အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁)အင်မော်တယ် ဖီးနစ်ငှက်
ရှားချင်းယွဲ့ကို ဝန်းရံထားသော မီးတောက်များတွင် အန္တရာယ်အငွေ့အသက် မရှိသဖြင့် ချန်ချင်းသည် မီးများကို ငြှိမ်းသတ်ရန် အလျင်စလို မလုပ်ခဲ့ချေ။
ရှားချင်းယွဲ့၏အမူအရာကို ကြည့်ရသလောက် နာကျင်မှု လက္ခဏာ တစ်စုံတစ်ရာ မရှိသည်မှာ သေချာပေ၏။
'ငါ တကယ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ခန့်မှန်းမိသွားတာများလား... သူက တကယ်ကြီး ချိုးဖောက်ဝင်ရောက်တော့မှာလား...'
ချန်ချင်းသည် မတွေးဘဲ မနေနိုင်တော့ချေ။
သူ အတွေးမမှားကြောင်း အချက်အလက်များက သက်သေပြနေခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ဖီးနစ်ငှက်အော်သံတစ်သံက ကောင်းကင်နှင့်မြေကြီးအနှံ့အပြား၌ ပဲ့တင်ထပ်သွားပြီး မီးတောက်များသည် ကောင်းကင်ကို ဖုံးကွယ်သွားသော မီးဖီးနစ်ငှက်အဖြစ်သို့ ပြောင်းလဲသွားကာ တိမ်များဆီသို့ တိုက်ရိုက်ပျံသန်းသွားပြီး ရှားချင်းယွဲ့၏ခေါင်းပေါ်တွင် လှည့်ပတ်နေသည်။
ဖီးနစ်ငှက် ထွက်ပေါ်လာပြီး အရောင်ခုနစ်ခြယ် နတ်ဘုရား အလင်းတန်းများက လောကကြီးကို လင်းလက်သွားစေသည်။ ဤခမ်းနားကြီးကျယ်သော မြင်ကွင်းကို မျက်မြင်တွေ့ရှိပြီးနောက် နဂါးသွေးသည် သူမ၏ အစစ်အမှန်ဖီးနစ်လသူတော်စင်ရုပ်ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ခြင်း ဖြစ်နိုင်ခြေများကြောင်း ချန်ချင်းက ခန့်မှန်းလိုက်၏။
မကြာမီမှာပင် ရှားချင်းယွဲ့သည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော မီးတောက်အလွှာကို သူမ အပြည့်အဝ စုပ်ယူပြီးသွားလေပြီ။
ရှားချင်းယွဲ့က မတ်တတ်ထရပ်လိုက်ပြီး အထက်တွင် ထွန်းလင်းနေသော ခုနစ်ရောင်ခြယ် အလင်းတန်းများကိုလည်း သတိပြုမိသွားသည်။
သူမ မော့ကြည့်လိုက်ရာ ကောင်းကင်တွင် ဖီးနစ်ငှက် လှည့်ပတ်ပျံဝဲနေသည်ကို မြင်သောအခါ အံ့အားသင့်သွားသော အမူအရာကို မပြသဘဲ မနေနိုင်တော့ချေ။
"ဖီးနစ်ငှက်လား..."
"စိတ်ပူစရာ မလိုပါဘူး... ဒီ ဖီးနစ်ငှက်က မင်း ပိုင်ဆိုင်ထားတဲ့ အစစ်အမှန်ဖီးနစ် သူတော်စင်ရုပ်ခန္ဓာကိုယ် ကနေ ဆင်းသက်လာတာပါ..."
ချန်ချင်းက ရှင်းပြလိုက်သည်။
"အစစ်အမှန်ဖီးနစ် သူတော်စင်ရုပ်ခန္ဓာကိုယ် ... ဒါဆိုရင် ဒါတွေအားလုံးက အမှန်တွေပေါ့..."
ရှားချင်းယွဲ့ ယခုချိန်မှသာ နားလည်သဘောပေါက်သွားသည်။
"ဘာက အမှန်တွေလဲ..."
ချန်ချင်းက မေးလိုက်၏။
ရှားချင်းယွဲ့သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ သူမ ကျင့်ကြံနေစဉ်အတွင်း သူမ၏ နတ်ဘုရားစိတ်အာရုံသည် လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်တစ်ခုသို့ ဝင်ရောက်သွားပြီး အင်မော်တယ်ဖီးနစ်ငှက် တစ်ကောင်နှင့် တွေ့ဆုံခဲ့ကြောင်း ချန်ချင်းအား အပြည့်အစုံ ပြောပြလေသည်။
ထို့ပြင် ရှားချင်းယွဲ့သည် အင်မော်တယ်ဖီးနစ်ငှက် ထံမှ ကောင်းချီးများကိုလည်း ရရှိခဲ့သည်။
"အင်မော်တယ် ဖီးနစ်ငှက်ရဲ့ အဆိုအရ... ကျွန်မ သေလုမြောပါး ဖြစ်နေတဲ့ အချိန်ကျရင် နီဗားနား ပြန်လည်မွေးဖွားခြင်းအတွက် အခွင့်အရေးတစ်ခု ရနိုင်မယ် ထင်တယ်..."
ရှားချင်းယွဲ့၏ စကားများကို ကြားသောအခါ ချန်ချင်းက တွေးတောလိုက်၏။
"ဒါက အပို အသက်တစ်ချောင်း ရတယ်ဆိုတဲ့ သဘောလား... မဆိုးဘူးပဲ..."
ရိုးရိုးသားသား ပြောရလျှင် ချန်ချင်းကိုယ်တိုင်ပင် အစစ်အမှန်ဖီးနစ် သူတော်စင်ရုပ်ခန္ဓာကိုယ်တွင် ဤမျှထိ အံ့အားသင့်ဖွယ်ကောင်းသော အသုံးဝင်မှုမျိုး ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
သူသည် ဤအစစ်အမှန်ဖီးနစ် သူတော်စင်ရုပ်ခန္ဓာကိုယ်ကို ရှားချင်းယွဲ့အား ပေးခဲ့သည့်အတွက် ဝမ်းသာနေခဲ့လေ၏။ ထိုသို့မဟုတ်ပါက သူ၏ သေကြေပျက်စီးခြင်းမဲ့ ရုပ်ခန္ဓာကိုယ်ကြောင့် ဤနီဗားနား ပြန်လည်မွေးဖွားခြင်း အခွင့်အရေးမှာ သူ့အတွက် အသုံးမဝင်ဘဲ လုံးလုံးလျားလျား အလဟဿ ဖြစ်သွားပေမည်။
"တကယ်လို့ ခင်ပွန်းသာ မရှိခဲ့ရင်... ချင်းယွဲ့က ဒီလိုမျိုး အခွင့်အရေးတွေ ရခဲ့မှာ မဟုတ်ပါဘူး..."
ထိုအရာအားလုံးသည် ချန်ချင်း၏လုပ်ဆောင်မှုများကြောင့်ဖြစ်ကြောင်း ရှားချင်းယွဲ့က သိရှိထားလေ၏။
ချန်ချင်းသာ မရှိခဲ့ပါက သူတော်စင်ရုပ်ခန္ဓာကိုယ် သို့မဟုတ် နီဗားနား ပြန်လည်မွေးဖွားခြင်း အခွင့်အရေးကို မဆိုထားနှင့် သူမသည် ဤဘဝတွင် ကျင့်ကြံခြင်း တာအိုလမ်းစဉ်သို့ ဝင်ရောက်နိုင်မည် မဟုတ်ဘဲ သာမန်လူ တစ်ယောက်၏ ဘဝဖြင့်သာ နေထိုင်သွားရမည် ဖြစ်ကြောင်း သူမ သေချာပေါက် သိထားသည်။
"ဇနီးလေး... မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ... ဒီ စိတ်ဝိညာဉ် စမ်းရေကန်ထဲမှာ စိတ်ဝိညာဉ် စွမ်းအင် တွေ အများကြီး ကျန်နေသေးတယ်... မြန်မြန် သန့်စင်ပြီး တခြားအခွင့်အရေးတွေ သွားရှာကြတာပေါ့..."
ချန်ချင်းက အကြံပြုလိုက်သည်။
"ကောင်းပါပြီ..."
ရှားချင်းယွဲ့က လိုက်နာပြီး ကျင့်ကြံခြင်း အခြေအနေသို့ လျှင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
ချန်ချင်းကမူ နောက်ဆုံး နဂါးသွေးပုလင်းကို ထုတ်ယူကာ သူ့အတွက် ချန်ထားလိုက်၏။
သူသည် ရှားချင်းယွဲ့ကဲ့သို့ပင် နဂါးသွေးကို သန့်စင်ပြီးနောက် အထူးအားဖြည့်မှုတစ်ခု ရနိုင်မရနိုင် သိရန်အတွက် သူ၏ကံကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနဂါးသွေးတစ်ပုလင်းလုံးကို စုပ်ယူပြီး သန့်စင်လိုက်ချိန်၌...
သူ့ထံ၌ တိုးတက်မှု မရှိခဲ့သည်တော့ မဟုတ်ပေ။ သူ၏ ရုပ်ခန္ဓာကိုယ် သွေးချီနှင့် ကျင့်ကြံခြင်းစွမ်းအားများအားလုံး ဘက်စုံတိုးတက်လာခဲ့လေ၏။
သူသည် နီဗားနား ပြန်လည်မွေးဖွားခြင်း အခွင့်အရေးကဲ့သို့ အထူးအားဖြည့်မှုမျိုး မရရှိခဲ့ခြင်းသာ ဖြစ်သည်။
ရောင့်ရဲသူတို့သည် အမြဲတစေ ပျော်ရွှင်ရသည် ဟူသော သဘောတရားကို ချန်ချင်း နားလည်ထားသဖြင့် သူသည် ထိုကိစ္စကိုကို ဆက်လက်၍ တွေးတောမနေတော့ဘဲ စိတ်ဝိညာဉ်စမ်းရေကန်တွင် ပါဝင်သော စိတ်ဝိညာဉ်စွမ်းအင်များကို အလျှင်အမြန် စုပ်ယူကာ သန့်စင်လိုက်သည်။
ဤစိတ်ဝိညာဉ်စွမ်းအင်များ မကုန်ခမ်းမီ သူ၏ ကျင့်ကြံခြင်းကို မဟာကပ်ဘေးဒုက္ခ ကျော်ဖြတ်ခြင်းနယ်ပယ် နဝမအဆင့်မှ မဟာယာနနယ်ပယ်သို့ မြှင့်တင်ရန် သူ ရည်မှန်းထားသည်။
အသက်အငယ်ဆုံး မဟာဧကရာဇ်ဘွဲ့အတွက် ယှဉ်ပြိုင်ရမည်ကို သူ ဝန်လေးနေမည် မဟုတ်ချေ။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေ၏။
စိတ်ဝိညာဉ် စမ်းရေကန် မခန်းခြောက်မီ ရှားချင်းယွဲ့သည် သူမ၏ကျင့်ကြံဆင့်နယ်ပယ်ကို အဆင့်ငယ်တစ်ဆင့် အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။
သူမက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ပြီး ချန်ချင်းကို ကြည့်လိုက်သည်။
သူ ကျင့်ကြံနေဆဲဖြစ်သည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် သူ့ကို နှောင့်ယှက်ရန် စကားမပြောခဲ့ချေ။
သူမသည် သူ့ကို ကြည့်နေရုံသာ ဖြစ်ပြီး ချန်ချင်း၏ မျက်နှာကို ဤကဲ့သို့ ပွင့်လင်းစွာ ငေးကြည့်ခွင့်ရရန်မှာ အလွန်ရှားပါးလှသည်။
'ဆွဲဆောင်မှုရှိပြီး ကြော့ရှင်းတယ်'၊ 'ပါရမီရှိပြီး ချောမောတယ်' နှင့် 'လေထဲမှာ လွင့်နေတဲ့ ကျောက်စိမ်းသစ်ပင်လို ကျက်သရေရှိတယ်' စသည့် စကားလုံးများသည် သူမ၏ စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာပေ၏။
သို့သော် ယခင်ကနှင့် မတူဘဲ ယခုအချိန်၌ ရှားချင်းယွဲ့သည် ဤအရာအားလုံးက 'အချစ်က မျက်လုံးကန်းတယ်' ဆိုတဲ့ အကြောင်းရင်းကြောင့်လားဟု မေးခွန်းမထုတ်တော့ချေ။
ထိုကဲ့သို့ အကြောင်းအရင်း ရှိနေကြောင်း သူမ မငြင်းနိုင်သလို တခြားအကြောင်းအရင်းအတွက်မူ ချန်ချင်းသည် အမှန်တကယ်ကို ထူးခြားစွာ ချောမောပြီး အထက်ဘုံမှ နှင်ထုတ်ခံရသော အင်မော်တယ်တစ်ပါးကဲ့သို့ ကြော့ရှင်းလွန်းနေသောကြောင့်ပင်။
သူမ ကြည့်နေစဉ်မှာပင် ရှားချင်းယွဲ့သည် နစ်မျောသွားပြီး အတွေးထဲတွင် လုံးဝနစ်မွမ်းသွားခဲ့လေ၏။
ဤသည်မှာ ချန်ချင်း၏မျက်လုံးများ ပွင့်လာပြီး သူတို့၏အကြည့်များ ဆုံတွေ့သွားသည့်အချိန်အထိပင်။
ရှားချင်းယွဲ့၏မျက်နှာလေး ချက်ချင်းနီရဲသွားသည်။
သူမက တည်ငြိမ်ဟန်ဆောင်ကာ အလျင်အမြန် စကားပြောလိုက်သည်။
"ခင်... ခင်ပွန်း... ရှင့်ရဲ့ ကျင့်ကြံခြင်းက ဘယ်လိုနေလဲ..."
သို့သော် သူမ၏ နှလုံးသားထဲရှိ အထိတ်တလန့်ဖြစ်မှုကို သူမ ဖုံးကွယ်မထားနိုင်ခဲ့ချေ။
ချန်ချင်းက မြင်သော်လည်း ဘာမှမပြောဘဲ ပြန်ဖြေလိုက်၏။
"အဆင်ပြေပါတယ်... ငါ အောင်အောင်မြင်မြင် အဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်..."
သိချင်စိတ်တစ်ခုက ရှားချင်းယွဲ့ကို နှောင့်ယှက်နေခဲ့သဖြင့် သူမသည် ဤအခွင့်အရေးကို ယူကာ တိုက်ရိုက်မေးလိုက်သည်။
"ခင်ပွန်းကို မေးလို့ရမလား... ရှင် အခု ဘယ်နယ်ပယ်မှာ ရှိနေပြီလဲ..."
"ဇနီးလေးက သိချင်လို့လား..."
ချန်ချင်းက ပြန်မေးသည်။
"အင်း... အင်း... အင်း..."
ရှားချင်းယွဲ့က သူမ၏ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
ချန်ချင်းက တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူ၏အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်လိုက်၏။
"..."
ရှားချင်းယွဲ့၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းကျုံ့သွားပြီး သူမ၏ တစ်ကိုယ်လုံးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် အကြိမ်ကြိမ် ဖိအားပေးခံလိုက်ရကာ သူမကို နေရာတွင်ပင် အေးခဲတောင့်တင်းသွားစေပြီး လှုပ်ရှား၍မရတော့ချေ။
ပြင်းထန်သော စွမ်းဆောင်ရည်မဲ့မှု ခံစားချက်တစ်ခုက ရှားချင်းယွဲ့၏ ခန္ဓာကိုယ်နှင့် စိတ်ကို လွှမ်းခြုံသွားပြီး တောင်ကဲ့သို့ ကြီးမားသော ဆင်ကြီးတစ်ကောင်ကို ရင်ဆိုင်နေရသည့် ပုရွက်ဆိတ် တစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလား သူမ ခံစားလိုက်ရသည်။
ရှားချင်းယွဲ့ကို ထိခိုက်မည်စိုးသဖြင့် ချန်ချင်းသည် လုံလောက်ရုံဖြင့် ရပ်တန့်လိုက်ပြီး သူ၏ဖိအားအရှိန်အဝါကို ပြန်လည်၍ ရုပ်သိမ်းလိုက်သည်။
"ဇနီးလေး... အဆင်ပြေရဲ့လား..."
ချန်ချင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
အချိန်အတော်ကြာပြီးနောက် ရှားချင်းယွဲ့က နောက်ဆုံးတွင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အသက်ဆယ့်ရှစ်နှစ်အရွယ် မဟာယာနနယ်ပယ် ... ခင်ပွန်း... ရှင်... ရှင် တကယ်ပဲ လူသား ဟုတ်ရဲ့လား..."
ဉာဏ်ကြီးရှင်၊ ပါရမီရှင် စသည့် ဝေါဟာရများကို ရှားချင်းယွဲ့သည် အခြားသူများထံမှ များစွာကြားဖူးသလို ရှေးဟောင်း စာအုပ်များတွင်လည်း ဖော်ပြချက်များစွာကို ဖတ်ဖူးခဲ့သည်။
သို့သော် အသက်ဆယ့်ရှစ်နှစ်အရွယ် မဟာယာနနယ်ပယ် ကျင့်ကြံသူ ဆိုသည်မှာ ရှားချင်းယွဲ့ အမှန်တကယ်ကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့သလို မျက်မြင်တွေ့ဖူးခြင်းလည်း မရှိခဲ့ချေ။
ချန်ချင်းနှင့် သက်တူရွယ်တူများအနက် လူဘယ်လောက်ထိများများသည် ချီသန့်စင်ခြင်းနယ်ပယ်တွင် ရုန်းကန်နေရဆဲ ဖြစ်သနည်း....
ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူသာ ဤအတိုင်း ဆက်သွားပါက မကြာမီ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်သို့ရောက်ကာ မဟာဧကရာဇ် ဖြစ်လာပေမည်။
ချန်ချင်းသည် အစစ်အမှန်လူသားတစ်ယောက် ဟုတ်ရဲ့လားဟု ရှားချင်းယွဲ့ သံသယဝင်ရခြင်းမှာလည်း ဤအကြောင်းအရင်းကြောင့်ပင်။
အကြောင်းအရင်းမှာ သူမ၏အမြင်တွင် ဤအရာသည် လူသားမျိုးနွယ်ဝင်တစ်ယောက် အောင်မြင်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်သောကြောင့်ပင်။
"သေချာပေါက် ငါက လူသားပါ... ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက သာမန်ထက် နည်းနည်းလေး ပိုမြန်နေရုံပါ..."
ချန်ချင်းက ပြန်ဖြေလိုက်သည်။
'ရှင်က ဒါကို နည်းနည်းလေး ပိုမြန်တယ်လို့ ခေါ်တာလား...'
ရှားချင်းယွဲ့၏ နှလုံးသားထဲတွင် ညည်းတွားစရာများ အမြောက်အများ ရှိနေသော်လည်း ဘယ်ကနေ စပြောရမှန်း မသိခဲ့ချေ။
ထိုအချိန်မှာပင် အဝေးမှနေ၍ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
"ဝင်္ကပါထဲက လူတွေ... သတ္တိရှိရင် ဒီလိပ်ခွံထဲမှာ ပုန်းမနေနဲ့... မြန်မြန် ထွက်လာပြီး အသေခံစမ်း..."
"တကယ်လို့ မင်းတို့ ထွက်မလာဘူးဆိုရင်... ဒီအဘိုးကြီးက ဝင်္ကပါကို ချိုးဖျက်ပြီးတာနဲ့ မင်းတို့ရဲ့ အရွတ်တွေကို ဆွဲထုတ် အရေခွံကို ခွာပြီး အရိုးတွေကို အမှုန့်ဖြစ်အောင် သေချာပေါက် ခြေမွှဖျက်ဆီးပစ်မယ်..."
အော်ဟစ်သံများ ဆက်လက်၍ ထွက်ပေါ်နေသည်။
ချန်ချင်း၏နတ်ဘုရားစိတ်အာရုံသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေ၏။
"အမ်... လူတွေ တော်တော်များများ ရောက်နေတာပဲ... ရာဂဏန်းလောက် ရှိမယ် ထင်တယ်..."
'လူ ရာဂဏန်းလောက် ရောက်နေတယ်...'
ရှားချင်းယွဲ့ လန့်ဖျပ်သွားသည်။ သူမ၏ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်ဖြင့် ချန်ချင်းကဲ့သို့ သူမ၏ နတ်ဘုရားစိတ်အာရုံဖြင့် ထိုမျှ အဝေးအထိ လွှမ်းခြုံ၍မရနိုင်ချေ။
သူမသည် ယခုအချိန်၌ သူတော်စင်ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော်လည်း ကျင့်ကြံသူ ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်ခြင်းရှိမရှိ မသေချာပေ။
ရှားချင်းယွဲ့၏ အတွေးများသည် သူမ၏ မျက်နှာပေါ်တွင် အမြဲတစေ ပေါ်လွင်နေလေရာ ချန်ချင်းက အလွယ်တကူ မြင်တွေ့နိုင်သဖြင့် မေးလိုက်၏။
"ဇနီးလေး... ဒီကောင်တွေနဲ့ မင်းရဲ့ လက်ရှိ ခွန်အားကို စမ်းသပ်ကြည့်ချင်လား..."
"ကျွန်မ စမ်းကြည့်ချင်တယ်... ဒါပေမဲ့ သူတို့က ရာနဲ့ချီပြီး ရှိနေတော့ ကျွန်မ ယုံကြည်မှု မရှိဘူး..."
ရှားချင်းယွဲ့၏အသံတွင် ယုံကြည်မှု ကင်းမဲ့နေသည်။
ချန်ချင်းကမူ သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်မှုရှိစွာဖြင့် ကတိပေးလိုက်၏။
"စိတ်မပူပါနဲ့... မင်းရဲ့ ခင်ပွန်းက မင်းရဲ့ နောက်မှာ ရှိနေတာပဲ... တကယ်လို့ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါ ထိန်းထားပေးမယ်..."
"ခင်ပွန်း..."
ရှားချင်းယွဲ့၏ မျက်လုံးများတွင် ခံစားချက်များ ပြည့်နှက်နေသည်။
ချန်ချင်းက ဤမျှအထိ ပြောဆိုထားပြီးဖြစ်ရာ သူမက ဆက်လက်၍ ငြင်းဆန်မနေတော့ဘဲ ရိုးရှင်းသော "ကောင်းပါပြီ..." ဟူသည့် စကားဖြင့် သဘောတူလိုက်၏။
ရှားချင်းယွဲ့၏အမြင်အရ ကျင့်ကြံသူ တစ်ဦးအနေဖြင့် တခြားကျင့်ကြံသူများနှင့် တိုက်ခိုက်ခြင်းက ပို၍အကျိုးရှိသည်။ နတ်ဆိုးသားရဲများကိုသာ အားကိုးနေခြင်းက လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံများကို သူမ စုဆောင်းရန် လုံလောက်မည် မဟုတ်ချေ။
ဤသည်မှာ အလွန်ကောင်းမွန်သော အခွင့်အရေး တစ်ခုပင်။