အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) နိုင်ငံတော် ရတနာ
သူတို့နှစ်ယောက်၏အကြည့်သည် စစ်သား တစ်သန်းဆီသို့ ရောက်ရှိသွားလေ၏။
မူလက ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ဂုဏ်ကျက်သရေကို ရယူရန်နှင့် နာမည်ကျော်ကြားရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ကြကာ မဟာဝူနိုင်ငံ၏ အဆင့်အတန်းနှင့် စည်းစိမ်ချမ်းသာကို တက်လှမ်းရန် ခြေနင်းတုံးတစ်ခုအဖြစ် အသုံးပြုရန် စီစဉ်ထားသူများသည် ချက်ချင်းစိတ်ပျက်အားငယ်သွားတော့သည်။
သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုများသာ ပေါ်လွင်နေပြီး သူတို့၏တိုက်ခိုက်လိုစိတ်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ကို ဖောက်ထွင်းလာသော ထိုလက်ချောင်းကို ရင်ဆိုင်ရချိန်၌ စစ်သားအများစုသည် နေရာတွင်ပင် အေးခဲတောင့်တင်းသွားကြ၏။ သူတို့၏ စိတ်ဝိညာဉ်သုံးခုနှင့် စိတ်ဆန္ဒခုနစ်ခုတို့သည် ကောင်းကင်ယံသို့ လွင့်မျောသွားတော့သည်။ သူတို့သည် ဤကဲ့သို့သော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြချေ။
စစ်သားများထက် အားကောင်းသော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိသည့် ဝါရင့်စစ်သူကြီးများပင်လျှင် သူတို့၏ စိတ်ထဲတွင် ထွက်ပြေးရန် အတွေးများ ထွက်ပေါ်လာသည်။ သို့သော် ထိုလက်ချောင်း၏ ဖိအားအောက်တွင် သူတို့၏ခန္ဓာကိုယ်များသည် တုံ့ပြန်မှုမရှိတော့ဘဲ သူတို့၏ကိုယ်ပိုင်ခန္ဓာကိုယ်များ မဟုတ်တော့သည့်အလား ခံစားလိုက်ရသည်။
ဧရာမ ရွှေရောင်လက်ချောင်းကြီးသည် ပို၍နီးကပ်လာပြီး အလင်းရောင်များ ပို၍တောက်ပလာကာ သူတို့၏ မျက်လုံးများကို ပြည့်နှက်သွားသည်အထိပင်။ သူတို့သည် ထိုမြင်ကွင်းကို ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ရုံသာ တတ်နိုင်ပြီး သူတို့ မည်သည့်နေရာကို ကြည့်စေကာမူ ရွှေရောင်အလင်းတန်းများကိုသာ မြင်တွေ့နိုင်လေ၏။
ဝုန်း...
ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး လေပြင်းမုန်တိုင်းတစ်ခုအလား ချီလှိုင်းလုံးတစ်ခု ထွက်ပေါ်လာကာ ကျန်းအနည်းငယ်မြင့်သော မြို့ရိုးပေါ်တွင် ပေါင်လုံးခန့်တုတ်သော ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားစေသည်။
ဧရာမ ရွှေရောင်လက်ချောင်းကြီး ပျောက်ကွယ်သွားသော်လည်း ထိုအရာသည် ကောင်းကင်အပြည့် အဝါရောင်သဲများကို ချန်ရစ်ခဲ့ပြီး မြို့ရိုးအောက်ရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့ရန် မဖြစ်နိုင်တော့ချေ။
မိုးပြာနဂါးဧကရာဇ်ဖြစ်သော ဧကရာဇ် ကျိန့်ထျန်းသည် ယခုအချိန်၌ သူ၏ခြေထောက်များ ပျော့ခွေနေသဖြင့် မြို့ရိုးပေါ်သို့ လဲကျသွားပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
သူ၏နံဘေးရှိ ကိုယ်ရံတော်များသည် နေရာတွင်ပင် အေးခဲတောင့်တင်းနေကြပြီး သူ့ကို ထူပေးရန် အချိန်မရှိခဲ့ချေ။ သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။
အကယ်၍ သူတို့၏ခြေထောက်များသာ တုံ့ပြန်မှု မဲ့မနေခဲ့ပါက သူတို့သည် အချိန်ကြာမြင့်စွာကတည်းက ထွက်ပြေးသွားပြီး ဖြစ်ပေမည်။
မည်သူ၏အသက်က ပိုအရေးကြီးသနည်း...
ဧကရာဇ်၏ အသက်လား သို့မဟုတ် သူတို့၏ကိုယ်ပိုင် အသက်လား ဆိုသည်ကို သူတို့ ရှင်းလင်းစွာ နားလည်ထားသည်။
သူ၏နိုင်ငံ ဖျက်ဆီးခံရတော့မည့် ဧကရာဇ်တစ်ပါးကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
သူတို့သည် မမိုက်မဲပေ။ သူ၏အားနည်းမှုကို မသိသော ဧကရာဇ် ကျိန့်ထျန်းသည် အင်မော်တယ်အရှင်တစ်ပါးကို ဒေါသထွက်စေပြီး နတ်ဘုရား ပြစ်ဒဏ်ကို ကျရောက်စေခဲ့ကြောင်း သူတို့ မြင်တွေ့နိုင်လေ၏။
ကောင်းကင်အပြည့် အဝါရောင်သဲများ ဖုံးလွှမ်းနေလျှင်ပင် မြို့ရိုးအောက်တွင် လက်ရှိအချိန်၌ ဖြစ်ပေါ်နေသော ကြေကွဲဖွယ်မြင်ကွင်းကို သူတို့ စိတ်ကူးယဥ်တွေးတောကြည့်ရန် မခက်ခဲချေ။
အင်မော်တယ်အရှင်တစ်ပါးအပြင် တခြားမည်သူက လောကကြီးကို ဖျက်ဆီးနိုင်သည့် ဤကဲ့သို့ နည်းလမ်းများကို လုပ်ဆောင်နိုင်မည်နည်း။
စစ်သားများနှင့်ကိုယ်ရံတော်များသာ ထိုကဲ့သို့ တွေးတောနေကြသည်မဟုတ်ဘဲ ကောင်းကင်ကြည့်မှန်၏ အနောက်တွင် အရာအားလုံးကို မျက်မြင်တွေ့ရှိနေသော ရှားချင်းယွဲ့လည်း အလားတူ တွေးတောနေပေ၏။
လက်ချောင်းတစ်ချောင်းတည်းဖြင့် မိုင်ထောင်ချီ အကွာအဝေးကို ဖြတ်ကျော်ကာ သံချပ်ကာဝတ် စစ်သား တစ်သန်းကို သုတ်သင်လိုက်ခြင်း...
ဤသည်က ချန်ချင်း ယခင်က လက်ဝါးတစ်ချက်တည်းဖြင့် ဂိုဏ်းတစ်ခုကို ဖျက်ဆီးခဲ့စဉ်ကထက် ရှားချင်းယွဲ့ကို များစွာပို၍ ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ချန်ချင်း၏ကျင့်ကြံခြင်းသည် မဟာဧကရာဇ် တစ်ပါးထက် ပိုမြင့်နေမည်လားဟုပင် သူမ တွေးမိလေ၏။
မဟာဧကရာဇ်၏အထက်တွင် အင်မော်တယ်နတ်ဘုရားနယ်ပယ် ရှိနေသည်။
တခြားသူများမှ သူ့ကို မဟာဧကရာဇ် သို့မဟုတ် အင်မော်တယ်အရှင်အဖြစ် အကဲဖြတ်သည်ကို ချန်ချင်း ဂရုမစိုက်ချေ။
ဤသည်နှင်ါ နှိုင်းယှဉ်ပါက သူ့ဇနီးသည်၏မျက်နှာကို ငဲ့ညှာသောအားဖြင့် မဟာဝူနိုင်ငံအတွက် စစ်သား တစ်သန်းကို တားဆီးရန် လှုပ်ရှားခဲ့ခြင်းအတွက် မည်သို့သော 'ဇနီးသည်အား အလိုလိုက်ခြင်း' ဆုလာဘ်မျိုး ရရှိမည်ကို သူ ပို၍စိတ်ဝင်စားနေသည်။
သူက စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေးရုပ် +၅၀၀၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
'အရိပ်ရုပ်သေးရုပ် ငါးသောင်း...'
ယခုရရှိခဲ့သော အရိပ်ရုပ်သေးရုပ် ငါးသောင်းနှင့်အတူ သူ၏ အမိန့်အောက်ရှိ စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အရိပ်ရုပ်သေးရုပ် အရေအတွက်သည် တစ်သိန်းကို ကျော်လွန်သွားပြီဖြစ်ကြောင်း ချန်ချင်း သိရှိလိုက်၏။
စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အရိပ်ရုပ်သေးရုပ် တစ်သိန်း...
ဤကိစ္စ ပေါက်ကြားသွားသည်နှင့် နိုင်ငံများနှင့် အင်အားစုများ မည်မျှထိများများ ထိတ်လန့်တုန်လှုပ်သွားမည်ကို ချန်ချင်း စိတ်ကူးယဉ်ရန်ပင် မဝံ့ရဲချေ။
သူ ဆန္ဒရှိသရွေ့ ဤ အရိပ်ရုပ်သေးရုပ်တစ်သိန်းဖြင့် အချိန်မရွေး ထာဝရအင်အားစုတစ်ခုကို တည်ထောင်နိုင်သည်။
ဤအကြောင်းကို လုံးဝမသိရှိသော ရှားချင်းယွဲ့သည် သူမ၏မျက်လုံးများကို ကောင်းကင်ကြည့်မှန် အပေါ်တွင်သာ စိုက်ကြည့်နေခဲ့လေ၏။
မိုးပြာနဂါး နိုင်ငံမှ လူများသည် ကောင်းကင်အပြည့် အဝါရောင်သဲများကို ဖယ်ရှားရန် လေပြင်းတစ်ချက်ကို ဆင့်ခေါ်လိုက်သည်အား သူမ မြင်တွေ့လိုက်ရသည်။
ဤအရာက ထိုလက်ချောင်းတစ်ချောင်းတည်းက ချန်ရစ်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်ဆီးနိုင်စွမ်းကို အပြည့်အဝ ပေါ်လွင်သွားစေသည်။
ထိုနေရာတွင် တွင်းနက်ကြီးတစ်ခုကဲ့သို့ ကျင်းနက်ကြီးတစ်ခုကို ချန်ရစ်ခဲ့ပြီး စစ်သားတစ်သန်းအတွက်မူ အရိုးများကို မဆိုထားနှင့် သံချပ်ကာအပိုင်းအစ တစ်ခုမျှပင် မကျန်ရစ်တော့ချေ။ အရာအားလုံးသည် သူတို့ တစ်ခါမျှ တည်ရှိမနေခဲ့ဖူးသည့်အလား အငွေ့ပျံသွားခဲ့လေပြီ။
"ငါ့ရဲ့... ငါ့ရဲ့ စစ်သား တစ်သန်း... ဒီအတိုင်း... ဒီအတိုင်းပဲ ပျောက်သွားပြီလား..."
"ဘယ်သူလဲ... ဒီလိုလုပ်တာ ဘယ်သူလဲ..."
ဤရလဒ်ကို ကြာမြင့်စွာကတည်းက မျှော်လင့်ထားခဲ့သော်လည်း အမှန်တရား ပေါ်ထွက်လာသောအခါ ဧကရာဇ် ကျိန့်ထျန်းသည် သူ၏ဒေါသနှင့် နာကြည်းမှုများကို မထိန်းချုပ်နိုင်ခဲ့ချေ။
ထိုစစ်သားတစ်သန်းသာ မရှိပါက မိုးပြာနဂါး နိုင်ငံ၏ အင်အားသည် အလွန်အမင်း ကျဆင်းသွားမည်ဖြစ်ပြီး လာမည့်အချိန်များတွင် မရေမတွက်နိုင်သော ခွေးအများနှင့် ကျားများကို ရင်ဆိုင်ရပေမည်။ အနည်းငယ် ပေါ့ဆမှု ရှိသည်နှင့်တစ်ပြိုင်နက် နိုင်ငံ တစ်ခုလုံး ပြိုလဲကျသွားပြီး ခွဲဝေယူခြင်းကို ခံရနိုင်ပေ၏။
ထျန်းရွှမ်ကုန်းမြေတွင် နံပါတ်တစ်နိုင်ငံကို တည်ဆောက်ပြီး ထာဝရ ဧကရာဇ်တစ်ပါး ဖြစ်လာရန် အိပ်မက်မက်နေဆဲဖြစ်သော ဧကရာဇ် ကျိန့်ထျန်း အတွက် ဤသည်မှာ သေချာပေါက် ကြီးမားသော ထိုးနှက်ချက် တစ်ခုဖြစ်ပြီး သူ၏အိပ်မက်များ ပျက်စီးသွားခြင်းပင်။
ဤအချိန်တွင် တစ်စုံတစ်ယောက် အော်ဟစ်လိုက်သောအသံက သူ၏နားထဲသို့ ဝင်ရောက်လာသည်။
"ကြည့်လိုက်အုံး... အင်မော်တယ် ... အင်မော်တယ်အရှင်တစ်ပါး ဆင်းသက်လာပြီ..."
'အင်မော်တယ်အရှင်လား...'
ဧကရာဇ် ကျိန့်ထျန်းသည် စကားပြောလိုက်သော စစ်သားကို တစ်ချက်ကြည့်ကာ သူ၏တော်ဝင်သရဖူကို ပြင်ဆင်လိုက်ပြီးနောက် စစ်သား၏အကြည့်အတိုင်း မော့ကြည့်လိုက်၏။
ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ကူးပြောင်းရေး တံခါးမှ ထွက်လာသည်ကို သူ အမှန်တကယ် မြင်တွေ့လိုက်ရသည်။
'ဒါက... အင်မော်တယ်အရှင်လား...'
ဧကရာဇ် ကျိန့်ထျန်းသည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသော်လည်း သူ တွေးတော၍ မရနိုင်ခဲ့ချေ။
တည်ငြိမ်သွားပြီးနောက် ဧကရာဇ် ကျိန့်ထျန်းသည် ဧကရာဇ် တစ်ပါးအနေဖြင့် သူ၏ပုံမှန် ဣန္ဒြေကြီးမားသော အမူအရာကို ပြန်လည်၍ ရယူလိုက်သည်။
"နိုင်ငံတော်အင်အားအရ ပြောရရင်... မိုးပြာနဂါး နိုင်ငံက မဟာဝူထက် အဆမတနိ သာလွန်တယ်... အားနည်းပြီး အလားအလာမရှိတဲ့ နိုင်ငံမျိုးကို အလုပ်အကျွေးပြုနေမယ့်အစား... ငါ့ရဲ့ မိုးပြာနဂါးနိုင်ငံကို အညံ့ခံလိုက်ရင် ဘယ်လိုလဲ... မဟာဝူက မင်းတို့ကို ပေးနိုင်တာတွေကို ငါလည်း ပေးနိုင်ပါတယ်..."
"ရူူးနေတာလား..."
မဟာဝူ မင်းသမီးတစ်ပါးအနေဖြင့် ရှားချင်းယွဲ့သည် ဧကရာဇ် ကျိန့်ထျန်းက မဟာဝူနှင့် သူမ၏ဖခင်ကို သစ္စာဖောက်ရန် အကြံပြုသည်ကို ကြားသောအခါ ချက်ချင်းပြန်လည်ချေပလိုက်၏။
"ဒါဆိုရင်လည်း... ငါကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့..."
ဧကရာဇ် ကျိန့်ထျန်းက ယခုရောက်လာသူများသည် အလွယ်တကူ ရင်ဆိုင်နိုင်သူများ မဟုတ်ကြောင်း သိထားလေ၏။ သူတို့ကို အညံ့ခံအောင် မလုပ်နိုင်သဖြင့် အမြန်ဆုံး ဖယ်ရှားရပေမည်။။
သူသည် ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ သူ၏ လက်ဝါးကိုလှီးဖြတ်လိုက်ပြီး သူ၏လက်ချောင်းငါးချောင်းကိုဆုပ်ကာ တော်ဝင်သွေးများကို ညှစ်ထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် တခြားသူများ နားမလည်နိုင်သော ရှေးဟောင်းမှော်မန္တန်များကို ရွတ်ဆိုလိုက်သည်။
နောက်တခဏတွင် အပြာရောင် ဝင်္ကပါပုံစံတစ်ခုသည် တော်ဝင်မြို့တော်တစ်ခုလုံးကို လျှင်မြန်စွာ ဖုံးလွှမ်းသွားခဲ့လေ၏။
ထိုဝင်္ကပါပုံစံ၏ အလယ်ဗဟိုမှ ကျန်းတစ်ရာ မြင့်သော မိုးပြာနဂါး ထွက်ပေါ်လာခဲ့သည်။
"နိုင်ငံတော် ကံကြမ္မာက ထောက်ပံ့ပေးထားတဲ့ နဂါးဝိညာဉ်တစ်မျှင်ကို ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
ချန်ချင်းကိုယ်တိုင် မိုးပြာနဂါးနိုင်ငံသို့ လာရသည့် အကြောင်းအရင်းမှာ ဤနိုင်ငံအတွင်းတွင် ပုံမှန်မဟုတ်သော ကြီးမားကျယ်ပြန့်သည့် စွမ်းအင်တစ်ခုကို သူ အာရုံခံမိသဖြင့် စုံစမ်းရန် ဆုံးဖြတ်ခဲ့သောကြောင့်ပင်။
ဤကြီးမားကျယ်ပြန့်သော စွမ်းအင်သည် ဤနဂါးဝိညာဉ်မှ မြစ်ဖျားခံကြောင်း သူ အတည်ပြုနိုင်လေပြီ။
'ဒီကောင်လေးက ဒါကို တကယ်ကြီး မြင်နိုင်တာပဲ...'
ဤစကားကို ကြားသောအခါ ဧကရာဇ် ကျိန့်ထျန်း၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပေ၏။
သူ၏မျက်နှာပေါ်ရှိ ချွေးစေးများကို သုတ်ရန် လက်ကို မြှောက်လိုက်ပြီးနောက် သူက တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။
"မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်... အညံ့ခံမလား... သေမလား..."
သူ စကားပြောဆိာနေစဉ် ကျန်းတစ်ရာရှိ မိုးပြာနဂါးဝိညာဉ်သည် ဧကရာဇ် ကျိန့်ထျန်း၏ နောက်တွင် မြင့်မားစွာ ထွက်ပေါ်နေလေပြီ။ ဧရာမနဂါးခန္ဓာကိုယ်သည် မားမာူမတ်မတ် ရပ်တည်နေကာ ခေါင်းကို နှိမ့်ချပြီး မီးတောက်များကဲ့သို့ တလက်လက် တောက်ပနေသော နဂါးမျက်လုံးတစ်စုံဖြင့် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို စေ့စေ့စပ်စပ် စစ်ဆေးနေသည်။ ဤသည်မှာ သူ၏ဖိအားပေးမှုမှတဆင့် သူတို့နှစ်ဦးကို အလျှော့ပေးလာစေရန် တွန်းအားပေးနေသည့်အလားပင်။
သာမန်ကျင့်ကြံသူများအတွက် ဤမျှထိ ပြင်းထန်သော နဂါးဖိအားကို ရင်ဆိုင်ရပါက ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သို့သော် ချန်ချင်းအတွက်မူ ဤနဂါးဖိအားသည် အဖက်လုပ်၍ ပြောဆိုရန်ပင် မတန်ချေ။ သူ့ကို မဆိုထားနှင့် ရှားချင်းယွဲ့ပင်လျှင် မိုးပြာနဂါးဝိညာဉ်ကို အလေးမထားခဲ့ချေ။
'စကားမပြောဘူးလား...'
ဧကရာဇ် ကျိန့်ထျန်းသည် အဆိုးမြင်သည့်ဘက်မှ မတွေးခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် မိုးပြာနဂါးနိုင်ငံ၏ ရာစုနှစ်တစ်ခုကြာ နိုင်ငံတော် ကံကြမ္မာဖြင့် ပြုစုပျိုးထောင်ထားသော အားကောင်းသည့် နဂါးဝိညာဉ်ကြောင့် ထိတ်လန့်သွားကြသည်ဟု သူ ယုံကြည်ခဲ့လေ၏။
သူတို့ကို တည်ငြိမ်ရန် စဉ်းစားရန်နှင့် အကောင်းအဆိုးကို သေချာစွာ ချိန်ဆရန် အချိန်အနည်းငယ် ပေးလိုခဲ့သည်။
သို့သော် သူသည် အချက်ပြသည့်အနေဖြင့် ထပ်မံ၍ တိုက်တွန်းလိုက်သည်။
"ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်... မြန်မြန် ဆုံးဖြတ်စမ်း..."
ထိုစကားကို ပြောဆိုပြီးနောက် သူသည် နဂါးဝိညာဉ်ကို ချန်ချင်းတို့နှစ်ဦးအပေါ် ဖိအားအနည်းငယ် ထပ်ပေးရန်လည်း အချက်ပြလိုက်၏။
'သူတစ်ပါးရဲ့ ထမင်းကို စားတဲ့သူက သူ့ကို အကြွေးတင်တယ်' ဆိုသည့် စကားပုံက နဂါးဝိညာဉ် နှင့်လည်း သက်ဆိုင်နေသည်။
ထို့ကြောင့် နဂါးသည် အလွန်နက်ရှိုင်းသော ပါးစပ်ကြီးကို ဖွင့်ကာ ကောင်းကင်နှင့်မြေကြီးအနှံ့ ပဲ့တင်ထပ်သွားသော နဂါးဟိန်းဟောက်သံတစ်သံကို ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ထံသို့ ဦးတည်ပြီး ထုတ်လွှတ်လိုက်သည်။
"ပိုးကောင်လေး တစ်ကောင်ကများ... အော်ရဲသေးတယ်ပေါ့..."
'ပိုးကောင်...'
သူ့နိုင်ငံ၏ နတ်ဘုရားရတနာကို ဤကဲ့သို့ ဖော်ပြသည်ကို ကြားသောအခါ ဧကရာဇ် ကျိန့်ထျန်း၏ပါးစပ် မဲ့ရွဲ့သွားသည်။ သူ၏ဒေါသများ ပေါက်ကွဲထွက်တော့မည့်အချိန်တွင် နောက်ဆက်တွဲ မြင်ကွင်းက သူ၏လျှာဖျားတွင် ရှိနေသော စကားလုံးများကို ပြန်လည်၍ မျိုချသွားစေခဲ့လေ၏။