← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း (၄၈) ရတနာရှာဖွေရေး ကြွက်

ချန်ချင်းသည် သူ၏အာရုံခံနိုင်စွမ်း အပိုင်းအခြားအတွင်းရှိ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ လူအများစုမှာ သူနှင့် သက်တူရွယ်တူများဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့၏ ကျင့်ကြံခြင်းနယ်ပယ် အသက်အရွယ်နှင့် ဝတ်စားဆင်ယင်မှုတို့အရ သူတို့သည် နာမည်ကြီး ဂိုဏ်းအသီးသီးမှ ပါရမီရှင်များဖြစ်ကြောင်း သေချာနေသည်။

ချန်ချင်းသည် သူတို့၏ဝတ်ရုံများတွင် ထိုးထားသော ဂိုဏ်းအမှတ်အသားများကို သေချာစွာ စစ်ဆေးကြည့်သော်လည်း ရင်းနှီးသည့်အရာဟူ၍ တစ်ခုမျှ မတွေ့ရပေ။ သူတို့အနက်မှအများစုသည် မဟာဝူနိုင်ငံပြင်ပရှိ ဂိုဏ်းအင်အားစုများမှလူများ ဖြစ်မည်ဟု သူ ယူဆလိုက်သည်။

သူတို့သည် ပါရမီရှင်များ ဖြစ်ကြသော်လည်း ချန်ချင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဟု ယူဆရလောက်အောင် မစွမ်းဆောင်နိုင်ကြပေ။ ရာနှင့်ချီသော လူများထဲတွင် အသန်မာဆုံးဆိုသူမှာ ရွှေအမြုတေနယ်ပယ်တွင်သာ ရှိ​နေသေးသည်။

သူတို့နှင့်အတူ လိုက်ပါလာသော အရှိန်အဝါများကို တမင်သက်သက်ဖုံးကွယ်ထားသည့် အဘိုးအိုအချို့သည် အခြေတည်စစိတ်ဝိညာဉ်နယ်ပယ်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိနေသည့်တိုင် ကွာဟချက်က ပြောပလောက်စရာ မရှိပေ။ သူတို့အားလုံးသည် သူ လက််တစ်ချက်တောက်လိုက်ရုံဖြင့် ချက်ချင်းအသတ်ခံရနိုင်သော ပစ်မှတ်များသာ ဖြစ်ကြ၏။

နောက်တခဏတွင်...

အရိပ်ရုပ်သေးရုပ်တစ်ရုပ်သည် ချန်ချင်း၏အရိပ်ထဲမှ ခွဲထွက်လာပြီး ခုနစ်စင်ကြယ်ဓားမြှောင်ကို ကိုင်ဆောင်ကာ ဓား၏ ကြယ်ပွင့်များကို လျင်မြန်စွာ လင်းလက်လာစေရန်အတွက် သွေးချီများကို ရိတ်သိမ်းရန် ထွက်ခွာသွားသည်။ အသတ်ခံရသောကျင့်ကြံသူ ပို၍အစွမ်းထက်လေလေ ဓားမြှောင်အတွက် သွေးချီများ ပို၍ပေးစွမ်းနိုင်လေလေပင်။

ဤလူအရေအတွက်သည် ဓားမြှောင်၏ကြယ်ပွင့်များအားလုံးကို လင်းလက်လာစေရန် မလုံလောက်သော်လည်း အနည်းငယ်မှသည် အများအပြားသို့ စုဆောင်းရသည့် သဘောတရားကို ချန်ချင်း သိထားသည်။ ထို့ကြောင့် သူ့အလိုလို ရောက်လာသော သွေးချီများကို ငြင်းဆန်ရန် အကြောင်းမရှိချေ။

အရာအားလုံးကို စီစဉ်ပြီးနောက် ချန်ချင်းသည် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ စိတ်ဝိညာဉ်ချီများကို စုပ်ယူရန် အာရုံစိုက်ပြီး ကျင့်ကြံခြင်းကို ကြိုးစားပမ်းစား တိုးမြှင့်နေသော ရှားချင်းယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။

မကြာမီတွင် သူသည်လည်း မျက်လုံးများကို မှိတ်ကာ စိတ်ဝိညာဉ်စမ်းရေကန်အတွင်း ပါဝင်သော ပေါကြွယ်ဝသည့် စိတ်ဝိညာဉ်ချီများကို အရူးအမူး ဝါးမြိုသန့်စင်ရင်း ကျင့်ကြံတော့သည်။

တခြားတစ်ဖက်တွင်မူ အရိပ်ရုပ်သေးရုပ်သည် အရိပ်များကြားမှ တိတ်တဆိတ် ရွေ့လျားသွားကာ ခွန်းလုံဝင်္ကပါပြင်ပသို့ အလျင်အမြန် ရောက်ရှိသွားပြီး တပည့်တစ်ဦး၏အရိပ်ထဲသို့ ဝင်ရောက်၍ ပေါင်းစပ်သွားသည်။

ထိုတပည့်သည် လုံးဝသတိမထားမိဘဲ ပြင်းထန်စွာ မောဟိုက်နေသောအသံဖြင့် ပြောဆိုသည်။

"ဒါက အဆင်မပြေဘူး...လူတေံအများကြီး အလှည့်ကျ တိုက်ခိုက်တာတောင် ဒီဝင်္ကပါကို နည်ူနည်းတောင် ထိခိုက်အောင် မလုပ်နိုင်ဘူး... အရမ်း ခိုင်မာလွန်းတယ်... ငါတို့က ဂိုဏ်းကို အရင်ပြန်ပြီး... အကြီးအကဲတွေကို ဝင်ပါခိုင်းရင် ကောင်းမလား..."

ဤသည်မှာ ဝင်္ကပါဆရာသခင်တစ်ဦးနှင့် သူတို့ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရပြီးမှသာ ဝင်္ကပါဆရာသခင်တစ်ဦး၏ စွမ်းအားကို အကြီးအကျယ် လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွားကြသည်။

ဤဝင်္ကပါကို အပြည့်အဝ အသက်မသွင်းရသေးကြောင်း သူတို့ မသိရှိကြပေ။ အကယ်၍သာ ထိုအရာကို အပြည့်အဝ အသက်သွင်းလိုက်ပါက ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုကပင် သူတို့၏ စိတ်ဝိညာဉ်များကို ချက်ချင်းလွင့်စင်ပျောက်ကွယ်သွားစေနိုင်ပြီး အရိုးတစပင် ကျန်ရစ်မည် မဟုတ်ပေ။

ချန်ချင်း ထိုသို့မလုပ်ရခြင်း၏ အကြောင်းရင်းမှာ လက်လွန်သွားမည်ကို စိုးရိမ်ပြီး ရရှိတော့မည့် သွေးချီများကို ဖြုန်းတီးရာ ရောက်မည်အား စိုးရိမ်သောကြောင့်ပင်။ ထို့ကြောင့် သူသည် အရိပ်ရုပ်သေးရုပ်ကို အထူးတလည် စေလွှတ်ခဲ့ခြင်း ဖြစ်ပေ၏။

လက်ရှိတွင် ခွန်းလုံဝင်္ကပါ၏ အဓိကရည်ရွယ်ချက်မှာ အပြင်လူများ ဝင်ရောက်လာခြင်းကို ပိတ်ဆို့ရန်နှင့် သူနှင့် ရှားချင်းယွဲ့တို့၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်နိုင်ရန်အတွက် တားဆီးပေးရေးသာဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤတပည့်များ၏ လက်ရှိ စွမ်းအားများဖြင့် သူတို့သည် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ရန်နှင့် ထိုအရာ၏ သတ်ဖြတ်ခြင်း ယန္တရားကို အသက်သွင်းနိုင်ရန် အရည်အချင်းပင် မပြည့်မီကြပေ။

လူတိုင်းသည် လူငယ်၏ စကားကို စဉ်းစားနေကြပြီး အကူအညီတောင်းရန် ဂိုဏ်းသို့ ပြန်သင့်မပြန်သင့် တွေဝေတုံ့ဆိုင်းနေကြသည်။

ထိုအချိန်မှာပင် လူအုပ်ထဲမှ ကြောက်လန့်တကြား အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်းက... ဘယ်သူလဲ..."

တခြားသူများက ထိုအသံကို ကြားသောအခါ လှည့်ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့သည် အရိပ်ရုပ်သေးရုပ်က လူငယ်၏ အရိပ်ထဲမှ ခုန်ထွက်လာကာ ခုနစ်စင်ကြယ်ဓားမြှောင်ကို ကိုင်ဆောင်လျက် သူ၏လည်ပင်းကို ဓားတစ်ချက်တည်းဖြင့် သပ်ရပ်စွာ လှီးဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ အနီးနားရှိလူများ၏ မျက်နှာပေါ်သို့ သွေးများဖြာကျသွားပြီး လူငယ်၏ မျက်လုံးများ မှိတ်သွားကာ သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားသည်။

"..."

သူတို့၏မျက်နှာပေါ်တွင် သွေးများ ဖြည်းညှင်းစွာ စီးကျလာသည်ကို သူတို့ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် လွင့်မျောနေသော အနီရောင် ပိတ်ပါးလွှာများကဲ့သို့ သွေးများသည် ခုနစ်စင်ကြယ်ဓားမြှောင်ဆီသို့ တစ်စက်ချင်း ပျံလွင့်သွားကာ စုပ်ယူခံလိုက်ရသည်ကို သူတို့ မြင်တွေ့မိပေ၏။ လူငယ်တပည့်၏အလောင်းသည် အလွန်လျှင်မြန်သော အရှိန်ဖြင့် တွန့်လိမ်ခြောက်သွေ့သွားပြီး အရိုးနှင့်အရေခွံအဖြစ်သို့ ပြောင်းလဲသွားသည်အထိပင်။

"နတ်ဆိုးကျင့်ကြံသူပဲ... ဒါက နတ်ဆိုးကျင့်ကြံသူတွေရဲ့ နည်းစနစ်ပဲ... နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ထျန်းယွမ် လျှို့ဝှက်နယ်မြေကို ကျူးကျော်ဝင်ရောက်လာပြီ... မြန်မြန်... မြန်မြန်ပြန်ပြီး အကြီးအကဲတွေကို သွားပြောကြစို့..."

ငယ်ရွယ်သော ပါရမီရှင်များသည် ဤကဲ့သို့ မြင်ကွင်းမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြသဖြင့် ပြိုင်ဘက်သည် နတ်ဆိုးကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်း အသေအချာ ယုံကြည်သွားကြသည်။ အချိန်တခဏအကြာတွင် ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူတို့အားလုံး အရပ်မျက်နှာအသီးသီးသို့ အလျှင်အမြန် ထွက်ပြေးသွားကြသည်။

သူတို့ မှတ်မိသလောက်ဆိုလျှင် အသတ်ခံရသော လူငယ်တပည့်သည် အနည်းဆုံး ရွှေအမြုတေနယ်ပယ် စွမ်းအားရှိသည်။ ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် အရိပ်ရုပ်သေးရုပ်၏ ဓားတစ်ချက်တည်းဖြင့် လွယ်လင့်တ အသတ်ခံလိုက်ရသောကြောင့် သူတို့သည် ထိုရန်သူမျိုးကို မည်သို့ ရင်ဆိုင်ဝံ့မည်နည်း။ သို့သော် အကြွင်းမဲ့သာလွန်သော စွမ်းအားရှေ့တွင် သူတို့၏ ရုန်းကန်မှုအားလုံးသည် ချွင်းချက်မရှိ အချည်းနှီးသာ ဖြစ်လေ၏။

အရိပ်ရုပ်သေးရုပ်၏ သတ်ဖြတ်မှုနှုန်းမှာ အလွန်လျှင်မြန်ပြီး တပည့်များအကြား လျင်မြန်စွာရွေ့လျားရန် အရိပ်များကို အသုံးပြုနေသည်။ သူ၏ရွေ့လျားမှုတိုင်းသည် လူတစ်ဦး၏ သေဆုံးခြင်းကို ဆိုလိုပြီး စနစ်မှ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

【ဇနီးသည်အား အလိုလိုက်ခြင်း အောင်မြင်ပါတယ်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် စတုတ္ထအဆင့် ကောင်းကင်နီဆေးလုံးအလုံး၁၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်အား အလိုလိုက်ခြင်း အောင်မြင်ပါတယ်...အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် သက်ရှည်သစ်သီးအလုံး ၁၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်အား အလိုလိုက်ခြင်း အောင်မြင်ပါတယ်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နဂါးသွေး ၁၀စက်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

...

ချန်ချင်းသည် သူ၏နားထဲတွင် စနစ်၏ အဆက်မပြတ် အသိပေးချက်များက သူ၏ ကျင့်ကြံခြင်းကို အာရုံစူးစိုက်မှု ပျက်ပြားစေသည်ဟု ခံစားရသဖြင့် အသံပိတ်ထားရန် ရွေးချယ်လိုက်၏။ ထို့နော​က် ဆုလာဘ်များကို အလိုအလျောက်ဆက်လက်၍ ပေါ်ပေါက်နေစေကာ ထိုအရာများကို စနစ်သိုလှောင်ခန်းထဲတွင် တိုက်ရိုက်သိမ်းဆည်းထားပြီး နောက်မှ လေ့လာရန် ဆုံးဖြတ်လိုက်သည်။

ဝင်္ကပါ၏အပြင်ဘက်၌...

ဝင်္ကပါကို ချိုးဖျက်ပြီး ရတနာများကို လုယူမည်ဟု ယုံကြည်မှုရှိရှိ ကြေညာခဲ့သော အင်အားစု အသီးသီးမှ ပါရမီရှင်များစွာသည် ယခုအချိန် နေရာအနှံ့ ပြန့်ကျဲနေသော ခြောက်သွေ့သည့် အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ သူတို့၏ သွေးချီများကို ခုနစ်စင်ကြယ်ဓားမြှောင်က လုံးလုံးလျားလျား စုပ်ယူသွားခဲ့ပြီး သက်စောင့်စွမ်းအင် တစိုစတစိမျှ ကျန်ရစ်ခြင်း မရှိတော့ပေ။ ထိုအလောင်းများကို အနည်းငယ် ထိလိုက်ရုံဖြင့်ပင် ပြန့်ကျဲနေသော သဲပုံတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားပေလိမ့်မည်။

အရှိန်အဝါများကို တမင်သက်သက် ဖုံးကွယ်ထားသော အကြီးအကဲများသည် အရိပ်ရုပ်သေးရုပ်ကို ဝင်ရောက်၍ မတားဆီးနိုင်ခဲ့ကြချေ။

ပထမအချက်မှာ အရာအားလုံးသည် သူတို့ တုံ့ပြန်ရန်အတွက် အလွန်မြန်ဆန်လွန်းနေသောကြောင့်ပင်။ ဒုတိယအချက်မှာ အရိပ်ရုပ်သေးရုပ်သည် သူ၏စစ်မှန်သော ကျင့်ကြံခြင်းကို ထုတ်ဖော်ခဲ့ခြင်း မရှိသော်လည်း ကွာဟချက်ကို သူတို့ နားလည်သဘောပေါက်သွားခဲ့သည်။ သူတို့သာ အလျင်စလို ဝင်ရောက်စွက်ဖက်ပါက မြေပြင်ပေါ်တွင် အလောင်းအနည်းငယ် ထပ်တိုးလာရုံသာ ရှိမည်ဟု သူတို့ အလိုလို သိရှိထားကြ၏။

တပည့်များက အရေးကြီးသလော သို့မဟုတ် သူတို့၏ ကိုယ်ပိုင်အသက်က အရေးကြီးသလောဟုဆိုလျှင် ဒုတိယအချက်က ပိုအရေးကြီးကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ သူတို့သည် ဤနေရာမှ ထွက်ပြေးရန် လှည့်ထွက်သွားကြပြီး လျှို့ဝှက်နယ်မြေအတွင်း တည်ထောင်ထားသော သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းခွဲများဆီသို့ အသီးသီး ပြန်သွားကာ ဤကိစ္စကို တင်ပြပြီး အဆင့်မြင့်အကြီးအကဲများကို ဆုံးဖြတ်စေရန် ရည်ရွယ်လိုက်ကြသည်။

သို့သော်လည်း သူတို့ လှမ်းလိုက်သော ခြေထောက်များ မြေပေါ်သို့ မကျရောက်မီမှာပင် အေးစက်သော အလင်းတန်းတစ်တန်းက သူတို့၏ရင်ဘတ်များကို ထိုးဖောက်သွားသည်။ အရိပ်ရုပ်သေးရုပ်သည် ချန်ချင်း၏အမိန့်ကို တိကျစွာ အကောင်အထည်ဖော်ခဲ့ပြီူ ဤနေရာရှိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသက်ရှင်ခွင့် မပေးပေ။

'ဒုက္ခပဲ... သူ ငါတို့ကို တွေ့သွားပြီ...'

ကျန်ရှိနေသော အကြီးအကဲများသည် သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိရှိထားသဖြင့် သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ရန်အတွက် စိတ်စွမ်းအားများကို ထပ်မံ၍ အသုံးမပြုတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

သူတို့က ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်၏။

“ငါတို့က မဆင်မခြင်နဲ့ စီနီယာကို နှောင့်ယှက်မိပါတယ်... ကျေးဇူးပြုပြီးတော့ စီနီယာက သဘောထားကြီးကြီးနဲ့ ငါတို့ကို အသက်ချမ်းသာပေးပါ... ငါက မိုးပြာနဂါး ခန်းမဆောင်ရဲ့ အတွင်းစည်းအကြီးအကဲပါ..."

ဤစကားများသည် အရိပ်ရုပ်သေးရုပ်အတွက် မဟုတ်ဘဲ သူ၏နောက်ကွယ်ရှိ ချန်ချင်းအတွက်သာဖြစ်​သည်။

ချန်ချင်းသည် တစ်ဖက်လူ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရန် စိတ်ဝင်စားမှု မရှိသလို အရိပ်ရုပ်သေးရုပ်ကလည်း အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိပေ။ သူသည် ချက်ချင်းဆိုသလိုပင် ရန်သူအနီးသို့ ချဉ်းကပ်ကာ ဓားကို လျှင်မြန်စွာ ဆွဲထုတ်လိုက်သည်။ အေးစက်သော အလင်းတန်းတစ်တန်း လက်ခနဲဖြစ်သွားပြီး ဦးခေါင်းတစ်လုံး ချက်ချင်း ကောင်းကင်သို့ လွင့်စင်သွားကာ သွေးများက စမ်းရေပန်းကဲ့သို့ ပန်းထွက်လာသည်။

ဤသည်ကို မြင်လိုက်ရသော တခြားအကြီးအကဲများက ချန်ချင်းသည် သွေးဆာနေပြီး သူတို့ကို လွှတ်ပေးလိုစိတ် မရှိကြောင်း သိရှိသွားကြသည်။

"သေသင့်တဲ့ နတ်ဆိုးကျင့်ကြံသူ... ငါ မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်..."

"ငါတို့ရဲ့စွမ်းအားတွေကို ပေါင်းစည်းလိုက်ရင်... အသက်ရှင်ဖို့ လမ်းစတစ်ခု သေချာပေါက် ဖောက်ထွက်နိုင်မှာပဲ..."

တစ်စုံတစ်ဦးက သူ၏လက်ကိုမြှောက်ကာ အော်ဟစ်လိုက်သောအခါ တခြားသူများကလည်း တုံ့ပြန်လိုက်ကြသည်။ သူတို့တစ်ယောက်ပြီးတစ်ယောက်၏ ချီစွမ်းအင်များသည် ဒီရေလှိုင်းများကဲ့သို့ မြင့်တက်လာပြီး စိတ်စွမ်းအင်အရှိန်အဝါများ အပြင်ဘက်သို့ တုန်ခါ၍ ပျံ့နှံ့သွားသည်။

အရိပ်ရုပ်သေးရုပ်သည် ဓားကိုင်မထားသော ဘယ်ဘက်လက်ကို တည်ငြိမ်စွာ မြှောက်လိုက်ပြီး ညင်သာစွာ အောက်သို့ ချလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ယခင်ထက် ပို၍အစွမ်းထက်သော ဖိအားတစ်ခုသည် လူတိုင်း၏ဦးခေါင်းပေါ်သို့ တိကျစွာ ကျရောက်လာပေ​၏။ သူတို့၏ ခန္ဓာကိုယ်များသည် မမြင်ရသော ကြီးမားသည့် လက်ကြီးတစ်ဖက်၏ အတင်းအဓမ္မ ဖိချခြင်းကို ခံလိုက်ရသကဲ့သို့ မလှုပ်ရှားနိုင်တော့ဘဲ ရွှံ့နွံထဲသို့ နစ်ဝင်သွားသည်အလားပင်။

သူတို့ မျက်လုံးများ ပြူးကျယ်သွားကာ သူတို့က တုန်ယင်နေသောအသံဖြင့် အော်ဟစ်လိုက်သည်။

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်... အထွတ်အထိပ်အဆင့်..."

ထို့နောက် အရိပ်ရုပ်သေးရုပ်သည် ထိုဂိုဏ်းအကြီးအကဲများကို တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းကာ သတ်ဖြတ်လိုက်ပြီး ခုနစ်စင်ကြယ်ဓားမြှောင်ကို သူတို့၏သွေးချီများအား စုပ်ယူစေခဲ့သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သိုလှောင်လက်စွပ်များနှင့် သိုလှောင်အိတ်များကို ချန်ချင်းထံသို့ ပြန်ယူလာရန်အတွက် သိမ်းဆည်းရန်ကိုလည်း သူ မေ့လျော့မနေခဲ့ပေ။

အခွင့်အရေးများဖြင့် ပြည့်နှက်နေသော လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသောကြောင့် ဤသိုလှောင်ရေး မှော်ရတနာများထဲရှိ ရတနာများသည် သေချာပေါက် နည်းပါးမည် မဟုတ်ပေ။ သူတို့သည် ရတနာရှာဖွေရေး ကြွက်တစ်ကောင်နှင့် တူညီပြီး ကြီးမားသော အားထုတ်မှုများကို ပြုလုပ်ခဲ့သော်လည်း အဆုံးသတ်တွင် ချန်ချင်းအတွက်သာ အကျိုးအမြတ် ဖြစ်စေခဲ့သည်။

All Chapters