အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) အတွေးတစ်ချက်တည်းဖြင့် ဧကရာဇ်
ချန်ချင်းသည် ဤကဲ့သို့ အခြေအနေမျိုး ရောက်နေချိန်တွင် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ အဓိပ္ပာယ်မရှိဘဲ ရှုပ်ထွေးသော စကားများကို ပြောနေသနည်းဆိုသည်ကို လျှို့ဝှက်နယ်မြေအရှင် နားမလည်နိုင်ခဲ့ချေ။
ချန်ချင်းသည် ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး ခေါင်းမာမာဖြင့် ခုခံနေလျှင်ပင် အချိန်လုံလောက်စွာ ပေးပါက သူသည် နောက်ဆုံးတွင် တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ကို ဖွင့်ကာ ခန္ဓာကိုယ်လုယူခြင်း ပြုလုပ်နိုင်မည်ဟု လျှို့ဝှက်နယ်မြေအရှင်က ယုံကြည်ထားလေ၏။
သူ သေခါနီးအချိန်တွင် ထျန်းယွမ်လျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့ပြီး သူ၏အကြွင်းအကျန် စိတ်ဝိညာဉ်တစ်မျှင်ကို ချန်ရစ်ထားခဲ့ခြင်းမှာ ကံကောင်းခြင်းပင်။ ယခုအခါ သူသည် ဝိညာဉ်လုယူခြင်း အတွက် သင့်လျော်သော ပစ်မှတ်တစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့ပြီ ဖြစ်လေ၏။
အသက်ဆယ့်ရှစ်နှစ်အရွယ်ဖြင့် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနိုင်သသည့်အပြင် အထွတ်အထိပ် ရုပ်ခန္ဓာကိုယ်ပိုင်ရှင်လည်း ဖြစ်နေသည်။ ဤအကြောင်းကို တွေးရုံဖြင့်ပင် လျှို့ဝှက်နယ်မြေအရှင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပေသည်။ ဤပြိုင်ဘက်ကင်း ပါရမီဖြင့် သူသည် ဒုတိယဘဝကို အသက်ရှင်နိုင်ရုံသာမက ဧကရာဇ်နယ်ပယ် ကိုလည်း ဒုတိယအကြိမ် ရောက်ရှိနိုင်မည်ဟု ခံစားရလေ၏။
သူ မည်သည်ကြောင့် ဘိုးဘေးထျန်းယန်အပေါ် ယခင်က ခန္ဓာကိုယ်လုယူခြင်း မပြုလုပ်ခဲ့သနည်း ဆိုသည်မှာ...
အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ ဘိုးဘေး ထျန်းယန်သည် သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး သူ၏ ရုပ်ခန္ဓာကိုယ်မှာ ပုပ်ဆွေးနေသော သစ်သားကဲ့သို့ အပေါက်များ ပြည့်နှက်နေကြောင်း တွေ့ရှိခဲ့ရသောကြောင့်ပင်။ သူ အတင်းအကြပ် ခန္ဓာကိုယ်လုယူခြင်းကို ပြုလုပ်ပါက အခွင့်အရေးကို အလဟဿ ဖြစ်စေရုံသာ ရှိမည်ဖြစ်သဖြင့် ဆက်လက်၍ စိတ်ရှည်စွာ စောင့်ဆိုင်းခြင်းက ပိုကောင်းသည်။
သို့သော် ဘိုးဘေးထျန်းယန်သည် ခေါင်းမာပြီး တည်ရှိမနေသော ဧကရာဇ်အမွေအနှစ်ကို ရယူရန် လျှို့ဝှက်နယ်မြေကို အတင်းအကြပ် စိန်ခေါ်ခဲ့လေ၏။
အကယ်၍ ချန်ချင်းသာ အချိန်မီ ထွက်ပေါ်လာဘဲ ဘိုးဘေးထျန်းယန်ကို မသတ်ဖြတ်ခဲ့ပါက သူသည် တစ်ဖက်လူနှင့် မည်မျှထိ အချိန်ကြာအောင် ရှုပ်ထွေးနေရမည်ကို သိနိုင်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် သူ စောင့်ဆိုင်းရကျိုးနပ်ကြောင်း အချက်အလက်များက သက်သေပြခဲ့သည်။
သို့သော် လျှို့ဝှက်နယ်မြေအရှင်သည် ချန်ချင်း၏ အသိစိတ်ပင်လယ်ကို ဖောက်ထွင်းပြီး ခန္ဓာကိုယ်လုယူခြင်း ပြုလုပ်ရန် ကြိုးစားတော့မည့်အချိန်တွင် တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွားလေ၏။
သူ၏မျက်လုံးထဲတွင် ချန်ချင်း၏ကျင့်ကြံခြင်းနှင့် အရှိန်အဝါများ အဆက်မပြတ်နှင့် အဆမတန် မြင့်တက်လာခဲ့သည်။
သူ ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် သံသယဝင်သွားခဲ့လေ၏။
ချန်ချင်ူ၏ရှေ့ရှိ စနစ်မျက်နှာပြင်သည် စာသားအသိပေးချက်များဖြင့် လျင်မြန်စွာ လင်းလက်နေသည်။
【ဉာဏ်အလင်းပွင့်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်၏လက်ရှိကျင့်ကြံခြင်းသည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ဒုတိယအဆင့်သို့ မြင့်တက်သွားပါပြီ...】
【ဉာဏ်အလင်းပွင့်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်၏ လက်ရှိကျင့်ကြံခြင်းသည် ခြေလှမ်းတစ်ဝက် ဧကရာဇ် တတိယအဆင့်သို့ မြင့်တက်သွားပါပြီ...】
...
【ဉာဏ်အလင်းပွင့်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်၏လက်ရှိ ကျင့်ကြံခြင်းသည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် နဝမအဆင့်သို့ မြင့်တက်သွားပါပြီ...】
【ဉာဏ်အလင်းပွင့်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်၏လက်ရှိ ကျင့်ကြံခြင်းသည် ဧကရာဇ်နယ်ပယ်သို့ မြင့်တက်သွားပါပြီ...】
ဉာဏ်အလင်းပွင့်ခြင်းဆုလာဘ်၏ စွမ်းအားမှာ မည်သည့် ကျင့်ကြံခြင်းနယ်ပယ်တွင်မဆို ထိုအရာကို အသုံးပြုသရွေ့ ချိုးဖျက်ဝင်ရောက်မှုကို သေချာပေါက် ဖြစ်ပေါ်စေခြင်းပင်။
ချန်ချင်း၏ ကျင့်ကြံခြင်းသည် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် ဧကရာဇ် တစ်ပါး၏ စွမ်းအားသည် ကျောက်ခန်းမ တစ်ခုလုံးကို ဒီရေလှိုင်းများကဲ့သို့ ချက်ချင်းပြည့်နှက်သွားပြီး သူ၏နောက်တွင် ဧကရာဇ်တစ်ပါး၏ သီးသန့်ဖြစ်သော နတ်ဘုရားအက္ခရာစက်ဝန်း ထွက်ပေါ်လာသည်။
"ဧကရာဇ်... ဧကရာဇ်..."
ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိပြီးနောက် လျှို့ဝှက်နယ်မြေအရှင်သည် သူ အမြင်မှားနေပြီး ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
ချန်ချင်းသည် လွန်ခဲ့သော တခဏကမှ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပထမအဆင့်၌ ရှိနေခဲ့သည် မဟုတ်လော။ သူသည် ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း ဧကရာဇ် အဖြစ်သို့ တက်လှမ်းသွားရသနည်း။
"မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်ဘူး... မင်းရဲ့ အရိုး သက်တမ်းက ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ..... မင်းက ဧကရာဇ်နယ်ပယ် ကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ..."
သူကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့သော်လည်း ဤအရာမှာ လွန်ကဲလွန်းလှသဖြင့် သူ၏ကိုယ်ပိုင်အမြင်အာရုံကိုပင် သူ သံသယမဝင်ဘဲ မနေနိုင်တော့ချေ။
"ငါ့ရဲ့ခင်ပွန်းက... ဧကရာဇ် ဖြစ်သွားပြန်ပြီလား..."
ရှားချင်းယွဲ့သည် သံကြိုးများကို ခုတ်ပိုင်းနေသည့် လုပ်ရပ်ကို ရပ်တန့်လိုက်၏။ ဤမြင်ကွင်း၏ အမြင်အာရုံ ရိုက်ခတ်မှုမှာ သူမအတွက်လည်း ထပ်တူထပ်မျှ ကြီးမားလှသည်။
ချန်ချင်း ပြသခဲ့သော စွမ်းအားက သူမကို သူ့နောက်သို့ အမီအောင် လိုက်ရန် ခက်ခဲလှသည်ဟု ခံစားရစေပြီးဖြစ်ကာ သူမ အမှန်တကယ်ကို သူ့အား မီအောင် လိုက်နိုင်ပါ့မလားဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"ဘာက မဖြစ်နိုင်ရမှာလဲ..."
ချန်ချင်းက သူ၏ လက်ချောင်းထိပ်များကို လှုပ်ရှားလိုက်ရာ သူ၏ လည်ပင်းနှင့် ခြေလက်များကို ရစ်ပတ်ထားပြီး ဧကရာဇ်လက်နက်များနှင့် အရည်အသွေးပိုင်းအရ အလွန်နီးစပ်သော သံကြိုးများသည် တစ်လက်မချင်းစီ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး မီးခိုးများနှင့်ဖုန်မှုန့်များကဲ့သို့ လွင့်စင်ပျောက်ကွယ်သွားပေ၏။
ချန်ချင်းက အချိန်တခဏအတွင်းမှာပင် သူ၏ နတ်ဘုရားလက်နက်ကို ဖျက်ဆီးလိုက်သည်အား မြင်သောအခါ လျှို့ဝှက်နယ်မြေအရှင်သည် လုံးဝရှုံးနိမ့်သွားပြီး ချန်ချင်း၏ဧကရာဇ် အဆင့်အတန်းအပေါ် မေးခွန်းထုတ်ရန် ယုံကြည်မှု မရှိတော့ချေ။
အမှန်တရားက သူ၏ရှေ့တွင် ပေါ်လွင်နေပြီးသား ဖြစ်ရာ သူ မည်သို့ မေးခွန်းထုတ်နိုင်မည်နည်း။
စစ်မှန်သောယောက်ျားတစ်ယောက်သည် မည်သည့်အချိန်တွင် အရှုံးပေးရမည်နှင့် မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိရှိသည်ဟူသော သဘောတရားကို လိုက်နာကာ လျှို့ဝှက်နယ်မြေအရှင်က အလျင်အမြန် ပြောလိုက်၏။
"နေဦး... နေဦး... ဒီဧကရာဇ် က မင်းကို ငါပေးနိုင်တာ အကုန်ပေးဖို့ ဆန္ဒရှိပါတယ်... ငါ တောင်းဆိုချင်တာက မင်း..."
အတွေးတစ်ချက်တည်းဖြင့် ချန်ချင်းသည် လျှို့ဝှက်နယ်မြေအရှင်၏ နောက်ဆုံး ကြွင်းကျန်ရစ်သော စိတ်ဝိညာဉ်တစ်မျှင်ကို လုံးလုံးလျားလျား ဖျက်ဆီးလိုက်သည်။
တစ်ဖက်၏စကားများတွင် အမှန်တရား ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ယခုအချိန်၌ ချန်ချင်းသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းသွားပြီဖြစ်ရာ လျှို့ဝှက်နယ်မြေအရှင်၏ သေးငယ်သော အလျှော့ပေးမှုများသည် သူ့အတွက် အရေးမပါတော့ချေ။
ဧကရာဇ် အမွေအနှစ်ဟု ခေါ်သောအရာနှင့် နှိုင်းယှဉ်ပါက ချန်ချင်းသည် တစ်ဖက်လူကို တိုက်ရိုက်ဖျက်ဆီးပစ်ပြီး ကြည်လင်သော တာအိုနှလုံးသားကို ထိန်းသိမ်းထားရသည်အား ပို၍နှစ်သက်သည်။
ဧကရာဇ်၏ အကြွင်းအကျန်ရစ်စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရသည်နှင့် ကျောက်ရုပ်ထု၏အလင်းရောင်များ မှေးမှိန်သွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ မြေကြီးပေါ်သို့ ပြန့်ကျဲသွားခဲ့လေ၏။
ဝုန်း...
မြေပြင်တပြင်လုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
ချန်ချင်းသည် ရှားချင်းယွဲ့၏နံဘေးတွင် ချက်ချင်းထွက်ပေါ်လာပြီး သူမ၏ခါးကို လက်တစ်ဖက်ဖြင့် ဖက်ကာ အလွယ်တကူ ပွေ့ချီလိုက်ပြီး တစ်ချိန်တည်းမှာပင် ကူးပြောင်းရေးတံခါးတစ်ခုကို ဖွင့်ကာ ထိုအရာအတွင်းသို့ ဝင်ရောက်ခဲ့သည်။
လျှို့ဝှက်နယ်မြေသည် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရလေပြီ။
မျက်စိတစ်မှိတ်အတွင်း ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် ယခင် ဝက်ဝံဂူသို့ ပြန်လည်ရောက်ရှိလာကြ၏။
သူမ တည်ငြိမ်စွာ ရပ်နေနိုင်ပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ချန်ချင်းက သူ၏ လက်ကို လွှတ်ပေးလိုက်သည်။
ကျိုးပဲ့နေသော အနက်ရောင်ကျောက်တိုင်ကို ကြည့်ကာ ရှားချင်းယွဲ့က သက်ပြင်းချလိုက်၏။
"လျှို့ဝှက်နယ်မြေထဲက အခွင့်အရေးတွေအတွက်တော့ နှမြောစရာပဲ..."
"နှမြောစရာလား..."
ချန်ချင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"နှမြောစရာ ဘာမှမရှိပါဘူး... ငါ့ရဲ့ အရိပ်ရုပ်သေးရုပ် တွေကို အခွင့်အရေးတွေအားလုံး စုဆောင်းဖို့ အမိန့်ပေးထားပြီးသားပါ... စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးတောင် လွတ်သွားမှာမဟုတ်ဘူး..."
"အော်... ဒီလိုကိုး... ဒါဆိုရင် ကျွန်မ စိတ်အေးသွားပြီ..."
ရှားချင်းယွဲ့က ချန်ချင်းကို ပို၍ပင် လေးစားသွားသည်။ သူသည် သူ၏လုပ်ရပ်များတွင် စေ့စပ်သေချာပြီး သူမ သူ့ကို ကြည့်မိချိန်၌ သူမ၏ မျက်လုံးများတွင် မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။
ဤကဲ့သို့သော ခင်ပွန်းမျိုး ရှိနေသဖြင့် သူမ မည်သည့်အရာကို ထပ်လိုချင်ရအုံးမည်နည်း။
ရှားချင်းယွဲ့သည် သူမ မသိလိုက်ခင်မှာပင် ဤခံစားချက်ကို မစွန့်လွှတ်နိုင်တော့ကြောင်း ရှင်းလင်းစွာ နားလည်သွားခဲ့လေ၏။
သူမသည် ချန်ချင်းအပေါ် ချစ်ခင်မြတ်နိုးမှု ရှိရုံသာမက စွမ်းအားကောင်းသူ တစ်ဦးအပေါ် ထားရှိသော လေးစားမှုလည်း ရှိနေခဲ့သည်။
အသက်ဆယ့်ရှစ်နှစ်အရွယ် ဧကရာဇ် ကျွမ်းကျင်သူ...
ထျန်းရွှမ်ကုန်းမြေ ၏ နှစ်သောင်းနှင့်ချီသော သမိုင်းကြောင်းတွင် ဤအရာကို အောင်မြင်ခဲ့သူ တစ်ဦးတစ်ယောက်ပင် ရှိခဲ့သလော...
သူမက တွေးတောလိုက်သည်။
ယခင်က တစ်ဦးတစ်ယောက်မှ မရှိပေ။
ရှေးဟောင်းစာအုပ်များတွင် ရှားချင်းယွဲ့ တွေ့ရှိခဲ့ရသမျှအရ သမိုင်းတွင် အသက်အငယ်ဆုံး ဧကရာဇ် သည်ပင် အသက်တစ်ရာကျော် ရှိနေလေပြီ။
ချန်ချင်း၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ဖော်ပြရန် "ပါရမီရှင်" ဟူသော စကားလုံးမတိုင်မီ "ပြိုင်ဘက်ကင်း"စကားလုံးကို မည်မျှထိ ထည့်ရမည်အား ရှားချင်းယွဲ့ မသိတော့ချေ။
ချန်ချင်းက သူမကို အထင်သေးပြီး ကွာရှင်းစာချုပ် ဖြင့် ကွာရှင်းမည်အား ယခုအချိန်၌ သူမ အနည်းငယ် စိုးရိမ်နေခဲ့လေ၏။
ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးကို ကြည့်လိုက်လျှင် ချန်ချင်းထက်ပို၍ ထူးချွန်သောသူကို ရှာတွေ့ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
သို့သော် ရှားချင်းယွဲ့၏အမြင်တွင် သူမထက်ပို၍ ထူးချွန်သူများ မရေမတွက်နိုင်အောင် ရှိနေလေ၏။
မဟာဝူနိုင်ငံတွင် သူမ၏ အလှတရားသည် နာမည်ကြီးကောင်း ကြီးနိုင်သော်လည်း မဟာဝူ နိုင်ငံသည် သေးငယ်သည်လည်းမဟုတ် ကြီးမားသည်လည်း မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ဤနေရာကို ရေခဲတောင်၏ထိပ်ဖျားဟုပင် ခေါ်ဆို၍ မရနိုင်ချေ။
ဤမျှလောက်နှင့် ချန်ချင်း၏နှလုံးသားကို သူမ မည်သို့ ဖမ်းစားနိုင်မည်နည်း။
ရှားချင်းယွဲ့၏ မျက်လုံးများသည် ရုတ်တရက် ပြတ်သားလာပြီး ကြိုးကြိုးစားစား ကျင့်ကြံကာ ပို၍အားကောင်းလာစေရန် သူမ၏ ဆုံးဖြတ်ချက်ကို ပို၍ခိုင်မာသွားစေပေ၏။
ဝက်ဝံဂူမှ ထွက်လာသောအခါ အပြင်ဘက်တွင် မိုးကောင်းကင်ယံသည် အမှောင်ကျနေလေပြီ။
ချန်ချင်း စကားမပြောနိုင်မီမှာပင် ရှားချင်းယွဲ့သည် တစ်ခုခုကို အာရုံခံမိသဖြင့် သူမ၏ အေးစက်လမင်း ဓားကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
ထို့နောက် သူမက ပြောလိုက်သည်။
"ခင်ပွန်း... အနီးအနားမှာ လူတွေ ရှိတယ်... ဆယ်ယောက်မကဘူး..."
"သူတို့ထဲကအများစုကတော့ အရင်က ဂိုဏ်းတပည့်တွေအုပ်စုနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်..."
ချန်ချင်းက သူ၏ထင်မြင်ချက်ကို ပြောလိုက်၏။
သူတို့၏ တပည့်များ သေဆုံးသွားပြီး ကူးပြောင်းရေး တံခါးကို အသုံးပြု၍ မရတော့ကြောင်း တွေ့ရှိပြီးနောက် ဤလူများသည် သစ်ငုတ်တိုနားတွင် ယုန်ကို စောင့်နေသကဲ့သို့ သူတို့ကို စောင့်ဆိုင်းရန်အတွက် ဂူအပြင်ဘက်တွင် စောင့်ကြပ်နေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူ ကောက်ချက်ချလိုက်သည်။
ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် သူတို့၏ အသံများကို တမင်သက်သက် နှိမ့်မထားခဲ့ချေ။
သူတို့ ပြောသမျှကို အပင်များ၏အနောက်တွင် ပုန်းအောင်းနေသော ဂိုဏ်းအင်အားစုမှ တပည့်များနှင့် အကြီးအကဲများက ရှင်းလင်းစွာ ကြားခဲ့ရလေ၏။
အကြီးအကဲများ ဆက်လက်၍ ပုန်းအောင်းမနေတော့သည်ကို မြင်သောအခါ တပည့်များသည်လည်း သစ်ပင်များ၏အနောက်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ သူတို့သည် ဓားများကို ဆွဲထုတ်ထားကာ လရောင်အောက်တွင် အေးစက်သော အလင်းရောင်များဖြင့် တလက်လက် တောက်ပနေသည်။
"မင်းတို့ နှစ်ယောက်က ငါတို့ဂိုဏ်းက တပည့်တွေကို သတ်ရဲတယ်ပေါ့... တကယ်လို့ မင်းတို့ဆီမှာ ရှိတဲ့ ရတနာတွေကို ရိုးရိုးသားသား ပေးမယ်ဆိုရင်... ဒီအဘိုးကြီးက မင်းတို့ကို အလွယ်တကူ သေသွားခွင့် ပေးနိုင်ပြီး... အလောင်းအပြည့်အစုံ ချန်ထားပေးမယ်..."
လျှို့ဝှက်နယ်မြေသို့ သွားရောက်ခြင်းမှ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ရတနာများစွာ ရရှိခဲ့မည်မှာ သေချာကြောင်း ဂိုဏ်းအကြီးအကဲက ယူဆထားလေ၏။ ထိုသို့မဟုတ်ပါက သူတို့သည် ဤမျှ မြန်မြန် ထွက်လာမည် မဟုတ်ချေ။ သူတို့သည် လျှို့ဝှက်နယ်မြေအတွင်း၌ ဆက်နေပါက တခြားအင်အားစုများ၏လုယက်ခြင်းကို ခံရမည်ကို သေချာပေါက် စိုးရိမ်နေကြမည် ဖြစ်ပေသည်။
ဤသည်မှာ မည်ကဲ့သို့ ရတနာများဖြစ်ကြောင်း သူ သိချင်နေသည့်အပြင် ထိုအရာများကို သူ့အတွက် သိမ်းယူလိုခဲ့သည်။