အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) ကံကြမ္မာ ရွှေနဂါး
ရှားချင်းယွဲ့က သံသယဖြင့် မော့ကြည့်လိုက်ရာ တိမ်များအထက်တွင် ရစ်ခွေနေသော ဧရာမနဂါးကြီးတစ်ကောင်ကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။
အရေးကြီးဆုံးမှာ ဤနဂါးသည် ယခင်က ရှားချင်းယွဲ့ မြင်တွေ့ခဲ့ရသော နဂါးမဟုတ်ကြောင်း သူ၏အရောင်တစ်မျိုးတည်းဖြင့်ပင် သူမ ခွဲခြားသိနိုင်ခဲ့သည်။
"ဒီနဂါးကရော ခင်ပွန်းရဲ့ သူတော်စင်သားရဲပဲလား..."
ရှားချင်းယွဲ့က အတည်ပြုရန် မေးလိုက်၏။
"အမှန်ပဲ..."
ချန်ချင်းက ဖုံးကွယ်ထားရန် မလိုအပ်ဟု မြင်သဖြင့် အတည်ပြုလိုက်သည်။
လူတစ်ယောက်တည်းက သူတော်စင်သားရဲနှစ်ကောင်ကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားခြင်း...
ဤလောကတွင် ချန်ချင်းမှလွဲ၍ ဤကဲ့သို့ လုပ်ဆောင်နိုင်သော အခြားတစ်ယောက် ရှိနေနိုင်ပါ့မလောဟု ရှားချင်းယွဲ့က တွေးတောမိလေ၏။
"ဒါပေမဲ့..."
သူမထံတွင် မေးခွန်းအသစ်တစ်ခု ထွက်ပေါ်လာပြီး သူမက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
"ကျွန်မရဲ့ ချိုးဖျက်ဝင်ရောက်မှုနဲ့ ဒီသူတော်စင် နဂါးကြားက ဆက်စပ်မှုက ဘာလဲ..."
ချန်ချင်းက ရှင်းပြသည်။
"ဒီနဂါးကို ကံကြမ္မာ ရွှေနဂါးလို့ ခေါ်တယ်... သူက လူတွေရဲ့ ကံကြမ္မာကို တိုးတက်စေပြီးတော့ ကျင့်ကြံခြင်း အမြန်နှုန်းကို အရှိန်မြှင့်တင်ပေးနိုင်တယ်..."
"ကံကြမ္မာ...ရွှေနဂါးလား..."
သိုင်းပညာ ကျင့်ကြံခြင်းလောကသို့ မကြာမီကမှ ခြေချခဲ့သော ရှားချင်းယွဲ့အတွက်ပင် ဤစကားလုံးနှစ်လုံး ပေါင်းစပ်မှုကို ကြားလိုက်ရသောအခါ သူမ အံ့အားသင့်မသွားဘဲ မနေနိုင်ခဲ့ချေ။ ထိုနဂါး၏ ကြီးမားသော တန်ဖိုးကို သူမ အပြည့်အဝ နားလည်သွားခဲ့လေ၏။
ဤလောကရှိ အရာအားလုံးသည် ကံကြမ္မာဟူသော သဘောတရားနှင့် ခွဲခြား၍ မရနိုင်ပေ။ လူများတွင် ကံကြမ္မာရှိပြီး နိုင်ငံများတွင်လည်း နိုင်ငံတော် ကံကြမ္မာ ရှိနေသည်။ လူတစ်ယောက်၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း၏ အတက်အကျသည် ကံကြမ္မာ၏ အတက်အကျနှင့် ဆက်စပ်နေသည်။
"ဒီရွှေနဂါးက ကျွန်မရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်ဆိုရင်... နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲပေးနိုင်တယ်လို့ ဆိုလိုတာ မဟုတ်လား..."
ရဲတင်းသော အတွေးတစ်ခုက ရှားချင်းယွဲ့၏ စိတ်ထဲတွင် ထွက်ပေါ်မလာဘဲ မနေနိုင်တော့ချေ။
ဤစကားကို ကြားသောအခါ ပို၍ပင် ရဲတင်းသော အတွေးတစ်ခု ချန်ချင်း၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့လေ၏။
"ဇနီးလေး... နိုင်ငံတော် ကံကြမ္မာကို မြှင့်တင်ဖို့အတွက် ဒီကံကြမ္မာ ရွှေနဂါးကို မဟာဝူနိုင်ငံက လက်ဆောင်ပေးဖို့ ငါ စီစဉ်ထားတယ်... မင်း ဘယ်လိုထင်လဲ..."
"ဟင်..."
ချန်ချင်း၏ စကားများကြောင့် ရှားချင်းယွဲ့ အချိန်အတော်ကြာ ဆွံ့အသွားသည်။
ချန်ချင်းသည် ဤသို့ လုပ်ဆောင်ခြင်းမှာ သူမအတွက် သက်သက်သာ ဖြစ်ကြောင်း သူမ ရှင်းလင်းစွာ နားလည်ထားသည်။
ကံကြမ္မာကို ပြောင်းလဲပေးနိုင်သော ကျန်းတစ်ရာရှည်လျားသည့် ရွှေနဂါးသည် မည်သည့်အရာအား ဆိုလိုကြောင်းကိုလည်း သူမ နားလည်ထားလေ၏။
နိုင်ငံတစ်ခုကို မဆိုထားနှင့် ဤသည်မှာ အားအကောင်းဆုံး ထိပ်တန်းဂိုဏ်းများပင် လွယ်လင့်တကူ မကြုံတွေ့ရနိုင်သော တစ်သက်တာ အခွင့်အရေးတစ်ခုပင်။
ဤအရာကို တွေးမိသောအခါ သူမ သူ့ကို ပြန်လည်၍ မတုံ့ပြန်နိုင်ကြောင်းနှင့် ချန်ချင်းအပေါ် အလွန် အကြွေးတင်နေကြောင်း ရှားချင်းယွဲ့ သိသွားသည်။
သူမသည် ရှေ့သို့လျှောက်လှမ်းကာ ချန်ချင်း၏ လည်ပင်းကို သူမ၏လက်များဖြင့် ဖက်ပြီး သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများနှင့် ထိကပ်လိုက်ရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
ထို့ပြင် အစောပိုင်းက ချန်ချင်းကိုအတုခိုးကာ သူမသည် ဤလုပ်ရပ်တွင် ပို၍ပင် ရဲတင်းလာခဲ့သည်။
အံ့အားသင့်ဖွယ်ကောင်းသော ခံစားချက်တစ်ခုက သူမ၏နှလုံးသားကို နောက်တစ်ကြိမ် ပြည့်နှက်သွားစေသည်။
အချိန်အတော်ကြာပြီးနောက် သူတို့ ဖြည်းညင်းစွာ ခွဲခွာသွားကြပြီး ကြယ်ပွင့်များပြည့်နေသော ရှားချင်းယွဲ့က ကြယ်များကဲ့သို့ တောက်ပနေသော မျက်လုံးတစ်စုံဖြင့် ချန်ချင်းကို ချစ်ခင်မြတ်နိုးစွာကြည့်ကာ ပြောလိုက်သည်။
"ခမည်းတော်နဲ့ မဟာဝူနိုင်ငံတစ်ခုလုံးက မရေမတွက်နိုင်အောင် များပြားတဲ့ နိုင်ငံသားတွေ ကိုယ်စား... ခင်ပွန်းကို ကျေးဇူးတင်ပါတယ်..."
ထို့နောက် ချန်ချင်းသည် ကံကြမ္မာရွှေနဂါးကို လက်ဖဝါးအရွယ်အစားသို့ ပြောင်းလဲကာ ရှားချင်းယွဲ့၏လက်ထဲသို့ ထည့်ပေးလိုက်၏။
ရှားချင်းယွဲ့သည် သူမ၏ ခမည်းတော်ကို သတင်းကောင်း ပြောပြရန်နှင့် မဟာဝူနိုင်ငံတစ်ခုလုံးကို ကံကြမ္မာတိုးတက်ခြင်း၏ ကောင်းချီးများကို အမြန်ဆုံး ခံစားစေချင်နေကြောင်း မြင်တွေ့ရသောအခါချန်ချင်းသည် မဟာဝူနိုင်ငံ တော်ဝင်နန်းတော်သို့ ဦးတည်သော ကူးပြောင်းရေးတံခါးတစ်ခုကို ပြတ်ပြတ်သားသား ဖွင့်လိုက်၏။
ယခုအချိန်၌ အချိန်နှင့် ဟင်းလင်းပြင် သူတော်စင်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သူ့အတွက် ဤကဲ့သို့ လုပ်ရပ်မျိုးကို လုပ်ဆောင်ခြင်းမှာ အားစိုက်ထုတ်စရာ မလိုချေ။
ရှားချင်းယွဲ့သည် သွယ်ဝိုက်သောနည်းဖြင့် နားလည်သွားခဲ့ပေ၏။ ချန်ချင်းကို နှုတ်ဆက်ပြီးနောက် သူမက ကူးပြောင်းရေးတံခါးထဲသို့ ဝင်သွားခဲ့သည်။
ရှားချင်းယွဲ့ ဝင်သွားသည်ကို မြင်လိုက်ရပြီးနောက် သူမ၏ပုံရိပ် ပျောက်ကွယ်သွားကာ ကူးပြောင်းရေး တံခါး ပိတ်သွားသည်
ချန်ချင်းသည် ကျန်းတစ်ရာရှည်လျားသော ကံကြမ္မာ ရွှေနဂါးတစ်ကောင်ကို ပေးကမ်းခြင်းအတွက် စနစ်က သူ့ကို မည်ကဲ့သို့ ဆုလာဘ်မျိုး ပြန်ပေးမည်ကို အတည်ပြုရန်အတွက် စိတ်အားထက်သန်စွာဖြင့် သူ၏ စနစ်မျက်နှာပြင်ကို ချက်ချင်းဖွင့်လိုက်သည်။
အကယ်၍ ဆုလာဘ်အဆင့်က နိမ့်နေပါက ချန်ချင်း သေချာပေါက် ညည်းတွားမိပေမည်။
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကျန်းတစ်ထောင် ကံကြမ္မာ ရွှေနဂါးတစ်ကောင်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]
ကံကြမ္မာ ရွှေနဂါးတစ်ကောင်ကို ပေးကမ်းလိုက်ခြင်းဖြင့် တစ်ကောင်ပြန်ရလာကာ အမြတ်လည်းမထွက် အရှုံးလည်းမရှိကြောင်း မြင်လိုက်ရသောအခါ ချန်ချင်းသည် အနည်းငယ် ညည်းတွားရန် ဟန်ပြင်လိုက်၏။
ရုတ်တရက် ဤတစ်ကြိမ် ဆုလာဘ်တွင် "ကျန်းတစ်ထောင်" ဟူသော စာလုံးနှစ်လုံး အပိုပါလာကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ချန်ချင်း ယခင်က ရှားချင်းယွဲ့အား ပေးခဲ့သော ကံကြမ္မာ ရွှေနဂါးမှာ ကျန်းတစ်ရာ အရွယ်အစားသာရှိသည်။
နတ်ဆိုးသားရဲမျိုးနွယ်စု သို့မဟုတ် သူတော်စင်သားရဲ တစ်ကောင်၏ စွမ်းအားကို မည်သို့ အကဲဖြတ်ရမည်နည်းဟု မေးလာပါက အလွယ်ကူဆုံးနည်းလမ်းမှာ သူတို့၏ အရွယ်အစားကို ကြည့်ခြင်းပင်။
ကျန်းတစ်ထောင် ရွှေနဂါး တစ်ကောင်က ယူဆောင်လာနိုင်သော ကံကြမ္မာ မြှင့်တင်မှု အကျိုးသက်ရောက်မှုသည် ကျန်းတစ်ရာ ရွှေနဂါးထက် အရွယ်အစားအရ ဆယ်ဆပိုကြီးရုံမျှသာ မဟုတ်ချေ။
နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲပေးခြင်းကို မဆိုထားနှင့် ဤကျန်းတစ်ထောင် ကံကြမ္မာရွှေနဂါး သည် ထျန်းရွှမ်ကုန်းမြေတစ်ခုလုံး၏ ကံကြမ္မာကို ပြောင်းလဲရန်ပင် လုံလောက်သည်။
သေချာသည်မှာ ချန်ချင်းသည် ထိုသို့ လုပ်ဆောင်ရန်အထိ ကိုယ်ကျိုးမဖက်သူ တစ်ယောက် မဟုတ်ချေ။
ကျန်းတစ်ထောင် ကံကြမ္မာရွှေနဂါး၏ ကံကြမ္မာကို သူ၏ဇနီးနှင့်အတူ ခံစားခြင်းက ပိုကောင်းမည် မဟုတ်လော...
ပြည်သူများနှင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုခြင်း ဆိုသည်မှာ သူ၏တော်ဝင်ယောက္ခမ စဉ်းစားရမည့် ကိစ္စပင်။
စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက် ဤရလဒ်ကို အလွန် ကျေနပ်သွားကာ သူသည် ကူးပြောင်းရေး တံခါးတစ်ခုကို နောက်တစ်ကြိမ် ဖွင့်လိုက်ပြီး ချန်အိမ်တော်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်၏။
ဤအချိန်တွင် တာ့မန်တောင်တန်း၌...
တစ်နေကုန် ကျင့်ကြံခဲ့သော ယဲ့ဖုန်းသည် ညစ်ညမ်းသော ချီကို မှုတ်ထုတ်ကာ သူ၏ ကျင့်ကြံခြင်းကို ယာယီအဆုံးသတ်ရန် ရွေးချယ်လိုက်သည်။
ဤအချိန်တွင် သူ၏ကျင့်ကြံခြင်းသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အဆင့်ငယ်နှစ်ဆင့်တိတိ တက်လှမ်းသွားခဲ့လေပြီ။
"ကောင်းကင်အဆင့်မြင့် စိတ်ဝိညာဉ်အမြှစ်နဲ့ တစ်ရက်တည်းမှာတင် အဆင့်ငယ်နှစ်ခု တက်လှမ်းနိုင်တာ... ငါ ယဲ့ဖုန်းကလွဲရင် ဒီလို လုပ်နိုင်တဲ့ ဒုတိယလူ ဒီလောကမှာ မရှိတော့ဘူးလို့ ထင်တယ်..."
"နှမြောစရာပဲ... တကယ်လို့ ငါ့ရဲ့ စိတ်ဝိညာဉ်အမြှစ် အရည်အသွေးသာ နည်းနည်းလေး ပိုမြင့်ခဲ့ရင်... ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက သေချာပေါက် ပိုမြန်နေမှာပဲ..."
ဤသို့ ပြောဆိုနေသော်လည်း ယဲ့ဖုန်းသည် စိတ်ကျေနပ်နေခဲ့လေ၏။
မည်သို့ပင်ဖြစ်စေကာမူ စနစ်နှင့် မချိတ်ဆက်မီက သူသည် စိတ်ဝိညာဉ်အမြှစ်ပင် မရှိသော အသုံးမကျသူ တစ်ယောက်သာ ဖြစ်ပြီး အဆုံးမဲ့ လှောင်ပြောင်မှုများကို ခံစားခဲ့ရသည်။
ဤ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြှစ်သည် သူ စနစ်မှ တက်ရောက်စာရင်းသွင်းပြီး ရရှိခဲ့သော ဆုလာဘ်တစ်ခုပင်။
"ဟူး..."
အသက်ပြင်းပြင်းရှူသွင်းပြီး သူ၏ ချီပင်လယ် ကို တည်ငြိမ်စေပြီးနောက် ယဲ့ဖုန်းသည် စနစ်မျက်နှာပြင်ကို ခေါ်ယူကာ ယနေ့၏ တက်ရောက်စာရင်းသွင်းခြင်းကို စတင်ရန် ဆုံးဖြတ်လိုက်၏။
"ကောင်းကင်ဘုံက ငါ့ကို ကောင်းချီးပေးပါစေ... ငါ့ကို ဆုကြီးတစ်ခု ပေးပါ..."
နေ့စဉ်နေ့တိုင်း တက်ရောက်စာရင်းသွင်းရန် အခွင့်အရေး တစ်ကြိမ် ရှိသော်လည်း ယဲ့ဖုန်းသည် နှစ်ဆယ့်လေးနာရီဆိုသည့် အချိန်က စောင့်ဆိုင်းရန် အလွန်ကြာရှည်လွန်းသည်ဟု ခံစားနေရဆဲပင်။
သူသည်【တက်ရောက်စာရင်းသွင်းရန်】 ကို နှိပ်လိုက်၏။
【တက်ရောက်စာရင်းသွင်းနေပါသည်...】
【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကောင်းကင်အဆင့်နိမ့် စိတ်ဝိညာဉ်အမြှစ် ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
"ဘာ... ကောင်းကင်အဆင့်နိမ့် စိတ်ဝိညာဉ်အမြှစ်လား..."
သူ အဖတ်မမှားကြောင်း အတည်ပြုပြီးနောက် ယဲ့ဖုန်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားပြီး သူ မြေကြီးပေါ်မှ ခုန်ထလိုက်သည်။
သူသည် မျက်လုံးများကို အကြိမ်ကြိမ် ပွတ်သပ်ကာ ပုတ်ခတ်ပုတ်ခတ် လုပ်ကြည့်ပြီးနောက် ထိုအရာမှာ သံသယဝင်စရာ မလိုသော ကောင်းကင်အဆင့်နိမ့် စိတ်ဝိညာဉ်အမြှစ် ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
"ကောင်းတယ်... အရမ်း ကောင်းတယ်... ဒီကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြှစ် နဲ့ဆိုရင် ငါက အခု ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ခေါ်ဆိုခံရဖို့ အရည်အချင်း ပြည့်မီသွားပြီ..."
ယဲ့ဖုန်းသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေခဲ့လေ၏။
သူသည် သူ၏ လှည့်စားမှုကဲ့သို့သော ဘဝကို အလွန်အမင်း စိတ်ကျေနပ်နေခဲ့သည်။
အချိန်တိုလေးအတွင်းမှာပင် သူသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြှစ်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ခဲ့လေပြီ။ နှစ်သုံးဆယ်ကြာ တက်ရောက်စာရင်းသွင်းပြီးနောက် သက်ရှိသတ္တဝါ သန်းရာပေါင်းများစွာထဲတွင် မည်သူက ပြိုင်ဘက်ကင်းဖြစ်ကြောင်း ကြွေးကြော်ရဲမည်နည်း။ မည်သူက ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်ဖူးခြင်းမရှိဟု ပြောဆိုရဲမည်နည်း။
"ကျင့်ကြံမယ်... ငါ ချက်ချင်းကျင့်ကြံရမယ်..."
ယဲ့ဖုန်းသည် ဤကောင်းကင်အဆင့်နိမ့် စိတ်ဝိညာဉ်အမြှစ်က သူ့ကို မည်ကဲ့သို့ ကျင့်ကြံခြင်း အမြန်နှုန်း တိုးတက်မှုမျိုး ယူဆောင်လာပေးမည်ကို မစောင့်ဆိုင်းနိုင်တော့ချေ။
တခြားတစ်ဖက်တွင်မူ...
ရှားချင်းယွဲ့သည် ချန်ချင်း ဖွင့်ပေးထားသော ကူးပြောင်းရေး တံခါးမှတစ်ဆင့် တော်ဝင်စာကြည့်ဆောင်သို့ ရောက်ရှိသွားပြီး အထဲသို့ ဝင်သွားကာ သူမ၏ ခမည်းတော် ရှားချန်ကို တွေ့လိုက်ရလေ၏။
"ရှားချင်းယွဲ့က ခမည်းတော်ကို နှုတ်ခွန်းဆက်သပါတယ်..."
ရှားချင်းယွဲ့၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်ကို မြင်သောအခါ ရှားချန်၏ လေးလံနေသော နှလုံးသားသည် နောက်ဆုံးတွင် ပြေလျော့သွားပေ၏။
သူ၏စိတ်ထဲတွင် တွေးတောလိုက်သည်။
'ကြည့်ရတာ လူငယ်လေး ချန်ချင်းက ငါ့သမီးကို ကောင်းကောင်းဆက်ဆံပုံပဲ...'
ရှားချင်းယွဲ့သည် ချန်အိမ်တော်သို့ လက်ထပ်သွားပြီးနောက် သူမသည် တစ်နေကုန် မှိုင်တွေနေပြီး နောက်ဆုံးတွင် ဝမ်းနည်းမှုဖြင့် သေဆုံးသွားလိမ့်မည်ဟု သူ ထင်မှတ်ခဲ့ဖူးလေ၏။
သို့သော် အချက်အလက်များက ရှားချန်၏ မျက်နှာကို ပါးဖြတ်ရိုက်လိုက်သည်။ ရှားချင်းယွဲ့ သူ့ကို တွေ့ရန် တော်ဝင်စာကြည့်ဆောင်သို့ လာတိုင်း သူမသည် ယခင်ကထက် ပို၍ပျော်ရွှင်နေခဲ့သည်။
ထို့ပြင် ဤသည်မှာ အတင်းအကြပ် ဖန်တီးထားသော ပျော်ရွှင်မှု မဟုတ်ဘဲ သူမ၏နှလုံးသားထဲမှ မြစ်ဖျားခံသော ဝမ်းသာပျော်ရွှင်မှုပင်။
"ညသန်းခေါင်ကြီး ဘာလို့ လာတာလဲ..."
ရှားချန်က မေးလိုက်၏။
"ခမည်းတော် ... သမီးတော် ဒီတစ်ခါ လာတာ ရတနာ တစ်ခု ဆက်သဖို့ သက်သက်ပါပဲ..."
ရှားချင်းယွဲ့က သူမ လာရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
"ရတနာ ဆက်သမယ်..."
ရှားချန် တွက်ချက်ကြည့်လိုက်၏။
'ကိုယ်ဝန်ရဖို့က အဲ့ဒီလောက်ထိ မမြန်ဘူးမလား...’