← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) တက်ရောက်စာရင်းသွင်းခြင်း...စောင့်ကြည့်ကြေးမုံရတနာ

ချန်ချင်းက စုတ်ချကါအနည်းငယ် ဆွဲလိုက်ရုံဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို တပ်မက်သော လူဆိုးများ အားလုံး ယမမင်းနှင့်တွေ့ဆုံရန် ပို့ဆောင်ခြင်း ခံလိုက်ရလေ၏။

'ဘယ်လောက်တောင် အားကောင်းတဲ့ မှော်ရတနာ လဲ... အဲ့ဒါက အသက်တွေကို မြန်မြန်ဆန်ဆန် နှုတ်ယူနိုင်တာပဲ...'

မည်သည့် စိတ်ဝိညာဉ်စွမ်းအင် အတက်အကျမျှ မဖြစ်ပေါ်စေဘဲ မီတာဒါဇင်ပေါင်းများစွာ အကွာအဝေးမှ လူများ၏ အသက်များကို ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်က မည်သို့ အတင်းအကျပ် နှုတ်ယူသွားသည်အား ရှားချင်းယွဲ့ နားမလည်နိုင်သေးချေ။

ထိုအလောင်းများထံမှ တန်ဖိုးရှိသော ပစ္စည်းများ အားလုံးကို သိမ်းဆည်းရန် ချန်ချင်းက အရိပ်ရုပ်သေးရုပ်များကို စေလွှတ်လိုက်၏။

ထျန်းကျီလေလံပွဲတွင် ပါဝင်ရန်အတွက် ထျန်းလုံမြို့ သို့ လာနိုင်သူများသည် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများစွာကို သယ်ဆောင်လာကြပေသည်။

ထိုအရာများကို သိုလှောင်အိတ်ထဲသို့ ထည့်ပြီးနောက် ရှားချင်းယွဲ့၏အကြည့်သည် သူ၏ လက်ထဲရှိ ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ်အပေါ်တွင် သံသယနှင့် သိချင်စိတ်များအပြည့်ဖြင့် စိုက်ကြည့်နေသည်အား သူ သတိပြုမိသွားသည်။

သူမ မမေးမီမှာပင် ချန်ချင်းက တက်တက်ကြွကြွ ရှင်းပြလိုက်သည်။

"ဒီပစ္စည်းကို ယမမင်းရဲ့သေခြင်းရှင်ခြင်းစာအုပ်လို့ ခေါ်တယ်... အဲ့စာအုပ်ပေါ်မှာ နာမည် တစ်ခု ရှာတွေ့နိုင်သရွေ့... ငါက စုတ်ချက်တစ်ချက် ဆွဲလိုက်တာနဲ့ အဲ့ဒီလူရဲ့ သက်တမ်းက ချက်ချင်းအဆုံးသတ်သွားလိမ့်မယ်..."

"စုတ်ချက်တစ်ချက် ဆွဲလိုက်တာနဲ့ သက်တမ်းက ချက်ချင်းအဆုံးသတ်သွားတာလား..."

ဤစကားများ ချန်ချင်း၏ ပါးစပ်မှ ထွက်လာချိန်၌ ဤသည်က ရှားချင်းယွဲ့ကိုယ်တိုင် တွေးတောထားသော အဖြေထက် များစွာပို၍ အံ့အားသင့်ဖွယ်ကောင်းနေသည်။

"ဒါဆို... လူတစ်ယောက်ရဲ့ နာမည်က ဒီယမမင်းရဲ့ သေခြင်းရှင်ခြင်းစာအုပ်ပေါ်မှာ ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာနိုင်တာလဲ..."

ရှားချင်းယွဲ့က ဆက်မေးလိုက်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ချန်ချင်းက ခေါင်းခါလိုက်ပြီး သူ ရှင်းရှင်းလင်းလင်း မသိကြောင်း ပြသကာ ထပ်မံ၍ ပြောဆိုသည်။

"ဒါပေမဲ့... ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးက လူတိုင်းရဲ့ နာမည်တွေက ဒီစာအုပ်ထဲမှာ ရှိတယ်..."

"ထိပ်တန်းကျွမ်းကျင်သူတွေ အပါအဝင်လား..."

ရှားချင်းယွဲ့၏ သိချင်စိတ်ပြင်းပြမှုသည် သူမ၏မျက်နှာတပြင်လုံးတွင် အထင်းသား ပေါ်လွင်နေပေ၏။

"မဟာဧကရာဇ်တွေတောင် ချွင်းချက် မဟုတ်ဘူး..."

ချန်ချင်းက ပို၍တိုက်ရိုက်ကျသော အဖြေကို အသုံးပြုလိုက်သည်။

မဟာဧကရာဇ်များ၏ နာမည်များပင် ထိုစာအုပ်ထဲတွင် ရှိနေသည်။ တခြားသူများ မည်မျှထိ အားကောင်းစေကာမူ မဟာဧကရာဇ်တစ်ပါးထက် ပို၍သန်မာအားကောင်းနိုင်မည်လော။

"..."

ရှားချင်းယွဲ့သည် စကားမပြောဘဲ သူမ၏မျက်လုံးများတွင် အံ့အားသင့်မှုများ ထင်ဟပ်နေသည်။

အစပိုင်းတွင် မဟာဧကရာဇ်တစ်ပါး၏ ကျင့်ကြံခြင်း သည် သူမခင်ပွန်း၏ ကြောက်မက်ဖွယ်အကောင်းဆုံး ဝှက်ဖဲဖြစ်သည်ဟု သူမ ထင်မှတ်ခဲ့သည်။ သို့ရာတွင် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသောအရာမှာ "သေခြင်းရှင်ခြင်း" ဟု အမည်ရသော သူ၏လက်ထဲရှိ ဤထူးဆန်းသောစာအုပ် ဖြစ်နေလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။

မဟာဧကရာဇ်တစ်ပါး၏ ရှင်သန်မှုနှင့်သေဆုံးမှုကိုပင် စုတ်ချက်တစ်ချက်ဖြင့် ဆုံးဖြတ်နိုင်ခြင်းက ရှားချင်းယွဲ့၏ နားလည်နိုင်စွမ်းထက် အမှန်တကယ်ကို ကျော်လွန်နေသည်။

'ဒီလောကမှာ... လက်ဝါးတစ်ချက်တည်းနဲ့ မဟာဧကရာဇ်တစ်ပါးကို ချက်ချင်း သတ်နိုင်တယ်လို့ ပြောရဲတဲ့သူက ငါ့ရဲ့ခင်ပွန်းကလွဲပြီး ဒုတိယလူ မရှိလောက်ဘူး...'

ရှားချင်းယွဲ့၏ ချစ်မြတ်နိုးသော အကြည့်ကို ခံစားမိသဖြင့် ချန်ချင်းသည် အလွန်စိတ်ကျေနပ်နေပေ၏။

သူ၏လက်ချောင်းငါးချောင်းကို ဆုပ်လိုက်ရာ ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ် ပျောက်ကွယ်သွားသည်။

ညမမှောင်မီ အချိန်ကို အခွင့်ကောင်းယူကာ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် မြို့ထဲတွင် လမ်းလျှောက်ကာ ပျော်ရွှင်စွာ စကားပြောဆိုရင်း တစ်ခါတစ်ရံ စားသောက်ကြသည်။ ချန်ချင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ၊ နားလည်နိုင်စွမ်းအမှတ်နှင့် အမျိုးမျိုးသော အရည်အချင်းအမှတ်များကဲ့သို့ ဇနီးသည်အား အလိုလိုက်ခြင်းအတွက် ဆုလာဘ်များကို အဆက်မပြတ် ရယူနေခဲ့သည်။

ညရောက်လာချိန်၌ သူတို့နှစ်ဦးသည် တည်းခိုခန်းတွင် တည်းခိုခြင်း မပြုခဲ့ကြချေ။ ချန်ချင်း၏အချိန်လေဟာနယ် သူတော်စင်ရုပ်ခန္ဓာကိုယ်ကြောင့် ကူးပြောင်းရေးတံခါးတစ်ခု ဖွင့်လှစ်ကာ သူတို့ကို ချန်အိမ်တော်သို့ ချက်ချင်းပြန်ပို့ပေးခဲ့သည်။

တည်းခိုခန်းသည် မည်မျှထိ ကောင်းမွန်နေပါစေ အိမ်မှာ နေရသလောက် မည်သို့မျှ သက်သောင့်သက်သာ မရှိချေ။

သူတို့သည် ရေချိုးပြီးနောက် သူတို့နှစ်ဦးသား ပွေ့ဖက်ကာ အိပ်ပျော်သွားကြ၏။

မကြာမီကမှ ရှားချင်းယွဲ့သည် လက်မထပ်လိုခဲ့သော်လည်း ယခုအချိန်၌ ချန်ချင်း၏ပွေ့ဖက်မှုသည် အလွန်နွေးထွေးပြီး လုံခြုံသည်ဟု သူမ ခံစားရကာ သူ့ကို မဖက်တွယ်ဘဲ မနေနိုင်တော့ချေ။

ဤအချိန်တွင် အိပ်ပျော်နေပြီဖြစ်သော ချန်ချင်းကို ကြည့်လိုက်ကာ ရှားချင်းယွဲ့သည် သူမ၏စိတ်နှလုံးသားထဲတွင် ဟာလာဟင်းလင်းဖြစ်နေမှုကို အမြဲတစေ ခံစားနေရသည်။

ဒီညတော့... လို့ သူမ ထင်ခဲ့မိတာ...။

ထို့နောက် သူမထံတွင် ထိုကဲ့သို့ အတွေးမျိုး ရှိနေကြောင်း သတိပြုမိသွားသောအခါ ရှားချင်းယွဲ့၏ ပါးပြင်များ လျှင်မြန်စွာ နီရဲသွားခဲ့လေ၏။

တာ့မန်တောင်တန်း... အမည်မသိ အင်မော်တယ်လှိုဏ်ဂူ...

ယဲ့ဖုန်းက သူ၏ငယ်ချစ်ဦးသည် လက်ရှိတွင် တခြား အမျိုးသားတစ်ဦး၏ ပွေ့ဖက်ခြင်းကို ခံနေရပြီး အိပ်ယာတစ်ခုတည်းကို မျှဝေသုံးစွဲနေကြောင်း လုံးဝမသိရှိခဲ့ချေ။

ဤအချိန်တွင် သူသည် မကြာသေးမီက အဆင့်ချိုးဖျက်ဝင်ရောက်မှုမှ တလိမ့်လိမ့်ထနေသော သွေးချီစွမ်းအားကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့လေ၏။

ယခုအချိန်၌ သူသည် စိတ်ဝိညာဉ်ထွက်ပေါ်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် ခြေလှမ်းတစ်ဝက်ခန့်သာ လိုအပ်တော့သည်။

သို့သော် အချိန်ကျရောက်လာလေပြီ။ စနစ်မျက်နှာပြင်ကို ဖွင့်ပြီး တက်ရောက်စာရင်းသွင်းခြင်းကို အသစ်စတင်ခြင်းက စိတ်ဝိညာဉ်ထွက်ပေါ်ခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းထက် သူ့အတွက် ပို၍အရေးကြီးသည်။

သူက စနစ်မျက်နှာပြင်ကို ဆင့်ခေါ်ယူလိုက်သည်။

[နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်းကို ဖွင့်လိုပါသလား...]

တက်ရောက်စာရင်းသွင်းမယ်...

[တက်ရောက်စာရင်းသွင်းနေပါသည်...]

[တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က စောင့်ကြည့်ကြေးမုံရတနာကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]

"စောင့်ကြည့်ကြေးမုံရတနာလား... ဒါက ဘာပစ္စည်းလဲ..."

ယဲ့ဖုန်းက သူ၏ နားမလည်နိုင်မှုကို ဖော်ပြလိုက်သည်။

သူသည် အသေးစိတ်ဖော်ပြချက်ကို ကြည့်ရန် နှိပ်လိုက်၏။

[စောင့်ကြည့်ကြေးမုံရတနာ...သတ်မှတ်ထားသော အကွာအဝေးအတွင်းရှိ မြင်ကွင်းများကို လွတ်လပ်စွာ စောင့်ကြည့်ရန် အသုံးပြုနိုင်သည်... စောင့်ကြည့်နိုင်သော အကွာအဝေးက အိမ်ရှင်၏စွမ်းအားနှင့်အတူ တိုးလာပါလိမ့်မည်...]

"ဒါက ဟင်းလင်းပြင်ကို ချောင်းကြည့်တဲ့ မှော်ရတနာ တစ်ခုပေါ့..."

ယဲ့ဖုန်း အနည်းငယ် စိတ်ပျက်သွားခဲ့လေ၏။ အပြင်ဘက် အခြေအနေကို စောင့်ကြည့်ခြင်းထက် ဆေးလုံး များကဲ့သို့ ကျင့်ကြံခြင်း တိုးတက်မှုနှင့် သက်ဆိုင်သော ဆုလာဘ်များကို တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိရန် သူ မျှော်လင့်ခဲ့သည်။

"ဒီစောင့်ကြည့်ကြေးမုံရတနာက အတားအဆီး ရဲ့ အပြင်ဘက်က မြင်ကွင်းတွေကို ကြည့်လို့ ရမလား မသိဘူး..."

ယဲ့ဖုန်းက စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် လူအရပ်ခန့် အရှည်ရှိသော စောင့်ကြည့်ကြေးမုံရတနာကို ထုတ်ယူလိုက်ရာ ထိုအရာသည် သူ၏ရှေ့တွင် မျောလွင့်နေပေ၏။

သူ၏စိတ်မှ ထိန်းချုပ်မှုဖြင့် မြင်ကွင်းသည် အင်မော်တယ်လှိုဏ်ဂူအတွင်းမှ ဂူအဝင်ဝ၏အပြင်ဘက်သို့ ချက်ချင်းပြောင်းလဲသွားသည်။

ဤနေရာနှင့် အနည်းငယ်ဝေးကွာသော နေရာတွင် တောင်ပေါ်သစ်တော မြင်ကွင်းတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

ထို့ထက်ပို၍ ဝေးကွာသောနေရာတွင် သမင်တစ်ကောင် မြက်စားနေသည်ကို သူ မြင်တွေ့နိုင်ပြီး ထိုသတ္တဝါသည် ချောင်းကြည့်ခံနေရကြောင်း လုံးဝမသိရှိချေ။

"အဲ့ဒါက တကယ်ကြီး အလုပ်ဖြစ်တာပဲ..."

ယဲ့ဖုန်း အလွန်ဝမ်းသာသွားသည်။

အစပိုင်းတွင် စောင့်ကြည့်ကြေးမုံရတနာသည် အတားအဆီး အပြင်ဘက်တွင် အလုပ်လုပ်မည် မဟုတ်ဟု သူ ထင်မှတ်ခဲ့သော်လည်း သူကိုယ်တိုင် စမ်းသပ်ကြည့်ပြီးနောက် သူ၏သံသယများ လုံးဝပျောက်ကွယ်သွားခဲ့သည်။

"ဒါက အရမ်း ကောင်းတာပဲ... ဒီမှော်ရတနာနဲ့ဆိုရင်... အဖေ ညီမလေးနဲ့ ရှားချင်းယွဲ့တို့ရဲ့ အခြေအနေကို ငါ သိနိုင်တော့မယ်..."

သို့သော် အဖြစ်မှန်မှာ ယဲ့ဖုန်း စိတ်ကူးထားသကဲ့သို့ အဆင်​​​ပြေချောမွေ့မနေခဲ့ချေ။

သူ စောင့်ကြည့်နိုင်သော အကွာအဝေးသည် တောင်များစွာကို ဖြတ်ကျော်ပြီးနောက် ရှေ့သို့ဆက်မသွားနိုင်တော့ချေ။

"ထူးဆန်းတယ်... ဘာလို့ ဒီလို ဖြစ်ရတာလဲ..."

စိတ်ရှုပ်ထွေးမှုများကြား၌ ယဲ့ဖုန်း၏ဘေးဘက် အမြင်အာရုံသည် စနစ်မျက်နှာပြင်ပေါ်ရှိ စောင့်ကြည့်ကြေးမုံရတနာ၏ ရှင်းလင်းချက်ကို တွေ့မြင်မိသည်။

"စောင့်ကြည့်နိုင်တဲ့ အကွာအဝေးက အိမ်ရှင်ရဲ့စွမ်းအားနဲ့အတူ တိုးလာလိမ့်မယ်..."

သူ တိုးညှင်းစွာ ရေရွတ်လိုက်၏။

"ကြည့်ရတာတော့ ငါ့ရဲ့ညီမလေးနဲ့ ရှားချင်းယွဲ့ကို ကြည့်ဖို့အတွက် ဒီရတနာရဲ့လွှမ်းခြုံမှုကို ချဲ့ထွင်ဖို့ ငါ့ရဲ့ စွမ်းအားကို အရင်မြှင့်တင်ဖို့ လိုသေးတာပဲ..."

ယဲ့ဖုန်း လုံးဝစိုးရိမ်မနေခဲ့ချေ။ သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းကို သူ အလွန်ယုံကြည်မှု ရှိနေပြီး ဤသည်က အချိန်သာ လိုအပ်သည်။

အနည်းဆုံးအနေဖြင့် ဤ စောင့်ကြည့်ကြေးမုံရတနာ ကြောင့် သူသည် အပြင်ဘက်ရှိ လှပသော မြင်ကွင်းများကို မြင်တွေ့နိုင်သဖြင့် အလွန်ပျင်းရိငြီးငွေ့ဖွယ် ကောင်းတော့မည် မဟုတ်ချေ။

သူသည် စောင့်ကြည့်ကြေးမုံရတနာကို ပိတ်လိုက်၏။

ယဲ့ဖုန်းသည် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံခြင်း တွင် ဆက်လက်၍ နစ်မြောနေတော့သည်။

သူသည် ကျင့်ကြံရန် ပို၍စိတ်အားထက်သန်နေသည်မှာ သိသာရှင်းလင်းလှသည်။

အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။

ရှားချင်းယွဲ့က သူမ၏မျက်လုံးများကို ဖွင့်လိုက်ရာ ချန်ချင်း အိပ်ပျော်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

သူမသည် သူ့ကို မနှောင့်ယှက်ဘဲ သူ၏ မျက်နှာကို တိတ်တဆိတ် ငေးမောကြည့်နေခဲ့လေ၏။

"ဒီလောကမှာ ဒီလောက်တောင် ရုပ်ရည်ချောမောခန့်ညားတဲ့ လူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ..."

ရှားချင်းယွဲ့သည် ချန်ချင်း၏ မျက်နှာကို ကြည့်လေလေ ပို၍ချောမောခန့်ညားလာပြီး သူမ၏စိတ်နှလုံးသားကို ထိမိလေလေဖြစ်သည်ဟု အမှန်တကယ်ပင် ခံစားလိုက်ရသည်။

"တကယ်လို့ ငါ့ရဲ့ဇနီးလေးက ငါ့ကို ဒီလို ချီးကျူးနေမယ်ဆိုရင်... ငါ့ရဲ့မျက်နှာ နီရဲသွားလိမ့်မယ်..."

ချန်ချင်းက ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

"ရှင်... ရှင် နိုးနေတာလား..."

ရှားချင်းယွဲ့၏နှလုံးသားမှာ လန့်ဖျပ်သွားသော ယုန်လေးတစ်ကောင်ကဲ့သို့ တဒိတ်ဒိတ် ခုန်သွားခဲ့လေ၏။

"တကယ်လို့ ငါက အိပ်ချင်ယောင်မဆောင်ရင်... ငါ့ဇနီးလေးရဲ့ ခံစားချက်အစစ်အမှန်တွေကို ငါ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ..."

ချန်ချင်းက အပြုံးနှင့် ပြောဆိုသည်။

"ခင်ပွန်း... ရှင် ထျန်းကျီလေလံပွဲကို သွားရအုံးမယ် မဟုတ်လား... မျက်နှာသစ်ဖို့ မြန်မြန် ထပါ..."

ရှားချင်းယွဲ့က အလျင်အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သူမ နောက်တစ်ကြိမ် စနောက်ခံရမည်ကို သူမ နားလည်သဘောပေါက်ပေ၏။

"ငါ သိပ်ပြီးအားမရှိသလို ခံစားရတယ်..."

'အားမရှိဘူးလား...'

ချန်ချင်း နေမကောင်းဖြစ်နေသလောဟု ရှားချင်းယွဲ့က မေးမြန်းရန် ဟန်ပြင်လိုက်သည်။

ထို့နောက် သူ ပြောဆိုလိုက်သည်ကို သူမ ကြားမိလေ၏။

"တကယ်လို့ ကောင်းကင်နတ်မိမယ်လေးလို လှပတဲ့ ဇနီးလေးတစ်ယောက်က ငါ့ကို နမ်းမယ်ဆိုရင်... ငါ အားရှိလာမယ် ထင်တယ်..."

"ကောင်းကင်နတ်မိမယ်လို လှပတဲ့ ဇနီးလေး တစ်ယောက်..."

ရှားချင်းယွဲ့သည် ချန်ချင်းကို ကျီစယ်သည့်အလား စိုက်ကြည့်လိုက်၏။

သူ၏ ရည်ရွယ်ချက်ကို သိသဖြင့် ရှားချင်းယွဲ့သည် သူမ၏ဝဲကျနေသော ဆံပင်တစ်မျှင်ကို နားနောက်သို့ သပ်တင်ကာ ခေါင်းငုံ့ပြီး ချန်ချင်း၏အနီးသို့ ချဥ်းကပ်သွားခဲ့သည်။

"ခင်ပွန်း... အခုဆိုရင် ရှင် အားရှိနေလောက်ပြီ မဟုတ်လား..."

ရှားချင်းယွဲ့က၏လှပသော မျက်လုံးများ တောက်ပနေကာ တိုးညှင်းသောလေသံဖြင့် မေးလိုက်၏။

"ငါ့ဇနီးလေးရဲ့ ဒီအနမ်းက အမြင့်ဆုံး ရတနာဆယ်ခု နဲ့တန်တယ်... ခဏနေရင် အဲ့ဒါတွေ အားလုံးကို ငါ ဝယ်ပြီးတော့ ငါ့ရဲ့ဇနီးလေးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပြန်ပေးမယ်..."

ချန်ချင်းသည် ရတနာများအတွက် ငွေဖြုန်းရန် နောက်ထပ် အကြောင်းပြချက်ကောင်းတစ်ခုကို ရှာတွေ့သွားသည်။

All Chapters