အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်
ချန်ချင်းက စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]
'ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ် ...'
ထျန်းရွှမ်ကုန်းမြေတွင် ယမမင်း ဟူသော သဘောတရား မရှိသော်လည်း အပြာရောင်ကြယ်မှ ပြန်လည်မွေးဖွားလာသော ချန်ချင်းသည် ယမမင်း နှင့် ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ဟူသော စကားလုံးများနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်သည် မည်သူ အသက်ရှင်ပြီး မည်သူ သေဆုံးမည်ကို ဆုံးဖြတ်ပေးသော ထိပ်တန်းအဆင့် နတ်ဘုရား ရတနာတစ်ခုပင်။
အကယ်၍ သူသည် တစ်စုံတစ်ယောက်ကို သေစေလိုပါက သူတို့၏နာမည်ကိုရှာပြီး စာအုပ်မှ ဖျက်ပစ်လိုက်ရုံသာ ဖြစ်ပေ၏။
စနစ်မှ သူ့ကို ဤကဲ့သို့ ကောင်းကင်ကို အန်တုသော နတ်ဘုရားရတနာကိုပင် အမှန်တကယ် ဆုချသလောဟု ချန်ချင်း မတွေးဘဲ မနေနိုင်တော့ချေ။
အတုလုပ်ထားတာများလား…
သူသည် အသေးစိတ်ကို ကြည့်ရန် စနစ်မျက်နှာပြင်အား နှိပ်လိုက်၏။
[ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်.. ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ဆောင်ခြင်းက အိမ်ရှင်ကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ဆုံးဖြတ်ခွင့် ပေးပါသည်... မှတ်ချက်...ထျန်းရွှမ်ကုန်းမြေမှာရှိသော သက်ရှိသတ္တဝါအားလုံး၏နာမည်များကို ထိုအရာထဲတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်...]
ထိုတိုတောင်းသော စာကြောင်းလေးနှင့် စနစ်၏ မှတ်ချက်ဖြင့် ဤယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ် သည် သူ နားလည်ထားသောအရာနှင့် တူညီကြောင်း ချန်ချင်း ရာနှုန်းပြည့် သေချာသွားခဲ့လေ၏။
သူတို့ မသိလိုက်ဘဲ ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးရှိ သန်းရာနှင့်ချီသော သက်ရှိသတ္တဝါများ၏ အသက်များသည် ယခုအချိန်၌ ချန်ချင်း၏လက်ထဲတွင် ရှိနေလေပြီ။
အကယ်၍ သူက တစ်စုံတစ်ယောက်ကို အသက်ရှင်စေချင်လျှင် သူတို့ အသက်ရှင်မည် ဖြစ်ပြီး သူက တစ်စုံတစ်ယောက်ကို သေစေချင်လျှင် သူတို့ သေရမည်ဖြစ်ကာ ကောင်းကင်တာအိုပင်လျှင် ဤကိစ္စကို တားဆီးနိုင်မည် မဟုတ်ချေ။
ထျန်းရွှမ်မဟာဧကရာဇ်ပင်လျှင် ချွင်းချက် မဟုတ်ချေ။ သူ၏နာမည်ကို ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်တွင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားလေ၏။
ချန်ချင်းက သူ၏ စုတ်တံကို ညင်သာစွာ ဆွဲလိုက်သရွေ့ ဤမဟာဧကရာဇ်သည် ချက်ချင်းသေဆုံးသွားပေမည်။
'ခဏလေး... ဘာလို့ ဇာတ်လိုက်ရဲ့ နာမည်က ဒီထဲမှာ မရှိတာလဲ...'
ဤသည်ကြောင့် သူ အလွန်အမင်း စိတ်ပျက်သွား၍ မဟုတ်ချေ။ အကယ်၍ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းရာဂဏန်းခန့် သုံးစွဲခြင်းက ဇာတ်လိုက်၏အသက်ကို အမှန်တကယ် ဝယ်ယူနိုင်မည်ဆိုပါက ဤဇာတ်လိုက်၏အခန်းကဏ္ဍမှာ အလွန်ဈေးပေါလွန်းနေပေမည်။
တုံ့ပြန်သည့်အနေဖြင့် စနစ်က နောက်ထပ်ရှင်းပြချက်တစ်ခု ပေးခဲ့လေ၏။
[လက်ရှိကမ္ဘာ၏ ဇာတ်လိုက်ယဲ့ဖုန်းကို နယ်ပယ်တစ်ခု၏ စွမ်းအားဖြင့် ကာကွယ်ထားပြီး တူညီသော အချိန်လေဟာနယ်ထဲ၌ ရှိမနေချေ... ထိုကြောင့် ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ်က သူ့ကို ပစ်မှတ်ထား၍ မရပေ]
'နယ်ပယ် စွမ်းအား... ဇာတ်လိုက်ကို တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်မလာခင် နှစ်သုံးဆယ်ကြာ တက်ရောက်စာရင်းသွင်းဖို့ ကန့်သတ်ထားတဲ့ စည်းမျဉ်းကို ရည်ညွှန်းတာလား...'
[ဟုတ်ပါတယ်..]
စနစ်က အတည်ပြုသည့် အဖြေတစ်ခု ပေးခဲ့လေ၏။
'ဒါဆိုရင် နှစ်သုံးဆယ် အချိန်ပြည့်လို့ ယဲ့ဖုန်း ထွက်လာပြီး ဒီနယ်ပယ်စွမ်းအားရဲ့ လျှို့ဝှက်အကာအကွယ်ကို ဆုံးရှုံးသွားတဲ့အချိန်မှာ... ငါ့ရဲ့ ယမမင်းရဲ့သေခြင်းရှင်ခြင်းစာအုပ်က သူ့အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်မလား...'
ချန်ချင်းက သူ၏စိတ်ထဲမှ မေးခွန်းကို မေးမြန်းကာ အဖြေကို အတင်းအကျပ် တောင်းဆိုလိုက်သည်။
[ရှိနိုင်ပါတယ်..]
စနစ်က ချက်ချင်းပြန်ဖြေခဲ့သည်။
ရှိနိုင်တယ်ဟု ဆိုသလော...
ထိုစကားလုံးတစ်လုံးတည်းက ချန်ချင်းကို ကြီးမားသော လုံခြုံမှုကို ယူဆောင်လာပေးခဲ့သည်။
ယခုချိန်၌ အမှန်တကယ်ကို တည်ငြိမ်သွားလေပြီ။
မင်း ဘယ်လောက်ပဲ အားကောင်းပါစေ... မျက်စိတမှိတ်အတွင်း မင်းကို ချက်ချင်းသတ်ဖြတ်ဖို့ ငါက ယမမင်းရဲ့သေခြင်းရှင်ခြင်းစာအုပ်ကို သုံးလိုက်မယ်...
ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ် ကို ကိုင်ဆောင်ထားသော်လည်း ချန်ချင်းသည် လုံးလုံးလျားလျား သတိလက်လွတ် မဖြစ်ခဲ့ချေ။ နှစ်သုံးဆယ်ကြာ တက်ရောက်စာရင်းသွင်းခြင်းဖြင့် ထိုအချိန်အတွင်း ယဲ့ဖုန်း သည် ကောင်းကင်ကို အန်တုသော ဆုလာဘ်တချို့ ရရှိခြင်းရှိမရှိ မည်သူက အာမခံနိုင်မည်နည်း။
ဗီလိန်တစ်ယောက်အနေဖြင့် အနိုင်ရရန် သူသည် ပြိုင်ဘက်ထက် မိုးကောင်းကင်ကို ပို၍အန်တုနိုင်ရပေမည်။
"ခင်ပွန်း...ခင်ပွန်း..."
သူ၏နားနံဘေးတွင် ရှားချင်းယွဲ့၏ တိုးညှင်းစွာ ခေါ်နေသော အသံကို ကြားလိုက်ရသဖြင့် ချန်ချင်း ရုတ်တရက် သတိပြန်ဝင်လာသည်။
"ဘာဖြစ်လို့လဲ..."
"မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ အကြည့်အချို့ကို ကျွန်မ ခုလေးတင် အာရုံခံမိလိုက်တယ်..."
ရှားချင်းယွဲ့က သူမ၏အသံကို နှိမ့်ကာ သူမနှင့် ချန်ချင်းသာ ကြားနိုင်သော လေသံဖြင့် ပြောလိုက်၏။
"ခုဏက လေလံမြို့တော်မှာ ရှင့်ရဲ့ကြွယ်ဝတဲ့ သုံးစွဲမှုတွေကြောင့်... မကောင်းတဲ့သူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်မယ်လို့ ကျွန်မ ထင်တယ်..."
ချန်ချင်းသည် သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ကာ သူ့ကို မကောင်းသော ရည်ရွယ်ချက်ရှိသည့် အကြည့်များဖြင့် ကြည့်နေသည်ဟု ရှားချင်းယွဲ့ ရည်ညွှန်းသူများကို လျှင်မြန်စွာ ဖော်ထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့၏ စကားပြောဆိုမှုများကို စကားတစ်ခွန်းမျှ မလွတ်စေဘဲ သူ နားထောင်နေပေ၏။
"မဟာဝူနိုင်ငံလား... သူက အဲ့ဒီနေရာကဆိုတာ သေချာလို့လား..."
"မသေချာစရာ ဘာရှိလို့လဲ... အဲ့လူရဲ့ နာမည်က ချန်ချင်း... မဟာဝူနိုင်ငံ ဝန်ကြီးချုပ်ရဲ့ သားလေ... သူက ယောက်ျားမိန်းမမရွေး အနိုင်ကျင့်တဲ့ နေရာမှာ နာမည်ကြီးပြီးတော့ အသုံးမကျတဲ့ကောင်ပဲ... လွန်ခဲ့တဲ့ ခြောက်လက သူ မြို့တော်ကို လာတုန်းက သူနဲ့ ခဏလေး ဆုံဖူးတယ်..."
"မဟာဝူနိုင်ငံလို နိုင်ငံငယ်လေး... ပြီးတော့ ဝန်ကြီးချုပ်ရဲ့ သားကများ... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကျော် ထုတ်ပေးနိုင်တယ်ပေါ့... အဲ့ဒါနဲ့ ပတ်သက်နေတဲ့ ကြီးမားတဲ့ အခွင့်အရေးတစ်ခု သေချာပေါက် ရှိရမယ်..."
"ဒီအကြောင်းကို သိတဲ့သူ သိပ်မများသေးပေမဲ့... ငါတို့ အရင်လှုပ်ရှားရမယ်... တကယ်လို့ ငါတို့သာ သူတို့ဆီကနေ စိတ်ဝိညာဉ်ကျောက်တုံးတွေကို လုယူနိုင်ရင်... ငွေကြေးအတွက် ငါတို့ ဘယ်တော့မှ ပူပန်နေစရာ မလိုတော့ဘူး..."
သူ၏နတ်ဘုရားစိတ်အာရုံကို ရုတ်သိမ်းကာ ခိုးနားထောင်ခြင်းကို အဆုံးသတ်လိုက်ပြီးနောက် ချန်ချင်းက သူ၏မျက်လုံးများကို ဖွင့်ကာ ရှားချင်းယွဲ့ကို ကြည့်လိုက်၏။
"မင်းပြောတာ မှန်တယ် ဇနီးလေး... ငါတို့ကို သူခိုးဂျပိုးတွေက တကယ်ကြီး ပစ်မှတ်ထားနေပြီ..."
"သွားရအောင်... သူတို့နဲ့ သွားတွေ့ကြတာပေါ့..."
ချန်ချင်းသည် ယခုလေးတင် သူ ရရှိထားသော ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ်ကို စမ်းသပ်ရန် စမ်းသပ်သတ္တဝါတချို့ ကို လိုအပ်နေခဲ့သည်။
"ကောင်းပြီ..."
ချန်ချင်း ရှုံးနိမ့်သွားမည်ကို ရှားချင်းယွဲ့ လုံးဝမစိုးရိမ်ချေ။ မဟာဧကရာဇ်တစ်ပါးက မည်သို့ ရှုံးနိမ့်နိုင်မည်နည်း။
ထျန်းရွှမ် မဟာဧကရာဇ်ကမူ....
အကယ်၍ သူ အမှန်တကယ် လာခဲ့မည်ဆိုပါက ထျန်းလုံမြို့တွင် သတင်းများ ကြာမြင့်စွာကတည်းက ပေါက်ကွဲနေလောက်လေပြီ။ မည်သည်ကြောင့် ကောလာဟလတစ်ခုမျှ မရှိဘဲ နေမည်နည်း။
အကယ်၍ သူ အမှန်တကယ် လာခဲ့လျှင်ပင် သူနှင့် ချန်ချင်းကြားတွင် မည်သူက ပိုအားကောင်းသနည်း ဟူသော မေးခွန်းအပေါ် ရှားချင်းယွဲ့က တုံ့ဆိုင်းမှုမရှိဘဲ သူမ၏ခင်ပွန်းဘက်မှ ရပ်တည်ပေမည်။
ထို့နောက် သူတို့နှစ်ဦး ပူးပေါင်းကာ သူတို့ကို နောက်ယောင်ခံနေသည်အား မသတိထားမိဟန်ဆောင်ပြီး လူပြတ်သော နေရာတစ်ခုသို့ တမင်သက်သက် လျှောက်လှမ်းသွားခဲ့ကြသည်။
ဖြတ်သွားဖြတ်လာများ မရှိသလောက်နီးပါးဖြစ်သည်ကို မြင်သောအခါ ချန်ချင်းသည် နောက်ဆုံးတွင် ရပ်တန့်ပြီး ပြောလိုက်၏။
"မင်းတို့ နောက်ယောင်ခံနေတာ တော်တော်ကြာပြီ... လူလုံးပြဖို့ မစဉ်းစားဘူးလား..."
ဤစကားကို ကြားသောအခါ ထိုလူများ၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ ထို့နောက် သူတို့ ဂုဏ်ယူခဲ့သော နောက်ယောင်ခံနည်းလမ်းများသည် ချန်ချင်း၏ရှေ့တွင် လုံးဝအသုံးမဝင်ကြောင်း သူတို့ နားလည်သဘောပေါက်သွားသည်။ သူသည် သူတို့ကို ယခင်ကတည်းက ရှာဖွေတွေ့ရှိခဲ့လေ၏။
သူတို့ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သည့်အပြင် အနီးအနားတွင် လူအနည်းငယ်သာ ရှိသဖြင့် သူတို့သည် ဆက်လက်ပုန်းအောင်းနေရန် မရည်ရွယ်တော့ချေ။
သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြပေသည်။
'ဒီလောက်တောင် များတာလား...'
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှားချင်းယွဲ့သည် အနည်းဆုံး လူငါးဆယ်ခန့် ရှိမည်ဟု အကြမ်းဖျင်း ခန့်မှန်းလိုက်၏။
"ကောင်လေး... မင်းရဲ့ နောက်ခံကို ငါတို့ သိပြီးပြီ... မဟာဝူနိုင်ငံ ဝန်ကြီးချုပ်ရဲ့ သား ချန်ချင်း မဟုတ်လား.."
"ဒီလို ကောင်းကင်ကို အန်တုတဲ့ အခွင့်အရေးမျိုးကို ရဖို့ မင်းက ဘယ်လို ကံကောင်းမှုမျိုး ရှိခဲ့လဲဆိုတာ ငါ မသိပေမဲ့... တကယ်လို့ မင်း မသေချင်ရင်... အဲ့ဒီအခွင့်အရေးကို လိမ်လိမ်မာမာနဲ့ လွှဲပေးလိုက်... ဒါဆို မင်းရဲ့ အသက်ကို ငါတို့ ချမ်းသာပေးမယ်..."
လူတစ်ယောက်က ရှေ့သို့ထွက်လာပြီး အော်ဟစ်လိုက်သည်။
ချန်ချင်းသည် သူ၏ဘယ်ဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်လိုက်သည်နှင့် ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ် သည် သူ၏ လက်ထဲတွင် အလိုအလျောက် ထွက်ပေါ်လာသည်။
ထိုအရာထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် သေခြင်းတရားချီများသည် ပတ်ဝန်းကျင်လေထုကို ချက်ချင်းဆိုသလိုပင် အဆပေါင်းများစွာ ပို၍အေးစက်သွားစေခဲ့လေ၏။
လူတိုင်းသည် ရေခဲလှိုဏ်ဂူတစ်ခုထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
အရိုးထဲထိ စိမ့်ဝင်သွားမည့် အအေးဒဏ်...
ချန်ချင်းသည် အော်ဟစ်လိုက်သောလူကို ကြည့်လိုက်ချိန်၌ ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ်သည် အလိုအလျောက် စာမျက်နှာလှန်သွားပြီး ထိုလူ၏ နာမည်ရှိသော စာမျက်နှာကို ဖော်ပြလေသည်။
"လင်းရှောင်..."
"မင်း... မင်းက ငါ့ရဲ့နာမည်ကို ဘယ်လို သိတာလဲ..."
ထိုလူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်နှစ်ခုလုံး တုန်ယင်သွားသည်။ သူ၏နာမည်မှာ အမှန်တကယ်ကို လင်းရှောင်ပင်။
"ဒါက ပြောဖို့တောင် လိုလို့လား... သူ့ရဲ့လက်ထဲက ထူးဆန်းတဲ့ စာအုပ်နဲ့ သေချာပေါက် သက်ဆိုင်နေရမယ်..."
ဤလူစုကို ထိုမျှထိ ရှင်းပြနေရန် ချန်ချင်းအတွက် မလိုအပ်ချေ။ သူက ညာဘက်လက်ကို မြှောက်လိုက်သည်နှင့် စုတ်တံတစ်ချောင်းက လေထုထဲမှ ထွက်ပေါ်လာသည်။
သူသည် စုတ်တံကို ကိုင်ကာ "လင်းရှောင်" ဟူသော စကားလုံးများပေါ်တွင် တင်လိုက်ပြီး အောက်သို့ မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။
"လင်းရှောင်" ဟူသော စကားလုံးများသည် မင်များဖြင့် လုံးဝဖုံးကွယ်သွားသောအခါ အဝေးတွင် ရပ်နေသော လင်းရှောင်သည် ချည်မျှင်ကဲ့သို့ ချက်ချင်းပျော့ခွေသွားပြီး မြေကြီးပေါ်သို့ လဲကျသွားခဲ့လေ၏။
"အစ်ကိုလင်း..."
သူ၏အဖော်များက ရှေ့သို့ ပြေးလာပြီး အကြိမ်အနည်းငယ် ခေါ်ကြည့်ကြသည်။ ဤသည်မှာ အသုံးမဝင်ကြောင်း သိပြီးနောက် သူတို့သည် လင်းရှောင်၏ နှာခေါင်းအောက်သို့ လက်ချောင်းတစ်ချောင်းကို တုန်ရီစွာ ဆန့်ထုတ်လိုက်သည်။
အချိန်တခဏအကြာတွင် ထိုလက်သည် လျှပ်စီးမိုးကြိုးဖြင့် ပစ်ခတ်ခံရသကဲ့သို့ လျှင်မြန်စွာ နောက်ဆုတ်သွားပြီး သူက ထိတ်လန့်တကြား ပြောလိုက်၏။
"သေပြီ... သူ သေသွားပြီ..."
"သေပြီလား... သူ ဘယ်လို သေသွားတာလဲ..."
"ငါ့ကို မကြည့်နဲ့... ငါ မသိဘူး..."
"ဒါက သေချာပေါက် သူရဲ့လက်ထဲက စာအုပ်က ဒုက္ခပေးနေတာပဲ... မြန်မြန်... အဲ့ဒါကို မြန်မြန် လုယူကြစမ်း..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော လူများ၏မျက်လုံးများ စူးရှတောက်ပလာတော့သညိ။ ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ် သည် မည်သည့်အရာဖြစ်သည်ကို သူတို့ မသိသော်လည်း ထိုအရာကို အရင်လုယူရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။
ကျိုးထျန်း..ကျောက်ချွမ်...လီစန်း...
ချန်ချင်းသည် ခြေတစ်လှမ်းမျှ နောက်မဆုတ်ဘဲ မတ်မတ်ရပ်ကာ စုတ်တံကို ကိုင်ဆောင်ပြီး နာမည်များအား တစ်ခုပြီးတစ်ခု ဖျက်ပစ်ခြင်းကိုသာ အာရုံစိုက်နေလေ၏။
ထိုလူများသည် လင်းရှောင်ကဲ့သို့ လျင်မြန်စွာ အဆုံးသတ်သွားကြပြီး ပြေးနေရင်းဖြင့် ရုတ်တရက် သူတို့၏ ခန္ဓာကိုယ်များ ပျော့ခွေသွားကာ မြေကြီးပေါ်သို့ လဲကျသွားပြီး နောက်ထပ်တုံ့ပြန်မှု မရှိတော့ချေ။
ထိုကဲ့သို့လူများ ပို၍ပို၍ များပြားလာသည်။
မျက်စိတစ်မှိတ်အတွင်း လူငါးဆယ်ကျော်အနက် လေးယောက်သာ ကျန်ရှိတော့သည်။
"မိစ္ဆာကျင့်ကြံသူ... သူက မိစ္ဆာကျင့်ကြံသူပဲ ဖြစ်ရမယ်... မြန်မြန်... ထျန်းလုံမြို့ ရဲ့ မြို့တော်ဝန်ကို သွားပြောကြ..."
တစ်စုံတစ်ယောက်က နောက်ပြန်လှည့်ကာ အော်ဟစ်လိုက်ပြီး မယုံနိုင်လောက်အောင် မြန်ဆန်စွာ ပြေးထွက်သွားသည်။
သို့သော် သူထံ၌ တစ်ရက်လျှင် မိုင်တစ်ထောင် ခရီးသွားနိုင်သော စွမ်းရည် ရှိလျှင်ပင် ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ် တရားစီရင်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
စုတ်တံတစ်ချက် ဆွဲလိုက်ရုံဖြင့် သူ၏အသက်နှင့် တာအိုသည် ငြိမ်းသတ်ခြင်း ခံလိုက်ရပေ၏။