အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) မီးပြင်းဖို ရတနာရုပ်ခန္ဓာကိုယ်
"မလိုအပ်တဲ့အတွေးတွေကို ဘေးဖယ်ထားတော့မယ်.."
ချန်ချင်းသည် ကူးပြောင်းရေးတံခါးကို ဖွင့်ကာ ရှားချင်းယွဲ့နှင့်အတူ မဟာဝူနိုင်ငံသို့ ဦးတည်ပြီး ချန်အိမ်တော်သို့ ပြန်ရန် ဟန်ပြင်လိုက်၏။
သို့သော် လူကို မမြင်ရခင် အသံတစ်သံက အရင်ဆုံး ထွက်ပေါ်လာခဲ့သည်။
"အရှင်... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါအုံး..."
"အရှင်" ဟူသော ခေါ်ဝေါ်မှုသာ မပါခဲ့ပါက ချန်ချင်းနှင့်သူမကို ပိတ်ဆို့ရန် ရဲတင်းသူကို မြင်လိုက်ရသဖြင့် ရှားချင်းယွဲ့သည် သူမ၏ဓားကို ဆွဲထုတ်ပြီးဖြစ်ပေမည်။
"ဒီအညတရ ကျောက်ထျန်းရှန့်...ချင်းထန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အရှင့်ကို နှုတ်ခွန်းဆက်သပါတယ်..."
လူတစ်ယောက်သည် ချန်ချင်း၏ရှေ့တွင် ထွက်ပေါ်လာပြီး တုံ့ဆိုင်းမှု အနည်းငယ်မျှမရှိဘဲ ဒူးထောက်ကာ ကြီးကျယ်ခမ်းနားသော အရိုအသေပေးမှုကို ပြုလုပ်လိုက်သည်။
ချင်းထန်ဂိုဏ်း...
ထိုစကားလုံး သုံးလုံးနှင့် ပတ်သက်၍ ချန်ချင်းတွင် မည်သည့် မှတ်ဉာဏ်မျှ မရှိချေ။
သို့သော် တစ်ဖက်လူ၏ စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ် ကျင့်ကြံခြင်းအပေါ် အခြေခံ၍ မဟာချန်နိုင်ငံအတွင်းရှိ ချင်းထန်ဂိုဏ်း၏ အဆင့်အတန်းနှင့် ဩဇာလွှမ်းမိုးမှုသည် မဟာဝူနိုင်ငံရှိ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ဆင်တူကြောင်း ခန့်မှန်းရန် မခက်ခဲချေ။
"လိုရင်းကိုပဲ ပြောပါ..."
ချန်ချင်းက တိုက်ရိုက်မေးမြန်းလိုက်၏။
"ဒီအညတရက ချင်းထန်ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီးတော့ မိုးကောင်းကင်တာအို ကျိန်ဆိုခြင်း ပြုလုပ်ပြီး အရှင်ထံမှာ အညံ့ခံဖို့ ဆန္ဒရှိပါတယ်... ကျေးဇူးပြုပြီး ဒီလိုအခွင့်အရေးမျိုး ပေးသနားတော်မူပါ..."
ကျောက်ထျန်းရှန့်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားရဲဘဲ သူ၏ရည်ရွယ်ချက်ကို ချက်ချင်းပြောပြလိုက်သည်။
သူသည် တော်ဝင်မြို့တော်ကို အမှတ်မထင် ဖြတ်သွားခဲ့သော်လည်း အားကောင်းသော ဧကရာဇ်ဖိအားကို မထင်မှတ်ဘဲ အာရုံခံမိခဲ့သည်။
သူသည် ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး အောက်ဘုံသို့ ဆင်းသက်လာသည်ဟု ကောက်ချက်ချခဲ့လေ၏။
ထို့ကြောင့် ထိုခြေလှမ်းတစ်ဝက် ဧကရာဇ် ကျွမ်းကျင်သူကို တွေ့ဆုံရန် တော်ဝင်နန်းတော်သို့ သူ ချက်ချင်းလာခဲ့ခြင်းဖြစ်သည်။
သို့သော် သူ ရောက်ရှိပြီးချိန်မှသာ ခြေလှမ်းတစ်ဝက် ဧကရာဇ် မရှိ့ဘဲ တစ်ဖက်လူသည် မဟာဧကရာဇ် တစ်ပါး ဖြစ်နေကြောင်း သူ သိရှိခဲ့ရသည်။
သူ သိကျွမ်းဖူးသော စီနီယာမဟာဧကရာဇ်လည်း မဟုတ်ချေ။ ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုမဟာဧကရာဇ်သည် မကြာသေးမီကမှ အရွယ်ရောက်လာပုံရခြင်းပင်။
ထို့ကြောင့် ကျောက်ထျန်းရှန့်သည် ချန်ချင်းထံ အညံ့ခံလိုပြီး မဟာဧကရာဇ်၏ အရှိန်အဝါကို မှီခိုရန် အခွင့်အရေးကို ဆုပ်ကိုင်လိုသဖြင့် ဤအခွင့်အရေးကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ခဲ့ခြင်းပင်။
ဤထျန်းရွှမ်ကုန်းမြေပေါ်ရှိ အင်အားစုကြီးကြီးငယ်ငယ်အားလုံးကို သူ၏အမိန့်အောက်သို့ သွတ်သွင်းရန် ချန်ချင်းက စဉ်းစားနေခဲ့သည်။
သူ မလှုပ်ရှားရသေးမီမှာပင် တစ်စုံတစ်ယောက်က တက်တက်ကြွကြွ အညံ့ခံလာပြီး ထိုလူမှာ ဂိုဏ်းချုပ် အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
သူ ငြင်းဆန်စရာ အကြောင်းမရှိသဖြင့် ထို ချင်းထန်ဂိုဏ်းကို လက်ခံလိုက်သည်။
"အလုပ်အကျွေးပြုဖို့ ဒီလိုအခွင့်အရေးမျိုး ပေးသနားတဲ့ အရှင့်ကို ကျေးဇူးတင်ပါတယ်..."
ကျောက်ထျန်းရှန့်သည် ကျေးဇူးတင်စွာဖြင့် ထပ်မံ ဦးညွှတ်လိုက်ပြီး မိုးကောင်းကင်တာအို ကျိန်ဆိုခြင်း ကို ပြုလုပ်လိုက်၏။
ထို့နောက် သူသည် ချန်ချင်းအား ချင်းထန်ဂိုဏ်းသို့ လာရောက် စစ်ဆေးရန်ပင် ဖိတ်ခေါ်ခဲ့ပြီး သူကိုယ်တိုင်နှင့် ချင်းထန်ဂိုဏ်းတစ်ခုလုံးနှင့် ချန်ချင်းတို့ကြား ဆက်ဆံရေးကို ပို၍ခိုင်မာစေရန် ဤအခွင့်အရေးကို အသုံးပြုလိုခဲ့သည်။
ချန်ချင်းအား သူ ဆက်သလိုသော မှော်ရတနာတစ်ခု ရှိနေကြောင်းကိုလည်း သူ ပြောဆိုခဲ့သည်။
ကျောက်ထျန်းရှန့်က ရတနာ ဆက်သလိုကြောင်း ကြားသောအခါ ချန်ချင်းသည် ရှားချင်းယွဲ့ကို တစ်ချက် ကြည့်လိုက်ရာ သူမက သဘောတူသည့် အမူအရာ ပြသသည်အား မြင်တွေ့မိလေ၏။
ထို့ကြောင့် သူ သဘောတူလိုက်ပေသည်။
ချန်ချင်း ခေါင်းညိတ်သည်ကို မြင်သောအခါ ကျောက်ထျန်းရှန့်သည် သစ်ရွက်ပုံစံ ပျံသန်းရေးမှော်ရတနာတစ်ခုကို ချက်ချင်းထုတ်ယူလိုက်ရာ ထိုအရာသည်ဆယ်ဆကျော် လျှင်မြန်စွာ ကြီးမားလာပြီး ကြီးမားသော အရိပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"အရှင်မင်းမြတ်... ကျေးဇူးပြုပြီး..."
ကျောက်ထျန်းရှန့်က လက်ဟန်ပြရင်း ပြောလိုက်သည်။
တစ်ဖက်လူသည် ထိုမျှထိ ရိုသေမှု ပြသထားသဖြင့် ချန်ချင်းသည် မငြင်းဆန်တော့ဘဲ ရှားချင်းယွဲ့နှင့်အတူ ပျံသန်းရေးသစ်ရွက်ပေါ်သို့ တက်လိုက်၏။
ကျောက်ထျန်းရှန့်က မောင်းနှင်ရန် တာဝန်ယူကာ တိမ်များအထက်တွင် ပျံသန်းကြပြီး ချင်းထန်ဂိုဏ်းသို့ လျှင်မြန်စွာ ဦးတည်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း ပျံသန်းရေးသစ်ရွက်သည် ချင်းထန်ဂိုဏ်း၏ ဂိုဏ်းတံခါးဝသို့ ဆင်းသက်လာခဲ့သည်။
သူတို့သုံးဦး ဆင်းသက်ပြီးနောက် ကျောက်ထျန်းရှန့်သည် အပြင်စည်းမှ စတင်ကာ ချင်းထန်ဂိုဏ်း၏ အသေးစိတ် အချက်အလက်တိုင်းကို ချန်ချင်းအား ချက်ချင်းမိတ်ဆက်ပေးလိုက်၏။
တပည့် အရေအတွက်မှစ၍ ကျင့်ကြံနည်းစနစ်များ၊ ဆေးလုံးသိုလှောင်မှုများနှင့် မဟာချန်နိုင်ငံ အတွင်းရှိ ချင်းထန်ဂိုဏ်း၏ အင်အားအဆင့်သတ်မှတ်ချက်အထိ အရာအားလုံးကို သူက အလွန်သေချာစွာ ရှင်းပြခဲ့သည်။
"ကောင်းပြီ... ဒီဧကရာဇ် နားလည်ပါပြီ... ဒါဆို မင်း ခုဏက ပြောတဲ့ ရတနာက..."
ယခုအချိန်၌ မဟာဧကရာဇ်တစ်ပါးအနေဖြင့် ပြင်ပလူများကို ရင်ဆိုင်ရာတွင် တစ်စုံတစ်ယောက်က သူ၏ ကြင်နာမှုကို အထင်လွဲပြီး သူ့ကို နင်းခြေနိုင်သည်ဟု ထင်မှတ်မသွားစေရန် တိကျသော ဟန်ပန်တစ်ခုကို ထိန်းသိမ်းထားသင့်သည်ဟု ချန်ချင်း တွေးတောလိုက်သည်။
ပထမဆုံးအနေဖြင့် သူသည် သူ့ကိုယ်သူ ခေါ်ဝေါ်မှုကို "ငါ" မှ "ဒီဧကရာဇ်" သို့ ပြောင်းလဲလိုက်သည်။
ကျောက်ထျန်းရှန့်၏ ပါးစပ်ထဲမှ ရတနာ အတွက်မူ ချန်ချင်းတွင် မျှော်လင့်ချက်တချို့ ရှိသော်လည်း ကြီးကြီးမားမား မဟုတ်ချေ။
ထိုအရာသည် မည်မျှထိ တန်ဖိုးကြီးပါစေ စနစ်မှ ပေးသော ဆုလာဘ်များနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
အကယ်၍ ထိုအရာသည် အလွန်ကောင်းမွန်ခြင်းမရှိပါက ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ရယူရန် ထိုအရာကို ရှားချင်းယွဲ့အား လက်ဆောင်အဖြစ် ပေးနိုင်ပေ၏။
"အရှင်... ခဏလောက် စောင့်ပါအုံး... သူ မကြာခင် ရောက်လာပါလိမ့်မယ်..."
ကျောက်ထျန်းရှန့်၏မျက်နှာတွင် မြှောက်ပင့်ဖားယားမှုများ ပြည့်နှက်နေပြီး ဂိုဏ်းချုပ်တစ်ဦး ပိုင်ဆိုင်သင့်သော ယုံကြည်မှုနှင့်လွှမ်းမိုးနိုင်စွမ်း လုံးဝကင်းမဲ့နေသည်။
သူ တွေးနေသမျှမှာ ထိုရတနာကို မြင်သောအခါ ချန်ချင်း မည်မျှထိ ဝမ်းသာသွားမည်ဖြစ်ပြီး ထိုအချိန်မှစ၍ တစ်ဖက်လူ၏စိတ်နှလုံးသားထဲတွင် သူ၏အဆင့်အတန်း မြင့်တက်လာကာ အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဟူ၍ပင်။
ကျောက်ထျန်းရှန့်က ထိုသို့ ပြောဆိုသဖြင့် ချန်ချင်းသည် အချိန်အနည်းငယ်ကြာ စိတ်ရှည်စွာ စောင့်ဆိုင်းရန် ဝန်မလေးတော့ချေ။
ထိုအချိန်မှာပင်…
ချင်းထန်ဂိုဏ်း၏ တောင်ထိပ်ကိုးခုအနက် တစ်ခုဖြစ်သော ကျောက်စိမ်းအပျိုစင်တောင်ထိပ်တွင်...
"ဆရာ... ကျွန်မကို ကယ်ပါအုံး..."
ငွေဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် တောင်ထိပ်သခင်မ၏ ပင်မခန်းမ သို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။
"ရော့ရွှယ်... ဘာဖြစ်လို့လဲ... မလောနဲ့... ဖြည်းဖြည်း ပြော..."
ကျောက်စိမ်းအပျိုစင်တောင်ထိပ်၏ တောင်ထိပ်သခင်မဖြစ်သော လုလန်သည် မကြုံစဖူး ထိတ်လန့်မှုကို ပြသနေသော သူမ၏တပည့်အား ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။
"ဆရာ... ဂိုဏ်းချုပ်က ဘယ်ကမှန်းမသိတဲ့ ကျွမ်းကျင်သူ တစ်ယောက်ကို တွေ့ထားပြီး မျက်နှာလုပ်ဖို့ ကျွန်မကို သူ့ဆီ ဆက်သချင်နေတယ်..."
လင်းရော့ရွှယ်သည် လုလန်၏နံဘေးတွင် ဒူးထောက်ကာ သူမ၏မျက်ရည်များက ရေတံခွန်အလား စီးကျနေခဲ့သည်။
"ကျွမ်းကျင်သူလား..."
လုလန်သည် လက်ကို မြှောက်ကာ လင်းရော့ရွှယ်၏ ဆံပင်ရှည်များကို ညင်သာစွာ ပွတ်သပ်ပေးရင်း မေးလိုက်၏။
"သူ့ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်လဲ..."
"ကျွန်မ မသိဘူး..."
လင်းရော့ရွှယ်က ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ ဂိုဏ်းချုပ်က အဲ့ဒီလူရဲ့ရှေ့မှာ အရမ်း နှိမ့်ချနေတယ်လို့ တခြားတပည့်တွေ ပြောတာ ကျွန်မ ကြားတယ်... ပြီးတော့ သူက ပြောသေးတယ်..."
"သူ ဘာပြောသေးလဲ..."
လင်းရော့ရွှယ်က စကားမပြောရဲသည့် ပုံပေါက်နေသည်ကို မြင်သောအခါ လုလန်က ထပ်ပြောလိုက်၏။
"စိတ်မပူပါနဲ့... ငါက မင်းကို ပြောခိုင်းတာပါ... တကယ်လို့ တစ်ယောက်ယောက်က သဘောထား ကွဲလွဲနေတယ်ဆိုရင်... ငါ့ကို လာရှာလို့ ရတယ်..."
သူမ၏ဆရာက အာမခံပေးသည်ကို မြင်သောအခါ လင်းရော့ရွှယ်သည် သူမ၏စိုးရိမ်ပူပန်မှုကို ဖယ်ရှားပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်က အဲ့ဒီလူရဲ့ရှေ့မှာ ခွေးတစ်ကောင်လို နိမ့်ကျနေတယ်လို့လည်း သူက ပြောတယ်..."
"ဂုဏ်သရေရှိတဲ့ ဂိုဏ်းချုပ် တစ်ယောက်က တခြား တစ်ယောက်အတွက် ခွေးတစ်ကောင်လို ပြုမူနေတာ... တကယ်ကို ရယ်စရာကောင်းတယ်... ရှက်စရာကောင်းတယ်..."
လုလန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တကယ်လို့ ဒီကိစ္စသာ သတင်းထွက်သွားရင်... သူ့ရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်စေရုံတင်မကဘူး ငါတို့ချင်းထန်ဂိုဏ်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေလိမ့်မယ်..."
"ဆရာ... တပည့် အခု ဘာလုပ်သင့်လဲ..."
လင်းရော့ရွှယ်သည် သူမ၏ နောက်ဆုံး မျှော်လင့်ချက်များအားလုံးကို လုလန်အပေါ် ပုံအပ်ထားလေ၏။
"ဟူး... မင်းမှာ နှစ်ကိုယ်တူကျင့်ကြံခြင်းကို ကူညီပေးနိုင်တဲ့ သဘာဝ မီးပြင်းဖို ရုပ်ခန္ဓာကိုယ်ရှိနေတာက ပြဿနာကြီးပဲ... ဒီနှစ်တွေထဲမှာ အဲ့ဒီသေနာဂိုဏ်းချုပ်က အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကာအကွယ်ရဖို့ မင်းကို ပို့ဖို့ ကြိုးစားနေတာ မရပ်သေးဘူး..."
ထိုစကားကို ကြားသောအခါ လင်းရော့ရွှယ်၏ မျက်ရည်များသည် ပို၍ပင် အထိန်းအကွပ်မရှိ စီးကျလာသည်။
"ဆရာ... တပည့်က မီးပြင်းဖိုအဖြစ် အသုံးချခံရဖို့အတွက် တခြားသူတွေနဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်း မလုပ်ချင်ဘူး... တပည့်က ဆရာရဲ့ဘေးမှာ ထာဝရ နေပြီး ဆရာ့ကို ကျေးဇူးဆပ်ချင်ရုံပါ..."
"စိတ်မပူပါနဲ့... အရာအားလုံးအတွက် ဆရာ ရှိတယ်... ငါက အသက်ကို စွန့်ရရင်တောင် သူတို့ကို ရမ်းကားခွင့် လုံးဝပေးမှာ မဟုတ်ဘူး..."
လုယန်က သူမ၏တပည့်ကို ကာကွယ်ရန် ဆုံးဖြတ်ထားသည်။
တစ်ဖက်လူသည် မည်ကဲ့သို့ ကျွမ်းကျင်သူမျိုး ဖြစ်နေပါစေ သူမ၏တပည့်ကို တပ်မက်ရဲသူတိုင်းသည် ကြီးမားသောတန်ကြေးကို ပေးဆပ်ရပေမည်။
"ကျေးဇူးတင်ပါတယ် ဆရာ..."
လုလန်၏ စကားများကြောင့် လင်းရော့ရွှယ် ချက်ချင်း စိတ်အေးသွားသည်။
အတိတ်တွင် ကျောက်စိမ်းအပျိုစင်တောင်ထိပ်သို့ ဝင်ရောက်ရန် သူမ၏ဆုံးဖြတ်ချက်သည် တကယ်ကို အမှန်ကန်ဆုံး ဖြစ်သည်ဟု သူမ တွေးတောမိလေ၏။
'နင် ဘယ်လောက်ပဲ သန်မာအားကောင်းပါစေ... ငါက နင်နဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်း လုပ်မှာ မဟုတ်ဘူး...'
"သွားရအောင်... သွားကြည့်ကြတာပေါ့..."
လုလန်က မတ်တတ််ရပ်ရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ..."
လင်းရော့ရွှယ်သည် သူမ၏မျက်ရည်များကို သုတ်ကာ လုလန်နှင့်အတူ လိုက်ပါသွားပြီး ကျောက်စိမ်းအပျိုစင်တောင်ထိပ်မှ ထွက်ခွာကာ ချင်းထန်ဂိုဏ်း၏ ပင်မတောင်ထိပ်သို့ ဦးတည်သွားကြ၏။
မကြာမီ….
ရင်းနှီးသော အရှိန်အဝါတစ်ခုကို အာရုံခံမိသဖြင့် ကျောက်ထျန်းရှန့် လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
'ချီးပဲ... ဒီ ပြဿနာရှာတဲ့ ကောင်မက ဘာလို့ လိုက်လာရတာလဲ...'
"အရှင်... ခဏလောက် စောင့်ပါအုံး..."
ပင်မတောင်ထိပ်သို့ ဆင်းသက်လာချိန်၌ လုလန်သည် ချန်ချင်း၏ရှေ့တွင် ကျောက်ထျန်းရှန့်၏ အလွန်ရိုသေလေးစားသော အနေအထားကို မြင်သောအခါ လှောင်ပြောင်လိုက်၏။
"တကယ်လို့ ရှင် ဂိုဏ်းချုပ် မဖြစ်ချင်ဘူးဆိုရင်... အချိန်မရွေး ဆင်းပြီး ထိုက်တန်တဲ့ ဆက်ခံသူကို ပေးလို့ရပါတယ်... ဘာလို့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေဖို့ ဒီလို နည်းလမ်းမျိုးကို သုံးရတာလဲ..."
လုလန်က တစ်ဖက်လူသည် လောကီလောကနှင့် ကင်းကွာနေသော ကျွမ်းကျင်သူတစ်ဦး ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဆံပင်ပင် အပြည့်အဝ မပေါက်သေးသော ကောင်စုတ်လေး တစ်ယောက်မျှသာ ဖြစ်နေခဲ့သည်။
"ရှင်းရှင်းလင်းလင်း ပြောထားမယ်... ငါက ငါ့ရဲ့ တပည့်ကို နှစ်ကိုယ်တူကျင့်ကြံခြင်း မီးပြင်းဖိုအနေနဲ့ ဆက်သတာကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး..."
လုလန်က ပြတ်ပြတ်သားသား ပြောလိုက်၏။
'နှစ်ကိုယ်တူကျင့်ကြံခြင်း ... မီးပြင်းဖို ...'
ထိုစကားလုံးများကို ကြားသောအခါ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ နှစ်ဦးလုံးသည် မျက်မှောင်ကြုတ်လိုက်ကြသည်။