← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆) အဆုံးမဲ့ ချီပင်လယ်

"ဇနီးလေးရဲ့ အမြင်က တော်တော်ကောင်းတာပဲ..."

ရှားချင်းယွဲ့သည် ကျင့်ကြံနည်းစနစ်အတွင်းရှိ ပြီးပြည့်စုံခြင်းနယ်ပယ်၏ ဖော်ပြချက်မှတဆင့် ဤအရာကို နားလည်သွားကြောင်း ချန်ချင်း သိထားသဖြင့် သူ ဖုံးကွယ်မထားခဲ့ချေ။

"ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်... တစ်ချက်လေး ကြည့်လိုက်ရုံနဲ့တင် ပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်သွားတာလား..."

ချန်ချင်း၏ပါးစပ်မှ ဤအချက်ကို အတည်ပြုပြီးနောက် ရှားချင်းယွဲ့သည် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။

သူမ၏အားနည်းချက်များကို အစားထိုးရန် ကြိုးစားအားထုတ်မှုကို အားကိုးခြင်းဖြင့် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် ချန်ချင်း၏ကျောပြင်ကို သူမ မြင်တွေ့နိုင်မည်ဟု မူလက သူမ ထင်မှတ်ခဲ့ဖူးသည်။

ယခုကြည့်ရသည်မှာ သူမထံ၌ ဤကဲ့သို့ မျှော်လင့်ချက်မျိုးပင် ရှိတော့ပုံမရချေ။

ချန်ချင်း၏ အားကောင်းသော ပါရမီရှေ့တွင် ရှားချင်းယွဲ့သည် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကိုပင် အမှန်တကယ် မမြင်နိုင်တော့ပေ။

"ခင်ပွန်း... ကျွန်မက ရှင့်ရဲ့ ဘေးမှာ ရပ်တည်ဖို့ တကယ်ရော ထိုက်တန်ရဲ့လား..."

ရှားချင်းယွဲ့၏ အကြည့်နှင့် ဆုံတွေ့ချိန်၌ ချန်ချင်းသည် ညာဘက်လက်ကို ဆန့်တန်းကာ သူမ၏ပါးပြင်ကိုကိုင်ပြီး ညင်သာစွာ ပြုံးလိုက်၏။

"မင်းက ကျင့်ကြံဖို့ပဲ လိုတယ်... ကျန်တာတွေ အားလုံးအတွက်... မင်းရဲ့ ခင်ပွန်းရှိတယ်... စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေ၊ မှော်ရတနာတွေ၊ ကျင့်ကြံနည်းစနစ်တွေအားလုံး အလုံအလောက် ရှိတယ်..."

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှားချင်းယွဲ့တွင် ကောင်းကင်အမိန့်တော်ဧကရီ၏ ရောင်ဝါစက်ဝန်း မရှိလျှင်ပင် ချန်ချင်းသည် သူမကို ဧကရီတစ်ပါး ဖြစ်လာစေရန် အရင်းအမြစ်များကို ပုံပေးနိုင်သည်။

"အင်း..."

ရှားချင်းယွဲ့က သူမ၏ခေါင်းကို အနည်းငယ်တိမစောင်းကာ ချန်ချင်း၏လက်ဝါးပေါ်တွင် မှီလိုက်ပြီး သူ၏လက်မှ ထွက်ပေါ်လာသော နွေးထွေးမှုကို ခံစားလိုက်၏။

ချန်ချင်း၏အရင်းအမြစ်များကိုသာ လုံးလုံးလျားလျား အားကိုးပြီး တာအိုကို အောင်မြင်စွာ ရရှိသည်ဟု ဝေဖန်ခံရခြင်းထက် သူ၏နံဘေးတွင် ရပ်တည်ခွင့် ဆုံးရှုံးသွားမည်အား ရှားချင်းယွဲ့ ပို၍စိုးရိမ်နေသည်။

အကယ်၍ ထိုအခြေအနေမျိုး အမှန်တကယ် ရောက်လာပါက....

'ငါ့ခင်ပွန်းရဲ့ အရင်းအမြစ်တွေကို သုံးတာ ဘာမှားလို့လဲ... ငါ့ခင်ပွန်းကတောင် ဘာမှမပြောတာ... နင်က ဘာလို့ ဝင်ပြောနေရတာလဲ..."

'နင်က တကယ်ပဲ သူများရဲ့နောက်ကနေ အပါးခိုတာကို ဆန့်ကျင်နေတာလား... ဒါက နင့်မှာ အဲ့ဒီအခွင့်အရေး မရှိလို့ပါ... တကယ်လို့ နင်သာ ရခဲ့ရင်... နင်က တခြားသူတွေထက်တောင် ပိုပြီးဆိုးဆိုးရွားရွား အပါးခိုနေဦးမှာပဲ..."

ထိုကဲ့သို့ အရှက်မရှိသည့် စကားတချို့ကို ပြောဆိုရန် ရှားချင်းယွဲ့ ဝန်လေးနေမည် မဟုတ်ချေ။

ယခုအချိန်တွင် သူမ များစွာတွေးတောနေမည့်အစား အမြန်ဆုံး သန်မာအားကောင်းလာပြီး ချန်ချင်းအပေါ် ထားရှိသော သူမ၏ကတိကို ဖြည့်ဆည်းရန်မှာ ရှားချင်းယွဲ့၏ အဓိကဦးစားပေးကိစ္စပင်။

သူမ အမြန်ဆုံး ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် သို့ တက်လှမ်းရန် တိတ်တဆိတ် ရည်မှန်းချက် ချမှတ်လိုက်သည်။

လက်ရှိတွင် သူမသည် စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ် သို့ ရောက်ရှိနေပြီဖြစ်ရာ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန် အဓိကနယ်ပယ်ကြီးလေးခု လိုအပ်နေဆဲပင်။

သူမ၏ စိတ်ဝိညာဉ်အမြှစ်ပါရမီနှင့် ချန်ချင်းပေးသော ဆေးလုံးများ၊ ကျင့်ကြံနည်းစနစ်များကြောင့် ရှားချင်းယွဲ့သည် သူမ ထိုအဆင့်သို့ ရောက်ရှိမည်ဟု အလွန်ယုံကြည်မှု ရှိနေဆဲပင်။

တစ်ချိန်တည်းမှာပင် ချန်ချင်းသည် စနစ်က ယခုလေးတင် ပြန်လည်ပေးအပ်လိုက်သော နားလည်နိုင်စွမ်းအမှတ်တစ်ထောင်ကိုလည်း ရရှိခဲ့လေ၏။

ယခုအချိန်၌ သူသည် လောကတွင် အမြင့်ဆုံး နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်ဟု ကြွေးကြော်ပါက မည်သူကမျှ သူ့ကို အမှန်တကယ် မေးခွန်းထုတ်နိုင်မည် မဟုတ်ချေ။

အဆင့်နိမ့်သော ဟန်ထျန်းလက်ဝါးကို မဆိုထားနှင့် ကောင်းကင်အဆင့် ထိပ်တန်းကျင့်ကြံနည်းစနစ်တစ်ခုကိုပင် ချန်ချင်းသည် တစ်ချက်ကြည့်ရုံဖြင့် ဉာဏ်အလင်းပွင့်ခြင်းကို အောင်မြင်နိုင်ပေ၏။

တစ်ချိန်တည်းမှာပင် ဤနားလည်နိုင်စွမ်းအမှတ်တစ်ထောင် ဆုလာဘ်က ချန်ချင်း၏ ယခင်ခန့်မှန်းချက်ကိုလည်း သက်သေပြခဲ့သည်။ သူ ငွေပို၍သုံးလေလေ ဆုလာဘ်များ၏ အရည်အသွေးနှင့် အရေအတွက်အပေါ် သက်ရောက်မှု ရှိနိုင်လေလေပင်။

ထိုအချက်ကို ရှင်းလင်းစွာ သိရှိပြီးနောက် သူ၏ရည်မှန်းချက်မှာ အလွန်ရှင်းလင်းသွားခဲ့လေ၏။

မည်သို့ပင်ဖြစ်စေကာမူ သူ၏လက်ထဲတွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းပေါင်းသိန်းနှင့်ချီ၍ ရှိနေသဖြင့် သူ ဆန္ဒရှိသည့်အတိုင်းပြုလုပ်ရန် အရင်းအနှီး အပြည့်အဝ ရှိနေသည်။

ထိုအချိန်မှာပင် လေလံပစ္စည်းအသစ်ကို မိတ်ဆက်၍ ပြီးစီးသွားသည်။

ဤသည်မှာ အဋ္ဌမအဆင့် ဉာဏ်အလင်းပွင့်ခြင်း စိတ်ဝိညာဉ်သစ်ပင်တစ်ပင် ဖြစ်သည်။

ထိုအရာကို သန့်စင်ကာ စုပ်ယူပြီးနောက် လူတစ်ယောက်၏နားလည်နိုင်စွမ်းကို တိုးတက်စေနိုင်လေ၏။

"အို..."

အမြင့်ဆုံးလေလံပွဲမတိုင်မီ ဤကဲ့သို့ ရတနာမျိုးကို ထုတ်ယူလာလိမ့်မည်ဟု ထင်မှတ်မထားသဖြင့် ချန်ချင်း အနည်းငယ် အံ့အားသင့်သွားသည်။

မနက်ဖြန် ကျင်းပမည့် အမြင့်ဆုံး လေလံပွဲကို သူ ပို၍ပင် မျှော်လင့်မနေဘဲ မနေနိုင်တော့ချေ။ ထိုပွဲသည် ဤလေလံပွဲအတွက် အဓိကပွဲ ဖြစ်လေ၏။

"နားလည်နိုင်စွမ်းကို တိုးတက်စေနိုင်တဲ့ စိတ်ဝိညာဉ်သစ်ပင်တစ်ပင်..."

လေလံမှူးထံမှ စိတ်ဝိညာဉ်သစ်ပင်၏ အကျိုးသက်ရောက်မှုကို သိရှိပြီးနောက် ရှားချင်းယွဲ့သည်လည်း အလွန်စိတ်ဝင်စားသွားခဲ့သည်။

သူမ တစ်ယောက်တည်းသာမက ပရိသတ်ထဲရှိ လူတိုင်းသည်လည်း အလွန်စိတ်လှုပ်ရှားနေကြ၏။

"ရတနာ... ဒါက တကယ့်ကို စစ်မှန်တဲ့ ရတနာတစ်ခုပဲ..."

"ဒဏ္ဍာရီလာ စိတ်ဝိညာဉ်သစ်ပင်တစ်ပင်... နှစ်တစ်ထောင်မှာတောင် တစ်ကြိမ်တွေ့ရခဲတယ်... ဒီလိုမျိုး ကြုံတွေ့ရတာ ငါ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ..."

"ကျေးဇူးပြုပြီး ငါနဲ့အပြိုင် မလုကြပါနဲ့... ဒီနေ့ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ကုန်သွားရင်တောင်... ဒီဉာဏ်အလင်းပွင့်ခြင်း စိတ်ဝိညာဉ်သစ်ပင်ကို ငါ သေချာပေါက် ရအောင်ယူမယ်..."

"အဲ့စကား မပြောခင်... အခန်းအမှတ်သုံးက သခင်ကို မင်းတို့ မေ့သွားကြပြီလား..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လွန်ခဲ့သော အချိန်တခဏကမှ ရတနာကို ပြင်းပြင်းထန်ထန် အပြိုင်အဆိုင် လုယူနေကြသော လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပင် ထက်ဝက်ကျော် ငြိမ်ကျသွားခဲ့လေ၏။

သူတို့သည် ဤအချက်ကို တမင်သက်သက် လျစ်လျူရှုထားခဲ့သော်လည်း တစ်စုံတစ်ယောက်က သူတို့၏မျက်နှာကို ဖြတ်ရိုက်ရန်နှင့် အခြေအနေကို ဖျက်ဆီးရန် ထိုအရာအား ထုတ်ပြောလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ထို့ပြင် သူတို့ထံ၌ ပြန်လည်ချေပရန် ယုံကြည်ချက် မရှိခဲ့ချေ။

မကြာမီ လေလံမှူးက အချိန်ကောင်းကို မြင်သောအခါ လေလံအဖွင့်စျေးကို ကြေညာလိုက်သည်။

"ဉာဏ်အလင်းပွင့်ခြင်း စိတ်ဝိညာဉ်သပင် ... လေလံအဖွင့်စျေး အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်း..."

နားလည်နိုင်စွမ်းကို အမြဲတစေ တိုးတက်စေနိုင်သော စိတ်ဝိညာဉ်သစ်ပင်တစ်ပင်အနေဖြင့် ဤလေလံအဖွင့်စျေးသည် လူတိုင်းအတွက် အလွန်သင့်လျော်ပြီး စျေးမြှင့်တင်ထားခြင်း မဟုတ်ချေ။

"ငါက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်သန်းနဲ့ လေလံဆွဲမယ်..."

"ငါက ဆယ်သန်း..."

"သန်းနှစ်ဆယ်..."

အချိန်တိုအတွင်းမှာပင် လူတိုင်း၏ ပြင်းထန်သော လေလံဆွဲမှုများအောက်တွင် စျေးနှုန်းသည် လေးဆ မြင့်တက်သွားသည်။

လေလံဆွဲသည့် အသံများသည် အဆက်မပြတ် ထွက်ပေါ်နေပြီး ရှားချင်းယွဲ့ကို စကားပြောဆိုခွင့် မပေးခဲ့ချေ။

နားလည်နိုင်စွမ်းကို အမြဲတစေ တိုးတက်စေခြင်းသည် ယခုအချိန်တွင် သူမ အရေးတကြီး လိုအပ်နေသောအရာပင်။

"စိတ်မပူပါနဲ့... ငါ ရှိတယ်..."

ချန်ချင်းသည် ရှားချင်းယွဲ့၏ အနည်းငယ် အေးစက်နေသော နုူးညံ့သေးသွယ်သည့် လက်လေးကို ကိုင်ကာ သူမကို စိတ်အေးအေးနေရန် အချက်ပြလိုက်၏။

ထို့နောက် စျေးနှုန်းသည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းငါးဆယ်သို့ ရောက်ရှိသွားချိန်၌ ချန်ချင်းက ပြောလိုက်သည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ..."

ထိုလူများနှင့် စျေးနှုန်းကစားသည့် အကြံအစည်များတွင် ပါဝင်ရန် သူ စိတ်မဝင်စားချေ။

သူ ပါးစပ်ဟလိုက်သည်နှင့် တိုက်ရိုက်သတ်ဖြတ်ပြီး ကစားပွဲကို အဆုံးသတ်ရပေမည်။

"သန်းငါးဆယ်..."

ထိုစကားများ ရုတ်တရက် ရပ်တန့်သွားသည်။

စည်ကားသိုက်မြိုက်နေသော ခန်းမကြီးသည် ချက်ချင်းတိတ်ဆိတ်သွားခဲ့လေ၏။

လူများအားလုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ချန်ချင်း၏ဦးတည်ရာဆီသို့ မော့ကြည့်လိုက်ကြသည်။

"အင်း... အားလုံးပဲ... ငါ နားကြားမှားနေတာများလား... သူ ခုဏက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလို့ ပြောလိုက်တာလား..."

"မင်း နားကြားမှားနေတာလားတော့ ငါ မသိဘူး... ဒါပေမဲ့ ငါ ကြားလိုက်တာကလည်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ပဲ..."

"ဟား ဟား ဟား... ကြည့်ရတာ ငါတို့အားလုံး နားကြားမှားနေကြတာပဲ... ပြီးတော့ ငါတို့ နားကြားမှားနေတဲ့ အကြောင်းအရာကလည်း အတူတူပဲ..."

ဤစကားများသည် သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။

သူတို့သည် တခြားသူများကို မဆိုထားနှင့် သူတို့ကိုယ်သူတို့ပင် ယုံကြည်အောင် မပြောနိုင်ခဲ့ချေ။

"ငါ ပြောသားပဲ... သူရဲ့အနောက်က မိသားစုက စိတ်ဝိညာဉ်ကျောက်တုံးသွေးကြောတွေကို ထိန်းချုပ်ထားရမယ်... ပြီးတော့ တစ်ခုတည်းမကလောက်ဘူး.."

"သူက စိတ်ဝိညာဉ်ကျောက်တုံး သန်းရာနဲ့ချီပြီး သုံးနိုင်တာ... အဲ့ဒီစိတ်ဝိညာဉ်သွေးကြောက အဆင့်မြင့်မှာ သေချာတယ်..."

"သူက ဘယ်နိုင်ငံကလဲ မသိဘူး... မိုးပြာနဂါးလား...ဗာမီလီယန်ငှက်လား... လိပ်နက်လား... ဒါမှမဟုတ်... ကျားဖြူလား..."

"ဘယ်လိုပဲဖြစ်ဖြစ် မိုးပြာနဂါးနိုင်ငံမှာ ဒီလိုလူမျိုး ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး..."

"ခဏနေရင် သူ့ကို မိတ်ဖွဲ့ဖို့ အခွင့်အရေးတစ်ခု ရှာရမယ်... တကယ်လို့ ငါသာ ဒီလိုတာအိုမိတ်ဆွေမျိုးနဲ့ သူငယ်ချင်း ဖြစ်နိုင်ရင်... ငါက အနာဂတ်မှာ သေချာပေါက် မြန်မြန်ဆန်ဆန် တိုးတက်လာမှာပဲ..."

"တာအိုမိတ်ဆွေ ... ဟုတ်လား... တကယ်လို့ ငါသာ သူ့ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ရင်... ခွေးတစ်ကောင် ဖြစ်ရမှာကိုတောင် ငါ ဝန်မလေးဘူး..."

ချန်ချင်း၏ အဓိကနည်းဗျူဟာမှာ လူများကို ငွေဖြင့် အညံ့ခံစေရန်ပင်။

အကယ်၍ ဤနည်းလမ်းက အလုပ်မဖြစ်ပါက သူ ငွေ အလုံအလောက် မသုံးရသေး၍သာ ဖြစ်ပေမည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ပထမအကြိမ်..."

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ဒုတိယအကြိမ်..."

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ တတိယအကြိမ်... အခန်းအမှတ်သုံးက လေးစားအပ်တဲ့ ဧည့်သည်တော်ကို ဒီဉာဏ်အလင်းပွင့်ခြင်း စိတ်ဝိညာဉ်သစ်ပင်ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ထပ်မံပြီးတော့ ဂုဏ်ပြုပါတယ်..."

လေလံမှူးက သတိပြန်ဝင်လာပြီးနောက် တခြား ဧည့်သည်များ လေလံဆွဲချင်သေးသလေယဟုပင် မမေးတော့ချေ။ ထိုသို့မေးခြင်းက အချိန်ဖြုန်းရာရောက်မည်သာ ဖြစ်သောကြောင့်ပင်။

သူမသည် ယခုချိန်၌ အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။ လေလံမှူးတစ်ယောက်အနေဖြင့် ရောင်းရငွေ ပို၍များပြားလေလေ သူမ၏စွမ်းရည်က ပို၍ အားကောင်းသည်ဟု သက်သေပြနိုင်လေလေပင်။

ချန်ချင်း၏ ထွက်ပေါ်လာမှုက လေလံပွဲလောကတစ်ခုလုံးရှိ သူမ၏ အဆင့်အတန်းနှင့် ဩဇာလွှမ်းမိုးမှုကို အဆပေါင်းများစွာ တိုက်ရိုက်မြှင့်တင်ပေးလိုက်၏။

သူမ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ သူမ မည်သို့ ကျေးဇူးမတင်ဘဲ နေနိုင်မည်နည်း။

အကယ်၍ သူမသည် ချန်ချင်း၏နံဘေးတွင် ရင်သပ်ရှုမောဖွယ် အလှလေး တစ်ယောက် ရှိနေပြီကို မမြင်ခဲ့ပါက သီးသန့်ဆက်သွယ်ဖို့ပင် ဝန်လေးနေမည် မဟုတ်ချေ။

ထို့နောက် ချန်ချင်းက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို လွှဲပြောင်းပေးခဲ့လေ၏။

ဉာဏ်အလင်းပွင့်ခြင်း စိတ်ဝိညာဉ်သစ်ပင်ကို လက်ခံရရှိပြီးနောက် ချန်ချင်း ပထမဆုံး လုပ်ခဲ့သောအရာမှာ ထိုအရာကို ရှားချင်းယွဲ့ထံသို့ လွှဲပြောင်းပေးခြင်းပင်။

ဉာဏ်အလင်းပွင့်ခြင်း စိတ်ဝိညာဉ်သစ်ပင်မှ ယူဆောင်လာပေးသော နားလည်နိုင်စွမ်းသည် လူတစ်ဦးနှင့် တစ်ဦး ကွာခြားသည်။

သို့သော် အချက်တစ်ချက်ကမူ သေချာပေါက်ပင်။ ထိုနားလည်နိုင်စွမ်း မည်မျှထိ မြင့်မားစေကာမူ ချန်ချင်း လက်ရှိ ပိုင်ဆိုင်ထားသော ကြီးမားသည့် နားလည်နိုင်စွမ်းကို မကျော်လွန်နိုင်ချေ။

သူသည် ထိုနားလည်နိုင်စွမ်း အနည်းငယ်ကို မလိုအပ်သဖြင့် ထိုအရာအား ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်တစ်ခုရရန် အလောင်းအစားလုပ်လိုက်ခြင်းက ပို၍ကောင်းပေမည်။

ရှားချင်းယွဲ့က ဉာဏ်အလင်းပွင့်ခြင်း စိတ်ဝိညာဉ်သစ်ပင်ကို လက်ခံပြီး စုပ်ယူပေါင်းစပ်နေစဉ် ချန်ချင်းသည် ဆုလာဘ်အကြောင်းအရာကို အတည်ပြုရန် စနစ်မျက်နှာပြင်ကို လျှင်မြန်စွာ ဖွင့်လိုက်၏။

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အဆုံးမဲ့ ချီပင်လယ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်]

All Chapters