← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) နဝမအဆင့် ဆေးလုံး ဖော်စပ်ခြင်း

ချန်ချင်းသည် သူ၏လက်ညှိုးကို ကွေးလိုက်ရာ ဖိတ်စာသည် ဝမ်ဟိုင်ဖုန်း၏လက်ထဲမှ သူ၏လက်ထဲသို့ ပျံသန်းလာသည်။

"ထျန်းကျီ လေလံပွဲ" ဟူသော စကားလုံးများသည် ရွှေရောင်မင်ဖြင့် ရေးသားထားပြီး ချန်ချင်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာပေ၏။

ရှားချင်းယွဲ့ကဲ့သို့ပင် ကျင့်ကြံခြင်းတာအိုလောကသို့ မကြာသေးမီကမှ ခြေချခဲ့သော ချန်ချင်းသည် ထျန်းကျီ လေလံပွဲအကြောင်းကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

"ထျန်းကျီလေလံပွဲက ထျန်းရွှမ်ကုန်းမြေ အောက်ဘုံမှာ အကြီးမားဆုံး လေလံပွဲဖြစ်ပြီးတော့ ဆယ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပါတယ်... ထိပ်တန်း လေလံရုံကြီး ဆယ်ခုက ပူးပေါင်းကျင်းပတာဖြစ်ပြီး ရေတွက်လို့မရနိုင်တဲ့ ရတနာတွေ ပါဝင်တယ်..."

ဝမ်ဟိုင်ဖုန်းက မိတ်ဆက်ပေးလိုက်သည်။

ကျန်းယီဂိုဏ်းတစ်ခုလုံးတွင် ဖိတ်စာ နှစ်စောင်သာ ရရှိခဲ့ပြီး ထိုဖိတ်စာများအနက် တစ်စောင်ကို ရရှိသည်နှင့်တပြိုင်နက် ချန်ချင်းထံ ချက်ချင်းပို့ဆောင်ပေးခဲ့ခြင်းမှာ သူ မည်မျှထိ သစ္စာရှိကြောင်း ပြသရန်ဖြစ်သည်ဟုလည်း သူက ပြောဆိုခဲ့သည်။

ချန်ချင်းသည် သူ၏လက်ထဲရှိ ဖိတ်စာကို ကြည့်လိုက်ပြီး ဝမ်ဟိုင်ဖုန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ထျန်းကျီ လေလံပွဲအပေါ် အမှန်တကယ် စိတ်ဝင်စားသွားသည်။

ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ရယူရန်အတွက် ထိုလေလံပွဲက ပြီးပြည့်စုံသော ရွေးချယ်မှုတစ်ခု ဖြစ်နိုုင်သည်ဟု သူ တွေးတောလိုက်၏။

ထိပ်တန်းလေလံရုံကြီးဆယ်ခုသည် ပူးပေါင်းဆောင်ရွက်နေပုံရသော်လည်း တကယ်တမ်းတွင်မူ သူတို့ကိုယ်ပိုင်လေလံရုံများ၏အင်အားကို ပြသရန် ထိုအခွင့်အရေးကို အသုံးပြုနေကြခြင်းဖြစ်ရာ ရတနာများ လျော့နည်းခြင်း မရှိမည်မှာ သေချာပေါက်ပင်။

အကယ်၍ ရှားချင်းယွဲ့သာ ပစ္စည်းတစ်ခု သို့မဟုတ် နှစ်ခုကို သဘောကျသွားပါက သူမအတွက် ဝယ်ပေးခြင်းက ဇနီးသည်အား အလိုလိုက်ခြင်းအဖြစ် သေချာပေါက် ထည့်တွက်နိုင်ပေမည်။

"မင်းမှာ ကောင်းမွန်တဲ့ စိတ်ထား ရှိတာပဲ..."

ချန်ချင်းက ဖိတ်စာကို လက်ခံလိုက်သည်။

ဝမ်ဟိုင်ဖုန်း၏ သစ္စာရှိမှုကို မည်သို့ ဆုချရမည်အား တွေးတောနေစဉ်မှာပင် သူက အကြောင်းအရာကို ပြောင်းလိုက်၏။

"မင်းတို့ ကျန်းယီဂိုဏ်းရဲ့ ဆေးဖော်စပ်ရေးအခန်းမှာ နဝမအဆင့်ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ ဆေးပငတွေ ရှိလား..."

ရှားချင်းယွဲ့သည် ကျင့်ကြံခြင်းဖြင့် အလုပ်များနေသဖြင့် သူမ၏ကျင့်ကြံခြင်းကို မြှင့်တင်ပေးရန်အတွက် အဆင့်မြင့် ဆေးလုံးတချို့ကို ဖော်စပ်ရန်နှင့် တစ်ချိန်တည်းမှာပင် အရည်အသွေး ပို၍မြင့်မားသော ဆုလာဘ်များကို ရယူရန် ဤသည်က အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်ဟု ချန်ချင်းက တွေးတောလိုက်သည်။ အကယ်၍ သူသာ နဝမအဆင့် ဆေးလုံး ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာကို ရရှိနိုင်ပါက အလွန်ကြီးမားသော အမြတ်အစွန်း ဖြစ်ပေမည်။

"သခင့်ကို အကြောင်းပြန်ပါတယ်... ရှိပါတယ်..."

ဝမ်ဟိုင်ဖုန်းက ခေါင်းညိတ်လိုက်ပြီးနောက် အခက်တွေ့နေသော အမူအရာဖြင့် ဆက်ပြောလိုက်၏။

"ဒါပေမဲ့ ကျွန်တော်တို့ ကျန်းယီဂိုဏ်းက ဆေးပညာရှင်တွေထဲမှာ နဝမအဆင့်ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး..."

သူက ဒူးထောက်ကာ လက်ပူးဆုပ်ပြီး ဆက်ပြောလေသည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ သခင်... ဒီလက်အောက်ခံက နဝမအဆင့် ဆေးလုံး တွေ ဖော်စပ်နိုင်တဲ့ ဆေးပညာရှင် တစ်ယောက်ကို အမြန်ဆုံး ရှာပေးပါ့မယ်..."

"ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး... ဒီဧကရာဇ်ကို ဆေးဖော်စပ်ရေး အခန်းဆီသာ ခေါ်သွားပေးပါ..."

ချန်ချင်းက မတ်တတ်ထရပ်ရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ကျန်းယီဂိုဏ်း ၏ ဆေးဖော်စပ်ရေးအခန်းသို့ ချန်ချင်း သွားရောက်ရခြင်း၏ ရည်ရွယ်ချက်ကို မသိသော်လည်း ကျွန်တစ်ယောက်အနေဖြင့် ဝမ်ဟိုင်ဖုန်းသည် များစွာမတွေးတောခဲ့ချေ။ သူ တွေးတောသမျှမှာ ချန်ချင်း၏အမိန့်များကို လိုက်နာရန်သာ ဖြစ်လေ၏။

ချန်ချင်းသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ကျန်းယီဂိုဏ်းသို့ ဦးတည်သော ကူးပြောင်းရေး တံခါးတစ်ခုကို ဖွင့်လိုက်သည်အား မြင်သောအခါ ဝမ်ဟိုင်ဖုန်းသည် တစ်ခုခုကို ရိပ်မိသွားပြီး စမ်းသပ်မေးမြန်းလိုက်သည်။

"သခင်... ဒါက ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံသုံးထောင်စာရင်းမှာ အဆင့်ခြောက် ရှိတဲ့ အချိန်လေဟာနယ် သူတော်စင်ရုပ်ခန္ဓာကိုယ်များလား..."

"အိုး... မင်းရဲ့ အမြင်က တော်တော်လေး ကောင်းတာပဲ..."

ချန်ချင်းက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"မှန်တယ်... အဲ့ဒါက အချိန်လေဟာနယ် သူတော်စင်ရုပ်ခန္ဓာကိုယ်ပဲ..."

"အထွတ်အထိပ် သူတော်စင်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ... ကျွန်တော့်ရဲ့ သခင်လို့ မပြောရဘူး..."

ထိုအရာကို အတည်ပြုပြီးနောက် ဝမ်ဟိုင်ဖုန်း၏ သစ္စာရှိမှု ပို၍ပင် တိုးပွားလာသည်။

သူတစ်ပါးကို အလုပ်အကျွေးပြုရန် သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ခြင်းသည် ရှက်စရာကောင်းသော လုပ်ရပ်တစ်ခုဟု သူ မယူဆခဲ့ချေ။ ချန်ချင်းကို အလုပ်အကျွေးပြုလိုသော တခြားသူများသည် ထိုအခွင့်အရေးမျိုးပင် ရရှိမည် မဟုတ်ပေ။

ထိုကဲ့သို့သော ပြိုင်ဘက်ကင်း အစွမ်းထက်သူတစ်ယောက်ကို မှီခိုနိုင်ခြင်းက အနာဂတ်တွင် ချန်ချင်း ဘာမှမပြောလျှင်ပင် ကျန်းယီဂိုဏ်းသည် သူ၏ အမိန့်အောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိထားရုံဖြင့် အားအကောင်းဆုံး ကျင့်ကြံသူများပင်လျှင် ခွေးတစ်ကောင်ကို မရိုက်မီ ပိုင်ရှင်ကို ထည့်သွင်းစဉ်းစားရသကဲ့သို့ သူတို့ကို ရန်စရန် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ စဉ်းစားရပေမည်။

အထွတ်အထိပ် သူတော်စင်ရုပ်ခန္ဓာကိုယ်နှင့် ယခင်က ချင်းချန်ဂိုဏ်းတွင် ချန်ချင်း ပြသခဲ့သော ထူးခြားသည့် ပါရမီတို့ ပေါင်းစပ်လိုက်သောအခါ ချန်ချင်းသည် မကြာမီ ဧကရာဇ်နယ်ပယ်သို့ သေချာပေါက် တက်လှမ်းနိုင်လိမ့်မည်ဟု ဝမ်ဟိုင်ဖုန်း အခိုင်အမာ ယုံကြည်သွားခဲ့သည်။

ချန်ချင်းသည် မဟာဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်းကိုမူ သူ လုံးဝမသိခဲ့ချေ။

ချန်ချင်းက သူ့ကိုယ်သူ 'ဒီဧကရာဇ်' ဟု ခေါ်ဆိုခြင်းအတွက်မူ ဝမ်ဟိုင်ဖုန်းက ကျင့်ကြံခြင်း နယ်ပယ်၏ 'မဟာဧကရာဇ်' ကို ဆိုလိုခြင်းမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏ 'ဧကရာဇ်' ကိုသာ ရည်ညွှန်းသည်ဟု ရိုးရှင်းစွာ ထင်မှတ်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦးသည် ကူးပြောင်းရေးတံခါးမှ ထွက်လာပြီး ကျန်းယီဂိုဏ်း၏ ဆေးဖော်စပ်ရေးအခန်းရှေ့သို့ ရောက်ရှိလာကြသည်။

"ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်သပါတယ်..."

ဖြတ်သန်းသွားသော တပည့်များကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ဝမ်ဟိုင်ဖုန်းသည် ချန်ချင်းနှင့်အတူ လိုက်ပါလာကာ လက်ဟန်ပြရင်း "သခင်... ဒီဘက်ကို ကြွပါ..." ဟု ပြောလိုက်သည်။

'သခင်...'

သူတို့၏ဂိုဏ်းချုပ် ပါးစပ်မှ ထိုစကားလုံးနှစ်လုံး ထွက်လာသည်ကို ကြားလိုက်ရမှသာ တပည့်များသည် ကောလာဟလများ မှန်ကန်ကြောင်း အတည်ပြုရဲကြသည်။ ကျန်းယီဂိုဏ်းသည် တခြားသူတစ်ယောက်၏ အမိန့်အောက်တွင် အမှန်တကယ်ပင် ခွေးတစ်ကောင် ဖြစ်သွားခဲ့လေပြီ။

အကယ်၍ အစစ်အမှန် ထိပ်တန်းအားကောင်းသူ တစ်ယောက်သာ ဖြစ်နေပါက သူတို့သည် သဘာဝကျစွာပင် အမိန့်ကို နာခံကြပေမည်။

သို့သော် သူတို့၏ ဂိုဏ်းချုပ် အစေခံနေသူမှာ သူတို့နှင့် သက်တူရွယ်တူ ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်ကို မြင်သောအခါ သူတို့၏စိတ်ထဲတွင် မေးခွန်းများဖြင့် မပြည့်နှက်ဘဲ မနေနိုင်တော့ချေ။

လွှမ်းမိုးဗိုလ်ကျတတ်သော သဘာဝကြောင့် နာမည်ကြီးသည့် ဝမ်ဟိုင်ဖုန်းကို လိုလိုလားလား ခွေးတစ်ကောင်ကဲ့သို့ ပြုမူစေနိုင်လောက်အောင် ချန်ချင်းတွင် မည်ကဲ့သို့ အရည်အချင်း သို့မဟုတ် စွမ်းရည်မျိုး ရှိနေသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။

"မင်း သဘောပေါက်ပြီလား..."

တစ်စုံတစ်ယောက်က မေးလိုက်၏။

"ငါက မင်း သဘောပေါက်လောက်ပြီလို့တောင် တွေးနေတာ..."

အမေးခံရသော တပည့်က ခေါင်းခါလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်... ငါတော့ သဘောမပေါက်သေးဘူး..."

"ဟူး... ငါတို့ ကျန်းယီဂိုဏ်းရဲ့ ဆေးခန်းမဆောင်ကို သူ အခုလို လာတာက အထဲမှာရှိတဲ့ ထိပ်တန်းဆေးလုံး တွေ အားလုံးကို အလွတ်ဖြစ်အောင် လုပ်သွားဖို့ ဖြစ်နိုင်ခြေ အများဆုံးပဲ... ငါတို့တွေ အခုကစပြီး ဆေးလုံးတွေ ရှားပါးလာတော့မယ် ထင်တယ်..."

ထိုအကြောင်းကို တွေးမိသောအခါ လူတိုင်း အကြိမ်ကြိမ် သက်ပြင်းချလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဝမ်ဟိုင်ဖုန်း၏ ဦးဆောင်မှုဖြင့် ချန်ချင်းသည် အဓိကဆေးပညာရှင်၏ သီးသန့် ဆေးဖော်စပ်ရေးအခန်းသို့ ရောက်ရှိနေလေပြီ။

ဝမ်ဟိုင်ဖုန်းက ရက်ရောစွာ ပြောလိုက်၏။

"သခင်... ဒီအထဲက ဘယ်အရာကိုမဆို ယူလို့ရပါတယ်... တကယ်လို့ တစ်ခုခု လိုနေရင် သခင်ရဲ့ လက်အောက်ခံက ချက်ချင်း သွားရှာပေးပါ့မယ်..."

ချန်ချင်းသည် အလျင်စလို ပြန်မဖြေခဲ့ချေ။ သူ၏ နတ်ဘုရားစိတ်အာရုံသည် ဆေးဖော်စပ်ရေးအခန်း တစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် သူ ခေါင်းခါလိုက်သည်။

"ဒါတွေက လုံလောက်ပါတယ်..."

ထို့နောက် သူသည် မြေကမ္ဘာအဆင့်မြင့် ဆေးမီးဖိုဆီသို့ ချက်ချင်းရောက်ရှိသွားသည်။

သူက လက်ဆန့်တန်းကာ ထိုဆေးမီးဖိုကို ပွတ်သပ်လိုက်၏။

"မဆိုးဘူး... ဆေးမီးဖိုကောင်း တစ်ခုပဲ..."

"တကယ်လို့ သခင် သဘောကျရင် ယူသွားလိုက်ပါ..." ဝမ်ဟိုင်ဖုန်းက အလျင်အမြန် ပြောလိုက်သည်။

သူ၏အမြင်တွင် ကျန်းယီဂိုဏ်းနှင့် သက်ဆိုင်သမျှ အရာအားလုံးသည် ချန်ချင်းနှင့် သက်ဆိုင်သည်။ မည်သူ၏ခွင့်ပြုချက်မှ မလိုဘဲ သူ လိုချင်သမျှကို ယူဆောင်သွားနိုင်ပေ၏။

ချန်ချင်းသညိ ပြန်မဖြေခဲ့ချေ။ သူသည် အဝေးမှနေ၍ ဆေးဖက်ဝင်အပင်အံဆွဲများကို တစ်ခုပြီးတစ်ခု ဖွင့်ကာ သူ့ရှေ့တွင် စုဆောင်းထားပြီးဖြစ်သည်။

ထို့နောက် သူသည် စိတ်ဝိညာဉ်သစ်သားကို မီးညှိကာ ဆေးလုံးများကို စတင်ဖော်စပ်တော့သ​ည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ဟိုင်ဖုန်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

'သခင်က သူကိုယ်တိုင် ဆေးဖော်စပ်ဖို့ စီစဉ်နေတာလား...'

ထိုအချက်ကို နားလည်သွားပြီးနောက် နောက်ထပ် မေးခွန်းတစ်ခုက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာပေ၏။

'သခင်က ဆေးတာအိုကိုလည်း သိနေတာလား...'

အကယ်၍ ဝမ်ဟိုင်ဖုန်း မှတ်မိသည်မှာ မှန်ကန်ပါက အစောပိုင်းက ချန်ချင်း ပြောခဲ့သော ဆေးလုံးမှာ နဝမအဆင့်ဆေးလုံးပင်။

သူ သေချာကြည့်လိုက်ချိန်၌ ချန်ချင်း ရွေးချယ်ထားသော ဆေးပင်များမှာ နဝမအဆင့် ဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုသော အရာများ ဖြစ်နေကြောင်း တွေ့ရလေ၏။

'သခင်က နဝမအဆင့် အထွတ်အထိပ် ဆေးပညာရှင် တစ်ယောက်လား...'

ဝမ်ဟိုင်ဖုန်း မသေချာခဲ့ချေ။

ချန်ချင်းသည် တစ်ဖက်လူ မည်သို့ တွေးနေသည် သို့မဟုတ် သူ့ကို မည်သို့ ရှုမြင်နေသည်ကို ဂရုမစိုက်ချေ။ သူသည် နဝမအဆင့် ဆေးလုံးများ ဖော်စပ်ခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။

ထိုအရာက ရှားချင်းယွဲ့၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးခြင်းနှင့် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ရယူခြင်းတို့နှင့် သက်ဆိုင်နေသဖြင့် သူ ပေါ့ဆ၍ မရချေ။

ချန်ချင်း လိုချင်သောအရာမှာ နဝမအဆင့် ဆေးလုံးအမှတ်အသားများ ပါဝင်သော ဆေးလုံးများပင်။

အချိန် မည်မျှထိ ကုန်လွန်သွားသည် မသိချေ။

ခြေသံများ လျှင်မြန်စွာ ထွက်ပေါ်လာသည်။

ဆေးဖော်စပ်ရေး အခန်းတံခါး ပွင့်သွားပြီး ကျန်းယီဂိုဏ်း၏ အဓိကဆေးပညာရှင်သည် အထဲသို့ ပြေးဝင်လာသည်။

ဝမ်ဟိုင်ဖုန်းသည် အခြေအနေ မဟန်သည်ကို မြင်သောအခါ ချက်ချင်း ရှေ့သို့ တက်သွားပြီး ပြောလိုက်သည်။

"ဆေးပညာရှင်လင်း ... ငါ့ရဲ့သခင်က ဆေးဖော်စပ်နေတယ်... သူ့ကို မနှောင့်ယှက်နဲ့..."

"ဂိုဏ်းချုပ်... ခင်ဗျား ရူးနေပြီလား... သူ့ကို နဝမအဆင့် ဆေးလုံးတွေ တကယ်ကြီး ဖော်စပ်ခိုင်းတယ်ပေါ့... ဒီဆေးပင်တွေက ဘယ်လောက်ထိ ရှားပါးတယ်ဆိုတာကို ထားလိုက်အုံး... တကယ်လို့ ဆေးဖော်စပ်တာ ကျရှုံးပြီး ဆေးမီးဖိုသာ ပေါက်ကွဲသွားရင်... ဆေးဖော်စပ်ရေး အခန်းတစ်ခုလုံး မြေပြင်နဲ့အညီ ပြားချပ်သွားလိမ့်မယ်..."

ညည်းတွားစရာများ အလွန်များလွန်းသဖြင့် ဆေးပညာရှင်လင်းသည် ချန်ချင်းအား ဝမ်ဟိုင်ဖုန်း၏ ခေါ်ဝေါ်မှုအပေါ် ညည်းတွားရန်ပင် မေ့သွားခဲ့သည်။

‘ဂုဏ်သရေရှိသော မဟာဂိုဏ်းကြီးဆယ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးက ကလေးပေါက်စလေး တစ်ယောက်ကို... သခင်လို့ တကယ်ကြီး ခေါ်လိုက်တာလား...’

"သခင်က ဒီလို လုပ်နေတယ်ဆိုတော့ သူ့မှာ ရည်ရွယ်ချက် ရှိလို့ပေါ့... ခင်ဗျားနဲ့ကျွန်တော်၇ ဘာမှ ထပ်ပြောနေစရာ မလိုဘူး... ဘေးကနေ တိတ်တိတ်လေး နေပြီး ကြည့်နေလိုက်..."

ဝမ်ဟိုင်ဖုန်း၏ သဘောထားမှာ ပြတ်သားနေခဲ့သည်။

"..."

ဆေးပညာရှင်လင်း၏မျက်ခုံးများ တင်းကြပ်စွာ တွန့်ကွေးသွားသည်။ ယခုအချိန်တွင် ဝမ်ဟိုင်ဖုန်း၏ခေါင်းကို ခွဲပြီး အထဲတွင် မည်သည့်အရာများရှိနေသည်ကို သူ အမှန်တကယ်ကြည့်လိုသည်။

ဝမ်ဟိုင်ဖုန်းသည် ကျင့်ကြံခြင်းမှတဆင့် ချီသွေဖည်ခြင်း ဖြစ်သွားပြီဟု သူ ပြင်းပြင်းထန်ထန် သံသယဝင်နေခဲ့လေ၏။

သို့သော် အလွန်လျှင်မြန်စွာဖြင့် ဆေးပညာရှင်လင်း သည် ထိုသို့ ဆက်မတွေးတော့ချေ။

ကြွယ်ဝသော ဆေးလုံးရနံ့တစ်ခုက သူ၏နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။

ရိုးရှင်းသော အနံ့ရှူရှိုက်မှုလေး တစ်ချက်ကပင် သူ၏ စိတ်ဝိညာဉ်ပင်လယ်ကို ဆူပွက်လာစေပြီး သူ့ကို အဆုံးမရှိ စိတ်လှုပ်ရှားသွားစေသည်။

ဆေးပညာရှင်လင်းသည် အတည်ပြုရန် သူ၏ခေါင်းကို အလျင်အမြန် မော့ကြည့်လိုက်၏။

ရလဒ်က သူ့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

"ဆေးလုံး... ဆေးလုံး သိပ်သည်းမှု အောင်မြင်သွားပြီ..."

All Chapters