အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄) မျက်စိတစ်မှိတ်အတွင်း ချက်ချင်း သတ်ဖြတ်ခြင်း
"အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းချိန်စာ အချိန်အတွင်းမှာ ဂိုဏ်းထဲမှာရှိတဲ့ ရတနာတွေအကုန်လုံးကို ပေးမလား... ဒါမှမဟုတ် သေမလား..."
ချန်ချင်း၏အသံ အေးစက်တင်းမာနေသည်။
သူ၏စကားများတွင် မည်သည့်စိတ်ခံစားချက်မျှ မရှိချေ။
ရှားချင်းယွဲ့သည် တွေဝေတုံ့ဆိုင်းသွားပြီး ချန်ချင်းကို ကြည့်လိုက်ကာ သူမ၏မျက်လုံးများတွင် အလင်းရောင်တစ်ခု တောက်ပသွားသည်။
ထိုစကားများကို အခြားတစ်ယောက်က ပြောခဲ့မည်ဆိုပါက ကြွားလုံးထုတ်နေသည်ဟု ရှားချင်းယွဲ့ တွေးထင်မိပေမည်။ သို့သော် ချန်ချင်း ပြောသောအခါ ရှားချင်းယွဲ့သည် ထိုကဲ့သို့ အရာမျိုးကို သူ လုပ်ဆောင်နိုင်ခြင်းရှိမရှိဆိုသည်ကို တခဏမျှပင် သံသယမဝင်ခဲ့ပေ။
သူ့ထံမှ သူမ များစွာသင်ယူရအုံးမည်ဟု ခံစားရပြီး သူမ၏စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်၏။
ထိုအရာက အမြင့်ဆုံးနှင့် ဩဇာလွှမ်းမိုးမှုရှိသော ဧကရာဇ်တစ်ပါး၏အရှိန်အဝါထက်ပင် ပို၍အံ့အားသင့်ဖွယ်ကောင်းနေသည်။
ထိုစကားကို ကြားသောအခါ အစောင့်တပည့်ဖြစ်သူ၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။ ဤမျှထိ မောက်မာသောလူကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူတို့သည် လူနှစ်ယောက်တည်းနှင့် ဂိုဏ်းတစ်ခု၏ ဩဇာအာဏာကို စိန်ခေါ်ရဲပေ၏။
ထျန်းယွမ်လျှို့ဝှက်နယ်မြေတွင် တည်ထောင်ထားသာ်မှာ ချန်ချင်းဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုသာ ဖြစ်သော်လည်း တပည့်ရာပေါင်းများစွာနှင့် အကြီးအကဲ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က အုပ်ချုပ်နေဆဲပင်။ ဤလူနှစ်ယောက်၏သတ္တိများ မည်သည့်နေရာက လာသည်ကို သူ မသိနိုင်တော့ချေ။
နောက်တခဏတွင် ရေခဲမိုးများ ကျဆင်းလာသကဲ့သို့ မရေမတွက်နိုင်သော ပုံရိပ်များသည် တောင်ထိပ်မှနေ၍ တောင်အောက်သို့ တစ်ယောက်ပြီး တစ်ယောက် လျှင်မြန်စွာ ပျံသန်း၍ ဆင်းသက်လာကြသည်။
သူ၏ စီနီယာအစ်ကိုများနှင့် ဂိုဏ်းတူတပည့်များ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာပြီး သူ၏ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး ကြီးထွားလာသည်ကို မြင်သောအခါ တံခါးစောင့်တပည့်၏ ပါးစပ်သည် အထက်သို့ အနည်းငယ် ကွေးတက်သွားခဲ့လေ၏။ သူ့ထံ၌ ကျောထောက်နောက်ခံ ရှိနေသည့်အလား သူ၏ အမူအရာမှာ ပို၍ယုံကြည်မှု ရှိလာခဲ့သည်။
"ငါတို့ ချန်ချင်းဂိုဏ်းကို ဘယ်အရေးမပါတဲ့ ကောင်တွေက ကျူးကျော်ရဲတာလဲ..."
ထို့နောက် အကြီးအကဲတစ်ယောက်၏ အော်ဟစ်သံက တံခါးစောင့်တပည့်ကို ပို၍ပင် စိတ်သက်သာရာ ရသွားစေသည်။
အကြီးအကဲတစ်ယောက်နှင့် တပည့်များစွာကို ချန်ချင်းနှင့်ရှားချင်းယွဲ့တို့က ဘာလုပ်နိုင်မည်နည်း...
"တူညီတဲ့ စကားကို ငါ နှစ်ခါထပ်မပြောချင်ဘူး..."
ချန်ချင်း၏ သဘောထားမှာ ရှင်းလင်းနေသည်။
"မောက်မာလိုက်တဲ့ ကောင်စုတ်လေး..."
အကြီးအကဲထံတွင် မကျေနပ်မှုများ ပြည့်နှက်သွားသည်။ ဂိုဏ်းခွဲတွင် အာဏာအရှိဆုံး အကြီးအကဲတစ်ဦးအနေဖြင့် သူ အကြီးအကဲတုချန်ဟယ်သည် ဘယ်တုန်းကများ ဤကဲ့သို့ စော်ကားခံရဖူးသနည်း။
တုချန်ဟယ်ထံမှ ချီများပေါက်ကွဲထွက်လာပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်၏ ဖိအားသည် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေ၏။
ထိုအရာသည် ချန်ချင်းဂိုဏ်း၏ တပည့်များအပေါ် ဖိနှိပ်ထားပြီး သူတို့၏လည်ပင်းများကို မမြင်ရသော လက်ကြီးတစ်ဖက်က ညှစ်ထားသကဲ့သို့ အသက်ရှူရ ခက်ခဲသွားစေသည်။
"စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ် ခွန်အား ပိုင်ဆိုင်ထားတဲ့ အကြီးအကဲ တုချန်ဟယ် ပီသပါပေတယ်... ဒီနတ်ဘုရားဖိအားက တကယ့်ကို ကြောက်စရာကောင်းတာပဲ..."
"ငါ ဂိုဏ်းခွဲမှာ နေလာတာ ဒီလောက်ကြာပြီ... အကြီးအကဲ တုချန်ဟယ် ဒီလောက်ထိ ဒေါသထွက်တာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... အဲ့ဒီလူနှစ်ယောက်တော့ အဆုံးသတ်သွားပြီ..."
"သူတို့က သေသင့်တယ်... ငါတို့ ချန်ချင်းဂိုဏ်းကို စိန်ခေါ်ရဲတာက သူတို့ သေချင်နေလို့ပဲ..."
လူအများစုက ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ဘာမှ မလုပ်နိုင်ဟု ယုံကြည်နေကြသော်လည်း လူတချို့ထံမှ ကွဲပြားသော အသံများ ထွက်ပေါ်လာခဲ့လေ၏။
"နည်းနည်း ထူးဆန်းတယ်လို့ မထင်ဘူးလား... ဒီလောက််ထိ ကြီးမားတဲ့ နတ်ဘုရားဖိအားမျိုးကို ရင်ဆိုင်နေရတာတောင်... သူတို့ နှစ်ယောက်လုံးက မျက်နှာအမူအရာ မပြောင်းဘဲ နေနိုင်တယ်..."
"ရှီး... မင်း ပြောမှ တကယ်ကြီး ဟုတ်နေသလိုပဲ... ကြည့်ရတာတော့ သူတို့ရဲ့ ကျင့်ကြံခြင်းက မနိမ့်ပါးလောက်ဘူး ထင်တယ်..."
ထိုစကားကို ကြားသောအခါ တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
"ဘယ်လောက်ပဲ မြင့်မြင့်... အကြီးအကဲ တုချန်ဟယ်ထက် ပိုမြင့်နိုင်ပါ့မလား..."
ထိုမေးခွန်းအတွက် အဖြေကို မပြောကြသော်လည်း လူတိုင်း တူညီစွာ သိရှိထားကြသည်။
ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ ပါရမီ မည်မျှထိ မြင့်မားစေကာမူ သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်း မည်မျှထိမြန်ဆန်စေကာမူ သူတို့သည် အကြီးအကဲတုကို ကျော်လွန်နိုင်မည် မဟုတ်ကြောင်း ယုံကြည်ထားကြ၏။
သူတို့၏ သတ်မှတ်ထားသော သေဆုံးမှုမှာ ပြောင်းလဲသွားမည် မဟုတ်ပေ။
"ဇနီးလေး... ဒီလို ခေါင်းမာတဲ့ ကောင်တွေ အပေါ်မှာ အချိန်ဖြုန်းနေစရာ မလိုပါဘူး..."
ချန်ချင်းသည် အစွမ်းအစမရှိဘဲ ဒေါသထွက်နေသော အကြီးအကဲ တုချန်ဟယ်ကို မျက်လုံးထဲ မထည့်ဘဲ ရှားချင်းယွဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ခင်ပွန်းရဲ့ သွန်သင်ချက်တွေကို ကျွန်မ အမြဲတမ်း မှတ်ထားပါ့မယ်..."
ရှားချင်းယွဲ့သည် ချန်ချင်း၏ စကားများကို သူမ၏ မှတ်စုစာအုပ်ငယ်လေးထဲတွင် ထပ်မံ၍ ရေးမှတ်ထားလိုက်ပြီး အနာဂတ်တွင် ထိုအရာများကို အသုံးပြုရမည့် အခွင့်အရေး သေချာပေါက် ရလာလိမ့်မည်ဟု ယုံကြည်ထားလေ၏။
"မောက်မာလိုက်တာ..."
သူသည် အစွမ်းကုန် ထုတ်ပြထားပြီးဖြစ်သော်လည်း ချန်ချင်းနှင့် ရှားချင်းယွဲ့တို့က သူ့ကို အလေးမထားဘဲ အီစီကလီပြောဆိုမှုများ လုပ်နေကြသည်ကို မြင်သောအခါ အကြီးအကဲတုချန်ဟယ် အလွန်ဒေါသထွက်သွားသည်။
"မင်းတို့က သေချင်နေတာပဲ..."
သူ ခြေဆောင့်လိုက်သည်နှင့် သူ၏ ပုံရိပ်သည် လေးကြိုးမှ လွှတ်လိုက်သော မြှားတစ်စင်းအလား ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ဆီသို့ ချက်ချင်းပြေးထွက်သွားခဲ့လေ၏။
စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏လက်ဝါးများတွင် စုစည်းလာပြီး မီးတောက်များကဲ့သို့ ဆူပွက်နေသည်။ သူသည် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိဘဲ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့၏ အသက်ကို နှုတ်ယူရန် ရည်ရွယ်ထားသည်။
အကြီးအကဲ တုချန်ဟယ်သည် သေချင်နေသဖြင့် ချန်ချင်းက ငြင်းဆန်စရာ အကြောင်းမရှိဘဲ သူ၏ ဆန္ဒကို ရက်ရောစွာ ဖြည့်ဆည်းပေးလိုက်သည်။
သူသည် လက်ကို မြှောက်ကာ သူ၏လက်ချောင်းများကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
ကြီးမားကျယ်ပြန့်သော နတ်ဘုရားဖိအားတစ်ရပ်သည် ဧရာမစွမ်းအင်လွှမ်းမိုးမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အကြီးအကဲ တုချန်ဟယ်ကို လျှင်မြန်စွာ လွှမ်းခြုံသွားကာ သူ၏အသွေးအသားနှင့် အရိုးများ အားလုံးကို ဝါးမြိုသွားသည်။
အကြီးအကဲ တုချန်ဟယ်..
အသက်ရှင်သန်ကာ ကျန်းမာနေသော အကြီးအကဲတုချန်ဟယ်သည် ချန်ချင်းဂိုဏ်း၏ တပည့်မျာအားလုံးရှေ့တွင် အမှုန်အမွှားဖြစ်သွားခဲ့လေ၏။
"..."
လူများ မျှော်လင့်နေကြသော အကြီးအကဲ တုချန်ဟယ် က ပြင်းထန်သော လှုပ်ရှားမှုတစ်ခု ပြုလုပ်ပြီး ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို ဖိနှိပ်မည်ဆိုသည့် မျှော်လင့်ချက်များမှာ နေရာတွင်ပင် ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏မျက်နှာများ ထိတ်လန့်မှုကြောင့် ဖြူရော်သွားသည်။
ထိုအရာက တစ်ဖက်သတ် သတ်ဖြတ်ခြင်းဆိုသည့် သူတို့၏ မျှော်လင့်ချက်နှင့် သေချာပေါက် ကိုက်ညီသော်လည်း တစ်ဖက်သတ် သတ်ဖြတ်ခြင်း၏ ပစ်မှတ်မှာ သူတို့၏ ကိုယ်ပိုင် အကြီးအကဲ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
"မိစ္ဆာပဲ...အဲ့ဒီကောင်လေးက မိစ္ဆာပဲ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် လူတစ်ယောက်ကို သူ... သူက တကယ်ကြီး မျက်စိတမှိတ်အတွင်း သတ်ပစ်လိုက်တာပဲ..."
"တစ်ခုခု မှားနေပြီ... ပြေးကြတော့..."
"ပြေးလေ... မင်းတို့က ဘာရပ်ကြည့်နေတာလဲ..."
အခွင့်အရေးသည် တစ်ကြိမ်သာရှိပြီး ချန်ချင်းက ဒုတိယအကြိမ် ထပ်ပေးမည် မဟုတ်ချေ။
နတ်ဘုရားဖိအားသည် မိုးကောင်းကင်မှနေ၍ ရေများအလား ကျဆင်းလာပြီး ချန်ချင်းဂိုဏ်းတစ်ခုလုံးကို ပြင်းထန်စွာ လွှမ်းခြုံသွားခဲ့လေ၏။
ထိုလူများ၏ခြေထောက်များ မြေကြီးနှင့် မထိသေးမီမှာပင် ကြီးမားသော ဖိအားအောက်တွင် သူတို့၏တစ်ကိုယ်လုံးရှိ အရိုးများသည် တစ်လက်မချင်းစီ ကျိုးပဲ့သွားပြီး မမြင်ရသော လက်ကြီးတစ်ဖက်က မြေကြီးပေါ်သို့ ဖိချထားသဖြင့် အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
'မဟာယာနနယ်ပယ် ...'
စကားမပြောနိုင်တော့သော်လည်း ထိုအဖြေက လူတိုင်း၏ စိတ်ထဲတွင် ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့လေ၏။
ထို့နောက် ချန်ချင်း၏ နတ်ဘုရားဖိအားကို မခံနိုင်သော ချန်ချင်းဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများ အားလုံး၏ ရုပ်ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်သွားပြီး သွေးများ နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၃၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
အကြီးအကဲ တုချန်ဟယ်ကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်ကို ရရှိပြီးနောက် ချန်ချင်းသည် အရိပ်ရုပ်သေးရုပ် ဒါဇင်ပေါင်းများစွာကို စေလွှတ်လိုက်၏။ အရိပ်ရုပ်သေးရုပ်တချို့က တောင်ပေါ်သို့ ရတနာများ ရှာဖွေရန် သွားကြပြီး တချို့က တိုက်ပွဲမြေပြင်ကို ရှင်းလင်းရန် ကျန်ရစ်ခဲ့ကြသည်။
ချန်ချင်းသည် ထိုတပည့်များက လျှို့ဝှက်နယ်မြေမှ ရတနာတချို့ကို ဂိုဏ်းသို့မပေးချင်ဘဲ လျှို့ဝှက်စွာ ဖုံးကွယ်ထားကြမည်မှာ သေချာကြောင်း သိရှိထားလေ၏။
သိုလှောင်အိတ်ရာပေါင်းများစွာကို ရရှိပြီးနောက် ချန်ချင်းက ထိုအရာများကို အစုလိုက်အပြုံလိုက် စစ်ဆေးလိုက်သည်။ ထိုအရာများအနက် စိတ်ဝိညာဉ်ကျောက်တုံးများသက်သက်ပင် တစ်သောင်းထက်မနည်း ရှိနေသည်
ထို့ပြင် ကောင်းကင်နှင့်မြေကြီး ရတနာများ၊ အဆင့်မြင့် ဆေးပင်များနှင့် ဆေးလုံးအများအပြားလည်း ရှိနေသည်။
တောင်ပေါ်သို့ ရတနာများ ရှာဖွေရန် သွားသော အရိပ်ရုပ်သေးရုပ်များသည် ချန်ချင်းထံသို့ စိတ်ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာကို ယူဆောင်လာခဲ့ကြသည်။
ချန်ချင်းဂိုဏ်းအတွင်းတွင် မည်သည်ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများ ထိုမျှထိ များပြားစွာ ဖုံးကွယ်ထားသနည်း...
အရိပ်ရုပ်သေးရုပ်များ ယူဆောင်လာသော မြေပုံမှတဆင့် ချန်ချင်းဂိုဏ်းသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခုကို တွေ့ရှိပြီး သိမ်းပိုက်ထားကြောင်း ချန်ချင်း သိရှိခဲ့ရသည်။
သို့သော် ထိုစိတ်ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာသည် နောက်ဆုံး ထွက်ကုန်များ ဖြစ်ပြီး နှစ်ပေါင်းများစွာ တူးဖော်မှုကြောင့် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းမှာ ကုန်ခမ်းနေလေပြီ။
တစ်ချိန်တည်းမှာပင် ထျန်းယွမ် လျှို့ဝှက်နယ်မြေတွင် အခြေချနေထိုင်သော ဂိုဏ်းခွဲအသီးသီးသည်လည်း အရိပ်ရုပ်သေးရုပ်များ၏ အားကောင်းစွာ သိမ်းပိုက်ခြင်းနှင့် တစ်ခုပြီးတစ်ခု ဖယ်ရှားခြင်းကို ခံနေရလေ၏။
ဂိုဏ်းများကို ဖျက်ဆီးပြီးနောက် အဓိက ရည်ရွယ်ချက်မှာ အရာအားလုံးကို လက်လွတ်မခံဘဲ ယူဆောင်လာရန်ပင်။ ချန်ချင်း အမိန့်ပေးထားသည့်အတိုင်း သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကိုမျှ အလွတ်မပေးခဲ့ချေ။ ထိုအရာအားလုံးကို သိုလှောင်လက်စွပ် များထဲတွင် သိမ်းဆည်းပြီး ချန်ချင်းထံသို့ အဆက်မပြတ် ပြန်လည်ယူဆောင်လာခဲ့ကြ၏။
ရှားချင်းယွဲ့၏နှလုံးသား ကဆုန်စိုင်းခုန်နေခဲ့သည်။
'လျှို့ဝှက်နယ်မြေ တစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်တာ... ဒီလိုမျိုး လုပ်နိုင်တာက ကောင်းကင်အောက်မှာ ငါ့ရဲ့ခင်ပွန်း တစ်ယောက်တည်းပဲ ရှိလောက်တယ်...'
သူတို့ အချိန်အတော်ကြာ ကြိုးစားပမ်းစား တည်ဆောက်ထားသော ဂိုဏ်းခွဲများ ဤကဲ့သို့ ဖျက်ဆီးခံလိုက်ရကြောင်း ဂိုဏ်းအသီးသီးမှ သိရှိသွားသောအခါ သူတို့၏ မျက်နှာအမူအရာများ မည်မျှထိ ဆိုးရွားသွားမည်ကို ခန့်မှန်းရန် မခက်ခဲချေ။
‘သနားမိလား...’
ရှားချင်းယွဲ့သည် သူတို့အတွက် မည်သည့် သနားညှာတာမှုမျှ မခံစားရချေ။
ချန်ချင်း၏ ရန်သူ ဖြစ်ရဲသူတိုင်းသည် သူမ ရှားချင်းယွဲ့၏ ရန်သူများ ဖြစ်လေ၏။
"အမ်..."
ထို့နောက် ရှားချင်းယွဲ့က အဝေးသို့ တစ်ချက်ကြည့်လိုက်ရာ တစ်ခုခုကို တွေ့ရှိသွားသည်။
အကြိမ်ကြိမ် အတည်ပြုပြီးနောက် သူမက လက်လှမ်းကာ ချန်ချင်း၏အင်္ကျီလက်ကိုဆွဲပြီး သတိပေးလိုက်သည်။
"ခင်ပွန်း... အရိပ်ရုပ်သေးရုပ်တွေက လူတစ်ယောက်ကို ခေါ်လာတယ်..."