အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) အခွင့်ကောင်းပဲ... ဒါက ငါ့အတွက်ပဲ
ချန်ချင်းသည် ထိုကောက်ကျစ်ယုတ်မာသော လူအိုကြီးအသံကို လျစ်လျူရှုကာ သူ၏လက်ချောင်းငါးချောင်းကို ညှစ်လိုက်ရာ မြွေနက်၏ မြစိမ်းရောင် မျက်လုံးများ ပေါက်ထွက်သွားပြီး နေရာတွင်ပင် သေဆုံးသွားသည်။
"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ... ငါ ဂရုတစိုက် မွေးမြူထားတဲ့ စိတ်ဝိညာဉ်သားရဲကို မင်းက ဘယ်လိုလုပ်ပြီး သတ်ရဲတာလဲ..."
အဘိုးအိုသည် သိသိသာသာ မကျေမနပ်ဖြစ်သွားပြီး သူ၏မျက်နှာတပြင်လုံးတွင် အထင်းသား ပေါ်လွင်နေသည်။
သို့သော် သူ အလျင်အမြန် တည်ငြိမ်သွားပြီး ချန်ချင်း ဒေါသထွက်နေခြင်းမှာ ပုံမှန်သာဖြစ်သည်ဟု တွေးလိုက်လေ၏။ မည်သို့ဆိုစေကာမူ ဤလောကတွင် လိမ်လည်လှည့်ဖြားခံရခြင်းကို လူဘယ်နှစ်ယောက်ကများ သဘောကျမည်နည်း။
ဤသည်က စိတ်ဝိညာဉ်သားရဲတစ်ကောင်မျှသာ ဖြစ်ပေ၏။ အဆိုးဆုံးဆိုလျှင်ပင် သူ နောက်တစ်ကောင် ထပ်မံ၍ မွေးမြူ၍ရသည်။
အဘိုးအို၏အတွေးမှာ ချန်ချင်းထံမှ အကျိုးအမြတ်များကို တတ်နိုင်သမျှ အများဆုံး ထုတ်ယူရန်ပင်။
ထို့ကြောင့် သူက ပြောလိုက်သည်။
"ကောင်လေး... မင်းဆီမှာရှိတဲ့ သက်ရှည်သစ်သီး ကို ငါ အရမ်းစိတ်ဝင်စားတယ်...ငါ့ကို ပေးစမ်း..."
ချန်ချင်းက သူ၏စကားများကို ဂရုမစိုက်သည်ကို မြင်သောအခါ အဘိုးအိုက ထပ်ပြောလိုက်၏။
"မင်း နှလုံးသားဝါးမြိုခြင်းအဆိပ် မိသွားပြီ... ငါတစ်ယောက်တည်းကပဲ ဒီအဆိပ်ကို ကုသနိုင်တယ်... အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ အချိန်အတွင်းမှာ ဖြေဆေး မရရင်... မင်းရဲ့ အူတွေ ပေါက်ကွဲပြီး မင်း သေရလိမ့်မယ်..."
သူ့စကားများ၏ ရည်ရွယ်ချက်မှာ ချန်ချင်းကို သတိပေးရန်ပင်။ တစ်ဖက်လူ၏ အသက်သည် သူ၏လက်ထဲတွင် ရှိကြောင်းနှင့် အသက်ရှင်ချင်ပါက ခုခံမှုမရှိဘဲ သူ ပြောသည့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း အသိပေးရန်သာ ဖြစ်လေ၏။
ဤစကားကို ကြားသောအခါ ရှားချင်းယွဲ့ ထိတ်လန့်သွားသည်။
ဤထျန်းယွမ်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်သော ကူးပြောင်းရေးတံခါးပေါက်သည် တစ်ခုထက်မက ရှိနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
ဤနေရာသို့ ဝင်ရောက်နိုင်သူများသည် ရိုးရှင်းမည်မဟုတ်ကြောင်း သူမ သိထားသဖြင့် ချန်ချင်းသည် ကောက်ကျစ်သည့် အဆိပ်ကြောင့် အမှန်တကယ်ပင် ထိခိုက်သွားမည်ကို သူမ စိုးရိမ်နေခဲ့လေ၏။
ချန်ချင်းက ရယ်မောလိုက်သည်။
"ခင်ဗျားက တော်တော်လေး ယုံကြည်မှု ရှိနေတာပဲ..."
အဘိုးအိုက သူ၏အဆိပ် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ဆက်လက်၍ ကြွားလုံးထုတ်မနေမီမှာပင် ချန်ချင်းက သူ၏လက်ချောင်းငါးချောင်းကို ဖြန့်လိုက်သည်။ မင်ရည်ကဲ့သို့ မည်းနက်နေသော အဆိပ်များသည် စုစည်းလာပြီး သူ၏လက်ဝါးထဲတွင် အလုံးတစ်လုံးအဖြစ် ရစ်ခွေသွားပေ၏။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
အဆိပ်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ချန်ချင်း၏ လက်ထဲတွင် စုစည်းလာသော မြူခိုးများကဲ့သို့ အနက်ရောင်အလုံးသည် ယခင်က သူ မှုတ်ထုတ်ခဲ့သော နှလုံးသားဝါးမြိုခြင်းအဆိပ်ဖြစ်ကြောင်း အဘိုးအိုက မည်သို့ မမှတ်မိဘဲ နေမည်နည်း။
"မင်း... မင်းကလည်း အဆိပ်ကျင့်ကြံသူ တစ်ယောက်လား..."
ဤအရာအပြင် အဘိုးအိုသည် ပို၍သင့်လျော်သော ရှင်းလင်းချက်ကို မစဉ်းစားနိုင်တော့ချေ။
'ဒါဆို ငါ့ရဲ့ခင်ပွန်းကလည်း အဆိပ်ကျင့်ကြံသူ တစ်ယောက်ပေါ့...'
ဤအချိန်တွင် ရှားချင်းယွဲ့သည် အဘိုးအိုက အလွန်အမင်း ချီးမွမ်းထားသော နှလုံးသားဝါးမြိုခြင်း အဆိပ်သည် ချန်ချင်းအပေါ် မည်သည်ကြောင့် အကျိုးသက်ရောက်မှု မရှိသနည်း ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့လေ၏။
သူမ အံ့အားသင့်သွားသလောဟု မေးမြန်းလျှင် လုံးဝအံ့အားမသင့်ချေ။ ချန်ချင်းတွင် ပါရမီများ မည်မျှထိများများရှိနေပါစေ ရှားချင်းယွဲ့သည် ယခုအချိန်၌ အံ့အားသင့်တော့မည် မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် အရာအားလုံးကို သိမြင်ပြီး တတ်ကျွမ်းသူ ဖြစ်မည်ဟုသာ သူမ ခံစားလိုက်ရသည်။ ဤသည်မှာ သူမ၏ခင်ပွန်းဖြစ်ပြီး သူမနှင့် ထိုက်တန်သော ပါရမီအရည်အချင်းရှိသူပင်။
ရှားချင်းယွဲ့၏မျက်လုံးထဲတွင် သူသည် ဤကဲ့သို့ ပုံရိပ်တစ်ခု ဖြစ်လာခဲ့ကြောင်းကို ချန်ချင်း လုံးဝမသိရှိခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် အဘိုးအိုသည်မူ ချွေးများ ရွှဲရွှဲစိုနေပြီး သူ၏မျက်နှာပေါ်တွင် ချွေးပေါက်များ အဆက်မပြတ် စီးကျနေခဲ့လေ၏။
သူ၏မျက်နှာသည် ယခင်က သက်သောင့်သက်သာ ရှိမှုကို လုံးဝဆုံးရှုံးသွားပြီး သူ၏ အမူအရာမှာ ရှုပ်ထွေးနေကာ မကြုံစဖူး ဖိအားများကို ခံစားနေရသည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သက်ရှည်သစ်သီးကို ရရှိရန် မဆိုထားနှင့် သူ၏ အသက်ကိုပင် ကယ်တင်နိုင်ခြင်းရှိမရှိ ဆိုသည်ကို ပြောနိုင်ရန် ခက်ခဲကြောင်း သူ ကောင်းစွာသိရှိထားသည်။
'ဒီလူငယ် နှစ်ယောက်ကို ငါ မြန်မြန်ရှင်းပစ်ရမယ်...'
ဤအတွေးဖြင့် အဘိုးအိုသည် အချိန်ပိုမဆွဲတော့ဘဲ သူ၏ညာဘက်လက်တွင် ကိုင်ထားသော မြွေခေါင်းပုံ တောင်ဝှေးထဲသို့ သူ၏စိတ်ဝိညာဉ်စွမ်းအားများကို ထည့်သွင်းလိုက်၏။
သူသည် ထိုအရာကို မြှောက်ကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပေသည်။
ထို့နောက် အလွန်ပြင်းထန်သော လေပြင်မုန်တိုင်းတစ်ခု မြေကြီးမှ ထွက်ပေါ်လာသည့်အလား ပေါက်ကွဲသံနှင့်အတူ ပွင့်အံ့သွားကာ ထိုအရာအတွင်းမှ ခရမ်းရောင်မြွေကြီးတစ်ကောင် ထွက်ပေါ်လာသည်။
အဘိုးအိုသည် ဤအဆိပ်ပြင်းသောမြွေကို သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်ကာ သူ၏ တောင်ဝှေးကို မြှောက်ပြီး ရှေ့သို့ ညွှန်ပြလိုက်သည်။
မြွေကြီးသည် ပါးစပ်ကို ချက်ချင်းဖွင့်ဟကာ ချန်ချင်းဆီသို့ ဦးတည်၍ အဆိပ်ငွေ့များကို မှုတ်လွှတ်လိုက်၏။
သူ၏ အဆိပ်တစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အားဖြည့်ပေးမည့် ဤအခွင့်အရေးကို ရင်ဆိုင်ရသောအခါ ချန်ချင်းသည် သဘာဝကျစွာပင် ထိုအရာကို ကြိုဆိုလိုက်သည်။
သူသည် တွင်းနက်ကြီးတစ်ခုကဲ့သို့ သူ၏လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ကာ မြွေကြီးချဉ်းကပ်လာသည်နှင့် တပြိုင်နက် လုံးလုံးလျားလျား ဝါးမျိုလိုက်သည်။
"မြင့်မြတ်... မြင့်မြတ်ခန္ဓာကိုယ်... ပြီးတော့ အဲ့ဒါက ငါတို့ အဆိပ်ကျင့်ကြံသူမျိုးဆက်ရဲ့ နံပါတ်တစ် မြင့်မြတ်ခန္ဓာကိုယ်ဖြစ်တဲ့ အဆိပ်တစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်ပဲ..."
အဘိုးအို အလွန်အံ့အားသင့်သွားသည်။
ဤသည်မှာ သူ ပိုင်ဆိုင်ရန် အိပ်မက်မက်ခဲ့ဖူးသော ကောင်းကင်က ပေးသနားသည့် အခွင့်အရေးတစ်ခုပင်။
အဆိပ်တစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်သည် တည်ရှိခဲ့ခြင်းမရှိဘဲ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအကြာက ကျင့်ကြံသူများ ဖန်တီးထားသော လိမ်လည်မှုတစ်ခုသာ ဖြစ်သည်ဟု သူ တစ်ချိန်က ယုံကြည်ခဲ့ဖူးလေ၏။
ယခုအချိန်၌ သူ တောင့်တခဲ့သော အဆိပ်တစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်က သူ၏ မျက်စိရှေ့တွင် အမှန်တကယ် ထွက်ပေါ်လာချိန်၌ အဘိုးအိုသည် လုံးဝမပျော်ရွှင်နိုင်တော့ချေ။
အကြောင်းမှာ သူ၏အသက်သည် အဆုံးသတ်တော့မည်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသောကြောင့်ပင်။
ချန်ချင်းဘက်တွင်မူ အဆိပ်ပြင်းမြွေကို စုပ်ယူပြီးနောက် သူသည် သူ၏အဆိပ်တစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အားကောင်းစေရုံသာမက ဤအဆိပ် ကျင့်ကြံမှုကိုလည်း အမှတ်မထင် ကျွမ်းကျင်သွားသည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အဆိပ်ပြင်းမြွေကိုးကောင်သည် သူ၏လက်ဝါးထဲမှ ထွက်ပေါ်လာပြီး လက်မောင်းအရွယ်အစားမှ ကျန်းတစ်ရာရှိသော ဧရာမခန္ဓာကိုယ်များအဖြစ်သို့ ကြီးထွားလာကာ သူတို့၏ပါးစပ်ကြီးများကို ဖွင့်ဟ၍ ငုံ့ကြည့်ရင်း အဘိုးအိုကို ဝန်းရံလိုက်ကြသည်။
"..."
အဘိုးအို၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ပါးစပ်သည် လက်သီးတစ်လုံး ဝင်ဆန့်လောက်အောင် ပွင့်ဟသွားကာ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်တွင် ဒူးထောက်ကျသွားလေ၏။
ချန်ချင်းသည် ထိုအရာများကို များစွာဂရုမစိုက်ဘဲ အဘိုုးအိုကို အချိန်မပေးခဲ့ပေ။
ဝုန်း...
မြွေကိုးကောင်သည် အနက်ရောင် မြူခိုးများကို တပြိုင်နက်တည်း မှုတ်ထုတ်လိုက်ရာ ရေတံခွန်တစ်ခုအလား အဘိုးအိုအပေါ်သို့ စီးကျသွားသည်။
အဆပေါင်းတစ်သောင်းကျော် အားကောင်းလာသော ဤအဆိပ်ကို သာမန်အသွေးအသားခန္ဓာကိုယ်သည် မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
သူ၏အသွေးအသားများသည် လျှင်မြန်စွာ အငွေ့ပျံသွားပြီး အဖြူရောင်အရိုးများသာ ကျန်ရစ်တော့ကာ နောက်ဆုံးတွင် အရိုးပင် မကျန်တော့ဘဲ အဆိပ်၏တိုက်စားခြင်းကို ခံလိုက်ရလေ၏။
'ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ သတ်ဖြတ်နည်းတွေလဲ...'
"ဂလု..."
ရှားချင်းယွဲ့သည် တံတွေးမျိုချရင်း ထိုမြင်ကွင်းကို တွေဝေငေးမောစွာ ကြည့်နေခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ချန်ချင်းသည် သူ၏ လက်ချောင်းငါးချောင်းကို ဆုပ်လိုက်ရာ ကျန်းတစ်ရာမြင့်မားသော အဆိပ်ပြင်းမြွေကိုးကောင်လုံး ပြိုကွဲသွားခဲ့လေ၏။
အရိပ်ရုပ်သေးရုပ်တစ်ရုပ်သည် အဘိုးအို၏ ပစ္စည်းများကို ယူဆောင်လာပြီး ချန်ချင်းကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
ထိုအရာမှာ သိုလှောင်လက်စွပ်တစ်ကွင်းပင်။
ချန်ချင်းသည် သူ၏နတ်ဘုရားစိတ်အာရုံကို ထိုအရာထဲသို့ ထည့်သွင်းလိုက်ပြီးနောက် သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
" ဒီအဘိုးကြီးက ရတနာတော်တော်များများကို လုယူထားတာပဲ..."
အကြမ်းဖျင်း ခန့်မှန်းကြည့်ရလျှင် ဤအရင်းအမြစ်များသည် သာမန်လူတစ်ယောက်အတွက် ဆယ်စုနှစ်တစ်ခုကျော် ကျင့်ကြံရန် လုံလောက်ပေမည်။
ချန်ချင်းသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သိုလှောင်လက်စွပ်ကို ရှားချင်းယွဲ့ထံ လက်ကမ်းပေးလိုက်၏။
"ငါက ဒါတွေကို အသုံးမပြုဘူး... ဇနီးလေး... မင်းပဲ ယူလိုက်ပါ..."
"ကျေးဇူးတင်ပါတယ် ခင်ပွန်း..."
ရှားချင်းယွဲ့က နာခံမှုရှိစွာ လက်ခံလိုက်သည်။
ချန်ချင်း ပြောဆိုသကဲ့သို့ပင် သူသည် ထိုအရာများကို အမှန်တကယ် အသုံးမလိုချေ။ ထိုအရာများကို ပေးကမ်းပြီး ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို ရယူခြင်းက ပိုကောင်းပေ၏။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေးရုပ် ၁၀၀၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
ကံကောင်းထောက်မစွာဖြင့် ယဲ့ဖုန်းသည် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို မသိရှိပေ။ အကယ်၍ သူ သိခဲ့ပါက သူသည် သွေးသုံးလီတာလောက် အန်ထုတ်မိမည်မှာ သေချာပေါက်ပင်။
အဘိုးအိုနှင့် ဖြစ်ပွားခဲ့သော သေးငယ်သည့် ကြားဖြတ်ဇာတ်လမ်းလေးသည် ထျန်းယွမ်လျှို့ဝှက်နယ်မြေကို သူတို့ ဆက်လက်၍ စူးစမ်းရှာဖွေခြင်းအား မထိခိုက်စေခဲ့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် သစ်တော၏ ပို၍နက်ရှိုင်းသောအပိုင်းသို့ ရောက်ရှိသွားကြသည်။
"ဒါက... စိတ်ဝိညာဉ်စမ်းရေကန်တစ်ခုပဲ..."
ရှားချင်းယွဲ့ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
"လမ်းတလျှောက်လုံးမှာ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆတွေ တိုးလာတာ အံ့အားသင့်စရာ မရှိတော့ဘူး..."
"ဒါကလည်း လျှို့ဝှက်နယ်မြေရဲ့ အခွင့်အရေးတစ်မျိုး ဖြစ်မယ်မလား..."
ရှားချင်းယွဲ့သည် ချန်ချင်းထံသို့ လှည့်ကြည့်ပြီး မေးမြန်းလိုက်သည်။
ချန်ချင်းက ပြောလိုက်၏။
"တကယ်လို့ မင်းက ဒီစိတ်ဝိညာဉ် စမ်းရေကန်ထဲမှာ ကျင့်ကြံမယ်ဆိုရင်... မင်းရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက ပြင်ပကမ္ဘာထက် အနည်းဆုံး ငါးဆပိုမြန်လိမ့်မယ်..."
"ငါးဆ ကျင့်ကြံခြင်း အမြန်နှုန်းလား..."
ရှားချင်းယွဲ့ အံ့အားသင့်သွားသည်။
"ဒါဆိုရင် ကျွန်မတို့..."
"ဇနီးလေး အရင်သွားပါ... ငါ အနီးအနားမှာ အတားအဆီးတစ်ခု ခင်းကျင်းလိုက်အုံးမယ်..."
ချန်ချင်းသည် သူ၏ဇနီး ရေစိုနေသည်ကို ပြင်ပလူများအား မမြင်စေလိုချေ။
"ကောင်းပါပြီ...ခင်ပွန်း ပင်ပန်းသွားပြီ..."
ရှားချင်းယွဲ့ စိတ်ဝိညာဉ်စမ်းရေကန်ထဲသို့ ဝင်သွားသည်ကို မြင်တွေ့ပြီးနောက် ချန်ချင်းသည် လက်စည်းသင်္ကေတများကို လျှင်မြန်စွာ ဖန်တီးလိုက်ရာ အလွန်မြန်ဆန်ပြီး သူ၏လှုပ်ရှားမှုများ ဝေဝါးသွားခဲ့လေ၏။
"ဝင်္ကပါ...အသက်ဝင်စမ်း..."
ကျယ်လောင်သည့် အသံနှင့်အတူ မြေကမ္ဘာအဆင့်မြင့် ဝင်္ကပါဖြစ်သော "နဂါးထောင်ချောက် ဝင်္ကပါ" သည် ကျန်းဆယ်ဂဏန်းခန့်ကျယ်ဝန်းသော ဧရိယာကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
အရာအားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ချန်ချင်းသည်လည်း ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ စိတ်ဝိညာဉ်စမ်းရေကန်ထဲသို့ ဝင်ရောက်သွားသည်။
ကန်ရေသည် မနက်ဘဲ သူ၏ခြေကျင်းဝတ်ကို ရောက်ရုံလောက်သာရှိသည်။
ချန်ချင်းသည် စိတ်ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံးဖြစ်သော စိတ်ဝိညာဉ်စမ်းရေကန်၏ အလယ်ဗဟိုသို့ သွားကာ ရှားချင်းယွဲ့နှင့် မလှမ်းမကမ်းတွင် ပလ္လင်ခွေထိုင်လိုက်၏။
ရှားချင်းယွဲ့သည် ငါးဆ ကျင့်ကြံခြင်းအမြန်နှုန်းကို စိတ်ဝင်စားရုံသာမက ချန်ချင်းလည်း အလားတူ စိတ်ဝင်စားနေသည်။
ဤကဲ့သို့သော အခွင့်အရေးမျိုးသည် အမြဲတစေ ရရှိနိုင်မည် မဟုတ်ပေ။
ထို့ထက်ပို၍ အရေးကြီးသည်မှာ သူ၏ နားလည်နိုင်စွမ်းအမှတ်၊ များပြားသော မြင့်မြတ်ခန္ဓာကိုယ်များ နှင့် သူ၏ ကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်တို့ ပေါင်းစပ်လိုက်သောအခါ ချန်ချင်း ခံစားနိုင်မည့် ကျင့်ကြံခြင်း အမြန်နှုန်းတိုးတက်မှုသည် ငါးဆထက် သေချာပေါက် ပိုများပေမည်။
သူသည် နှောင့်နှေးမနေတော့ဘဲ ကျင့်ကြံခြင်း အခြေအနေသို့ ချက်ချင်းဝင်ရောက်သွားခဲ့လေ၏။
ကျင့်ကြံခြင်း...
နဂါးတစ်သောင်း လှံနည်းစနစ်ကို ကျင့်ကြံခြင်း...
ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံခြင်း...
နားလည်သဘောပေါက်ခြင်းသည် တခြားသူများအတွက် ခက်ခဲသော စကားလုံးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ချန်ချင်းအတွက်မူ ဤသည်မှာ အားစိုက်ထုတ်စရာ မလိုသောအရာတစ်ခုပင်။
မကြာမီမှာပင် ချန်ချင်းကို ဗဟိုပြု၍ စွမ်းအားလှိုင်းတစ်ခု ပေါက်ကွဲလာခဲ့သည်။
ရှားချင်းယွဲ့သည် သူမ၏မျက်လုံးများကို မဖွင့်ဘဲ သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားကာ 'ငါ့ရဲ့ခင်ပွန်းက ဒီလောက်ထိ မြန်မြန် အဆင့်ချိုးဖျက်နိုင်သွားပြီလား...' ဟု တွေးလိုက်မိသည်။
သူမသည် ကြီးမားသော ဖိအားများကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိပ်တန်းပါရမီရှင်ဟု ခေါ်ဆိုခံရသော သူမပင်လျှင် ချန်ချင်း၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ရင်ဆိုင်ရချိန်တွင် သူမ၏ နှလုံးသားက ဆန္ဒရှိသော်လည်း ခွန်အားက မလုံလောက်ဟု မခံစားရဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
ရှားချင်းယွဲ့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ချန်ချင်းကို မီနိုင်ရန်အတွက် သူမ၏ ကျင့်ကြံခြင်းတွင် အသေအလဲ ကြိုးစားအားထုတ်ရန်ပင်။
သူနှင့်ပခုံးချင်းယှဉ်နိုင်ရန် မဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် သူမသည် သူ၏ ကျောပြင်ကို မြင်နိုင်ရပေမည်။
အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားသည်။
ချန်ချင်းသည် အဆင့်ငယ်သုံးခုကို ချိုးဖျက်ပြီးဖြစ်ကာ သူ၏ ကျင့်ကြံခြင်းနယ်ပယ်သည် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိသွားပေ၏။
ရှားချင်းယွဲ့၏ တိုးတက်မှုမှာ အနည်းငယ် နှေးကွေးသော်လည်း သူမသည် အခြေခံတည်ဆောက်ခြင်းနယ်ပယ် အထွတ်အထိပ်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး ရွှေအမြုတေနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သူတို့ဘက်တွင် အရာအားလုံးက တည်ငြိမ်စွာ တိုးတက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ထျန်းယွမ် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်လာကြသော တခြားသူများသည် နဂါးထောင်ချောက်ဝင်္ကပါ၏ တည်ရှိမှုကို သတိပြုမိသွားကြ၏။
"ဝင်္ကပါ တစ်ခု... ပြီးတော့ အဲ့ဒါက မြေကမ္ဘာအဆင့်မြင့် ဝင်္ကပါပဲ... အဆင့်မြင့် ဝင်္ကပါဆရာသခင် တစ်ယောက်လည်း ထျန်းယွမ် လျှို့ဝှက်နယ်မြေထဲကို ဝင်လာတာပါလား..."
"အဲ့ဒီလူက မြေကမ္ဘာအဆင့်ဝင်္ကပါနဲ့ ကာကွယ်ထားတဲ့ အရာက အထွတ်အထိပ်အဆင့် ရတနာတစ်ခု သေချာပေါက် ဖြစ်ရမယ်..."
"ငါတို့ ဘာလုပ်ကြမလဲ... သူတို့က အထွတ်အထိပ် ရတနာကို ဒီအတိုင်း ယူသွားတာကို ငါတို့ ရပ်ကြည့်နေကြတော့မှာလား..."
ဤအချိန်တွင် တစ်စုံတစ်ယောက်က အကြံပြုလိုက်လေသည်။
"မြေကမ္ဘာအဆင့် ဝင်္ကပါက အားကောင်းပေမဲ့... ငါတို့ဘက်မှာ လူအင်အားရော စွမ်းအားပါ များပြားတယ်... ပြီးတော့ ငါတို့အားလုံးက ဂိုဏ်းအသီးသီးက ပါရမီရှင် တပည့်တွေပဲ... ငါတို့ ပူးပေါင်းပြီး ဝင်္ကပါကို ဖျက်ဆီးမယ်ဆိုရင် ဘယ်လိုသဘောရလဲ... ပြီးရင် ငါတို့ အထွတ်အထိပ်ရတနာကို ရပြီးတဲ့နောက်မှာ အညီအမျှ ခွဲယူကြမယ်လေ..."
တခြားသူများသည် အချင်းချင်း ကြည့်လိုက်ကြပြီး ထိုဝင်္ကပါကို တစ်ယောက်တည်း ဖျက်ဆီးနိုင်ခြေမှာ အလွန်နည်းပါးကြောင်း သိရှိထားကြသည်။
ထိုဝင်္ကပါကို ဖျက်ဆီးရန်အတွက် သူတို့ အတူပူးပေါင်းခြင်းမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့သဖြင့် လူတစ်ယောက်ပြီး တစ်ယောက်က သဘောတူကြောင်း ပြောဆိုလိုက်ကြ၏။
ကျန်းဆယ်ဂဏန်း အကွာအဝေးမှ ထိုအသံများကို စိတ်ဝိညာဉ်စမ်းရေကန်အတွင်း၌ ရူးသွပ်စွာ ကျင့်ကြံနေပြီး သူ၏ကျင့်ကြံခြင်းကို မြှင့်တင်နေသော ချန်ချင်းက စကားတစ်ခွန်းမျှ မလွတ်စေဘဲ ကြားသိခဲ့ရသည်။
သူတို့အားလုံး သေချင်နေသဖြင့် ချန်ချင်းသည် သူ၏ ဓားကို အားဖြည့်ရန်အတွက် ဤလူများ၏ သွေးများကို အသုံးပြုရမည်အား ဝန်လေးနေမည် မဟုတ်ချေ။
သူ၏ ခုနစ်စင်ကြယ်ဓားမြှောင်ပျံသည် ကြယ်ခုနစ်ပွင့်လုံး လင်းလာရန် အတော်လေး အလှမ်းဝေးနေသေးသည် မဟုတ်လော...