အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) ဓားချက်တစ်ချက်ထွက်ပေါ်လာချိန် လူသောင်းချီ သေဆုံးခြင်း
နတ်ဆိုးဂိုဏ်းဆိုသည်မှာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လမ်းမှန်ဂိုဏ်းများနှင့် အကျိုးစီးပွား ပဋိပက္ခ ရှိနေသည့် အင်အားစုတစ်ခုပင်။
ထိုသို့မဟုတ်ပါက ကျင့်ကြံခြင်းအတွက် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုကာ သက်ရှိသတ္တဝါများကို အကြောင်းမဲ့ သတ်ဖြတ်ပြီး အခြားသူများကို စတေးခြင်းကို အဆင့်မြှင့်တင်ရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုသော အစစ်အမှန် နတ်ဆိုးဂိုဏ်းလည်း ဖြစ်နိုင်လေ၏။
အဓိပ္ပာယ်ဖွင့်ဆိုပိုင်ခွင့်သည် အမြဲတစေ လမ်းမှန်ဂိုဏ်း၏လက်ထဲတွင်သာ ရှိနေသည်။
လမ်းမှန်လမ်းစဥ်အတွင်းတွင် နတ်ဆိုးဂိုဏ်းများ ရှိမရှိဆိုရလျှင်မူ မသေချာချေ။
နတ်ဆိုးဂိုဏ်းက ရုတ်တရက် တိုက်ခိုက်လာသည်ဟု ကျန်းယီဂိုဏ်း ၏ တပည့်တစ်ဦးထံမှ ကြားလိုက်ရသောအခါ ချန်ချင်းသည် သူ၏ စိတ်ထဲတွင် အကြောင်းအရင်းကို သိရှိထားပြီးဖြစ်သည်။
ထိုအရာမှာ သူ ဖော်စပ်လိုက်သော နဝမအဆင့် ဆေးလုံးများကြောင့် ဖြစ်နိုင်ကြောင်း ရာနှုန်းပြည့် သေချာသည်။
နဝမအဆင့်ဆေးလုံးများ၏အရေအတွက်နှင့်ဆေးလုံးအမှတ်အသားများ၏ အရည်အသွေးတို့ ပေါင်းစပ်လိုက်ချိန်၌ အရှေ့ဘက်မှ ခရမ်းရောင်ချီများ ထွက်ပေါ်လာကာ ကောင်းကင်ဘုံ သဘာဝလွန်ဖြစ်စဉ်များကို ဖြစ်ပေါ်စေရန် လုံလောက်သည်။
အကယ်၍ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းကို သူ၏ အမိန့်အောက်သို့ သွတ်သွင်းထားခြင်း မရှိသေးပါက ယခုအချိန်တွင် ရောက်လာမည့်သူများမှာ နတ်ဆိုးဂိုဏ်း သာ ဖြစ်မည်မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်... တပည့်တွေအားလုံး စုဝေးပြီး နတ်ဆိုးဂိုဏ်းကို ခုခံကြစမ်း..."
သူ၏သခင်ရှေ့တွင် ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် ဝမ်ဟိုင်ဖုန်းသည် အလွန်လျှင်မြန်စွာ တုံ့ပြန်ခဲ့ပြီး လျှင်မြန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့လေ၏။
သို့သော် သူ အမိန့်ပေးပြီးနောက် လှည့်ကြည့်လိုက်သောအခါ သူ၏နံဘေးတွင် ရှိနေသင့်သော ချန်ချင်းသည် မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်းမသိ ပျောက်ကွယ်သွားလေပြီ။
သူသည် ကျန်းယီဂိုဏ်းတပည့်ထက် ခြေတစ်လှမ်းစောကာ ဆေးဖော်စပ်ရေးအခန်း၏ ခေါင်မိုးပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
သူ၏နတ်ဘုရားစိတ်အာရုံ အတွေးတစ်ချက်တည်းဖြင့် ကျန်းယီဂိုဏ်း၏ ဂိုဏ်းဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
"အမ်... လူတွေ တော်တော်များများ ရောက်လာတာပဲ..."
ချန်ချင်း၏ နတ်ဘုရားစိတ်အာရုံအောက်တွင် ကျန်းယီဂိုဏ်း၏ တပည့်များနှင့် နတ်ဆိုးဂိုဏ်းမှ လူများကို ရှင်းလင်းစွာ ခွဲခြားနိုင်ပြီး သူတို့၏ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီအရောင်များမှာ လုံးဝကွဲပြားကာ တစ်ခုက အနီရောင် တစ်ခုက အပြာရောင် ဖြစ်နေလေ၏။
ဆေးလုံးများကို လုယူရန်အတွက် နတ်ဆိုးဂိုဏ်းသည် လူတစ်သောင်းကျော်ကို စေလွှတ်ခဲ့သည်။ ကျန်းယီဂိုဏ်းသည် တပည့်များစွာကို လောကီအတွေ့အကြုံများ ရှာဖွေရန် စေလွှတ်ထားသော်လည်း ဂိုဏ်းအတွင်း၌ တပည့် သောင်းနှင့်ချီ၍ ကျန်ရှိနေဆဲပင်။
နတ်ဆိုးဂိုဏ်း ရောက်လာကြောင်း သိရှိပြီးနောက် ကျန်းယီဂိုဏ်း တပည့်များသည် လျှင်မြန်စွာ တုံ့ပြန်ခဲ့ကြပြီး ဂိုဏ်းတံခါး အပြင်ဘက်တွင် စုဝေးနေကြလေပြီ။ သူတို့သည် အကြီးအကဲတစ်ဦး၏အမိန့်ကို စောင့်ဆိုင်းရင်း နတ်ဆိုးဂိုဏ်းကို အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြ၏။
ထို့နောက် အကြီးအကဲများ ဦးဆောင်သော နတ်ဆိုးဂိုဏ်းမှ လူများသည် ပြင်းထန်သော သတ်ဖြတ်လိုခြင်း အရှိန်အဝါအပြည့်ဖြင့် ချဉ်းကပ်လာကြသည်။
နှစ်ဖက်ကြားတွင် ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့ပေမည်။
ဤအချိန်တွင် သူတို့၏ခေါင်းပေါ်ရှိ ရုတ်တရက် ထွက်ပေါ်လာသော ပြင်းထန်သည့် အပြောင်းအလဲတစ်ခုက အုပ်စုနှစ်စုလုံး၏စိတ်အာရုံကို ဖမ်းစားသွားသည်။
"သောက်ကျိုးနည်း... ဒီလောက်ထိများတဲ့ ဓားတွေက ဘယ်ကနေ ရောက်လာတာလဲ... အနည်းဆုံး သိန်းနဲ့ချီပြီး ရှိရမယ်..."
"အရေအတွက်က ဒုတိယပဲ... ဒီဓားတွေရဲ့ အနိမ့်ဆုံး အရည်အသွေးကတောင် အဝါရောင်အဆင့်ဖြစ်နေတာ.. ကောင်းကင်အထွတ်အထိပ်အဆင့်တွေတောင် ရှိသေးတယ်..."
"ဒီလောက်များတဲ့ နတ်ဘုရားဓားတွေကို တပြိုင်နက်တည်း ထိန်းချုပ်နိုင်လောက်အောင် ဘယ်သူကများ ဒီလောက်ထိ ကြီးမားတဲ့ စွမ်းရည် ရှိနေတာလဲ..."
"အံ့အားသင့်စရာပဲ... ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းနဲ့ဆိုရင်ဓားတစ်လက်ကို ထိန်းချုပ်ဖို့တောင် ငါ့ရဲ့ အာရုံစူးစိုက်မှု အားလုံး လိုအပ်တယ်... အဆင့်မြင့် နတ်ဘုရားဓား သိန်းနဲ့ချီနေတာကို တပြိုင်နက်တည်း ထိန်းချုပ်ဖို့ဆိုတာ... ဒီလို ကြောက်စရာကောင်းတဲ့ စိတ်စွမ်းအားမျိုးက လူသားမျိုးနွယ်တစ်ယောက် လုပ်နိုင်တဲ့ အရာဟုတ်ရဲ့လား..."
ကျန်းယီဂိုဏ်း၏ တပည့်များသည် ဓားပေါင်းများစွာကို ထိန်းချုပ်နေသော ကျွမ်းကျင်သူမှာ မည်သူဖြစ်ကြောင်း အဖြေမရှာနိုင်မီမှာပင် ထိုနတ်ဘုရား ဓား နှစ်သိန်းသည် ကျန်းတစ်ရာရှည်လျားသော ဓားနဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုအရာမှ အလွန်တောက်ပသော အလင်းတန်းများ ပွင့်အံ့ထွက်လာပြီး နတ်ဆိုးဂိုဏ်းဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြေးဝင်သွားခဲ့လေ၏။
နတ်ဆိုးဂိုဏ်းသားများ ဂုဏ်ယူဝံ့ကြွားစွာ ကြွားလုံးထုတ်လေ့ရှိသော လျင်မြန်သည့် ကျင့်ကြံနည်းစနစ်များနှင့် ကျင့်ကြံခြင်းစွမ်းအားများသည် ဤအချိန်တွင် အသုံးမဝင်တော့ချေ။
ဓားမိုးများ၏ထိုးစစ်အောက်တွင် သူတို့သည် မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရလေ၏။
ပြင်းထန်သော စွမ်းအားကို ရင်ဆိုင်ရသောအခါ သူတို့သည် တိုက်ခိုက်ရန် မဆိုထားနှင့် ခုခံရန် အခွင့်အရေးပင် သူတို့ မရခဲ့ကြချေ။
လူတစ်သောင်းကျော်ရှိသော နတ်ဆိုးဂိုဏ်း အဖွဲ့ဝင်များသည် ဤတိုက်ခိုက်မှုတစ်ခုတည်းအောက်တွင် သွေးမြူခိုးများအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ထိုအရာများသည် ကျန်းယီဂိုဏ်းသို့ ဦးတည်သော လှေကားထစ် ထောင်ပေါင်းများစွာကို စွန်းထင်းသွားစေကာ အလွန်နီရဲနေပြီး လှေကားထစ်၏အထပ်တိုင်းဆီမှ သွေးများယိုစီးကျနေသည်။
ဤမြင်ကွင်းကို မြင်သောအခါ နတ်ဆိုးဂိုဏ်းကို သုတ်သင်ပစ်ရန် မူလက ရည်ရွယ်ထားသော ကျန်းယီဂိုဏ်း တပည့်များသည် ချက်ချင်းဆိုသလိုပင် သူတို့၏ နှလုံးသားများ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
ဤသည်မှာအောင်မြင်မှု ရရှိရန် အခွင့်အရေး ဆုံးရှုံးသွားခြင်းအတွက် နောင်တရသောကြောင့် မဟုတ်ဘဲ သူတို့ကိုယ်တိုင်နှင့် အစွမ်းထက်သူဟူသော စကားလုံးကြားတွင် အကွာအဝေး မည်မျှထိ ကြီးမားနေသေးကြောင်း သူတို့ နားလည်သဘောပေါက်သွားသောကြောင့်ပင်။
ဤသာမန် အတွင်းစည်းနှင့် အပြင်စည်းတပည့်များကို မဆိုထားနှင့် ပုံမှန်အားဖြင့် ပါရမီရှင်များဟု ခေါ်ဆိုခံရသော ထိုနေရာတွင် ရှိနေသည့် တပည့်များပင်လျှင် ဤအချိန်တွင် သူတို့၏မျက်လုံးများ မှေးမှိန်သွားခဲ့လေ၏။
အချိန်အတော်ကြာပြီးနောက် သူတို့သည် ဆွံ့အစွာဖြင့် စကားတစ်ခွန်းကို မနည်းအားယူ၍ ပြောလိုက်သည်။
"ဒါက... အရမ်းအစွမ်းထက်လွန်းတယ်..."
တခြားသူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် ဆူညံစွာ စတင်ဆွေးနွေးလိုက်ကြ၏။
"ဘယ်လောက်တောင်... ဘယ်လောက်တောင် ချောမွေ့တဲ့ လှုပ်ရှားမှုလဲ..."
"ဒီဓားတွေက ငါ့ရဲ့ တသက်တာလုံး လေ့လာဖို့ လုံလောက်တယ်..."
"တစ်သက်လုံးလား... မင်း ဆယ်ဘဝလောက် ကူးရင်တောင် ဒါကို မင်း သင်ယူနိုင်မှာ မဟုတ်ဘူး..."
"ဓားတာအိုရဲ့ အထွတ်အထိပ်ဆိုတာ ဒါမျိုး မဟုတ်လား... အောက်ဘုံမှာ ဒီလိုလူမျိုး ရှိသေးတာလား..."
နတ်ဆိုးဂိုဏ်းမှ လူတစ်သောင်းကျော်ကို သတ်ဖြတ်ပြီးနောက် ဓားနဂါးသည် လာရာလမ်းအတိုင်း ပြန်လာခဲ့ပြီး ဓားနှစ်သိန်းလုံးကို ချန်ချင်းက သူ၏လက်ဝါးထဲရှိ တွင်းနက်ကြီးကို အသုံးပြု၍ ဓားနယ်ပယ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ဤအရာကြောင့် ဓားနဂါး ပြန်လာသော လမ်းကြောင်းကို လိုက်ကြည့်ရင်း ကျန်းယီဂိုဏ်း တပည့်များ၏ အကြည့်များသည် ချန်ချင်းအပေါ်သို့ ကျရောက်သွားခဲ့သည်။
"အဲ့ဒီနေရာကိုကြည့်လိုက်အုံး... ဆေးဖော်စပ်ရေး အခန်းရဲ့ ခေါင်မိုးပေါ်မှာ... အဲ့ဒီဓားတွေကို သူက စေလွှတ်လိုက်တာပဲ..."
"သူက ငါတို့နဲ့ သက်တူရွယ်တူပဲ ရှိသေးပုံပေါက်တယ်... သူ့မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အောင်မြင်မှုတွေ ရှိနေရတာလဲ..."
"တကယ်တော့ သူက ဓားတာအို ကျင့်ကြံတဲ့ မွန်းစတားအိုကြီးတစ်ကောင် ဖြစ်နိုင်တယ်... နှစ်သန်းပေါင်းများစွာ ကျင့်ကြံလာပြီးတော့ သူ့ကိုယ်သူ ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့သွားတာ... ဒါမှမဟုတ် ရိုးရှင်းတဲ့ လူငယ်ဘဝကို ပြန်ရောက်သွားတာ ဖြစ်နိုင်တယ်..."
"ဒီစီနီယာက တကယ်ကို ချောမောခန့်ညားလိုက်တာ... ငါ့ရဲ့စိတ်ထဲက ဓားအင်မော်တယ်ရဲ့ ပုံရိပ်နဲ့ တထပ်တည်း ကိုက်ညီနေတာပဲ... တကယ်လို့ ငါသာ သူ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာနိုင်ရင်... ဘယ်လောက်တောင် ကံကောင်းတဲ့ ကိစ္စဖြစ်မလဲ မသိဘူး..."
"သူ့ရဲ့ တာအိုလက်တွဲဖော်ဖြစ်မယ်... ဟုတ်လား..."
တခြားတစ်ယောက်က သူမကို အထက်အောက် ကြည့်ပြီး မေးလိုက်၏။
"နင်က ထိုက်တန်လို့လား..."
ဤအချိန်တွင် ထိုမိန်းကလေးက မှတ်ချက်ပေးနေသော စီနီယာအစ်မသည် ကျန်းယီဂိုဏ်း၏ အလှဆုံး မိန်းမပျိုဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသော်လည်း တပည့်များသည် သူမ၏စကားများတွင် မည်သည့် အမှားကိုမျှ မတွေ့ရှိခဲ့ကြချေ။
အလှတရားသီးသန့်အနေဖြင့် ပြောရလျှင် သူမသည် တခြားသူများအတွက် လုံလောက်သည်ထက် ပိုသော်လည်း သူတို့ ရွေးချယ်ထားသော ဓားအင်မော်တယ် ဖြစ်သည့် ချန်ချင်းနှင့် ထိုက်တန်ရန် သူမသည် မိုင်ပေါင်းများစွာ အလှမ်းကွာဟနေဆဲပင်။
ဤလောကတွင် ပြိုင်ဘက်ကင်း အလှတရားများ မရှားပါးသော်လည်း အားကောင်းသော ဓားအင်မော်တယ်များမှာမူ လူသန်းပေါင်းများစွာတွင် တစ်ယောက်သာ ရှိလေ၏။
ချေပခံရသော စီနီယာ အစ်မသည် ပြန်လည်ငြင်းခုံလိုသော်လည်း လူအုပ်ကြီး၏ တခဲနက် သဘောတူညီမှုကို အာရုံခံမိသောအခါ သူမကိုယ်သူမ လူရယ်စရာ မဖြစ်စေလိုသဖြင့် လိမ္မာပါးနပ်စွာ ပါးစပ်ပိတ်ထားလိုက်သည်။
ဤသဘောတရားကို သူမ နားလည်သော်လည်း ထိုအရာအား ထုတ်ပြောသည်ကို ကြားရခြင်းက အနည်းငယ် စိတ်ပျက်စရာ ကောင်းလှသည်။
ချန်ချင်းကမူ ဤပေါ့ပေါ့ပါးပါး ဓားချက်တစ်ချက်၏ စွမ်းအားကို သူ အလွန်စိတ်ကျေနပ်နေပေ၏။
ဤအချိန်အတွင်း သူသည် စိတ်ဝိညာဉ်ချီများကို တမင်သက်သက် မလှုပ်ရှားခဲ့ဘဲ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရန်အတွက် ဓားနှစ်သိန်းကို ရိုးရှင်းစွာ ထိန်းချုပ်ခဲ့သည်။
သူတို့ တစ်ကြိမ်တည်းဖြင့် သုတ်သင်ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
သူ၏ ကိုယ်ပိုင်စွမ်းအားကို ပို၍ရှင်းလင်းစွာ နားလည်လာခဲ့ပြီး သူ့ကိုယ်သူ အထင်သေးလွန်းနေခဲ့ကြောင်း သူ နားလည်သဘောပေါက်သွားပေ၏။
နောက်တခဏတွင် ဂိုဏ်းချုပ်ဝမ်ဟိုင်ဖုန်းသည် ချန်ချင်း၏နံဘေးတွင် ထွက်ပေါ်လာပြီး သူ၏လက်ကို ပူးဆုပ်ကာ ပြောလိုက်သည်။
"ကျွန်တော်တို့ ဂိုဏ်းအတွက် နတ်ဆိုးဂိုဏ်းကို ရှင်းလင်းပေးတဲ့အတွက် သခင့်ကို ကျေးဇူးတင်ပါတယ်..."
ဝမ်ဟိုင်ဖုန်းသည် နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရန် မကြောက်သော်လည်း အမှန်တကယ် တိုက်ပွဲ ဖြစ်ပွားပါက သေဆုံးဒဏ်ရာရမှုများ ရှိလာမည်မှာ သေချာပေါက်ပင်။
ချန်ချင်း၏ တိုက်ခိုက်မှုတစ်ခုတည်းက နတ်ဆိုးဂိုဏ်း မှ လူတစ်သောင်းကျော်ကို ချက်ချင်းအမြစ်ပြတ်သုတ်သင်လိုက်ရုံသာမက ဤခြိမ်းခြောက်မှုကို လုံးဝ ဖယ်ရှားလိုက်ပြီး ဖြစ်စဉ်တစ်ခုလုံးအတွင်း ကျန်းယီဂိုဏ်းဘက်တွင် မည်သည့် သေဆုံးဒဏ်ရာရမှုမျှ မရှိစေရန် သေချာစေခဲ့လေ၏။
ဤသည်ကို အံ့အားသင့်ဖွယ် ကိစ္စတစ်ခုဟု ပြောဆိုနိုင်သည်။
ချန်ချင်းက ဝမ်ဟိုင်ဖုန်းအား သူ့ကို ကျေးဇူးတင်စရာ မလိုကြောင်း ပြောလိုက်၏။ မည်သို့ပင်ဖြစ်စေကာမူကျန်းယီဂိုဏ်းသည်လည်း သူ၏လက်အောက်ခံဂိုဏ်းဖြစ်ရာ ကာကွယ်ရန်မှာ သူ၏တာဝန်ပင်။
ဤစကားပြောဆိုမှုမှတဆင့် တပည့်များသည် ချန်ချင်းသည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းကို အောင်နိုင်ခဲ့သော ကောလာဟလများမှ လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူဖြစ်ကြောင်း နားလည်သဘောပေါက်သွားကြ၏။
အစပိုင်းတွင် သူတို့၏ ဂိုဏ်းချုပ်သည် တခြားသူတစ်ယောက်ကို အညံ့ခံရန် မိုးကောင်းကင်တာအို ကျိန်ဆိုခြင်း ပြုလုပ်ခဲ့ကြောင်း ကြားသောအခါ ကျန်းယီဂိုဏ်း ၏တပည့်များသည် စော်ကားခံရသလို ဒေါသထွက်သလို ခံစားခဲ့ရသည်။ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်က ဤမျှထိ ရှက်စရာကောင်းသော လုပ်ရပ်မျိုးကို မည်သည်ကြောင့် လုပ်နိုင်ရသနည်းဟု သူတို့ တွေးတောခဲ့ကြသည်။
ယခုအချိန်၌ ချန်ချင်း၏ စွမ်းအားကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးနောက် ဂိုဏ်းချုပ်က ကျန်းယီဂိုဏ်း ကို သူ့ထံ ပို၍စောစော အညံ့မခံခဲ့မိသည့်အတွက်သာ သူတို့ နောင်တရနေကြ၏။
နတ်ဆိုးဂိုဏ်းကိစ္စ ပြေလည်သွားပြီဖြစ်ကြောင်း မြင်သောအခါ ချန်ချင်းသည် ကျန်းယီဂိုဏ်းမှ သူ ထွက်ခွာရမည့် အချိန်ရောက်ပြီဟု ခံစားလိုက်ရသည်။
သို့သော် သူ၏လက် တစ်ဝက်တစ်ပျက်ခန့်သာ မြှောက်ရသေးချိန်မှာပင် အောက်သို့ ပြန်ကျသွားခဲ့သည်။