← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) ငွေကို ရေလို သုံးခြင်း

"တော်လိုက်တဲ့ ကောင်လေး... သူက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးနဲ့ လေလံစဆွဲတာပဲ... ပြီးတော့ တစ်သန်းတောင်..."

"သူ့ကို သိတဲ့သူ ရှိလား... ဒီလူက ဘယ်သူလဲ..."

"တစ်ခါမှ မမြင်ဖူးဘူး... သူ့ရဲ့ အမူအရာနဲ့ ဒီလို သုံးစွဲပုံကို ကြည့်ရတာ... သူက အရမ်းချမ်းသာတဲ့ အထက်တန်းလွှာ တစ်ယောက် ဖြစ်ရမယ်..."

"ထပ်ပြောစရာ မလိုတော့ဘူး... လူတွေက ငွေကို ရေလို သုံးတယ်လို့ အမြဲ ပြောကြပေမဲ့... ငါ့ဘဝမှာ ဒီလိုသုံးတဲ့လူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ..."

သူ့အကြောင်း ဆွေးနွေးမှုများကို လျစ်လျူရှုကာ ချန်ချင်းသည် စိတ်ဝိညာဉ်ကျောက်တုံးအိတ်တစ်အိတ်ကို အစေခံထံ ပစ်ပေးလိုက်ပြီး ပြောလိုက်၏။

"လမ်းပြစမ်း..."

အစေခံသည် ကြိုးကိုဖြည်ပြီး အိတ်ကို ဖွင့်လိုက်ရာ အပြာရောင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ပြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုအရာများ၏အရည်အသွေးမှာ အလွန်သန့်စင်နေပြီး မျက်စိဖြင့် မြင်နိုင်သော အညစ်အကြေးများ မရှိသလောက်နီးပါးဖြစ်ကာ သလင်းထက်ပင် ပို၍ကြည်လင်နေသည်။

ဤသည်မှာ ပိုခြင်းလျော့ခြင်းမရှိဘဲ တစ်သန်းတိတိ ဖြစ်နေသည်။

"ဟုတ်ကဲ့ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့နောက်က လိုက်ခဲ့ပါ..."

ချန်ချင်း၏ ကြောက်မက်ဖွယ်ကောင်းသော ကြွယ်ဝချမ်းသာမှုကို သိရှိပြီးနောက် အစေခံသည် မပေါ့ဆဝံ့တော့ချေ။ သူသည် လက်ကို အလျင်အမြန်မြှောက်ကာ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ကို ဒုတိယထပ်ရှိ အထူးဧည့်သည်တော် သီးသန့်အခန်းသို့ ဖိတ်ခေါ်လိုက်၏။

သူတို့ လှေကားထစ်များပေါ်သို့ တက်သွားချိန်တွင် စင်မြင့်ပေါ်ရှိ လေလံမှူးသည် နောက်ဆုံး၌ အသိဝင်လာပြီး အသံကိုမြှင့်ကာ မေးလိုက်သည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ပထမအကြိမ်... ဒီထက်ပိုပြီး လေလံဆွဲချင်တဲ့သူ ရှိသေးလား..."

ထိုစကားများ ပါးစပ်မှ ထွက်သွားသည်နှင့်တပြိုင်နက် သူမ နောင်တရသွားခဲ့လေ၏။ မည်သူက ထိုငွေကြေးပမာဏထက်ပို၍ လေလံဆွဲနိုင်မည်နည်း။ ဤသည်မှာ အချည်းနှီး အားထုတ်မှုပင်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ဒုတိယအကြိမ်..."

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း တတိယအကြိမ်..."

လုပ်ငန်းစဉ်မှာ လျင်မြန်စွာ ပြီးစီးသွားပြီး တူထုကာ ချန်ချင်းသည် ကျောက်မျက်ရတနာလည်ဆွဲကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့ကြောင်း ကြေညာလိုက်၏။

ထို့နောက် သီးသန့်အစေခံတစ်ဦးသည် လည်ဆွဲကို ချန်ချင်း၏သီးသန့်အခန်းဖြစ်သော အခန်းအမှတ် (၃) သို့ ပို့ဆောင်ရန် တာဝန်ယူခဲ့သည်။

လည်ဆွဲကို လက်ခံရရှိပြီးနောက် ချန်ချင်းသည် သူ၏ ထိုင်ခုံမှ ထကာ ရှားချင်းယွဲ့၏နောက်သို့ သွားလိုက်သည်။

သူ့ကို နံဘေးမှ စောင့်ကြည့်နေပြီး ချန်ချင်း၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် ရှားချင်းယွဲ့သည် ဘာမှထပ်မပြောတော့ချေ။ သူမသည် နှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင် ပေါ်လွင်လာရန် သူမ၏ ရှည်လျားသော ဆံပင်များကို မြှောက်လိုက်ပြီး ချန်ချင်း သူမကို လည်ဆွဲဆွဲပေးရန် အဆင်ပြေစေခဲ့လေ၏။

သူမ၏ ရင်ဘတ်ပေါ်ရှိ တောက်ပသည့် ကျောက်မျက်ရတနာလည်ဆွဲကို လက်ချောင်းဖြင့် ပွတ်သပ်ရင်း ရှားချင်းယွဲ့က တိုး​ညှင်းစွာ ပြောလိုက်သည်။

"လှလိုက်တာ..."

"တကယ့်ကို အရမ်းလှတယ်..."

ချန်ချင်းက ပြန်ဖြေလိုက်ပြီး သူ၏ထိုင်ခုံသို့ ပြန်သွားကာ လည်ဆွဲဆွဲထားသော ရှားချင်းယွဲ့ကို ငေးကြည့်နေသည်။

"ဟုတ်တယ်မလား... ဒီလည်ဆွဲပေါ်က ကျောက်မျက်ရတနာတွေရဲ့ အရည်အသွေးက မဟာဝူ နန်းတွင်းမှာ ထားရင်တောင်..."

"ငါက လည်ဆွဲအကြောင်း ပြောနေတာ မဟုတ်ဘူး... မင်းအကြောင်းကို ပြောနေတာ..."

ချန်ချင်းက ခေါင်းခါယမ်းရင်း ရှားချင်းယွဲ့၏ စကားများကို ကြားဖြတ်ပြောဆိုလိုက်၏။

ရှားချင်းယွဲ့၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူမ၏လက်ချောင်းများက ဝတ်စုံစကို ဆုပ်ကိုင်ထားကာ သူမ၏လှပသော မျက်နှာလေး သွေးရောင်လွှမ်းသွားခဲ့သည်။ သူမက ချက်ချင်းဆိုသလိုပင် ခေါင်းငုံ့လိုက်သည်။

"ခင်ပွန်းက ကျွန်မကို ထပ်စနေပြန်ပြီ..."

ချန်ချင်းသည် စကားမပြောဘဲ ပြုံးနေခဲ့ပြီး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ တစ်သန်း သုံးစွဲခြင်းအတွက် ရရှိနိုင်မည့် ဆုလာဘ်များကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို ဆင့်ခေါ်ယူလိုက်သည်။

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ၁၀၀၀၀၀၀၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]

'ဒါက...'

ချန်ချင်း မျှော်လင့်ထားသလောက် အလွန်အကျွံ မဟုတ်သော်လည်း တစ်သန်းကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာဖြင့် လဲလှယ်ခြင်းက သေချာပေါက် အရှုံးမရှိချေ။

ချန်ချင်းသည် ညည်းတွားမနေဘဲ လက်ခံလိုက်၏။

ထျန်းကျီလေလံမြို့တော်က သူ့ကို နောက်ထပ် မည်ကဲ့သို့ ဆုလာဘ်များ ယူဆောင်လာပေးမည်ကို သူ ဆက်လက်၍ မျှော်လင့်နေခဲ့သည်။

ရှားချင်းယွဲ့ကို ကြည့်ရင်း သူက ပြောလိုက်သည်။

"ဇနီးလေး... တကယ်လို့ မင်း သဘောကျတဲ့ ရတနာ တစ်ခုခု ရှိရင်... ပြောသာပြောပါ... ငါ့ကို အားနာနေစရာ မလိုပါဘူး..."

"ကောင်းပြီလေ... ဒါဆိုရင် ကျွန်မက ရိုရိုသေသေ နာခံလိုက်ပါ့မယ်..."

ရှားချင်းယွဲ့က ခေါင်းညိတ်လိုက်သည်။

သူတို့ စကားပြောဆိုနေစဉ် ဒုတိယမြောက် လေလံပစ္စည်းကို စင်မြင့်ပေါ်သို့ ယူဆောင်လာခဲ့သည်။ ဤသည်မှာ "ဒေါသလှိုင်းတံပိုး အုပ်စိုးသူအရှင်လှံရှည်" ဟု အမည်ရသော မြေကမ္ဘာအဆင့်မြင့် လက်နက် တစ်ခုပင်။

ချန်ချင်းထံတွင် ကောင်းကင်အဆင့် ထိပ်တန်း လက်နက် တစ်ခု ရှိနေသဖြင့် ဤမြေကမ္ဘာအဆင့် လက်နက်ကို သူ အထင်မကြီးချေ။

သူသည် ထိုအရာကို ကျော်သွားရန် ရွေးချယ်လိုက်ပြီး အောက်က လူများကိုသာ အပြိုင်အဆိုင် လုယူခိုင်းလိုက်၏။

သူ ဝယ်ပြီး ရှားချင်းယွဲ့ကို ပေးရမလား... အင်း...

ရှားချင်းယွဲ့သည် ဤအုပ်စိုးသူအရှင်လှံရှည်ကို ကိုင်ဆောင်ပြီး တိုက်ပွဲဝင်နေသည်ကို ချန်ချင်း အမှန်တကယ်ကို စိတ်ကူးယဥ်တွေးတောမကြည့်နိုင်ချေ။ ဤသည်မှာ အမှန်တကယ်ကို သူမနှင့် အလွန်အမင်း လိုက်ဖက်ညီမှု မရှိလှပေ။

မကြာမီ ဒေါသလှိုင်းတံပိုး အုပ်စိုးသူအရှင်လှံရှည် ကို ကျင့်ကြံသူတစ်ဦးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းဖြင့် ရယူသွားခဲ့လေ၏။

စင်မြင့်ပေါ်သို့ တတိယမြောက် ယူဆောင်လာသော ပစ္စည်းမှာ ရေခဲသဘာဝပါဝင်သော ကောင်းကင်အဆင့်နိမ့် ကျင့်ကြံနည်းစနစ် တစ်ခုဖြစ်ပြီး "ဟန်ထျန်းလက်ဝါး " ဟု အမည်ရသည်။

ဤသည်က ရှားချင်းယွဲ့၏ စိတ်ဝိညာဉ်အမြှစ်ပါရမီနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။

လေလံမှူးက သူမ၏ မိတ်ဆက်မှုကို အဆုံးသတ်ပြီး အဖွင့်စျေးကို ကြေညာကာ လေလံဆွဲခြင်းကို စတင်နိုင်ပြီဖြစ်ကြောင်း ကြေညာပြီးနောက်....

ချန်ချင်းက ချက်ချင်းပြောလိုက်၏။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်း..."

သူ၏ စိတ်ထဲတွင် အကြံဉာဏ်တစ်ခု ရှိနေပြီး ဤအခွင့်အရေးကို အသုံးပြု၍ တစ်ခုခုကို အတည်ပြုချင်နေခဲ့သည်။

သူ သုံးစွဲလိုက်သော စိတ်ဝိညာဉ်ကျောက်တုံးများ ပမာဏကို တိုးမြှင့်ခြင်းက ပေးအပ်မည့် ဆုလာဘ်များ၏ အရည်အသွေးနှင့် ထပ်မံပေါင်းစပ်နိုင်ပြီး ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ၏ အရေအတွက်နှင့် အရည်အသွေးကို သက်ရောက်မှု ရှိမရှိ သူ သိချင်နေခဲ့လေ၏။

သို့သော် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးငါးသန်း ဟု သူ၏ပေါ့ပေါ့ပါးပါး ပြောဆိုမှုက အောက်က လူများကို ပြင်းထန်သည့် ထိတ်လန့်တုန်လှုပ်မှုတစ်ခု ယူဆောင်လာပေးကာ သူတို့ကို တည်ငြိမ်ရန် ခက်ခဲစေခဲ့သည်။

"ငါ နားကြားမမှားဘူးမလား... ငါး... ငါးသန်း... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ..."

"သူ ခုဏက အုပ်စိုးသူအရှင်လှံရှည်ကို လေလံမဆွဲတော့... သူ့မှာ ပိုက်ဆံကုန်သွားပြီလို့ ငါ ထင်နေတာ... ကြည့်ရတာတော့ ငါ သူ့ကို အထင်သေးမိသွားတယ်..."

"သူ့ရဲ့မိသားစုက မိုင်းတွင်းတစ်ခု ပိုင်ဆိုင်ထားတာလား... ဒါမှမဟုတ် သူ့ရဲ့အိမ်က မိုင်းတွင်းထဲမှာ ဆောက်ထားတာများလား... ဒီလိုမျိုး စိတ်ဝိညာဉ်ကျောက်တုံးတွေကို သန်းနဲ့ချီပြီး ဖြုန်းတီးပစ်နိုင်တယ်…”

"ဒီမတိုင်ခင်ကတော့... ငါ့ကိုယ်ငါ တော်တော်လေး ချမ်းသာတယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ သူနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ ပိုင်ဆိုင်မှုတွေက ဘာမှမဟုတ်တော့ဘူးပဲ..."

လာရောက်လည်ပတ်ကြသော ချမ်းသာသည့် ကုန်သည်များစွာသည် ချန်ချင်း၏ လုပ်ရပ်များကြောင့် ပြင်းထန်စွာ ထိုးနှက်ခြင်းခံလိုက်ရသည်။

သူနှင့်နှိုင်းယှဉ်ပါက သူတို့သည် သူတောင်းစားများသာ ဖြစ်သကဲ့သို့ ခံစားလိုက်ရသည်။

ချန်ချင်းသည် လက်ကိုပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့၏ တသက်တာ စုဆောင်းမှုပမာဏကို သုံးစွဲလိုက်၏။

လူများစွာသည် သူ့ကို သိကျွမ်းခွင့်ရရန် အကြံအစည်များ စတင်၍ တွေးတောလိုက်ကြသည်။

အကယ်၍ သူတို့သည် ချန်ချင်း၏ အသိအမှတ်ပြုမှုကို အမှန်တကယ် ရရှိနိုင်ပါက အနာဂတ်တွင် ဖီးနစ်ငတစ်ကောင်ကဲ့သို့ ထင်ရှားကျော်ကြားလာမည်မှာ သေချာကြောင်း သူတို့ ယုံကြည်ထားသည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်း တတိယအကြိမ်... အခန်းအမှတ်သုံးက လေးစားအပ်တဲ့ ဧည့်သည်တော်ကို ရတနာတစ်ခု နောက်တစ်ကြိမ် ထပ်ပြီး ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..."

ရလဒ်မှာ မျှော်လင့်ထားသည့်အတိုင်းပင်။ အပြတ်အသတ် အားသာချက်ဖြင့် ချန်ချင်းသည် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ် ဖြစ်သော ဟန်ထျန်းလက်ဝါးကို အလွယ်တကူ ရရှိသွားခဲ့သည်။

ပစ္စည်းအတွက် ငွေ...ငွေအတွက် ပစ္စည်း...

ဟန်ထျန်းလက်ဝါးကို လက်ခံရရှိပြီးနောက် သူသည် ထိုအရာကို ရိုးရှင်းစွာ လှန်လှောကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ပြီးပြည့်စုံခြင်းနယ်ပယ်အထိ နားလည်သွားခဲ့လေ၏။

ထို့နောက် သူသည် ကျင့်ကြံနည်းစနစ်စာအုပ်ကို ပိတ်ကာ ရှားချင်းယွဲ့၏နံဘေးရှိ လက်ဖက်ရည် စားပွဲပေါ်တွင် တင်လိုက်ပြီး ပြောလိုက်သည်။

"ဒီကျင့်ကြံနည်းစနစ်ကို ငါ ကြည့်ပြီးပြီ... ဇနီးလေး... မင်း ကျင့်ကြံဖို့ ဒါက အရမ်းသင့်တော်တယ်..."

"ဒီလောက်ကောင်းတဲ့ ကျင့်ကြံနည်းစနစ်ကို...ခင်ပွန်း အရင်ကျင့်ကြံပြီးမှ ကျွန်မ ကျင့်ကြံမယ်လေ..."

ချန်ချင်းက သူ၏လက်ကို မြှောက်လိုက်ရာ အရိုးထဲထိ စိမ့်ဝင်သွားမည့် အအေးဒဏ်တစ်ခု ချက်ချင်းထွက်ပေါ်လာပြီး အခန်းတစ်ခန်းလုံးကို ပြည့်နှက်သွားစေသည်။

ချန်ချင်း၏လက်ဝါးကို ဖုံးလွှမ်းနေသော နှင်းခဲလွှာကို ကြည့်ရင်း ရဲတင်းသော အတွေးတစ်ခုက ရှားချင်းယွဲ့၏စိတ်ထဲတွင် ထွက်ပေါ်မလာဘဲ မနေနိုင်တော့ချေ။

သူမက စမ်းသပ်မေးမြန်းလိုက်၏။

"ယောကျာ်း... ရှင်... ရှင်က တစ်ချက်လေး ကြည့်လိုက်ရုံနဲ့တင် ဒီဟန်ထျန်းလက်ဝါးကို နားလည်သွားတာတော့ မဟုတ်ပါဘူးနော်..."

"အတိအကျပဲ..."

ချန်ချင်းက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"..."

ရှားချင်းယွဲ့သည် အချိန်အတော်ကြာ ဆွံ့အသွားပြီးမှသာ သတိပြန်ဝင်လာခဲ့သည်။

သူမ စကားပြောဆိုရန် တုံ့ဆိုင်းသွားခဲ့လေ၏။

တစ်ချက်လေး ကြည့်လိုက်ရုံဖြင့် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်ကို နားလည်နိုင်ခြင်း...

ထိုကဲ့သို့သော ပါရမီမျိုးကို စာအုပ်စာပေ အများအပြား ဖတ်ရှုထားသော ရှားချင်းယွဲ့ပင်လျှင် ဖော်ပြရန် မှန်ကန်သော စကားလုံးများကို ရှာမတွေ့နိုင်ခဲ့ချေ။

ဤလောကရှိ ရှေးလူကြီးများ၏ ပါရမီရှင်များ အကြောင်း ဖော်ပြချက်များအားလုံးသည် ချန်ချင်းနှင့် သက်ဆိုင်ရန် မထိုက်တန်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။

စကားလုံးထောင်ပေါင်းများစွာသည် နောက်ဆုံးတွင် စကားတစ်ခွန်းတည်းအဖြစ် စုစည်းသွားသည်။

"ကျေးဇူးတင်ပါတယ် ခင်ပွန်း... ဒါဆိုရင် ကျွန်မ လက်ခံလိုက်ပါ့မယ်..."

ချန်ချင်းသည် ဟန်ထျန်းလက်ဝါးကို နားလည်ပြီးဖြစ်ရာ ဤကျင့်ကြံနည်းစနစ်သည် သူ့အတွက် တန်ဖိုးမရှိတော့ချေ။

သူမထံ၌ လုပ်စရာ တခြားဘာမှမရှိသလို လေလံဆွဲရာတွင် သူမကိုယ်တိုင် ပါဝင်ရန် ရည်ရွယ်ချက် မရှိသဖြင့် သူမသည် ဟန်ထျန်းလက်ဝါး ကျင့်ကြံနည်းစနစ်ကို စတင်၍ လှန်လှောကြည့်လိုက်၏။

ဇွဲရှိခြင်းက ကျွမ်းကျင်မှုကင်းမဲ့ခြင်းကို အစားထိုးနိုင်သည်ဟူသော သဘောတရားကို သူမ နားလည်ထားသဖြင့် နည်းနည်းလေး သင်ယူရခြင်းက ဘာမှမလုပ်သည်ထက် ပိုကောင်းသည်ဟု သူမ တွေးတောလိုက်သည်။

သို့သော် သူမ ပို၍ဖတ်မိလေလေ တည်ငြိမ်သွားသော သူမ၏နှလုံးသားမှာ နောက်တစ်ကြိမ် ပြန်လည်၍ ကဆုန်စိုင်းခုန်ပေါက်လာလေလေပင်။

စာအုပ်ကို ကိုင်ထားသော သူမ၏လက်များ အနည်းငယ် တုန်ယင်နေပြီး သူမ၏ အကြည့်သည် ချန်ချင်းနှင့် သူမ၏ လက်ထဲရှိ ကျင့်ကြံနည်းစနစ် ကြားတွင် တစ်ခုခုကို အတည်ပြုနေသည့်အလား ဟိုဟိုဒီဒီ ရွေ့လျားနေသည်။

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၁၀၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]

ချန်ချင်းသည် သူ၏ဆုလာဘ်များကို စစ်ဆေးပြီးသည့်အချိန်မှာပင် ရှားချင်းယွဲ့၏အသံက သူ၏နားထဲတွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။

"ခင်ပွန်း... ရှင် ခုဏက တစ်ချက်လေး ကြည့်လိုက်ရုံနဲ့... ဒီဟန်ထျန်းလက်ဝါးကို ပြီးပြည့်စုံခြင်း နယ်ပယ်အထိ ဉာဏ်အလင်းပွင့်သွားတာတော့ မဟုတ်ဘူးမလား..."

All Chapters