်နယ်မြေ... နေရာကို ကြည့်ရတာ... ကျွန်မတို့ အခု ရောက်နေတဲ့နေရာနဲ့ အတိအကျ တူနေတဲ့ပုံပဲ..."

ရှားချင်းယွဲ့က ထိုအရာကို လေ့လာရန် ရှေ့သို့ချဥ်းကပ်လာပြီး ကောက်ချက်ချလိုက်သည်။

ထို့နောက် ချန်ချင်းသည် ဝက်ဝံဂူဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်၏။

"ဒီကောင်တွေ ဒီလိုနေရာမျိုးမှာ ထွက်ပေါ်လာတာ အံ့အားသင့်စရာ မရှိတော့ဘူး... လျှို့ဝှက်နယ်မြေအဝင်ဝက ဒီအင်မော်တယ်လှိုဏ်ဂူထဲမှာ ရှိနေတာကိုး..."

"ဇနီးလေး... ငါတို့ ဝင်ကြည့်ကြမလား..."

ချန်ချင်းက ဆုံးဖြတ်ချက်ကို ရှားချင်းယွဲ့ထံ လွှဲအပ်လိုက်သည်။

"လျှို့ဝှက်နယ်မြေတွေက ရှားပါးပြီးတော့ ကြီးမားတဲ့ အခွင့်အရေးတွေ ဖုံးကွယ်ထားလေ့ရှိတယ်... ဒီအခွင့်အရေးကို ကျွန်မတို့ လက်လွတ်ခံလို့ မဖြစ်ဘူး..."

ရှားချင်းယွဲ့၏ သဘောထားမှာ ရှင်းလင်းနေသည်။ သူမ၏ရှေ့တွင် ထွက်ပေါ်လာသော ဤအခွင့်အရေးကြီးကို သူမ အလဟဿ မဖြစ်စေလိုပေ။

"ကောင်းပြီ... ဒါဆိုရင် နောက်ထပ် အချိန်မဆွဲတော့ဘဲ မြန်မြန်သွားကြစို့... ထပ်ပြီးအနှောင့်အယှက် ပေးခံရမှာကို စိုးရိမ်မိတယ်..."

ချန်ချင်းသည် ယခင်က လျှို့ဝှက်နယ်မြေ တစ်ခုသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသဖြင့် ဤထျန်းယွမ် လျှို့ဝှက်နယ်မြေဟုခေါ်သော အရာတွင် မည်သည့်အရာများ ရှိနေသည်ကို သိလိုပေ၏။

"ကောင်းပြီလေ..."

ရှားချင်းယွဲ့က သဘောတူပြီး သူတို့နှစ်ဦးသည် အင်မော်တယ်လှိုဏ်ဂူ၏ အတွင်းပိုင်းဆီသို့ အတူတကွ လျှောက်သွားကြကာ သူတို့၏ ပုံရိပ်များသည် အမှောင်ထုထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ဂူထဲတွင် အလင်းရောင် မရှိသည့်တိုင် သူတို့၏ နတ်ဘုရားစိတ်အာရုံကို အားကိုးကာ လွတ်လပ်စွာ သွားလာနိုင်ကြသည်။

မကြာမီ သူတို့သည် အင်မော်တယ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာ၌ ရှေ့ဆက်ရန် လမ်းမရှိတော့ဘဲ တိတ်တဆိတ် ရပ်တည်နေသော အနက်ရောင် ကျောက်တိုင်တစ်ခုသာ ရှိနေသည်။

All Chapters