အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁) ဘဝကို သံသယဝင်သွားသော နိုင်ငံတော်အကြံပေး
ရှားချင်းယွဲ့၏အကြည့်ကို လိုက်ကြည့်ရင်း ရှားချန်သည် အဝေးမှ အင်မော်တယ်ကြိုးကြာငှက်တစ်ကောင်ကို လျှင်မြန်စွာ တွေ့ရှိလိုက်သည်။
သေချာကြည့်လိုက်ပါက ရွှေရောင်ပုံစံများပါသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက ကြိုးကြာငှက်ပေါ်တွင် မတ်တတ်ရပ်နေသည်ကို သတိပြုမိပေမည်။
"ကြည့်ရတာ ဒီလူက ကံကြမ္မာ ရွှေနဂါး အတွက် ရောက်လာတာပဲဖြစ်မယ်.."
ရှားချန်က သူ၏ ထင်မြင်ချက်ကို ပြောလိုက်၏။
ရှားချင်းယွဲ့က ခေါင်းညိတ်လိုက်သည်။ ကံကြမ္မာ ရွှေနဂါး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တခြားအင်အားစုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဟု သူမ တွေးတောမိခဲ့သော်လည်း သူတို့၏လှုပ်ရှားမှုများ ဤမျှထိ မြန်ဆန်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
တော်ဝင်နန်းတော်၏ တုံ့ပြန်မှုမှာ လျှင်မြန်ပြီး သံချပ်ကာဝတ်စုံဝတ် တော်ဝင်အစောင့်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် ဧကရာဇ်ကို ကာကွယ်ရန်အတွက် တော်ဝင်စာကြည့်ဆောင်သို့ ချက်ချင်းပြေးလာခဲ့ကြ၏။
ထို့ပြင် တော်ဝင်မိသားစုမှ မွေးမြူထားသော အခြေတည်စစိတ်ဝိညာဉ်နယ်ပယ်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံဆင့်များရှိသည့် ကျင့်ကြံသူများစွာလည်း ရှိနေသည်။
မဟာဝူနိုင်ငံသည် အောက်ဘုံရှိ နိုင်ငံငယ်လေးတစ်ခုပင်။ နှစ်စဉ်နှစ်တိုင်း ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အများကို ကုန်ကျသဖြင့် အခြေတည်စစိတ်ဝိညာဉ်နယ်ပယ်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ကျင့်ကြံသူများကို ထောက်ပံ့ရန်ပင် အတော်လေး ခက်ခဲလှသည်။
သိပ်မကြာမီ နိုင်ငံတော်အကြံပေး ရှောင်ဟယ် လည်း ရောက်ရှိလာပေ၏။
သူသည် တော်ဝင်နန်းတော်ရှိ ကျင့်ကြံသူများထဲတွင် အားအကောင်းဆုံး ဖြစ်ပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင်ရှိကာ စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော် ရှောင်ဟယ်သည် ဤခြေတစ်လှမ်းအတွက် ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူခဲ့ရသော်လည်း မည်သို့မျှ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ချေ။
"နိုင်ငံတော် အကြံပေး... ဒီလူကို မင်း သိလား..."
ရှားချန်က မေးလိုက်၏။
ရှောင်ဟယ်က ခေါင်းခါလိုက်သည်။
"သူက ကျွန်တော်တို့ မဟာဝူက ကျင့်ကြံသူ မဟုတ်ဘူးဆိုတာနဲ့... သူ့ရဲ့ ခွန်အားက ကျွန်တော့်ထက် သာလွန်တယ်ဆိုတာကိုပဲ ကျွန်တော် သေချာပြောနိုင်တယ်..."
"သူ့ရဲ့ ခွန်အားက နိုင်ငံတော် အကြံပေးထက် သာလွန်တယ်လား... ဒါဆို သူက စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ်မှာ မဟုတ်ဘူးလား..."
ဤစကားကို ကြားသောအခါ ရှားချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သို့သော် သူ့ကို ကျောထောက်နောက်ခံ ပေးထားသော ဧကရာဇ်နယ်ပယ် သမက်တစ်ယောက် ရှိနေကြောင်း သတိရလိုက်သောအခါ ရှားချန်၏ ထိတ်လန့်နေသော နှလုံးသားသည် ချက်ချင်းတည်ငြိမ်သွားပြီး အကြောက်အလန့် ကင်းမဲ့သွားလေ၏။
"အရှင်မင်းကြီး... အခုရောက်လာတဲ့သူက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာပါ... ဒီလို အင်အားကောင်းတဲ့ ရန်သူကို ပူးပေါင်းပြီး အနိုင်ယူဖို့အတွက် မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းကို ဆက်သွယ်ဖို့ လူတွေကို ချက်ချင်းစေလွှတ်သင့်တယ်လို့ ကျွန်တော် အကြံပြုချင်တယ်..."
ရှောင်ဟယ်က သူ ကိုယ်တိုင်နှင့် လက်ရှိနေရာတွင် ရှိနေသူများ အပေါ်တွင်သာ အားကိုးနေပါက ကြိုးကြာငှက် စီးလာသော စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ကျင့်ကြံသူကို အနိုင်ရရန် အခွင့်အရေးမှာ အလွန်နည်းပါးကြောင်း ကောင်းစွာသိရှိထားသည်။
အကယ်၍ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းလုံး လှုပ်ရှားလာပါက သူတို့၏ အရေအတွက် အားသာချက်ကို အားကိုးပြီး ပြိုင်ဘက်ကို ကြောက်ရွံ့သွားအောင် လုပ်နိုင်ကောင်း လုပ်နိုင်ပေမည်။
ရှားချင်းယွဲ့ စကားပြောရန် ပြင်လိုက်ချိန်မှာပင် လရောင်အောက်တွင် အနည်းငယ် လှိုင်းထနေသော သူမ၏ခြေဖဝါးအောက်ရှိ အရိပ်ကို ရုတ်တရက် သတိပြုလိုက်မိသည်။
အနည်းငယ် စဉ်းစားပြီးနောက် ရှားချင်းယွဲ့သည် အရာအားလုံးကို ချက်ချင်းနားလည်သွားခဲ့ပေ၏။
'ငါ့ရဲ့ခင်ပွန်းက အမြဲတမ်း အရာအားလုံးကို အပြစ်အနာအဆာ ကင်းကင်းနဲ့ ကိုင်တွယ်တတ်တယ်...'
သူမ၏ နှလုံးသားသည် မနွေးထွေးဘဲ မနေနိုင်တော့ချေ။
ရှားချန်ထံသို့ ပြန်ကြည့်လိုက်ရာ သူ ဆုံးဖြတ်ချက် မချနိုင်မီမှာပင် ပြင်းထန်သော လေပြင်းတစ်ချက်က သူ၏ ခေါင်းပေါ်မှ ဖိနှိပ်လာခဲ့သည်။ သူက ကာကွယ်ရန်အတွက် သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်၏။
အကြံပေးရှောင်ဟယ်သည် ရှားချန်၏ရှေ့သို့ ထွက်ရပ်ကာ သူ၏လက်ထဲရှိ သားမြှီးယပ်တောင်ကို ဝှေ့ယမ်းပြီး လေပြင်းကို ခွဲထုတ်ကာ ဖယ်ရှားလိုက်သည်။
သူ မော့ကြည့်လိုက်ရာ စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ကျင့်ကြံသူသည် သူ၏ကြိုးကြာငှက်ဖြင့် တော်ဝင်စာကြည့်ဆောင် အထက်သို့ ရောက်ရှိနေပြီဖြစ်ပြီး လရောင်အောက်တွင် ကြီးမားသော အရိပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
သူသည် လက်များကို နောက်ပစ်ထားပြီး အထက်စီးဆန်သော အရှိန်အဝါကို ထုတ်လွှတ်ထားကာ သူ၏ အသံမှာ အရာအားလုံးကို အထင်သေးပုံ ပေါက်နေပေ၏။
"အရေးမပါတဲ့ နိုင်ငံငယ်လေးက သူတော်စင်နဂါးကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး... လိမ်လိမ်မာမာနဲ့ ထိန်းချုပ်ခွင့်ကို လွှဲပေးလိုက်စမ်း... ဒါဆိုရင် ငါကဘမင်းတို့ကို အသက်ချမ်းသာပေးမယ်..."
"စီနီယာရဲ့ နာမည်ကို မေးလို့ ရမလား..."
ရှောင်ဟယ်က မေးလိုက်၏။
"ငါ့ရဲ့နာမည်ကို သိဖို့ မင်း မထိုက်တန်ဘူး..."
အဘိုးအိုက ရှောင်ဟယ်ကို မျက်နှာသာ အနည်းငယ်မျှပင်မပေးဘဲ ပြောဆိုပြီးနောက် ထပ်မံ၍ တိုက်တွန်းလိုက်သည်။
"ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်... မြန်မြန် ဆုံးဖြတ်စမ်း..."
ရှားချန်နှင့်တခြားသူများကို ဆုံးဖြတ်ချက်ချရန် ကူညီသည့်အနေဖြင့် အဘိုးအိုသည် သူ၏ စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ဖိအားအရှိန်အဝါကို တမင်သက်သက် ထုတ်လွှတ်လိုက်၏။
ကျင့်ကြံဆင့်နိမ့်ပါးသော တော်ဝင်အစောင့်တပ်ဖွဲ့ များသည် ချက်ချင်းဒူးထောက်ကျသွားပြီး လူအမြောက်အမြား လဲကျသွားကြသည်။
သူတို့လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လှံရှည်များသည် သူတို့၏ဒူးများကို မထောက်ပံ့နိုင်ရုံသာမက ဖိနှိပ်ခံရသဖြင့် အပြာရောင် ကျောက်ပြားများကို ဖောက်ထွင်းကာ မြေကြီးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။
တော်ဝင်အစောင့်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် တိုက်ခိုက်ရေးစွမ်းရည်ကို ချက်ချင်းဆုံးရှုံးသွားကြ၏။
"တကယ်လို့ ကျွန်မသာ ရှင်ဆိုရင် ဒီလိုလုပ်ဖို့ လုံးဝ ရွေးချယ်မှာ မဟုတ်ဘူး... ရှင်က နဂါးကို လုယူဖို့ အရည်အချင်း မပြည့်မီဘူး..."
ရှားချင်းယွဲ့သည် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ဖိအားအောက်တွင် ရုန်းကန်ရင်း ပြောလိုက်လေ၏။
"အရည်အချင်း မပြည့်မီဘူးလား..."
ရှားချင်းယွဲ့၏ စကားများက အဘိုးအိုကို ရယ်မောသွားစေပြီး သူသည် ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သော အမူအရာကို ပြောင်းလဲလိုက်သည်။
"မင်းက သေချင်နေမှတော့... ငါက အရည်အချင်း ပြည့်မီလား မပြည့်မီဘူးလားဆိုတာ မင်းကို သေချာပြရသေးတာပေါ့..."
သူ စကားပြောနေစဉ် စိတ်ဝိညာဉ်ချီများ သူ၏ နံဘေးပတ်လည်တွင် စုစည်းလာပြီး သုံးပေရှည်သော ဓားတစ်လက် ဖြစ်ပေါ်လာပေ၏။
ထိုဓားသွားက ရှားချင်းယွဲ့ကို တည့်တည့်ချိန်ရွယ်ထားသည်။
အတွေးတစ်ချက်ဖြင့် သုံးပေရှည်သော စိတ်ဝိညာဉ်ချီဓားသည် ရှားချင်းယွဲ့ကို ချက်ချင်းချိန်ရွယ်ထားပြီး အလွန်လျှင်မြန်သော အမြန်နှုန်းဖြင့် ပျံ့လွင့်လာသည်။
ဤတိုက်ခိုက်မှုသည် ရှားချင်းယွဲ၏ခေါင်းကို ဖြတ်တောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပေ၏။
ဓားရှည်သည် အလွန်လျှင်မြန်စွာ ပျံသန်းလာသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှားချင်းယွဲ့၏ နဖူးနှင့် တစ်လက်မအကွာသို့ ရောက်ရှိလာပြီး သူမ၏မျက်လုံးသူငယ်အိမ်များကို ကျုံ့သွားစေသည်။
သို့သော် ဤတစ်လက်မအကွာအဝေးတွင် ဓားရှည်သည် ရှေ့သို့ ထပ်မံ၍ မချဉ်းကပ်နိုင်တော့ချေ။
နံဘေးမှ ဆန့်တန်းလာသော လက်ကြီးတစ်ဖက်က ထိုစိတ်ဝိညာဉ်ချီဓားကို ဖမ်းဆုပ်လိုက်သည်။
ထိုလက်၏ပိုင်ရှင်မှာ တခြားသူမဟုတ်ဘဲ အရိပ်ရုပ်သေးရုပ်ပင်။
" ဒီလို နတ်ဘုရားတွေက စွန့်ပစ်ထားတဲ့ နေရာမျိုးမှာ ငါ့ရဲ့ဓားကို ခံနိုင်ရည်ရှိတဲ့သူ ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး..."
အဘိုးအိုက အံ့အားတသင့် ရေရွတ်လိုက်၏။
သို့သော် အရိပ်ရုပ်သေးရုပ်သည် လူမဟုတ်ကြောင်း သူ မကြာမီ ရှာဖွေတွေ့ရှိသွားခဲ့သည်။ ထိုအရာတွင် အတွင်းကလီစာများ မရှိသလို ချီသွေးကြောများလည်း မရှိချေ။
"မှော်ရတနာလား..."
ဤကဲ့သို့ အတွေးတစ်ခုက အဘိုးအို၏စိတ်ထဲတွင် ဖြစ်ပေါ်လာပေ၏။
ထို့နောက် သူ အလွန်ဝမ်းသာသွားသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်... ဒီတစ်ခေါက် ခရီးက ကံကြမ္မာနဂါးကို ရရုံတင်မကဘူး ကောင်းကင်အဆင့် လူပုံစံ လက်နက်တစ်ခုကိုလည်း ရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
ဤလူပုံစံလက်နက်သည် သူ၏ သေစေနိုင်သော တိုက်ခိုက်မှုကို တားဆီးနိုင်သဖြင့် အနည်းဆုံး ကောင်းကင်အဆင့်၌ ရှိရမည်ဟု အဘိုးအိုက ရိုးရှင်းစွာ ယုံကြည်ထားလေ၏။
အရိပ်ရုပ်သေးရုပ်သည် သူ၏အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရန် အချိန်မရှိချေ။ သူသည် ဓားရှည်ကို ဖမ်းဆုပ်ကာ လက်ကောက်ဝတ်ကို လိမ်ပြီး လာရာလမ်းအတိုင်း ဓားကို ပြန်လည်၍ ပစ်လွှတ်လိုက်သည်။
"ငါ့ရဲ့ဓားကို သုံးပြီး ငါ့ကို သတ်ချင်တာလား..."
အဘိုးအိုက ရယ်မောလိုက်သည်။
"ရိုးအလိုက်တာ..."
သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်ကာ အရိပ်ရုပ်သေးရုပ် ပြန်ပစ်လွှတ်လိုက်သော ဓားပျံကို တားဆီးရန် သူ၏ရှေ့တွင် နံရံတစ်ခုကဲ့သို့ စိတ်ဝိညာဉ် စွမ်းအား ဧရာမအကာအကွယ်နံရံတစ်ခုကို ဖန်တီးလိုက်၏။
သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသောအရာက အဘိုးအိုကို လုံးဝအံ့အားသင့်သွားစေခဲ့သည်။
သူ၏ ဂုဏ်ယူဝင့်ကြွားသော ကာကွယ်ရေး နည်းစနစ်သည် ပူလောင်နေသော ဓားပူတစ်လက်က ထောပတ်ကို ဖြတ်တောက်သွားသကဲ့သို့ ဓားရှည်၏ထိုးဖောက်ခြင်းကို ခံလိုက်ရလေ၏။
ထိုဓားပျံ၏အမြန်နှုန်းမှာ ယခင်က အဘိုးအို ထိန်းချုပ်စဉ်ကထက် များစွာပို၍ မြန်ဆန်နေသည်။
သူ နောက်ထပ် ကာကွယ်ရန် မကြိုးစားနိုင်မီမှာပင် ထိုးဖောက်ခံရသော စူးရှသည့် နာကျင်မှုတစ်ခုက သူ၏ရင်ဘတ်ကို ဖြတ်သန်းသွားသည်။
"ဖူး..."
အဘိုးအို ငုံ့ကြည့်လိုက်ရာ သူ၏ ရင်ဘတ်ရှိ သွေးထွက်နေသော အပေါက်ကို မြင်လိုက်ရပြီး လတ်ဆတ်သော သွေးတစ်လုတ်က သူ၏ ပါးစပ်မှ အထိန်းအကွပ်မရှိ ပန်းထွက်လာသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် သူ မျက်ဖြူလန်သွားသွားပြီး သူ၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ အင်မော်တယ်ကြိုးကြာငှက်ပေါ်မှ ပြုတ်ကျသွားလေ၏။
"စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ကျင့်ကြံသူကို မျက်စိတမှိတ်အတွင်း ချက်ချင်းသတ်ပစ်လိုက်တာလား..."
ဤအရာအားလုံးကို မျက်မြင်တွေ့ရှိလိုက်သော နိုင်ငံတော်အကြံပေး ရှောင်ဟယ်သည် သူနှင့် မလှမ်းမကမ်းရှိ အရိပ်ရုပ်သေးရုပ်ကို ကြည့်ကာ သံသယဝင်နေခဲ့သည်။
ရှောင်ဟယ်၏ နားမလည်ဖြစ်မှုကို သတိပြုမိသဖြင့် ရှားချင်းယွဲ့က တက်တက်ကြွကြွ ရှင်းပြလိုက်သည်။
"ဒီအရာကို အရိပ်ရုပ်သေးရုပ်လို့ ခေါ်တယ်... အဲ့ဒါက မှော်ရတနာ အမျိုးအစားတစ်ခုဖြစ်ပြီးတော့ စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ်နဲ့ ညီမျှတဲ့ စွမ်းအားရှိတယ်...ဒါက ကျွန်မခင်ပွန်းရဲ့ ရုပ်သေးရုပ်ပါ..."
"စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ် စွမ်းအားရှိတာလား..."
ရှားချင်းယွဲ့ထံမှ အဖြေမှန်ကို သိရှိပြီးနောက် ရှောင်ဟယ်သည် သူ၏ဘဝကို ပို၍ပင် သံသယဝင်သွားခဲ့လေ၏။
နှစ်တစ်ရာကြာ ကြိုးကြိုးစားစား ကျင့်ကြံပြီးနောက် သူ၏ကျင့်ကြံခြင်းသည် ရုပ်သေးရုပ်တစ်ကောင်နှင့်ပင် ယှဉ်နိုင်မည် မဟုတ်ဟု သူ ထင်မှတ်မထားခဲ့ချေ။
သူ အလွန်စိတ်ပျက်သွားသဖြင့် ကျင့်ကြံခြင်းကို လုံးဝ စွန့်လွှတ်ပြီး ရိုးရှင်းသောဘဝသို့ ပြန်သွားရန်ပင် စဉ်းစားမိသည်။ သူ၏ ပါရမီဖြင့် သူသည် ဤဘဝတွင် ရုပ်သေးရုပ် တစ်ကောင်ကိုပင် မီနိုင်မည် မဟုတ်ဟု တွေးလိုက်မိသည်။
ထိုအရာက အလွန် စိတ်ပျက်စရာ ကောင်းလှသည်။ အမှန်တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်းလှသည်။
သူသည် မျှော်လင့်ချက်မဲ့မှုထဲတွင် အလွန်အမင်း နစ်မျောနေသဖြင့် ရှားချင်းယွဲ့၏ခြေဖဝါးမှ တခြား အရိပ်တစ်ခု ခွဲထွက်သွားသည်ကို လုံးဝသတိမပြုမိခဲ့ချေ။
သိပ်မကြာမီ ထိုအရိပ်သည် ရှားချင်းယွဲ့၏ခြေဖဝါးအောက်သို့ ပြန်လည်ရောက်ရှိလာပေ၏။
အရိပ်ရုပ်သေးရုပ်သည် အရိပ်များထဲမှ ထွက်ပေါ်လာပြီး ဒူးတစ်ဖက်ထောက်ကာ သိုလှောင်လက်စွပ်တစ်ခုကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
ရှားချင်းယွဲ့သည် လက်စွပ်ကို ကြည့်လိုက်ပြီး ဤသည်မှာ အစောပိုင်းက အရိပ်ရုပ်သေးရုပ် သတ်ဖြတ်လိုက်သော အဘိုးအို၏ပစ္စည်းဖြစ်ကြောင်း သံသယဝင်စရာမလိုဘဲ သိရှိသွားသည်။
သူမ၏စိတ်နှလုံးသား တည်ငြိမ်နေပေ၏။
"..."
ဆန့်ကျင်ဘက်အနေဖြင့် ရှောင်ဟယ်၏အကြည့်သည် အရိပ်ရုပ်သေးရုပ် နှစ်ကောင်ကြားတွင် ခေါက်တုံ့ခေါက်ပြန်ရွေ့လျားနေပြီး သူ့ကိုယ်သူ သံသယဝင်မှုထဲတွင် နစ်မွန်းနေတော့သည်။