← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) ငါ့သားက ဧကရာဇ် လား...

သူတို့အုပ်စုသည် မိုးပြာနဂါးနိုင်ငံ၏ တော်ဝင်နန်းတော်သို့ ရောက်ရှိလာကြ၏။

အချိန်တခဏကြာပြီးနောက် ချန်ရှုံး ပြန်လည်၍ ထွက်ပေါ်လာချိန်၌ ရွှေရောင်ရင့်ရင့်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။

"ဘယ်လိုလဲ... အဆင်ပြေရဲ့လား..."

ချန်ရှုံးသည် သူ၏လက်များကို ဖြန့်ကားကာ ချန်ချင်းအား နဂါးဝတ်ရုံ၏ အပြည့်အဝမြင်ကွင်းကို ကြည့်ရှုခွင့်ပေးလိုက်သည်။

တစ်နေ့တွင် သူသည် နိုင်ငံတစ်နိုင်ငံ၏ ဧကရာဇ် အဖြစ် ပလ္လင်ပေါ်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ အိပ်မက်မမက်ခဲ့ဖူးချေ။ ဤအရာအားလုံးသည် သူ့သား၏ဂရုစိုက်မှုကြောင့်ပင်​။

အရေးအကြီးဆုံးမှာ ဤနိုင်ငံသည် မဟာဝူနိုင်ငံထက် အလွန်အမင်း ပို၍ကြီးမားနေခြင်းပင်။

ဤအကြောင်းကို တွေးတောကြည့်လျှင် သူ၏တော်ဝင်ယောက္ခမဖြစ်သူ ဧကရာဇ်သည် နောက်ဆုံးတွင် စိတ်အေးနိုင်ပြီး သူ ပုန်ကန်မည်ကို စိုးရိမ်ရန် မလိုတော့ချေ။

ယခုအချိန်၌ အကယ်၍ ချန်ရှုံးသာ ထိုကဲ့သို့ အကြံအစည်မျိုး အမှန်တကယ် ရှိခဲ့ပါက ဤသည်က ရှားမိသားစုကို ဖြုတ်ချရန် ရိုးရှင်းသော ပုန်ကန်မှုတစ်ခုမျှသာ မဟုတ်တော့ဘဲ မဟာဝူနိုင်ငံကို တိုက်ရိုက် သိမ်းပိုက်ခြင်း ဖြစ်သွားပေမည်။

သို့သော် ချန်ရှုံးတွင် လက်ရှိ၌ ထိုကဲ့သို့ အတွေးမျိုး မရှိတော့ချေ။ ဤကဲ့သို့ ပါရမီရှင် သားတစ်ယောက် ရှိနေသဖြင့် အနည်းငယ် ကြွားလုံးထုတ်ရလျှင် သူသည် သေးငယ်သော မဟာဝူနိုင်ငံကို အမှန်တကယ်ပင် ဂရုမစိုက်တော့ချေ။

မဟာဝူ၏နယ်မြေကို တပ်မက်နေမည့်အစား ချန်ရှုံး၏ စိတ်ထဲတွင် ချန်ချင်း၏ မျှော်လင့်ချက်များကို စိတ်ပျက်မခံဘဲ မိုးပြာနဂါးနိုင်ငံကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော အင်အားစုတစ်ခုအဖြစ်သို့ ပြောင်းလဲရန်ဟူသော အတွေးများဖြင့် ပြည့်နှက်နေပေ၏။

သူ မျက်နှာပျက်ရခြင်းက အသေးအဖွဲကိစ္စဖြစ်သော်လည်း သူ၏သား မျက်နှာပျက်ရခြင်းက ကြီးမားသောကိစ္စ ဖြစ်ပေမည်။

"အဆင်ပြေပါတယ်... ပြီးပြည့်စုံပါတယ်... ဒီနဂါးဝတ်ရုံက အဖေ့အတွက် တမင်တကာ တိုင်းချုပ်ထားသလိုပဲ..."

ချန်ချင်းက မြှောက်ပင့်စကားတစ်ခွန်းမျှ မနှမြောဘဲ ချီးကျူးလိုက်သည်။

ရှားချင်းယွဲ့က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

ချန်ရှုံး၏ လွှမ်းမိုးမှုရှိသော အငွေ့အသက်နှင့် အသွင်အပြင်တို့သည် နဂါးဝတ်ရုံနှင့် ပေါင်းစပ်လိုက်သောအခါ ဧကရာဇ်တစ်ပါး၏အရှိန်အဝါကို အမှန်တကယ်ပင် ပေးစွမ်းနိုင်သည်ဟု သူမ ရိုးသားစွာ ခံစားမိသည်။

"ဟူး..."

ချန်ရှုံး၏အပြုံးများ ပျောက်ကွယ်သွားပြီး သက်ပြင်းချလိုက်သည်ကို သတိပြုမိသဖြင့် ချန်ချင်းက မေးလိုက်သည်။

"အဖေ... ဘာဖြစ်လို့လဲ..."

ချန်ရှုံးသည် သူ၏အတွေးများကို ဖုံးကွယ်မထားဘဲ ပြောလိုက်၏။

"အခု ဧကရာဇ်ဟောင်း သေဆုံးသွားပြီးတော့... အပြင်လူ တစ်ယောက်ဖြစ်တဲ့ အဖေက ပလ္လင်ပေါ်တက်ဖို့ ရောက်လာတာ.. အရာရှိဟောင်းတွေနဲ့ အကြွင်းအကျန် အင်အားစုတွေက အချိန်မရွေး ပုန်ကန်မှု လုပ်နိုင်တယ်... ဒါက နိုင်ငံရဲ့ ကံကြမ္မာ ကို ထိခိုက်စေပြီးတော့ သာမန် ပြည်သူတွေကြားမှာ မငြိမ်မသက်မှုတွေ ဖြစ်စေနိုင်တယ်..."

ချန်ရှုံး၏ စိုးရိမ်ပူပန်မှုများကို ကြားသောအခါ ရှားချင်းယွဲ့သည် ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာနိုင်ခြေမှာ အလွန်နည်းပါးသည်ဟု ခံစားလိုက်ရသည်။

ဤလောကတွင် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို မည်သူမျှ ဖီဆန်ရဲမည် မဟုတ်ကြောင်း သူမ ယုံကြည်ထားလေ၏။

"ဒါက ရိုးရှင်းပါတယ်..."

ရှားချင်းယွဲ့ကဲ့သို့ပင် ချန်ချင်းက ​ဤသည်ကို ပြဿနာတစ်ခုအဖြစ် မသတ်မှတ်ခဲ့ချေ။

သူသည် အရပ်ဘက်နှင့်စစ်ဘက် အရာရှိများ အားလုံးအပြင် တော်ဝင်မိသားစု၏လျှို့ဝှက်အင်အားစုမှ ကျင့်ကြံသူများကို ပင်မခန်းမသို့ ချက်ချင်းအမိန့်ပေးပြီး ဆင့်ခေါ်လိုက်သည်။

သူသည် သူ၏ဖခင် ပလ္လင်ပေါ်သို့ တက်လှမ်းရန် ကူညီနေခြင်းပင်။ ထိုကြောင့် ချန်ချင်းသည် ချန်ရှုံး၏ အုပ်ချုပ်မှု အစောပိုင်းကာလတွင် သူ၏ဖခင်အတွက် အတားအဆီးများကို တတ်နိုင်သမျှ ရှင်းလင်းပေးရမည်မှာ သဘာဝကျသည်။

မကြာမီမှာပင် အရပ်ဘက်နှင့်စစ်ဘက် အရာရှိများသည် ပင်မခန်းမသို့ တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာကြပြီး အင်မော်တယ်ကဲ့သို့ အမူအရာ အရိပ်အယောင်များ ပိုင်ဆိုင်ထားပြီးဖြစ်သည့် သက်ကြီးကျင့်ကြံသူ အများအပြားလည်း ပါဝင်လေ၏။

မူလက ဤလူများထဲမှ အချို့သည် အလျှော့မပေးဘဲ ဒူးထောက်ပြီး အသက်ရှင်ရခြင်းထက် မတ်တတ်ရပ်၍ သေဆုံးရခြင်းကို ပိုနှစ်သက်ကြမည်အား ချန်ရှုံးက စိုးရိမ်နေခဲ့သည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်များက သူ တကယ်ကို အတွေးလွန်သွားခဲ့ကြောင်း ချန်ရှုံးကို နားလည်သဘောပေါက်သွားစေသည်။

အရပ်ဘက်နှင့်စစ်ဘက်အရာရှိများအပြင် ကျင့်ကြံဆင့်နယ်ပယ် အတော်အသင့်မြင့်မားသော ကျင့်ကြံသူများပင်လျှင် ခန်းမထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် တွေဝေတုံ့ဆိုင်းမှု အနည်းငယ်မျှမရှိဘဲ ဒူးထောက်လိုက်ကြ၏။

သူတို့သည် အချင်းချင်း ပူးကပ်​နေကြပြီး သူတို့၏ ကံကြမ္မာကို စောင့်ဆိုင်းနေသည့်အလား တိတ်ဆိတ်နေသည်။

ချန်ရှုံးကမျက်မှောင်အနည်းငယ် တွန့်ကွေးသွားပြီး တွေးတောလိုက်သည်။

'ဒီလို မဖြစ်သင့်ဘူးလေ... မဟာဝူ နိုင်ငံတော်လို နိုင်ငံငယ်လေးမှာတောင် အလျှော့မပေးတဲ့သူတွေ တော်တော်များများ ရှိတာပဲ... ဒီလောက် ကြီးမားကျယ်ပြန့်တဲ့ မိုးပြာနဂါး နိုင်ငံမှာ ခေါင်းမာတဲ့သူ တစ်ယောက်မှတောင် ရှာမတွေ့နိုင်ဘူးလား...'

"မဟာချီနဲ့ ဧကရာဇ်ကို သစ္စာခံမယ်လို့ ကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်း ပြုလုပ်တဲ့သူတွေက... အသက်ရှင်ခွင့်ရမယ်..."

ချန်ချင်းက အေးစက်တင်းမာစွာ ပြောလိုက်သည်။

သူ ပြောသော မဟာချီသည် ချန်ရှုံးနှင့် ဆွေးနွေးပြီးနောက် ဆုံးဖြတ်ခဲ့သော မင်းဆက်အသစ်ပင်။

မိုးပြာနဂါး နိုင်ငံသည် ဆက်လက်၍ မတည်ရှိတော့ချေ။

"ကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်း"

ထိုစကားလုံးများကို ကြားသောအခါ ကျင့်ကြံသူများ မဟုတ်သော အရပ်ဘက်နှင့်စစ်ဘက် အရာရှိများပင်လျှင် ထိုကဲ့သို့ ကျမ်းသစ္စာကျိန်ဆိုခြင်းကို ပြုလုပ်ခြင်းက မည်သည့်အရာအား ဆိုလိုကြောင်း သိရှိထားပေ၏။

အကယ်၍ သူတို့ ပြုလုပ်ပါက သူတို့သည် ၂ခြားသူများ၏လက်ထဲတွင် ရုပ်သေးရုပ်များအဖြစ် ထာဝရ နေသွားရပေမည်။

အကယ်၍ ထိုသို့မပြုလုပ်ပါက သူတို့ သေချာပေါက် သေဆုံးရပေမည်။

ချန်ချင်းသည် သူတို့ကို တွေဝေတုံ့ဆိုင်းနေရန်အတွက် အချိန်များစွာပေးရန် ရည်ရွယ်မထားချေ။

သူ​၏အတွေးတစ်ချက်ဖြင့် ဧကရာဇ်ဖိအားအရှိန်အဝါ ထွက်ပေါ်လာကာ လူတိုင်းကို အတင်းအကြပ် ဖိနှိပ်လိုက်၏။

စကားပြောဆိုနေသူမှာ မည်သူဖြစ်ကြောင်း သူတို့ကို ချက်ချင်း နားလည်သဘောပေါက်သွားစေခဲ့သည်။

"မဟာချီနဲ့ ​ဧကရာဇ်ကို ထာဝရ သစ္စာရှိပြီးတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကောင်းကင်တာအို ကျမ်းသစ္စာဆိုမှုကို ပြုလုပ်ဖို့ ဆန္ဒရှိပါတယ်..."

မကြာမီမှာပင် တစ်စုံတစ်ယောက်သည် ဧကရာဇ် ဖိအားကို တောင့်မခံနိုင်တော့ဘဲ ကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်း ပြုလုပ်ရန် ရွေးချယ်လိုက်သည်။

ယခင် ဧကရာဇ်ဖိအားသည် ထင်ယောင်ထင်မှား မဟုတ်ကြောင်းနှင့် ချန်ချင်းသည် အစစ်အမှန်မဟာဧကရာဇ်တစ်ပါးဖြစ်ကြောင်း အတည်ပြုပြီးနောက် ယခင် မင်းဆက်၏ လျှို့ဝှက်ကျင့်ကြံသူများသည် ပို၍ပင် မြန်ဆန်စွာ ဒူးထောက်လိုက်ကြပြီး ကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်း ပြုလုပ်ရန် အလုအယက် ကြိုးစားကြတော့သည်။

မဟာဧကရာဇ်တစ်ပါးကို ရန်စခြင်းမှာ နောက်ပြောင်ကျီစယ်စရာ ကိစ္စတစ်ရပ် မဟုတ်ချေ။

ဤသည်မှာ သူတို့၏မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ခံရခြင်းထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။

သူတို့အားလုံး ဒူးထောက်လိုက်ကြပြီးနောက် ကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်းများကို အဆက်မပြတ် ပြုလုပ်လာကြပြီး မဟာချီနှင့်ဧကရာဇ်ကို သစ္စာခံမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ကြ၏။

ချန်ရှုံးကမူ...

သူ၏စိတ်အာရုံသည် ချန်ချင်းအပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေပြီး သူ့ရှေ့တွင် ဒူးထောက်ကာ သူ့အား သစ္စာခံနေသူများကို ဂရုမစိုက်ချေ။ သူ၏ အကြည့်သည် သူ၏သားထံမှ မခွာခဲ့ချေ။

'ငါ့ရဲ့သားက မဟာဧကရာဇ်လား...'

ယခုအချိန်၌ သူသည် ရာပေါင်းများစွာသော လူများအနက် အလျှော့မပေးသူ တစ်ယောက်ကိုမျှ မည်သည်ကြောင့် ရှာမတွေ့နိုင်သနည်း ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့လေ၏။

တစ်ယောက်ယောက်၏အရိုးများ မည်မျှထိ မာကျောနေစေကာမူ မဟာဧကရာဇ်တစ်ပါး၏ရှေ့တွင် ကြွားလုံးထုတ်ရန် အခွင့်အရေးမရှိချေ။

ချန်ချင်းကို ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်ကို မြင်တွေ့ခဲ့ရသော ချန်ရှုံးပင်လျှင် သူ၏သားသည် ကိုယ်ကိုယ်ကိုယ် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့ကြောင်း ဝန်ခံရပေမည်။

"အခု... အဖေ နောက်ဆုံးတော့ စိတ်အေးသွားပြီ မလား..."

ချန်ချင်းက အပြုံးဖြင့် မေးမြန်းလိုက်၏။

"စိတ်အေးသွားပြီ... အဖေ လုံးဝကို စိတ်အေးသွားပါပြီ..."

ချန်ရှုံး၏လေးလံနေသော နှလုံးသား ပြေလျော့သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

တခြားသူများက သူတို့၏ ဖခင်များကို အားကိုးကြသော်လည်း ယခုမှစ၍ သူ ချန်ရှုံးသည် သူ၏သားကို အားကိုးပေမည်။

ရှက်စရာကောင်းတာလား...

ချန်ရှုံး လုံးဝမရှက်ချေ။ တခြားသူများသည် သူတို့၏သားသမီးများကို အားကိုးချင်သော်လည်း သူတို့ထံ၌ အခွင့်အရေး မရှိကြချေ။

'ငါ့သားက မဟာဧကရာဇ်... ငါ့ရဲ့သားက မဟာဧကရာဇ်ပဲ...'

သူ ပို၍တွေးတောလေလေ ပို၍စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး မတည်ငြိမ်နိုင်အောင် ဖြစ်နေခဲ့သည်။

ထို့နောက် အစောပိုင်းက မိုးပြာနဂါးနိုင်ငံ၏ စစ်သား တစ်သန်း သုတ်သင်ခံလိုက်ရသဖြင့် မဟာချီတွင် ယခုအချိန်​၌ အင်အားဖြန့်ကျက်ရန် တပ်ဖွဲ့ဝင်အင်အား အလွန်နည်းပါးနေသော ပြဿနာ ထွက်ပေါ်လာသည်။

ချန်ချင်းသည် လက်ကို ဝှေ့ယမ်းကာ ချန်ရှုံး အမိန့်ပေးနိုင်ရန်အတွက် အရိပ်ရုပ်သေးရုပ် တစ်သောင်းကို တိုက်ရိုက်ငှားရမ်းပေးလိုက်သည်။

မြို့ရိုးပေါ်တွင် မတ်တတ်ရပ်နေရင်း စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်၏ ကျင့်ကြံခြင်းကို အသီးသီး ပိုင်ဆိုင်ထားကြသော အရိပ်ရုပ်သေးရုပ်တစ်သောင်းကို ချန်ရှုံး တွေ့မြင်မိသည်။ ရုတ်ချည်းဆိုသလိုပင် ချန်ချင်းက သူ့ကို နိုင်ငံတော်အုပ်ချုပ်သူတစ်ဦး ဖြစ်စေရန် ကြိုးစားနေခြင်းမဟုတ်ဘဲ ဂိုဏ်းချုပ်တစ်ဦးဖြစ်စေရန် ကြိုးစားနေခြင်းဖြစ်မည်ဟု တခဏမျှ သံသယဝင်သွားခဲ့လေ၏။

မဟုတ်ဘူး... သာမန်အားကောင်းသည့် ဂိုဏ်းတစ်ဂိုဏ်း ဤကဲ့သို့ အင်အားစုဖွဲ့မှုမျိုး ရှိမည်မဟုတ်ချေ။ ဤသည်က အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေမည်။

ဤစိတ်ဝိညာဉ်ပိုင်းခြားခြင်း အရိပ်ရုပ်သေးရုပ် တစ်သောင်းသည် ချန်ရှုံး၏အမြင်တွင် စစ်သားအင်အား တစ်သန်းနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

သူ​၏စိတ်ထဲမှ စကားလုံးထောင်ပေါင်းများစွာသည် နောက်ဆုံးတွင် စကားတစ်ခွန်းတည်းအဖြစ် စုစည်းသွားခဲ့သည်။

"ချင်းအာ... စိတ်ချပါ... အဖေက မဟာချီကို လွှမ်းမိုးမှုရှိတဲ့ အင်အားစုတစ်ခုဖြစ်လာအောင် သေချာပေါက် တည်ဆောက်ပေးမယ်... မင်းရဲ့ ကျောထောက်နောက်ခံ ဖြစ်လာအောင်ပေါ့..."

ချန်ချင်းသည် သူ၏ဖခင်ကို ယုံကြည်ကြောင်း ပြောဆိုလိုက်၏။

လောလောဆယ်တွင် သူ ချန်ရှုံးကို ထပ်မံ၍ အနှောင့်အယှက် ပေးတော့မည် မဟုတ်ချေ။ မဟာချီ ကို ယခုလေးတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဧကရာဇ် အသစ်ဖြစ်သော သူ၏ဖခင် စစ်ဆေးရန်အတွက် စောင့်ဆိုင်းနေသည့် ကိစ္စရပ်များစွာ ရှိနေသည်။

ကံကောင်းထောက်မစွာဖြင့် ယခင်က ရင်ခွင်ပိုက်ဘုရင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် ချန်ရှုံးသည် ဤကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံများစွာ စုဆောင်းထားပြီးဖြစ်ကာ လုပ်ငန်းစ​ဥ်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

"ယောက္ခမရဲ့ ပါရမီနဲ့ဆိုရင်... မဟာချီရဲ့ နာမည်က ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားဖို့ အချိန်သိပ်ကြာမှာ မဟုတ်ပါဘူး..."

ရှားချင်းယွဲ့သည် ချန်ချင်း စိတ်ကျေနပ်စေရန် ချန်ရှုံးအား တမင်သက်သက် မြှောက်ပင့်နေခြင်း မဟုတ်ဘဲ အမှန်တရားကိုသာ ပြောဆိုနေခြင်းပင်။

ဤကိစ္စနှင့် ပတ်သက်၍ ချန်ချင်းထံတွင်လည်း ရှားချင်းယွဲ့နှင့် တူညီသောအတွေးမျိုး ရှိပေ၏။

ထို့ပြင် သူ၏ဖခင် လုပ်ရမည့် တစ်ခုတည်းသောအရာမှာ သူတို့၏ အားထုတ်မှု ရလဒ်များကို ခံစားရန်ပင်။

ရှားဧကရာဇ်ဖြစ်သော ယောက္ခမ၊ မဟာချီဧကရာဇ်ဖြစ်သည့် ဖခင်အရင်းတို့အပြင် အနာဂတ် ကောင်းကင်အမိန့်တော် ဧကရီ ဇနီးသည်....

ဤနောက်ခံသည် အမြင့်ဆုံးအထိ ရောက်နေပြီး ပြီးပြည့်စုံနေလေပြီ။

ချန်ချင်းသည် သူကိုယ်တိုင် ဧကရာဇ် လုပ်ပြီး တော်ဝင်အာဏာကို ကိုင်စွဲထားခြင်းထက် သူ၏ ရင်းနှီးသော ဆွေမျိုးများ အားလုံးကို ရာထူးကြီးများသို့ တွန်းပို့ကာ လက်မပါဘဲ အုပ်ချုပ်သော ကြိုးကိုင်သူတစ်ယောက် ဖြစ်လာရန် ပို၍နှစ်သက်သည်။

'ဒါပေမဲ့ ဒီအကြောင်း ပြောရရင်... အနာဂတ် ဇာတ်လိုက် က တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာပြီး အပြင်ကမ္ဘာက အင်အားစုကြီးကြီးငယ်ငယ်တွေအားလုံးက ငါ့ရဲ့လူတွေ ဖြစ်နေတာကို တွေ့သွားရင်... သူ ဘယ်လို ထင်မလဲ...'

ဤသို့ တွေးတောကြည့်လျှင် ချန်ချင်းသည် ဤဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ အမှန်တကယ်ကို အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားမိလေ၏။

သူ၏အဓိကအတွေးမှာ 'လူတိုင်းက ငါ့လူတွေပဲ... ငါ့ကို တိုက်ဖို့ မင်း ဘာကိသုံးမှာလဲ' ဟူ၍ပင်။

All Chapters