← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း (၇၂) နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ကို ငြင်းပယ်ခြင်း

ဖြောင်း ဖြောင်း ဖြောင်း...

လက်ခုပ်တီးသံက လူထွက်ပေါ်လာမီ အရင်ဦးအောင် ထွက်ပေါ်လာသည်။

ထို့နောက် အနက်ရောင်ဝတ်စုံရှည် ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးသည် ချန်ချင်း၏ရှေ့တွင် မည်သည့်နေရာက ရောက်လာမှန်းမသိရဘဲ ရုတ်တရက် ထွက်ပေါ်လာပေ၏။

ထိုဝတ်စုံရှည်တွင် တမလွန်ကမ်းပါးပန်းနှင့် ဆင်တူသော ပုံစံများ ပန်းထိုးထားပြီး ပြန်လည်မွေးဖွားလာသူဖြစ်သော ချန်ချင်း၏ မျက်လုံးထဲတွင် ဤမျက်နှာချေနှင့် ဝတ်စားဆင်ယင်မှုက 'ငါက နတ်ဆိုးဂိုဏ်း အဖွဲ့ဝင် တစ်ယောက်ပဲ... ငါက ဗီလိန် တစ်ယောက်ပဲ' ဟု အော်ဟစ်နေခဲ့လေ၏။

"နဝမအဆင့် ဆေးလုံး တွေကို ပေါ့ပေါ့ပါးပါး ဖော်စပ်နိုင်ပြီး ဓားတာအို ပါရမီရှင်လည်း ဖြစ်နေတာက... နှစ်တစ်ရာ မဟုတ်ဘူး... နှစ်တစ်ထောင်မှ တစ်ကြိမ် တွေ့ရခဲတဲ့ မြင်ကွင်းမျိုးပဲ... ဒီခေါင်းဆောင်က နင့်ကို တကယ်ပဲ ပိုပိုပြီးသဘောကျလာပြီ..."

အမျိုးသမီးက အပြုံးနှင့်ပြောလိုက်ရာ လူတစ်ယောက်၏ ဝိညာဉ်ကို ဖမ်းစားသွားနိုင်လောက်အောင် ဆွဲဆောင်နိုင်မှု ရှိလေ၏။

သူမထံတွင် လူတစ်ယောက်၏စိတ်ဝိညာဉ်ကို အမှန်တကယ် ဖမ်းစားနိုင်လောက်အောင် အလွန် အားကောင်းသောကူတစ်ကောင်နှင့်တူသည့် ဆွဲဆောင်မှုမျိုး ရှိနေသည်။

ဤသည်က ချန်ချင်းအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိသော်လည်း တခြားတစ်ဖက်တွင်မူ အနီးအနားရှိ ဝမ်ဟိုင်ဖုန်းသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးလုနီးပါး ဖြစ်သွားပြီး သူမ၏ ဆွဲဆောင်မှုကြောင့် သူ၏တာအိုနှလုံးသား လှိုင်းထသွားခဲ့လေ၏။

သတိပြန်ဝင်လာပြီးနောက် သူသည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းကာ စိတ်ကြည်လင်ခြင်းမန္တန်ကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ သူသည် စိတ်ကြည်လင်နေစေရန် ကြိုးစားရင်း အမျိုးသမီး၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ခြင်းမှ ရှောင်ကြဉ်လိုက်တော့သည်။

ဤအရာက ထိုအမျိုးသမီးသည် နတ်ဆိုးဂိုဏ်း မှ ဖြစ်ကြောင်းအချက်ကို ပို၍အတည်ပြုပေးလိုက်ပြီး နတ်ဆိုးဂိုဏ်းအတွင်းရှိ သူမ၏ အဆင့်အတန်းမှာ မနိမ့်ကျကြောင်း သူ သေချာသိနေခဲ့လေ၏။ ထိုသို့မဟုတ်ပါက သူမကိုယ်သူမ 'ဒီခေါင်းဆောင်' ဟု ခေါ်ဆိုမည် မဟုတ်ချေ။

ဒုတိယအချက်အနေဖြင့် ဝမ်ဟိုင်ဖုန်းသည် ဂိုဏ်းချုပ် တစ်ဦး ဖြစ်သော်လည်း တစ်ဖက်လူ၏စွမ်းအားနှင့် ကျင့်ကြံဆင့်နယ်ပယ်ကို သူ ထွင်းဖောက်မမြင်နိုင်ခဲ့ချေ။

မကြုံစဖူးသော စိုးရိမ်ပူပန်မှုတစ်ခုက သူ၏တစ်ကိုယ်လုံးကို ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။

"ဒီခေါင်းဆောင်က နှလုံးသားမဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ... တကယ်လို့ နင်က လိုလိုလားလား အညံ့ခံပြီး ဒီခေါင်းဆောင်နဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်ဆိုရင်... အနာဂတ်မှာ ဒီခေါင်းဆောင် ရသမျှ အရာအားလုံးရဲ့ တစ်ဝက်ကို နင် ရလိမ့်မယ်..."

အမျိုးသမီးက ချန်ချင်းထံ လက်ကမ်းပေးကာ သူ၏ သဘောထားကို ဖော်ပြရန် စောင့်ဆိုင်းနေခဲ့လေ၏။

ချန်ချင်းက သူမ၏လက်ကို ကိုင်လိုက်သရွေ့ အမျိုးသမီးက သူ သဘောတူသည်ဟု ယူဆပေမည်။

'နှလုံးသားမဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လား...'

ဤစကားများကို ကြားသောအခါ ဝမ်ဟိုင်ဖုန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ချန်ချင်းအား အလျင်အမြန် ပြောလိုက်သည်။

"သခင်... သတိထားပါ... ဒီလူက ဂိုဏ်းချုပ်ချင်ဝူရှင်းပဲ...သူက နာမည်ကျော်ကြားပြီးတော့ ယုတ်မာတဲ့ ပညာရပ်တွေကို အားကိုးပြီး ကပ်ဘေးဒုက္ခနယ်ပယ် ထဲကို ဝင်သွားပြီလို့ ကောလာဟလတွေ ထွက်ပေါ်နေတယ်.."

ဂိုဏ်းချုပ်ချင်ဝူရှင်းသည် သူမကို ကပ်ဘေးဒုက္ခနယ်ပယ် ကျင့်ကြံသူတစ်ဦးအဖြစ် ဝမ်ဟိုင်ဖုန်းက ဖော်ထုတ်လိုက်သည်ကို ဂရုမစိုက်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ဤအရာကို လူသိရှင်ကြား ကြေညာလိုက်သည့်အတွက် သူမ အလွန်ပျော်ရွှင်သွားပေ၏။

ဤသည်က ချန်ချင်းအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားအချို့ ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူမ၏စကားကို လိုက်နာရန် အတင်းအကြပ် ဖိအားပေးလိုက်ခြင်းပင်။

သို့သော် ချန်ချင်း၏ နောက်ထပ် စကားတစ်ခွန်းက နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။

"နှလုံးသားမဲ့ ဂိုဏ်း လား... နှလုံးသား မရှိရင်... တာအိုလက်တွဲဖော် ဖြစ်လာဖို့ ဆိုတာကို ဘယ်လိုပြောလို့ ရမှာလဲ..."

ချန်ချင်း၏ စကားများသည် ခနဲ့တဲ့တဲ့ ပြောဆိုခြင်းဖြစ်ပြီး ဂိုဏ်းချုပ်ချင်ဝူရှင်းသည် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ဂိုဏ်းစည်းကမ်းများကို သစ္စာဖောက်ခဲ့ကြောင်း သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဂိုဏ်းချုပ်ချင်ဝူရှင်းသည် အစပထမတွင် အံ့အားသင့်သွားပြီးနောက် ပြောဆိုသည်။

"ဒီခေါင်းဆောင်က ဂိုဏ်းချုပ်ပဲ... ပြီးတော့ ဂိုဏ်းအတွင်းက အမှားအမှန် အားလုံးကို ဒီခေါင်းဆောင်ကပဲ ဆုံးဖြတ်တာ..."

"နောက်ပြီးတော့... နင်လို လူကောင်းတစ်ယောက်အတွက် ဒီခေါင်းဆောင်က ဂိုဏ်းရဲ့စည်းကမ်းတွေကို သစ္စာဖောက်ပြီး လောကကြီးရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံရရင်တောင် ဘာဖြစ်လဲ..."

အတိုချုပ်ပြောရလျှင် ဂိုဏ်းချုပ်ချင်ဝူရှင်းသည် ချန်ချင်းကို ရယူရန် စိတ်ပိုင်းဖြတ်ထားလေ၏။

ထို့ပြင် နှလုံးသားမဲ့ဂိုဏ်း၏ အဖွဲ့ဝင်များသည် ချန်ချင်း၏ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရပြီဖြစ်ရာ ဂိုဏ်း၏စည်းကမ်းများကို လိုက်နာနေရန် သူမ မည်သည်ကြောင့် ဒုက္ခခံနေဦးမည်နည်း။

သေသွားသူများသည် သူမကို တာဝန်ယူခိုင်းရန် ပြန်လာနိုင်မည် မဟုတ်ချေ။

ဂိုဏ်းချုပ်ချင်ဝူရှင်း၏ အကြံအစည်မှာ ရိုးရှင်းလှသည်။ သူမသည် ချန်ချင်းနှင့် တာအိုလက်တွဲဖော် ဖြစ်လာနိုင်ပြီး သူ၏ ပါရမီ နှစ်ခုကို အသုံးချနိုင်သရွေ့ ဂိုဏ်းသားတစ်သောင်း ဆုံးရှုံးသွားလျှင်ပင် ဘာအရေးကြီးသနည်း။ ယခုထက်ပို၍ကြီးမားသော အင်အားစုတစ်ခုကို တည်ထောင်ရန် ဂိုဏ်းချုပ် ချင်ဝူရှင်းထံတွင် ယုံကြည်မှု အပြည့်အဝ ရှိနေခဲ့လေ၏။

"ဒါဆို... နင့်ရဲ့ ဆုံးဖြတ်ချက်က ဘာလဲ..."

ဂိုဏ်းချုပ်ချင်ဝူရှင်းက သူမ၏လက်ကို မြှောက်ကာ ချန်ချင်းကို ထပ်မံ၍ ဖိတ်ခေါ်လိုက်သည်။

"စိတ်မဝင်စားဘူး... ဒီဧကရာဇ်ရဲ့ နှလုံးသားထဲမှာ လူတစ်ယောက် ရှိနှင့်ပြီးသားပဲ..."

ချန်ချင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့်မြင့် ကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်..]

ရှားချင်းယွဲ့က သူ၏နံဘေးတွင် မရှိလျှင်ပင် တခြားအမျိုးသမီးများကို ငြင်းပယ်ခြင်းက ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်ကို ဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ချန်ချင်း အနည်းငယ် အံ့အားသင့်သွားသည်။

ငြင်းပယ်ခြင်းဖြင့် ဆုလာဘ်များ ရရှိနိုင်သည် ဟူသောအချက်က ဝတ္ထုများကို ဖတ်ဖူးသည့် ပြန်လည်မွေးဖွားလာသူ ချန်ချင်းကို ငြင်းပယ်မှုအတွက် ဆုလာဘ်များ ပေးသည့် စနစ်အကြောင်းကို ရှောင်လွှဲ၍မရဘဲ တွေးတောမိစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆုလာဘ်များ ရှာဖွေရန် လမ်းကြောင်းသစ်တစ်ခု ပွင့်သွားပြီဖြစ်ကြောင်းကိုလည်း သူ တွေ့ရှိလိုက်၏။

"အို... ငါက သူ့လောက် မကောင်းလို့လား..."

ဂိုဏ်းချုပ် ချင်ဝူရှင်းက ဖိအားပေး၍ မေးလိုက်ပေသည်။

ချန်ချင်းက ခေါင်းခါလိုက်၏။

ဂိုဏ်းချုပ် ချင်ဝူရှင်း၏ မျှော်လင့်ချက်များ ပြန်လည်မရှင်သန်လာမီမှာပင် ချန်ချင်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်ကို သူမ ကြားလိုက်ရလေ၏။

"မင်းက သူနဲ့ နှိုင်းယှဉ်ဖို့တောင် မထိုက်တန်ဘူး..."

"..."

သူမ၏ပါးစပ် မဲ့ရွဲ့သွားပြီးနောက် သူမ ရယ်မောလိုက်လေသည်။ ဤသည်မှာ သူမ အလွန်ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ခြင်းပင်။

သူမ၏မျက်နှာပေါ်ရှိ အေးစက်မှုသည် ရူးသွပ်မှု အရိပ်အယောင်ဖြင့် တဖြည်းဖြည်း အစားထိုး ဝင်ရောက်လာခဲ့လေ၏။

ကပ်ဘေးဒုက္ခနယ်ပယ်၏ ဖိအားသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုဖိအားသည် ချန်ချင်းနှင့်ဝမ်ဟိုင်ဖုန်းတို့အပြင် ကျန်းယီဂိုဏ်း၏ တပည့်များအားလုံးကို လွှမ်းခြုံသွားသည်။

"ကိစ္စမရှိပါဘူး... နင် သဘောမတူရင်တောင်... ဒီခေါင်းဆောင်မှာ နင့်ကို အညံ့ခံအောင် လုပ်ဖို့ နည်းလမ်းပေါင်းတစ်သောင်းလောက်ရှိတယ်..."

ဂိုဏ်းချုပ်ချင်ဝူရှင်းသည် ချန်ချင်းအား အညံ့ခံစေရန်အတွက် ကျင့်ကြံဆင့်နယ်ပယ်ဖိအားကို အသုံးပြုရန် ရည်ရွယ်ထားလေ၏။

သူမသည် အရန်အစီအစဉ်တစ်ခုကိုလည်း ပြင်ဆင်ထားပြီး သူမ၏ လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ အရိပ်တစ္ဆေတစ်ကောင်ကဲ့သို့ အနက်ရောင် မီးတောက်တစ်ခုက သူမ၏လက်ဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။

"နှလုံးသား ချိတ်ပိတ်ခြင်း ကျိန်စာ..."

ဝမ်ဟိုင်ဖုန်းသည် ဤယုတ်မာသော နည်းလမ်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။

ဤသည်မှာ လူတစ်ယောက်ကို အတင်းအကြပ် ထိန်းချုပ်ရန်အတွက် အသုံးပြုသည့် ယုတ်မာသော နည်းစနစ်တစ်ခုပင်။

အကယ်၍ တစ်စုံတစ်ယောက်က ဖီဆန်ရဲပါက ကျိန်စာကို အနည်းငယ် အသက်သွင်းလိုက်ရုံဖြင့် တစ်ဖက်လူအား ခံနိုင်ရည်မရှိသော နာကျင်မှုနှင့် နှိပ်စက်မှုများကို ဖြစ်ပေါ်စေပေမည်။

"လှည့်ကွက်တွေ တော်တော်များတာပဲ..."

ချန်ချင်းက အလျင်စလိုမလှုပ်ရှားဘဲ ပြောလိုက်သည်။

အစောပိုင်းက ဂိုဏ်းချုပ်ချင်ဝူရှင်း သူမ၏ ဝှက်ဖဲကို ထုတ်ပြလိုက်သည့် အခွင့်အရေးကို အသုံးချကာ သူသည် သူ၏ ထိပ်တန်း နားလည်နိုင်စွမ်းအမှတ် ဖြင့် ကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ် ကို အလယ်အလတ်အဆင့်အထိ ကျင့်ကြံပြီးဖြစ်သည်။

မြင့်မားသော နားလည်နိုင်စွမ်းအမှတ်သည် လူတစ်ယောက် ဆန္ဒရှိသမျှကို အမှန်တကယ်ပင် လုပ်ဆောင်နိုင်စွမ်း ရှိလေ၏။

ကောင်းကင်အဆင့်မြင့် ကျင့်ကြံနည်းစနစ်ဆိုလျှင်ပင် သူ မည်သည်ကြောင့် ​ဂရုစိုက်ရမည်နည်း။ နားလည်နိုင်စွမ်းအမှတ်များ မြင့်မားနေသရွေ့ ချန်ချင်းသည် ထိုအရာကို မျက်စိတစ်မှိတ်အတွင်း နားလည်နိုင်စွမ်း ရှိနေဆဲပင်။

"ဒီခေါင်းဆောင်က နင့်ကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်... ငါ့ရဲ့တာအိုလက်တွဲဖော်အဖြစ် နင် လက်ခံမလား... လက်မခံဘူးလား..."

ဂိုဏ်းချုပ်ချင်ဝူရှင်း၏ စကားများသည် ယခင်ကထက် ပို၍ အမိန့်ပေးသည့်လေသံ ပါဝင်လာခဲ့သည်။

ချန်ချင်းသည် ပါးစပ်ဖြင့် မဖြေဘဲ ကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ်ကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။

သူ၏နောက်တွင် လောကကြီးကို ဖျက်ဆီးမည့် နတ်ဆိုးဘုရင်တစ်ပါး သေမျိုးလောကသို့ ဆင်းသက်လာသည့် ထင်ယောင်ထင်မှား မြင်ကွင်းတစ်ခု ထွက်ပေါ်လာပေ၏။

ထို့နောက် တဝုန်းဝုန်းထနေသော အနက်ရောင် တိမ်တိုက်များထဲမှ ဗုဒ္ဓ၏လက်ချောင်းငါးချောင်း တောင်ကဲ့သို့ ဧရာမ လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ဂိုဏ်းချုပ် ချင်ဝူရှင်း၏ခေါင်းပေါ်သို့ ကျရောက်လာသည်။

နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ်အောက်တွင် စွမ်းဆောင်ရည် ကင်းမဲ့ သွားခဲ့လေ၏။

သူမ၏ လက်များနှင့် ခြေထောက်များသည် ကားယားဖြစ်သွားပြီး ကြီးမားသော 'ကြက်ခြေခတ်' ပုံစံ ဖြစ်ပေါ်ကာ လေထဲတွင် အေးခဲတောင့်တင်းသွားပြီး လှုပ်ရှား၍မရတော့ချေ။

သူမ၏ ကျင့်ကြံခြင်းစွမ်းအားများ လျှင်မြန်စွာ ကုန်ဆုံးသွားပြီး ထိုလက်ကြီးဆီသို့ စီးဆင်းသွားကြောင်း သူမ ရှင်းလင်းစွာ ခံစားနိုင်သည်။

"နင်တို့ ကျန်းယီဂိုဏ်းက လမ်းမှန်ဂိုဏ်းတစ်ဂိုဏ်းလို့ ဆိုပြီးတော့... တခြားသူတွေရဲ့ ကျင့်ကြံခြင်းကို အတင်းအကြပ် ဝါးမြိုတဲ့ ဒီလို နတ်ဆိုးကျင့်စဉ်မျိုးကို တကယ်ကြီး အသုံးပြုတယ်ပေါ့..."

ဂိုဏ်းချုပ်ချင်ဝူရှင်းက ဤစကားကို ခက်ခက်ခဲခဲ အားယူပြီး ပြောဆိုလိုက်သည်။

"ကျန်းယီဂိုဏ်းက သူတို့ကိုယ်သူတို့ လမ်းမှန်ဂိုဏ်းလို့ ခေါ်တာက ဒီဧကရာဇ်နဲ့ ဘာဆိုင်လို့လဲ..."

ချန်ချင်းက ပေါ့ပေါ့ပါးပါး နှာမှုတ်လိုက်သည်။

ထို့နောက် သူသည် သူမ၏အတွင်းစိတ်ကို ဖော်ထုတ်လိုက်၏။

"မင်းက နတ်ဆိုးကျင့်စဉ်ကို မုန်းတာ မဟုတ်ဘူး... ဒီ နတ်ဆိုးကျင့်စဉ်ကို မင်း အသုံးမပြုရတာကို မုန်းနေတာပဲ..."

သူမ၏အတွင်းစိတ်ကို ဖော်ထုတ်ခံရခြင်းက အလွန်မနှစ်မြို့ဖွယ် ကောင်းသော်လည်း ထိုအရာနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံခြင်းအားလုံး ဆုံးရှုံးသွားရသည့် ခံစားချက်မှာ ပို၍ဆိုးရွားလှသည်။

ဂိုဏ်းချုပ်ချင်ဝူရှင်း၏ အနက်ရောင် ဆံပင်များသည် သူမ၏အရေပြားကဲ့သို့ပင် မြင်သာသောနှုန်းဖြင့် သက်စောင့်စွမ်းအင်များ ဆုံးရှုံးနေခဲ့လေ၏။

သူမက အလျင်အမြန် အော်ဟစ်လိုက်သည်။

"ဘိုးဘေး... ကယ်ပါအုံး..."

"ရပ်လိုက်စမ်း..."

ဂိုဏ်းချုပ်ချင်ဝူရှင်း၏ ပါးစပ်မှ အသံ ထွက်ပေါ်သွားသည်နှင့်တစ်ပြိုင်နက် အားကောင်းပြီး လွှမ်းမိုးမှုရှိသော တခြားအသံတစ်သံသည် လေထုကို ဆုတ်ဖြဲကာ ချက်ချင်းပေါက်ကွဲထွက်လာသည်။

ထို့နောက် သွေးရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ဂိုဏ်းချုပ်ချင်ဝူရှင်း၏နံဘေးသို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်ကို ချန်ချင်း သတိပြုမိသွားသည်။

ထိုလူသည် ဂိုဏ်းချုပ်ချင်ဝူရှင်းကို ကယ်တင်လိုသော်လည်း ကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ်၏ ဖိအားကြောင့် ရပ်တန့်လိုက်ရသည်။

"ဘယ်လောက်တောင် ထူးဆန်းပြီး ယုတ်မာတဲ့ ကျင့်ကြံနည်းစနစ်လဲ..."

နတ်ဆိုးဘိုးဘေးသည် ချင်ဝူရှင်း၏အနီးသို့ အနည်းငယ်ပို၍ ချဉ်းကပ်လိုက်ရုံဖြင့် သူသည် ရွှံ့နွံတစ်ခုထဲသို့ ကျသွားသကဲ့သို့ ချက်ချင်းခံစားလိုက်ရပြီး သူ၏ကျင့်ကြံခြင်းစွမ်းအားသည် အထိန်းအကွပ်မရှိ စီးထွက်သွားကာ မမြင်နိုင်သော စွမ်းအားတစ်ရပ်၏ စုပ်ယူခြင်းကို ခံလိုက်ရလေ၏။

"ဘိုးဘေး... ကယ်ပါအုံး..."

ဂိုဏ်းချုပ်ချင်ဝူရှင်း၏အသံ တဖြည်းဖြည်း အားနည်းလာခဲ့သည်။

"ဒီဧကရာဇ်က နတ်ဘုရား စွမ်းရည်ကို ထုတ်မပြရင်... မင်းက ဒီဧကရာဇ်ကို တကယ်ပဲ နေမကောင်းတဲ့ ကြောင်တစ်ကောင်လို့ ထင်နေတာလား..."

ဂိုဏ်းချုပ်ချင်ဝူရှင်းသည် ဤအတိုင်းသာ ဆက်သွားပါက နောက်ဆုံးတွင် သူမ၏သက်ရှိစွမ်းအင်များ ခန်းခြောက်သွားတော့မည်ကို မြင်သောအခါ နတ်ဆိုးဘိုးဘေးသည် ဒေါသထွက်သွားပေ၏။

သူသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရား ဖိအားကို ထုတ်လွှတ်လိုက်သည်။

"ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ..."

ဝမ်ဟိုင်ဖုန်း၏ ခြေထောက်များသည် အထိန်းအကွပ်မရှိ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ဤသေးငယ်သော နှလုံးသားမဲ့ဂိုဏ်း၏ အနောက်တွင် ကြီးကြပ်နေသော ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ဘိုးဘေးတစ်ဦး အမှန်တကယ် ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

All Chapters