← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) ကူးပြောင်းရေး တံခါးမှတစ်ဆင့် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း

ချန်ချင်းသည် သူ၏ဓမ္မမျက်လုံးဖြင့် အနက်ရောင် ကျောက်တိုင်ကြီးတွင် ရေးထွင်းထားသော ကူးပြောင်းရေးဝင်္ကပါတစ်ခုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

သူသည် ဆံချည်မျှင်ကဲ့သို့သေးငယ်သော စိတ်ဝိညာဉ် စွမ်းအားတစ်မျှင်ကို ထုတ်လွှတ်ပြီး ဝင်္ကပါကို အသက်သွင်းလိုက်ရာ တောက်ပသော အပြာရောင်အလင်းဖြင့် လင်းလက်နေသည့် ဝင်္ကပါပုံစံတစ်ခု ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် လည်ပတ်နေသော ကူးပြောင်းရေးတံခါးတစ်ချပ် ပွင့်လာသည်။

"တံခါးထဲ ဝင်သွားရင် ထျန်းယွမ်လျှို့ဝှက်နယ်မြေကို ရောက်သွားလိမ့်မယ်..."

ချန်ချင်းက ရှင်းပြလိုက်၏။

"ဟူး..."

ရှားချင်းယွဲ့က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူမ၏မျက်လုံးများဖြင့် ချန်ချင်းအပေါ် ပြတ်သားစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။

"ခင်ပွန်း... ကျွန်မ အသင့်ဖြစ်ပါပြီ..."

ချန်ချင်း လက်ကမ်းပေးသည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် နားလည်ပြီး သူမ၏လက်ကို သူ၏ လက်ပေါ်သို့ တင်လိုက်၏။

ချန်ချင်း၏လက်ချောင်းငါးချောင်းက ရှားချင်းယွဲ့၏ လက်ချောင်းများကြားမှတစ်ဆင့် ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ရှားချင်းယွဲ့သည်လည်း ရှက်နေသော်လည်း လိုက်ပါလုပ်ဆောင်ကာ သူမ၏လက်ချောင်းများကို ချန်ချင်း၏ လက်ချောင်းများနှင့် တင်းကျပ်စွာ ယှက်နွယ်ထားလေသည်။

ထိုနောက် သူတို့နှစ်ဦးသည် ကူးပြောင်းရေးတံခါးထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် တခြား ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားကြ၏။

ထိုနေရာသည်လည်း တောင်ပေါ်သစ်တောတစ်ခု၏ အနက်ရှိုင်းဆုံး အပိုင်းတွင် တည်ရှိနေသည်။

ကွာခြားချက်မှာ ဤနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ပြင်ပကမ္ဘာထက် များစွာပို၍ ပေါကြွယ်ဝနေခြင်းပင်။

"ဒီလောက်ထိ သိပ်သည်းတဲ့ စိတ်ဝိညာဉ်စွမ်းအင် တွေ..."

ရှားချင်းယွဲ့ကလည်း ထိုအချက်ကို ရှင်းလင်းစွာ သတိပြုမိသွားသည်။

"ဒီမှာ ကျင့်ကြံတာက ကျွန်မရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို သိသိသာသာ တိုးတက်စေမယ်လို့ ခံစားရတယ်..."

"ငါတို့ အရင်ဆုံး အခွင့်အရေး တစ်ခု ရှာကြတာပေါ့... အဲ့ဒါကို ရှာတွေ့ပြီးမှ ကျင့်ကြံရင်လည်း သိပ်နောက်ကျမှာ မဟုတ်ပါဘူး..."

ချန်ချင်းက သူ၏အစီအစဉ်ကို ပြောပြလေသည်။

"ခင်ပွန်းရဲ့သဘောပါပဲ..."

မရင်းနှီးသော ပတ်ဝန်းကျင်တစ်ခုတွင် စွမ်းအားကြီးသူ၏ စကားကို နားထောင်ခြင်းက အမြဲတစေ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ရှားချင်းယွဲ့ ကောင်းစွာ သိရှိထားသည်။

သူတို့ စူးစမ်းရှာဖွေနေစဉ် ချန်ချင်းသည် သူ၏ နတ်ဘုရားစိတ်အာရုံ အတိုင်းအတာကို အမြင့်ဆုံးအထိ ချဲ့ထွင်ထားပြီး လေတိုက်သံ သို့မဟုတ် မြက်ပင်လှုပ်သံ အနည်းငယ်မျှပင် သူ၏ ဓမ္မမျက်လုံးမှ မလွတ်ကင်းနိုင်စေရန် သေချာစေခဲ့သည်။

ပတ်ဝန်းကျင်တွင် အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် ချန်ချင်းက စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်သည်။ အနီရောင်အစက်တစ်ခုက ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်ကို မတောင်းခံရသေးကြောင်း သူ့ကို အဆက်မပြတ် သတိပေးနေပေ၏။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဉာဏ်အလင်းပွင့်ခြင်း အရေအတွက် ၁၀ကြိမ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ဉာဏ်အလင်းပွင့်ခြင်း အကြိမ်အရေအတွက်...

ချန်ချင်းသည် ဉာဏ်အလင်းပွင့်ခြင်း၏ သဘောတရားကို သိရှိထားသော်လည်း စနစ်၏ ဉာဏ်အလင်းပွင့်ခြင်းသည် သူ နားလည်ထားသောအရာနှင့် တူညီမှု ရှိမရှိ မသေချာချေ။

အသေးစိတ် ဖော်ပြချက်ကို စစ်ဆေးပြီးနောက် ဤဉာဏ်အလင်းပွင့်ခြင်း အကြိမ်အရေအတွက်သည် မည်မျှထိ မယုံနိုင်စရာကောင်းကြောင်း သူ နားလည်သဘောပေါက်သွားသည်။

ထိုအရာကို တစ်ကြိမ် အသုံးပြုခြင်းဖြင့် မည်သည့်အဆင့် ကျင့်ကြံနည်းစနစ်ကိုမဆို ပြီးပြည့်စုံခြင်းနယ်ပယ်အထိ ချက်ချင်းကျင့်ကြံနိုင်ရုံသာမက နယ်ပယ်များကို အလွယ်တကူ ချိုးဖောက်ဝင်ရောက်နိုင်ပြီး အတားအဆီးများကိုပင် ကျော်လွှားနိုင်သည်။ ထို့ပြင် ထိုအရာကို သူ၏အခြေအနေပေါ် မူတည်၍ သူ့အတွက် သီးသန့်ကျင့်ကြံနည်းစနစ်ကို ဖန်တီးရန်ပင် အသုံးပြုနိုင်ပြီး အကန့်အသတ်မဲ့သော အသုံးပြုမှုနည်းလမ်းများ ရှိလေ၏။

ထိုအရာသည် အရေးကြီးသော အခိုက်အတန့်များတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

သူ ဆက်လက်၍ စစ်ဆေးကြည့်လိုက်သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် လူသားဧကရာဇ်လှံတစ်လက်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

'ကောင်းကင်အဆင့်... ပြီးတော့ ထိပ်တန်းနတ်ဘုရား လက်နက်...'

အရေးကြီးဆုံးမှာ ဤသည်က လှံတစ်လက် ဖြစ်ပြီး ယခင်က သူ အထွတ်အထိပ်အရိုးမှ ရရှိခဲ့သော အဖိုးတန် နည်းစနစ်ဖြစ်သည့် နဂါးတစ်သောင်း လှံနည်းစနစ်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေခြင်းပင်။

ချန်ချင်းသည် ဤဆုလာဘ် နှစ်ခုလုံးအတွက် အလွန်စိတ်ကျေနပ်နေခဲ့လေ၏။

သူက စနစ်မျက်နှာပြင်ကို ပိတ်လိုက်သည်။

ချန်ချင်း၏စိတ်အာရုံသည် တခြားအရာတစ်ခုဆီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထိုအရာမှာ ပတ်ဝန်းကျင်တွင် အရည်အသွေးမြင့်မားသော စိတ်ဝိညာဉ်ဆေးပင်များ အများအပြား ရှိနေခြင်းပင်။

အနိမ့်ဆုံးအဆင့်မှာ တတိယအဆင့်၌ ရှိနေသည်။

"အိုး ဘုရားရေ... လျှို့ဝှက်နယ်မြေဆိုတဲ့ နာမည်နဲ့ တကယ်ကို့ ထိုက်တန်တာပဲ... စိတ်ဝိညာဉ်ဆေးပင်တွေ ဒီလောက်ထိ အများကြီး ရှိနေတယ်..."

ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ တရားဝင်ခြေချပြီးနောက် ယခင်က ရှားချင်းယွဲ့၏ မျက်လုံးထဲတွင် ထူးခြားမှုမရှိဟု ထင်ရသော ဤသာမန်ပန်းများနှင့် အပင်များသည် ယခုအချိန်၌ စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့လေ၏။

"အမှန်ပဲ... ဒါက အရမ်းများတယ်..."

ချန်ချင်းက သဘောတူလိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အကြောင်းမသိသူတစ်ယောက်က ထိုအရာများကို ပေါင်းပင်များဟုပင် ထင်မှတ်သွားနိုင်သည်။

"ခင်ပွန်း... ကျွန်မတို့ မြန်မြန်ခွဲပြီး ရိတ်သိမ်းကြရအောင်... ဒါတွေနဲ့ဆိုရင် ရှင် ဆေးလုံးတွေ အများကြီး ဖော်စပ်နိုင်မှာပဲ..."

ရှားချင်းယွဲ့က အကြံပြုလိုက်သည်။

"အင်း..."

ချန်ချင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"ခင်ပွန်း... ရှင့်ရဲ့လက်..."

ရှားချင်းယွဲ့က ညင်သာသောလေသံဖြင့် သတိပေးလိုက်သည်။

'ငါ့ရဲ့လက်...'

သူမ ထိုသို့ ပြောသည်ကို ကြားချိန်မှသာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသည့် အချိန်မှစ၍ ယခုအထိ သူ၏လက်သည် ရှားချင်းယွဲ့၏ လက်နှင့် တင်းကျပ်စွာ ယှက်နွယ်နေဆဲ ဖြစ်ကြောင်း ချန်ချင်း သတိပြုမိသွားသည်။

"ဇနီးလေးရဲ့ လက်ကို ကိုင်ထားရတဲ့ အခွင့်အရေးမျိုးက ရခဲတယ်လေ... ငါ တကယ်ကို မလွှတ်ချင်ဘူး..."

ချန်ချင်းက သက်ပြင်းချလိုက်လေသည်။

"ဒီလောက်လဲ မဟုတ်ပါဘူး... ခင်ပွန်းက ကျွန်မရဲ့လက်ကို ကိုင်ချင်တယ်ဆိုရင် အချိန်မရွေး ကိုင်လို့ ရပါတယ်..."

ရှားချင်းယွဲ့က ချန်ချင်း၏စကားအတိုင်း အလိုက်သင့်ပြောဆိုလိုက်၏။

"သဘောတူတယ်..."

ချန်ချင်းက ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ အလွယ်တကူ သဘောတူလိုက်သည်။

ရှားချင်းယွဲ့သည် တစ်ခုခုမှားနေသည်ဟု ခံစားရသော်လည်း တိတိကျကျ မပြောပြတတ်သဖြင့် များစွာမတွေးတော့ဘဲ စိတ်ဝိညာဉ်ဆေးပင်များကို ရိတ်သိမ်းကာ သူမ၏သိုလှောင်လက်စွပ်ထဲသို့ တစ်ပင်ချင်းစီ ထည့်သွင်းခြင်းဖြင့် အလုပ်ရှုပ်နေရန် ဆုံးဖြတ်လိုက်၏။

ဤအရာကို မြင်သောအခါ ချန်ချင်းကလည်း ဝင်ရောက် ကူညီပေးလေသည်။

စိတ်ဝိညာဉ်ဆေးပင်များသည် အလွန်နူးညံ့သဖြင့် ဂရုစိုက်ကိုင်တွယ်ရပေမည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင်...

တာ့မန်တောင်တန်း၌....

"ဟူး..."

ယဲ့ဖုန်းသည် သူ၏လက်များကိုမြှောက်ကာ ဖြည်းညင်းစွာ ချလိုက်ပြီး သူ၏ချီပင်လယ်အတွင်းရှိ ချီများကို တည်ငြိမ်စေလိုက်သည်။

တစ်နေကုန် ကြိုးကြိုးစားစား ကျင့်ကြံပြီးနောက် သူ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ဟု ခံစားလိုက်ရသည်။

သူ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်ရာ နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်း အကြိမ်အရေအတွက် အသစ်ပြန်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဆုလာဘ်ကောင်းများရရှိရန် ဆုတောင်းလိုက်သည်။

သူ ဆုတောင်းနေစဉ် ထောင့်တစ်နေရာတွင် ပစ်ချထားသော 'နေကြာသိုင်းကျမ်း' ကို ရွံရှာစွာဖြင့် တစ်ချက် ကြည့်ရန် မမေ့လျော့ခဲ့ချေ။

ထို့နောက် သူက လက်ကို မြှောက်ကာ တက်ရောက်စာရင်းသွင်းရန် ခလုတ်ကို နှိပ်လိုက်၏။

【တက်ရောက်စာရင်းသွင်းခြင်းနေပါသည်...】

ယဲ့ဖုန်းက သူ၏မျက်လုံးများကို အလျှင်အမြန် မှိတ်ထားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ၏မျက်လုံးများကို သတိထား၍ ဖွင့်လိုက်ရာ စာကြောင်းတစ်ကြောင်းက သူ၏မျက်စိရှေ့တွင် တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်... သေမင်းတမန်တစ်ကောင်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

"သေမင်းတမန်..."

ယဲ့ဖုန်းသည် သေမင်းတမန် ဆိုသည်က မည်သည့်အရာ ဖြစ်သည်ကို သေချာပေါက် သိထားသည်။

သူက အတည်ပြုလိုစိတ်ဖြင့် အသေးစိတ် ဖော်ပြချက်ကိုကြည့်ရန် နှိပ်လိုက်၏။

ရလဒ်ကို မြင်လိုက်ရသောအခါ သူ ချက်ချင်းဆိုသလိုပင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ဝမ်းသာအားရ ပြောဆိုလိုက်သည်။

"စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ် ခွန်အားရှိတဲ့ သေမင်းတမန် တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထင်ထားခဲ့ဘူး... ကောင်းတယ်... အရမ်း ကောင်းတယ်... ငါ့ရဲ့ လက်ရှိ စွမ်းအားထက်တောင် ပိုပြီးအားကောင်းနေသေးတယ်..."

ယဲ့ဖုန်းသည် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ်ရှိသော ကျင့်ကြံသူတစ်ဦးသည် မဟာဝူနိုင်ငံတွင် မည်ကဲ့သို့ ဩဇာလွှမ်းမိုးမှုရှိသည်ကို ကောင်းစွာသိရှိထားသည်။ ဂိုဏ်းတချို့၏ဂိုဏ်းချုပ်များပင်လျှင် သူ ယခု ပိုင်ဆိုင်ထားသော သေမင်းတမန်လောက် အားမကောင်းနိုင်ချေ။

ဤအရာကို တွေးမိသောအခါ ယဲ့ဖုန်း၏အပြုံး ပို၍ပီပြင်ထင်ရှားသွားသည်။

"အရေအတွက်က နည်းနည်းလေး နည်းနေတာကတော့ နှမြောစရာပဲ... တကယ်လို့ ငါက ဒီလို သေမင်းတမန် ရာချီ ထောင်ချီပြီးတော့ တက်ရောက်စာရင်းသွင်းတာကနေ ရမယ်ဆိုရင်... ငါက ပြိုင်ဘက်ကင်း ဖြစ်မသွားဘူးလား... အနည်းဆုံးတော့ ငါက ထိပ်တန်းအင်အားစုတစ်ခုကို တည်ထောင်နိုင်လိမ့်မယ်..."

သူ၏ကျင့်ကြံခြင်းသည် တည်ငြိမ်စွာ တိုးတက်နေပြီး အမြင့်သို့ တက်လှမ်းနေကာ နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်းများမှတစ်ဆင့် ထူးခြားသော ဆုလာဘ်များကို ရရှိနေသည်။ ထိုကြောင့် ယဲ့ဖုန်းသည် သူ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာမည့်နေ့တွင် သူသည် လူတိုင်းကို အံ့အားသင့်သွားစေပြီး ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံးတွင် နာမည်ကျော်ကြားလာမည်ဟု သေချာပေါက် ခံစားမိပေ၏။

သူ၏ မဟာရန်သူဖြစ်သော ချန်ချင်းသည် ထိုကဲ့သို့သော သေမင်းတမန်နှစ်သောင်းကို ရရှိထားပြီးဖြစ်ကာ ပို၍သာများမည်ဖြစ်ပြီး နည်းမည်မဟုတ်ကြောင်းကိုတော့ သူ လုံးဝမသိခဲ့ချေ။

ယဲ့ဖုန်းသည် သူ့ကိုယ်သူ စိတ်ကျေနပ်နေပြီး မနက်ဖြန်တွင် မည်ကဲ့သို့ အားကောင်းသည့် ဆုလာဘ်မျိုး ရရှိနိုင်မည်ကို မျှော်လင့်ရင်း သူ၏ ကျင့်ကြံခြင်း အခြေအနေသို့ ပြန်လည်ဝင်ရောက်သွားသည်။

တခြားတစ်ဖက်၌...

ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် သူတို့ မြင်နိုင်သော စိတ်ဝိညာဉ်ဆေးပင်များအားလုံးကို ရိတ်သိမ်းပြီးဖြစ်သည်။

"ဟူး... ဒီလောက်ထိ အများကြီး ရှိနေလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး..."

ရှားချင်းယွဲ့သည် ယခုအချိန်၌ ကျင့်ကြံသူတစ်ဦးဖြစ်လာသည့်အတွက် ဝမ်းသာနေခဲ့သည်။ အကယ်၍ သူမတွင် ယခင်ကဲ့သို့ အားနည်းသော ခန္ဓာကိုယ်သာ ရှိနေသေးပါက သူမသည် အချိန်ကြာမြင့်စွာကတည်းက အသက်ရှူမဝဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေမည်မှာ သေချာပေါက်ပင်။

"မင်း ပင်ပန်းသွားပြီ ဇနီးလေး... လာ... ရေဓာတ် ပြန်ဖြည့်ဖို့ သစ်သီးတစ်လုံး စားလိုက်..."

ချန်ချင်းက သစ်တော်သီးပုံစံ သစ်သီးတစ်လုံးကို ကမ်းပေးလိုက်လေသည်။

"လှလိုက်တဲ့ သစ်သီးလေး..."

ရှားချင်းယွဲ့သည် ချန်ချင်းက ထိုအရာကို မည်သည့်နေရာမှ ရလာသည်အား ဂရုမစိုက်ပေ။ သူမက သစ်သီးကို နမ်းကြည့်လိုက်ရာ အလွန်မွှေးပျံ့နေသည်ကို တွေ့ရသဖြင့် တစ်ကိုက်ကိုက်စားလိုက်သည်။

ထိုသစ်သီးသည် ကြွပ်ရွပြီး ချိုမြိန်ကာ မကြီးမားသော်လည်း အရည်ရွှမ်းသည်။ ထိုအရာကို တစ်ကိုက်ကိုက်လိုက်သည်နှင့် သူမ၏ပါးစပ်ထဲတွင် အရည်များဖြင့် ပြည့်လျှံသွားပေ၏။

ရှားချင်းယွဲ့က အနည်းငယ်စီကိုက်၍ သစ်သီးတစ်လုံးလုံးကို ကုန်အောင် စားလိုက်သည်။

"နေအုံး... ဘာလို့ ကျွန်မ တစ်ခုခုကို ခံစားနေရတာလဲ..."

ရှားချင်းယွဲ့သည် ထိုခံစားချက်ကို မဖော်ပြတတ်ချေ။

မည်သို့ပင်ဖြစ်စေကာမူ ထိုသစ်သီးကို စားပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားလှိုင်းတစ်ခုက ပို၍အားကောင်းလာခဲ့သည်။

"ခင်ပွန်း... ဒါက ဘယ်လို သစ်သီးမျိုးလဲ..."

ရှားချင်းယွဲ့သည် သူမ၏ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်သည်။

"သက်ရှည်သစ်သီးပါ..."

ချန်ချင်းက ပြန်ဖြေလိုက်၏။

"သက်ရှည်သစ်သီး... ကျွန်မ ခန္ဓာကိုယ်ထဲမှာ တိုးလာတဲ့စွမ်းအင်တွေက သက်စောင့်စွမ်းအားတွေလား.."

ရှားချင်းယွဲ့ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

"အမှန်ပဲ..."

ချန်ချင်းက ခေါင်းညိတ်လိုက်သည်။

"ဒီသက်ရှည်သစ်သီးတစ်လုံးကို စားပြီးရင် မင်းရဲ့ သက်တမ်းကို နှစ်တစ်ရာ တိုးစေနိုင်တယ်..."

"တစ်လုံး စားတာနဲ့တင် သက်တမ်းကို နှစ်တစ်ရာ တိုးစေနိုင်တယ်လား..."

ရှားချင်းယွဲ့၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။

မရေမတွက်နိုင်သောလူများ သူတို့၏ တသက်တာလုံး ရှာဖွေခဲ့ကြသော အသက်ရှည်ခြင်းနည်းလမ်းကို သစ်သီးတစ်လုံးတည်းဖြင့် လွယ်လင့်တကူ ရရှိနိုင်သည်။

ဤသည်မှာ ရှားချင်းယွဲ့ ယခင်က ထင်မှတ်မထားခဲ့သော အရာပင်။

"ခင်ပွန်း... ဘာလို့ စောစောက မပြောတာလဲ... ဒီလို အဖိုးတန်တဲ့ ပစ္စည်းကို ရေငတ်ပြေဖို့ ဘယ်လိုလုပ်ပြီး သုံးနိုင်မှာလဲ..."

ရှားချင်းယွဲ့က ရုတ်တရက် တုံ့ပြန်လိုက်သည်။

"တကယ်တော့ ဒါက အဲ့ဒီလောက်ကြီးလည်း တန်ဖိုးမကြီးပါဘူး... တကယ်လို့ ငါ့ရဲ့ဇနီးလေးက ရေငတ်တယ်လို့ ခံစားရရင်... ငါ့ဆီမှာ ဒီလိုသစ်သီးမျိုးတွေ အများကြီး ရှိသေးတယ်..."

ချန်ချင်းက အပိုအလိုမပါဘဲ အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။ သူ့ထံ၌ အမှန်တကယ်ကို သက်ရှည်သစ်သီးများစွာ ရှိနေသည်။

"..."

ရှားချင်းယွဲ့၏စကားများ သူမ၏လည်ချောင်းတွင် တစ်ဆို့သွားခဲ့လေ၏။ သက်ရှည်သစ်သီးများကို ကြည့်ရင်း သူမ ဘာပြောရမှန်း မသိတော့ချေ။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် သက်ရှည်သစ်သီး အလုံး၁၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

'ကဲ... အခုတော့ ပိုတောင် များသွားပြီ...'

ချန်ချင်းက သူ၏စိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်သည်။

"မလိုဘူး... မလိုပါဘူး... ကျွန်မ အခု ရေမငတ်တော့ဘူး... ပြီးတော့ ကျွန်မရဲ့ သက်တမ်းလည်း လုံလောက်နေပါပြီ... ရှင်ပဲ သိမ်းထားလိုက်ပါ..."

ရှားချင်းယွဲ့က ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

သက်ရှည်သစ်သီးတစ်လုံးကို စားလိုက်ရုံဖြင့် သူမအပေါ် လုံလောက်သော ဖိအားများကို ဖြစ်ပေါ်စေခဲ့လေ၏။

"ကောင်းပြီ... ငါ အခုလောလောဆယ် သိမ်းထားလိုက်မယ်... တကယ်လို့ ငါ့ရဲ့ဇနီးလေးက စားချင်တယ်ဆိုရင် အများကြီး ရှိတယ်..."

ချန်ချင်းက ပွင့်လင်းစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့..."

ရှားချင်းယွဲ့က အတင်းအကြပ်အားယူ၍ ပြုံးပြလိုက်သည်။

သူမ တစ်ခုခု ဆက်ပြောချင်နေသေးသော်လည်း ချန်ချင်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏မျက်လုံးများတွင် စူးရှသော အကြည့်တစ်ခု ရောက်ရှိလာပြီး ရှားချင်းယွဲ့ကို မသိစိတ်မှ တုန်ယင်သွားစေခဲ့သည်။

သူက လက်တစ်ဖက်ကို ဖမ်းဆုပ်လိုက်ရာ နောက်တဏတွင် မြစိမ်းရောင်မျက်လုံးများရှိသော အနက်ရောင် မြွေငယ်တစ်ကောင်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

ထိုမြွေနက်လေးသည် ပါးစပ်ကိုဟကာ အနက်ရောင် ချီတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ ထိုအရာများသည် ချန်ချင်း၏မျက်နှာပေါ်သို့ ပြန့်ကျဲသွားသည်။

ထိုနောက် ရယ်မောသံတစ်ခု ထွက်ပေါ်လာပေ၏။

"မင်းက ဒီအဘိုးကြီးရဲ့ နှလုံးသားကို ဝါးမြိုတဲ့ အဆိပ် မိသွားပြီ... မင်း အသက်ရှင်ချင်တယ်ဆိုရင် ဒီအဘိုးကြီး ပြောတဲ့အတိုင်း လိမ်လိမ်မာမာလုပ်စမ်း..."

All Chapters