အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃) အင်အားကို အလွဲသုံးစားလုပ်၍ အနိုင်ကျင့်ခြင်း
ထိုအကြီးအကဲ၏ မောက်မာသော စကားများက ချန်ချင်း၏စိတ်အာရုံကို ဖမ်းစားသွားသည်။
သူသည် ထိုအကြီးအကဲ၏လက်ထဲတွင် မှော်ရတနာ တစ်ခု ရှိနေသည်ကို သတိပြုမိလေ၏။ ထိုအရာသည် အပေါ်ယံတွင် သာမန်အဆောင်လက်ဖွဲ့တစ်ခုနှင့် တူနေသော်လည်း တကယ်တမ်းတွင်မူ မြေကမ္ဘာအဆင့် ဖြစ်လေသည်။
ထိုအရာက ယန်ဝမ်အပ်နှင့် ဆင်တူသော ခံစားချက်မျိုးကို ပေးစွမ်းပြီး မကောင်းဆိုးဝါး အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
"တစ္ဆေသရဲတစ်သောင်း စိတ်ဝိညာဉ်လုယူခြင်း အဆောင်လက်ဖွဲ့... သွားစမ်း..."
အကြီးအကဲက ထိုအဆောင်လက်ဖွဲ့ကို အသက်မသွင်းနိုင်မီမှာပင် ချန်ချင်းသည် လေဟာနယ်ထဲသို့ လက်ဆန့်တန်းလိုက်သည်။ ထို့နောက် သူသည် ထိုအကြီးအကဲ၏လက်ထဲမှ တစ္ဆေသရဲတစ်သောင်း ဝိညာဉ်လုယူခြင်း အဆောင်လက်ဖွဲ့ကို လေဟာနယ် ထဲမှတစ်ဆင့် ဆွဲယူလိုက်၏။
"ဟင်... ခဏလေး..."
တစ်ခုခု မှားယွင်းနေကြောင်း ထိုအကြီးအကဲက သဘောပေါက်သွားပြီး အဆောင်လက်ဖွဲ့ကို ပြန်လုရန် ကြိုးစားချိန်တွင် လက်တဖဝါးစာအရွယ်အစားရှိသော လေဟာနယ်တံခါးမှာ ပြန်ပိတ်သွားပြီဖြစ်ရာ လေကိုသာ ဖမ်းဆုပ်မိသွားခဲ့သည်။
သူ မော့ကြည့်လိုက်ရာ လျှို့ဝှက်နယ်မြေထဲတွင် သူ တွေ့ရှိခဲ့သော သူ၏ အသက်ကယ်ဝှက်ဖဲသည် ချန်ချင်း၏ လက်ထဲတွင် ရောက်နေသည်ကို မြင်လိုက်ရသည်။ အကြီးအကဲသည် ငိုကြွေးလုမတတ် ဖြစ်သွားပြီး ကျိန်ဆဲလိုက်၏။
"မင်း ယုတ်မာတဲ့ကောင်... ငါ့ကို ပြန်ပေးစမ်း..."
"ဒီလို အန္တရာယ်များတဲ့ ပစ္စည်းကို သုံးဖို့ မင်းကို ဘယ်သူက ခွင့်ပြုထားလို့လဲ..."
ချန်ချင်းသည် တစ်ဖက်လူကို လျစ်လျူရှုကာ တစ္ဆေသရဲတစ်သောင်း ဝိညာဉ်လုယူခြင်း အဆောင်လက်ဖွဲ့ကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
"မင်း... မင်းက ငါ့ကို သတ်ချင်တာလား... ပြီးတော့ ဒီအဘိုးကြီးကို ခုခံခွင့်တောင် မပေးဘူးလား... မင်း အရမ်းတရားလွန်နေပြီ..."
အကြီးအကဲသည် ဒေါသတကြီးဖြင့် ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး မျက်ရည်များ စီးကျလာပေ၏။
"ငါ တရားလွန်နေတယ် ဆိုရင်ကော ဘာဖြစ်လဲ..."
ချန်ချင်း၏ စကားတစ်ခွန်းတည်းက အကြီးအကဲကို စကားမပြောနိုင်အောင် ဖြစ်သွားစေပြီး သူ၏ မျက်နှာမှာ နီရဲလာကာ ဒေါသကြောင့် အချိန်မရွေး သတိလစ်သွားနိုင်သည့်အလား မျက်ဖြူလန်သွားသည်။
"..."
သို့သော် သူသည် ချန်ချင်း၏ စကားများကို ပြန်လည်၍ မချေပနိုင်ခဲ့ချေ။ အားကြီးသူကို လေးစားသော ခေတ်တွင် တစ်စုံတစ်ယောက်က တရားလွန်နေလျှင်ပင် သူ ဘာလုပ်နိုင်မည်နည်း။
အစမှအဆုံး သူတို့သည် ချန်ချင်း၏ ကစားစရာများမျှသာ ဖြစ်ပြီး သူတို့၏ အသက်နှင့်သေဆုံးမှုကို ချန်ချင်းက စိတ်ကြိုက်ဆုံးဖြတ်နိုင်ကြောင်း ဤလူများကို ရှင်းလင်းစွာ သိရှိစေခဲ့လေ၏။
သူတို့သည် ရုန်းကန်ရန် အခွင့်အရေးပင် မရှိခဲ့ဘဲ သေချာပေါက် သေဆုံးရပေမည်။
နောက်ဆုံးတွင် ပို၍အားကောင်းသော အကြီးအကဲများကို လေးစားသောအားဖြင့် ရှားချင်းယွဲ့သည် စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများကို စုစည်းကာ လူတိုင်း၏ခေါင်းပေါ်တွင် ပို၍ကြီးမားသော ရေခဲကြာပန်း တစ်ပွင့်ကို ဖန်တီးလိုက်သည်။
သူမ၏လက်များ အောက်သို့ ကျဆင်းသွားသည်နှင့်အမျှ ရေခဲကြာပန်းသည်လည်း လျှင်မြန်စွာ ကျဆင်းလာခဲ့သည်။
ဝုန်း...
ကျယ်လောင်သောအသံနှင့်အတူ အေးစက်သော ချီများ ပေါက်ကွဲထွက်လာပြီး ဒီရေလှိုင်းများအလား ထွက်ပေါ်လာခဲ့လေ၏။
ဖုန်မှုန့်များ ရှင်းလင်းသွားပြီးနောက် ထိုအကြီးအကဲများအားလုံးသည် ကြာပန်းထဲတွင် လုံးဝ အေးခဲသွားပြီး သူတို့၏အသက်များသည် သေချာပေါက် အဆုံးသတ်သွားခဲ့လေပြီ။
သူတို့သည် တောင့်တင်းအေးခဲနေပြီး နေရာတွင်ပင် ချက်ချင်းသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှငက ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့် အလယ်အလတ်အဆင့် အေးစက်လမင်း ဓား တစ်လက်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
"ငါ လုပ်နိုင်ခဲ့ပြီ..."
ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်ကို ရရှိပြီးနောက် ချန်ချင်းသည် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး မတည်ငြိမ်နိုင်သေးသော ရှားချင်းယွဲ့ကို ကြည့်ကာ ချီးကျူးလိုက်၏။
"ကောင်းတယ်... ရန်သူတွေကို ဒီလိုမျိုး ဆက်ဆံရတယ်..."
"အဲ့ဒါက ခင်ပွန်းရဲ့ ပံ့ပိုးမှုကြောင့်ပါ..."
ချန်ချင်းသာ မရှိခဲ့ပါက သူမသည် ယနေ့ ဤနေရာတွင် ရှိနေမည် မဟုတ်ကြောင်း သူသည် သူမအား ဘဝသစ်တစ်ခု ပေးခဲ့ကြောင်း ရှားချင်းယွဲ့ ခိုင်မာစွာ ယုံကြည်ထားလေ၏။
"ငါတို့က ဇနီးမောင်နှံတွေပဲလေ... တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဖေးမကူညီတာက သဘာဝပဲပေါ့..."
ချန်ချင်းက အလွန် သဘာဝကျသောအရာ တစ်ခုအလား ပြောလိုက်သည်။
ချက်ချင်းပင် သူသည် ယခုလေးတင် ရရှိခဲ့ပြီး ရေခဲသဘာဝပါဝင်သော အေးစက်လမင်းဓားကို ထုတ်ယူကာ ရှားချင်းယွဲ့ထံသို့ လက်ကမ်းပေးလိုက်၏။
"ငါ့ဆီမှာ မင်းရဲ့ ကျင့်ကြံနည်းစနစ်နဲ့ ကိုက်ညီတဲ့ ဓားတစ်လက် ရှိနေတယ်... ယူပြီး သုံးကြည့်လိုက်... အဆင်မပြေဘူးလို့ ခံစားရရင် နောက်နေ့မှ တခြားလက်နက်တစ်ခု ရှာပေးမယ်..."
ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ၏ အရည်အသွေးကို ပို၍မြှင့်တင်ရန် စီစဉ်ထားသည်။
သူသည် ရေခဲသဘာဝများ ပါဝင်သော ကျင့်ကြံနည်းစနစ်များကို မကျင့်ကြံသလို သူ၏လျှပ်စီးစိတ်ဝိညာဉ်အမြှစ်ဖြင့်လည်း အေးစက်လမင်းဓား၏ အပြည့်အဝ စွမ်းအားကို ထုတ်လွှတ်နိုင်မည် မဟုတ်ချေ။ ထိုအရာကို သူ အတင်းအကြပ် အသုံးပြုခြင်းက အလဟဿ ဖြစ်စေရုံသာ ရှိပေလိမ့်မည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့် ထိပ်တန်း ရေခဲစိတ်ဝိညာဉ်အမြှစ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
"အာ..."
ချန်ချင်းသည် ရေခဲသဘာဝများက သူနှင့် ရေစက်မပါဟု ယခုလေးတင် ပြောခဲ့သော်လည်း စနစ်က သူ့ကို ဤမျှထိ လျှင်မြန်စွာ ပါးရိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
သို့သော် ဤကဲ့သို့ ပါးရိုက်မှုမျိုး မည်မျှထိ များပြားပါစေ ချန်ချင်းက ဝမ်းသာအားရ လက်ခံပေမည်။
"ကျေးဇူးတင်ပါတယ် ခင်ပွန်း..."
ရှားချင်းယွဲ့က အေးစက်လမင်းဓားကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။
"စကားနဲ့ပဲ ကျေးဇူးတင်တာလား..."
ချန်ချင်းသည် အပြန်အလှန်အနေဖြင့် တစ်ခုခု တောင်းဆိုရန် စတင်လိုက်၏။
ဤသည်က သူ့ကို ရှားချင်းယွဲ့နှင့် ပို၍နီးကပ်စေမည့်အပြင် သူ၏ လက်ဆောင်ကို ရရှိပြီးနောက် သူမကို စိတ်အေးလက်အေး ဖြစ်စေရန်လည်း ကူညီပေးပေလိမ့်မည်။
ရှားချင်းယွဲ့သည် တုံးအသူမဟုတ်သဖြင့် ချန်ချင်း ဘာပြောချင်သည်ကို အလျှင်အမြန် နားလည်သွားခဲ့သည်။
သူမသည် အေးစက်လမင်းဓားကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ အရင်ထည့်လိုက်ပြီးနောက် ရှေ့သို့ တိုးလာကာ ချန်ချင်း၏မျက်နှာနားသို့ ကပ်ပြီး အသံမြည်အောင် နမ်းလိုက်သည်။
"ခင်ပွန်း... ဒီလောက်ဆိုရင် လုံလောက်ပြီလား..."
ရှားချင်းယွဲ့က ပိုးကြိုးမျှင်လေးကဲ့သို့ နူးညံ့ညင်သာသောအကြည့်ဖြင့် မေးလိုက်၏။
"လုံလောက်ပါတယ်... ဒါပေမဲ့..."
ချန်ချင်းသည် ရှားချင်းယွဲ့ ထပ်မေးရန် စောင့်ဆိုင်းရင်း တမင်သက်သက် စကားချန်ထားလိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လို့လဲ..."
သူ မျှော်လင့်ထားသည့်အတိုင်းပင် ရှားချင်းယွဲ့က မေးမြန်းသည်။
"ငါ့ရဲ့ဇနီးလေးက ငါ့ကို အကြိမ်ကြိမ် နမ်းပြီးပြီဆိုတော့... ငါလည်း ငါ့ရဲ့ဇနီးလေးကို ပြန်နမ်းချင်တယ်လေ..."
ချန်ချင်းက သူ၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်လိုက်သည်။
"ခင်ပွန်းကိုနမ်းတာ အဲ့ဒီလောက်ကြီးလည်း မများပါဘူး..."
ရှားချင်းယွဲ့က ရှက်ရွံ့သွားကာ သူမ၏မျက်နှာ နီရဲနေပြီး ပြောလိုက်သည်။
ထို့နောက် သူမက တိုုးညှင်းစွာ ထပ်ပြောလိုက်၏။
"ခင်ပွန်း နမ်းချင်ရင်... နမ်းပါ..."
"ဒါဆိုရင် ငါ အားနာမနေတော့ဘူးနော်..."
ချန်ချင်းသည် ရှေ့သို့တိုးသွားပြီး ရှားချင်းယွဲ့ကဲ့သို့ပင် သူမ၏ပါးပြင်ကို နမ်းလိုက်သည်။
သူသည် အခွင့်အရေးကို အလွန်အကျွံ မယူဘဲ ထိုနေရာတွင်ပင် ရပ်တန့်လိုက်သည်။
ယခုအချိန်သည် အရေးကြီးသော အခိုက်အတန့်ဖြစ်ပြီး အချိန်များစွာ ရှိသေးရာ ချန်ချင်းအနေဖြင့် သူ့ကိုယ်သူ အန္တရာယ်တွင်းသို့ တွန်းပို့ရန် မလိုအပ်ချေ။
"ငါ့ရဲ့ဇနီးလေးက အရမ်း မွှေးတာပဲ... ဆန်မုန့်အိအိလေးတစ်ခုကို နမ်းရသလိုပဲ..."
"မ... မဟုတ်ဘူး... ဆက်မပြောပါနဲ့တော့..."
ချန်ချင်းက သူမ၏ ပါးပြင်ကို နမ်းရသည့် ခံစားချက်ကိုပင် မှတ်ချက်ပေးနေသည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် ခေါင်းငုံ့သွားပြီး သူမ၏ မျက်နှာမှာ သွေးများ ယိုစီးကျမတတ် နီရဲလာကာ သူမ၏ အသံမှာ ပို၍ပင် တိုးညှင်းသွားခဲ့လေ၏။
အကယ်၍ တစ်စုံတစ်ယောက်က သေချာနားမထောင်ပါက အမှန်တကယ်ကို ကြားရမည်မဟုတ်ချေ။
ထို့နောက် ချန်ချင်းက အကြံပြုလိုက်သည်။
"သွားကြစို့ ဇနီးလေး... သူတို့ဆီကနေ သွားလုကြရအောင်..."
"သူတို့ကို လုမှာလား..."
ချန်ချင်း၏စကားများကြောင့် ရှားချင်းယွဲ့က သူ့ကို မော့ကြည့်လိုက်ပြီး စိတ်ဝင်စားသွားသည်။
"ဒီဂိုဏ်းအင်အားစုတွေက တပည့်တွေက ထျန်းယွမ် လျှို့ဝှက်နယ်မြေထဲမှာ နေလာတာ တော်တော်ကြာပြီဆိုတော့... သူတို့ဆီမှာ ရတနာတွေ အများကြီး စုဆောင်းထားမှာ သေချာတယ်... အဲ့ဒါတွေအားလုံးကို သွားသိမ်းကြမယ်လေ... ခေါင်းမရှိတဲ့ ယင်ကောင်တစ်ကောင်လို ရတနာတွေကို ရည်ရွယ်ချက်မရှိ လိုက်ရှာနေတာထက်စာရင် ဒါက အများကြီး ပိုထိရောက်တယ်..."
ချန်ချင်းက ပို၍ပွင့်လင်းစွာ ရှင်းပြလိုက်သည်။
"ဟုတ်ကဲ့..."
ရှားချင်းယွဲ့က သဘောတူပြီး ဤလုပ်ရပ်တွင် မှားယွင်းမှု မရှိဟု ခံစားရရုံသာမက မျှော်လင့်ချက် ကြီးမားစွာဖြင့် စိတ်လှုပ်ရှားနေပုံ ပေါက်နေသည်။
ဂိုဏ်းခွဲများကို ဝင်ရောက်လုယက်ရန်နှင့် လမ်းတွင် လျှို့ဝှက်နယ်မြေ ရတနာများကို အသေးစိတ် ရှာဖွေရန်အတွက် ချန်ချင်းသည် အရိပ်ရုပ်သေးရုပ်များကို သောင်းနှင့်ချီ၍ စေလွှတ်ရန်လည်း မမေ့လျော့ခဲ့ချေ။
သူသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကိုမျှ အလွတ်မခံဘဲ အရာအားလုံးကို သူ့ထံသို့ ယူဆောင်လာရန် ညွှန်ကြားလိုက်သည်။
အရိပ်ရုပ်သေးရုပ်များသည် ချန်ချင်း၏ အမိန့်အတိုင်း ထျန်းယွမ် လျှို့ဝှက်နယ်မြေကို စူးစမ်းရှာဖွေရန် ထွက်ခွာသွားကြသည်။
မကြာမီ…
ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ကူးပြောင်းရေး တံခါး တစ်ခုမှ ထွက်လာကြပြီး "ချန်ချင်းဂိုဏ်း" ဟု အမည်ရသော ဂိုဏ်း၏တောင်ခြေသို့ ဦးစွာရောက်ရှိလာကြသည်။
"ခမ်းနားလိုက်တာ... ဘာလို့ သူတို့က လျှို့ဝှက်နယ်မြေ ထဲမှာ ဒီလို ဂိုဏ်းမျိုးကို တည်ဆောက်ထားရတာလဲ..."
ရှားချင်းယွဲ့က နားမလည်စွာဖြင့် မေးလိုက်သည်။
ချန်ချင်းက သူ၏ထင်မြင်ချက်ကို ပြောပြလိုက်၏။
"ဒီဂိုဏ်းတွေက ထျန်းယွမ် လျှို့ဝှက်နယ်မြေကို ဝင်နိုင်တဲ့ အပေါက်တွေကိုရှာဖို့ အချိန်အများကြီး ပေးခဲ့ရလောက်တယ်... သူတို့ရဲ့ ရည်ရွယ်ချက်က ဒီကို လူတွေ ပိုလွှတ်ပြီး အခွင့်အရေးတွေ ပိုယူဖို့နဲ့ သူတို့ရဲ့ နယ်ပယ်ကို စောစောစီးစီး တည်ဆောက်ဖို့ပဲ..."
"ဒါပေမဲ့... လျှို့ဝှက်နယ်မြေတွေမှာ အချိန်ကန့်သတ်ချက်ရှိတယ် မဟုတ်လား..."
ရှားချင်းယွဲ့က ထပ်မေးလိုက်သည်။
ချန်ချင်းက ဆက်လက်၍ ပြောဆိုလေ၏။
"ထျန်းယွမ် လျှို့ဝှက်နယ်မြေမှာ အများဆုံး အချိနိခြောက်လလောက်ပဲ နေလို့ရတယ်... ဂိုဏ်းတွေက 'စမ်းသပ်မှု' ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး တပည့်တွေကို ကူးပြောင်းရေးတံခါး ရှာခိုင်းပြီးတော့ ဂိုဏ်းခွဲထဲကို ဝင်ခိုင်းတာ... ပြီးတော့ သူတို့ရဲ့ လူအင်အားကို အဆက်မပြတ် အလှည့်ကျ ပြောင်းလဲနေတာပဲ..."
"အော်... ဒီလိုကိုး..."
ချန်ချင်း၏ရှင်းပြချက်ကို ကြားပြီးနောက် ရှားချင်းယွဲ့ အရာအားလုံးကို နားလည်သွားသည်။
"ဒါဆို... ကျွန်မတို့ ဘယ်အချိန် စလှုပ်ရှားမလဲ..."
တစ်သက်လုံး ကလေးလိမ္မာလေး ဖြစ်လာခဲ့သော ရှားချင်းယွဲ့သည် ယခုအချိန်၌ ပျော်ရွှင်နေပြီး သူမ၏ ပုန်ကန်လိုသော အပိုင်းကို ချန်ချင်းက တဖြည်းဖြည်း တူးဖော်ပေးနေခဲ့သည်။
ရှားချင်းယွဲ့၏ စိတ်အားထက်သန်နေသော အမူအရာကို ကြည့်ရင်း ချန်ချင်း အနည်းငယ် စိုးရိမ်သွားခဲ့လေ၏။ သူ၏ ကောင်းကင်အမိန့်တော် ဧကရီ ဇနီးသည်က လူဆိုးမလေးတစ်ယောက် ဖြစ်သွားတော့မှာလား။
သူက ပြန်ဖြေလိုက်၏။
"အခုပဲ..."
"ကောင်းပြီ..."
ရှားချင်းယွဲ့သည် အေးစက်လမင်းဓားကို ထုတ်ယူလိုက်ပြီး သူမ၏စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအရာ၏လမ်းကြောင်းရှိ သစ်ပင်ပန်းမန်များအားလုံး အေးခဲသွားသည်။
ထိုအရာများကို အနည်းငယ် ထိလိုက်ရုံဖြင့် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
အေးစက်ချီများကြောင့် ဤနေရာအနီးသို့ ချဉ်းကပ်ရန် မည်သူတစ်ဦးတစ်ယောက်အတွက်မဆို ခက်ခဲလှသည်။
ချန်ချင်းကမူ ဂရုမစိုက်ချေ။ ကျင့်ကြံခြင်း ကွာဟချက် ရှိနေသည့်အပြင် သူ့ထံတွင် သူတော်စင်ရုပ်ခန္ဓာကိုယ် များစွာနှင့် မှော်ရတနာများ ရှိနေသဖြင့် ထိုအေးစက်ချီများသည် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။
"ဘယ်သူက ငါတို့ ဂိုဏ်းကို ကျူးကျော်ရဲတာလဲ..."
ရှားချင်းယွဲ့က ဓားကိုင်ကာ ချဉ်းကပ်လာသည်ကို မြင်သောအခါ တောင်တံခါးကို စောင့်ကြပ်နေသော တပည့်သည် သူ၏လှံရှည်ကို နှိမ့်ကာ သူမဆီသို့ တည့်တည့်ချိန်ရွယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ဂိုဏ်းသို့ သတင်းပို့လိုက်ပြီး အကြီးအကဲများနှင့်တပည့်များကို ကျူးကျော်သူများ ရှိကြောင်း အသိပေးကာ သူ့ကို ကူညီရန်အတွက် အမြန်လာကြရန် တိုက်တွန်းလိုက်သည်။
ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် သာမန်လူများ မဟုတ်ကြောင်း သူ သေချာသိနေလေ၏။