← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) ချီလင်ကို သတ်ဖြတ်ခြင်း

"ရှင် ပြောသလောက် ပိုလွန်းနေတာတော့ မဟုတ်ပါဘူး..."

ရှားချင်းယွဲ့သည် ချန်ချင်း နောက်ပြောင်နေသည်ဟုသာ တွေးထင်ပြီး သူ၏စကားကို အလေးအနက် မထားခဲ့ချေ။

ချန်ချင်းက အတည်ပြောနေကြောင်းကို သူမ မသိခဲ့ပေ။

သူတို့နှစ်ဦးသည် အဝတ်အစားလဲကာ လျှင်မြန်စွာ မျက်နှာသစ်ပြီးနောက် အချိန်လေဟာနယ် သူတော်စင်ရုပ်ခန္ဓာကိုယ်က ပံ့ပိုးပေးသော ကူးပြောင်းရေးတံခါးကို အသုံးပြုကာ မဟာဝူနိုင်ငံမှ ထျန်းလုံမြို့ သို့ ချက်ချင်းကူးပြောင်းသွားကြ၏။

ထျန်းကျီလေလံမြို့တော်သို့ ရောက်ရှိသောအခါ ချန်ချင်း၏ခါးတွင် ချိတ်ဆွဲထားသော အမြင့်ဆုံး အထူးဧည့်သည်တော် ကျောက်စိမ်းတံဆိပ်ပြားကို မြင်တွေ့ချိန်၌ အစေခံ၏အပြုံးသည် မယုံနိုင်လောက်အောင် တောက်ပနေခဲ့သည်။

ဤကျောက်စိမ်းတံဆိပ်ပြား မရှိလျှင်ပင် အစေခံသည် ချန်ချင်းကို တားဆီးဝံ့ခြင်း ရှိမည်မဟုတ်ဘဲ သူ၏ အထောက်အထားကို သက်သေပြရန်အတွက် ဖိတ်စာပြရန် တောင်းဆိုရဲမည် မဟုတ်ချေ။

ယမန်နေ့က လေလံမြို့တော်တွင် ချန်ချင်က အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကျော် သုံးစွဲခဲ့သည့် မြင်ကွင်းကို အမှတ်ရတိုင်း အစေခံသည် အလွန်အမင်း ထိတ်လန့်နေဆဲပင်။

"ကျီ..."

သို့သော် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ခြေလှမ်းလှမ်းကာ လှေကားထစ်များပေါ်သို့ တက်ပြီး ထျန်းကျီလေလံမြို့တော်ထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်ချိန်မှာပင် ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်၏ ဟိန်းဟောက်သံက သူတို့၏နားထဲသို့ ဝင်ရောက်လာသည်။

ထိုဟိန်းဟောက်သံသည် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဟင်းလင်းပြင်ကို အနည်းငယ် တွန့်လိမ်သွားစေကာ သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားချိန်၌ လေညှင်းလေးတစ်ခု သူတို့၏မျက်နှာကို လာရောက်ပွတ်သပ်သကဲ့သို့ အနည်းငယ် ထိတွေ့သွားမှုကို ခံစားနိုင်လေ၏။

လူအများသည် သူတို့၏ နားများကို ပိတ်ကာ ရပ်တန့်ပြီး အသံလာသော ဦးတည်ရာသို့ ကြည့်လိုက်ကြသည်။

"ဒါ... ဒါက သူတော်စင်သားရဲ ချီလင်ပဲ..."

"ချီလင်ရဲ့ ကျောပေါ်မှာ တစ်ယောက်ယောက် စီးလာသလိုပဲ... ချီလင်တစ်ကောင်ကို ဘယ်သူကများ ထိန်းချုပ်နိုင်မှာလဲ..."

တစ်စုံတစ်ယောက်က သူ၏မျက်လုံးများကို မှေးစင်းကာ ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်၏။

"ဒါက ကျားဖြူနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား... ရှောင်လဲ့ ပဲ..."

"ကျားဖြူနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ဆိုတော့လည်း... အံ့အားသင့်စရာ မဟုတ်တော့ဘူး..."

"ဒီအိမ်ရှေ့စံမင်းသားက ငယ်ပေမဲ့... သူ့ရဲ့ ကျင့်ကြံခြင်းက အခြေတည်စစိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေပြီလို့ ငါ ကြားတယ်... သူက ရဲရင့်ပြီး ကျွမ်းကျင်တဲ့ စစ်သူကြီး တစ်ယောက်ဖြစ်ပြီးတော့ လူတစ်ယောက် သားရဲတစ်ကောင် လှံတစ်လက်တည်းနဲ့ သောင်းနဲ့ချီတဲ့ ရန်သူတွေကို သတ်ခဲ့ဖူးတယ်..."

"အမှန်ပဲ... သူက အရမ်းအစွမ်းထက်တယ်..."

လူအုပ်ကြီး၏ တုံ့ပြန်မှုများကို နားထောင်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ရှောင်လဲ့သည် အလွန်စိတ်ကျေနပ်နေခဲ့လေ၏။

ဤတစ်ကြိမ်တွင် သူသည် ရတနာများအား ယှဉ်ပြိုင်ရယူရန်အတွက် ထျန်းကျီလေလံပွဲတွင် ပါဝင်ရန် ကျားဖြူနိုင်ငံကို ကိုယ်စားပြု၍ လာခဲ့သဖြင့် သူ နှိမ့်ချနေ၍ မချေ။ ကျားဖြူနိုင်ငံနှင့် အိမ်ရှေ့စံမင်းသားဖြစ်သော သူ၏စွမ်းအားကို လူအများအား သိစေရပေမည်။

ထို့ကြောင့် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်နှင့် သူ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့ကို အသိပေးရန်အတွက် ချီလင်ကို ရူးသွပ်စွာ ဟိန်းဟောက်ရန် သူ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဤသည်မှာ ထိုလူများကို သတိပေးရန် ကောင်းမွန်သော နည်းလမ်းတစ်ခုပင်။

သူတော်စင်သားရဲတစ်ကောင်အနေဖြင့် ချီလင်၏ ခြိမ်းခြောက်နိုင်သော ဟိန်းဟောက်သံသည် လူအများ၏စိတ်ဝိညာဥ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိလေ၏။

ရှားချင်းယွဲ့၏မျက်ခုံးများ အနည်းငယ် တွန့်သွားသည်ကို ချန်ချင်းက သတိပြုမိသွားသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း သူသည် ချီလင်၏ ရှေ့သို့ ရောက်ရှိသွားသည်။

"ဟေ့ကောင်... မင်းက သေချင်နေတာလား... ဖယ်စမ်း..."

ချန်ချင်းက သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏လမ်းကို ပိတ်ဆို့နေသည်အား မြင်သောအခါ ရှောင်လဲ့က အော်ဟစ်လိုက်သည်။

ချန်ချင်းသည် သူ၏လက်ကို မြှောက်ကာ လေထဲတွင် သူ၏လက်ချောင်းငါးချောင်းကို ဆုပ်လိုက်၏။

ဝုန်း...

ချန်ချင်းကို ခြိမ်းခြောက်ရန် ကြိုးစားနေပြီး အစွယ်များကို လှစ်ဟပြနေသော သူတော်စင်သားရဲချီလင်၏ ခေါင်းသည် ပေါက်ကွဲသွားပြီး နံရံပေါ်သို့ သွေးများ ဖြာကျသွားသည်။

"..."

ရှောင်လဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး နေရာတွင်ပင် အေးခဲတောင့်တင်းသွားခဲ့လေ၏။

သူ၏လျှာဖျားတွင် ရှိနေသော စကားလုံးများသည် အတင်းအကြပ် ဖြတ်တောက်ခံလိုက်ရပြီး ပြန်မျိုချလိုက်ရသည်။

ထို့နောက် ချီလင်၏ ခေါင်းမဲ့ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျလာခဲ့လေ၏။

မတုံ့ပြန်နိုင်သေးသော ရှောင်လဲ့သည် ချီလင်၏ ကျောပေါ်မှ လိမ့်ကျသွားပြီး သူ၏မျက်နှာနှင့် မြေကြီး ထိမှန်ကာ လဲကျသွားတော့သည်။

သူ အသိဝင်လာချိန်၌ သူသည် မြေကြီးပေါ်မှ ကုန်းရုန်းထကာ ချန်ချင်းကို လက်ညှိုးထိုးပြီး ​အော်ငေါက်လိုက်၏။

"မင်း... မင်းက ငါ့ရဲ့ အိမ်မွေးသားရဲကို သတ်ရဲတဲ့အထိ သတ္တိကောင်းလှချည်လား..."

"ဒါက ဒီသားရဲက ငါ့ရဲ့ဇနီးကို အနှောင့်အယှက် ပေးလို့ပဲ..."

ချန်ချင်းက အေးစက်တင်းမာစွာ ​တုံ့ပြန်လိုက်သည်။

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နဝမအဆင့် ဉာဏ်အလင်းပွင့်ခြင်း နတ်ဘုရား ဆေးလုံးအတွက် ဆေးညွှန်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]

ဉာဏ်အလင်းပွင့်ခြင်း နတ်ဘုရားဆေးညွှန်းကို ချန်ချင်း တစ်ချက်ကြည့်လိုက်ရာ ဤသည်မှာ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သော ဆေးလုံးတစ်လုံး ဖြစ်နေသည်။

ဆေးလုံး၏ အရည်အသွေး ပို၍မြင့်မားလေလေ နားလည်နိုင်စွမ်းတိုးတက်မှုက ပို၍ကြီးမားလေလေပင်။

သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက အထွတ်အထိပ် ဆေးပညာရှင်တစ်ဦးလည်း ဖြစ်နေသဖြင့် ဤဆုလာဘ်ရရှိခြင်းက တိုက်ဆိုင်လှသည်။

ထိုဆေးလုံးကို ဖော်စပ်ပြီးနောက် သူကိုယ်တိုင် အသုံးပြုနိုင်ရုံသာမက ရှားချင်းယွဲ့ကိုလည်း အသုံးပြုရန် ပေးနိုင်ပြီး ဆုလာဘ်များကို ရရှိနိုင်ပေမည်။

"ငါက ကျားဖြူနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားပဲ... တကယ်လို့ မင်းက ငါ့ရဲ့ အိမ်မွေးသားရဲကို သတ်ရဲတယ်ဆိုရင်... အဲ့ဒါက သေဒဏ်ပဲ..."

ရှောင်လဲ့သည် မူလက သူ့နိုင်ငံ၏ ဂုဏ်သိက္ခာကို ကြီးမားစွာ မြှင့်တင်ရန် သူတော်စင်သားရဲချီလင်ကို အသုံးပြုလိုခဲ့ခြင်းဖြစ်သည်။

ချန်ချင်း၏ လူသိရှင်ကြား စော်ကားခြင်းကို ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။ ဤစော်ကားမှုကို သူ လုံးဝမျိုသိပ်မထားနိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ချန်ချင်းကို ကလဲ့စားချေရပေမည်။

သူ၏ရင်ဘတ်ထဲရှိ ဤနာကြည်းမုန်းတီးမှုကို ဖယ်ရှားရန်အတွက် သူ စဉ်းစားနိုင်သော နည်းလမ်းမှာ တစ်ခုတည်းသာ ရှိပေ၏။ ဤသည်မှာ ချန်ချင်းကို သူ၏ အသက်နှင့် ပြန်ပေးဆပ်စေရန်ပင်။

"အစ်ကိုရှောင်... ဘာဖြစ်လို့လဲ..."

ဤစကားကို ကြားသောအခါ ရှောင်လဲ့သည် နောက်လှည့်ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့မြင်မိသည်။ ထိုလူမှာ တခြားသူမဟုတ်ဘဲ လိပ်နက် နိုင်ငံ၏ တော်ဝင်မင်းသား ဆူးပိုင်ပင်။

"အသေးအဖွဲ ကိစ္စလေးပါ... မသိနားမလည်တဲ့ ကောင်တစ်ကောင်က ငါ့ရဲ့ အိမ်မွေးသားရဲကို သတ်လိုက်တယ်..."

လိပ်နက်နိုင်ငံနှင့် ကျားဖြူ နိုင်ငံကြားတွင် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ရှိပြီး သူတို့သည် မဟာမိတ်များ ဖြစ်ကြ၏။ ရှောင်လဲ့နှင့်ဆူးပိုင်တို့ကြားရှိဆက်ဆံရေးမှာ မဆိုးလှသဖြင့် သူ ယဉ်ကျေးစွာ ဆက်ဆံခြင်းဖြစ်သည်။

"အမ်..."

ဆူးပိုင်က ချန်ချင်းထံသို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"မင်း လုပ်ခဲ့တာလား..."

ချန်ချင်းသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ တိတ်ဆိတ်နေပေ၏။

"တကယ့်ကို မောက်မာတဲ့ ကောင်ပဲ..."

ဆူးပိုင်သည် ရှောင်လဲ့ကို မျက်နှာသာပေးရန်အတွက် ဤအခွင့်အရေးကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

သူသည် သူ၏လက်ထဲရှိ ဇက်ကြိုးကို တင်းကြပ်စွာ ဆွဲလိုက်ရာ စူးရှသောဟီသံတစ်သံနှင့်အတူ မီးတောက် စစ်မြင်းသည် ရှေ့ခွာများကို မြင့်မားစွာ မြှောက်ကာ ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်၏။ မီးတောက် လှိုင်းတစ်ခုသည် ချက်ချင်းထွက်ပေါ်လာပြီး ချန်ချင်းဆီသို့ ပြေးဝင်သွားသည်။

ဤတော်ဝင်မင်းသားများသည် သူတို့၏စိတ်ဝိညာဉ်သားရဲများကို အသုံးပြု၍ တခြားသူများအား အနိုင်ကျင့်ရန် နှစ်သက်ကြသည်ကို မြင်သောအခါ ချန်ချင်းသည်လည်း ဝန်လေးမနေတော့ချေ။ စိတ်ဝိညာဉ်သားရဲဖြင့် တခြားသူများကို အနိုင်ကျင့်ခြင်း ဆိုသည်မှာ မည်သည့်အရာအားဆိုလိုကြောင်း သူတို့ကို အမှန်တကယ် ကြုံတွေ့ခံစားခွင့် ပေးလိုက်၏။

သူက ငရဲကိုးထပ် မသေမျိုးနဂါးကို ဆင့်ခေါ်လိုက်သည်။

ဝုန်း…

နောက်တစ်ခဏတွင် လောကကြီးသည် အရောင်ပြောင်းလဲသွားပေ၏။ အစောပိုင်းက ကြည်လင်နေသော ကောင်းကင်ကြီးသည် ချက်ချင်းဆိုသလိုပင် အနက်ရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး ထျန်းလုံမြို့တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။

ရုတ်ချည်းဆိုသလိုပင် ငရဲကိုးထပ် မသေမျိုးနဂါး၏ ဧရာမနဂါးခေါင်းကြီးသည် တိမ်ဝဲဂယက်၏အလယ်ဗဟိုမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ထို့နောက် နဂါးပါးစပ်ကြီး ပွင့်ဟလာပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော နဂါးဟိန်းသံတစ်သံက မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။

မီးတောက်စစ်မြင်းသည် သူတော်စင်သားရဲ တစ်ကောင်ဖြစ်သော်လည်း နဂါးမျိုးနွယ်စုဝင်တစ်ကောငါကို ရင်ဆိုင်ရသောအခါ သွေး​မျိုးဆက်ကြောင့် ဖိနှိပ်ခံရပြီး အညံ့ခံကာ ဒူးထောက်သွားခဲ့လေ၏။

ထိုမီးတောက်လှိုင်းအနည်းငယ်သည် ချန်ချင်း၏အနီးသို့ မရောက်မီမှာပင် နဂါးဟိန်းသံကြောင့် ဖြစ်ပေါ်လာသော လေပြင်းဖြင့် ငြိမ်းသတ်ခံလိုက်ရသည်။

"နှစ်တစ်သောင်းလား... မဟုတ်ဘူး... ဒါ... ဒါက နှစ်တစ်သိန်း ကျင့်ကြံခြင်းရှိတဲ့ နဂါးတစ်ကောင်ပဲ..."

ရှောင်လဲ့သည် နဂါး၏စွမ်းအားကို မခံနိုင်ဘဲ ဒူးတစ်ဖက် ထောက်နေရလေပြီ။

ဆူးပိုင်ကမူ မြင်းပေါ်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ဖရိုဖရဲ လဲကျသွားသည်။

နဂါး၏စွမ်းအားဖြင့် ဖိနှိပ်ခံထားရသဖြင့် သူ မထနိုင်တော့ဘဲ တော်ဝင်မင်းသားတစ်ပါး၏ခမ်းနားမှု လုံးဝကင်းမဲ့ကာ အလွန်သနားစရာကောင်းပုံ ပေါက်နေခဲ့လေ၏။

တော်ဝင်မင်းသားများပင် ဤသို့ ဖြစ်နေလျှင် တခြားသူများကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ကျင့်ကြံဆင့်နယ်ပယ်၌ ရှောင်လဲ့နှင့်ဆူးပိုင်တို့ထက် ပို၍မြင့်မားသော လူများပင်လျှင် ဤနတ်ဆိုးဘုရင် အဆင့် နတ်ဘုရားသားရဲကို ရင်ဆိုင်ရသောအခါ သူတို့ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သဖြင့် ချက်ချင်း အညံ့ခံသည့် လက္ခဏာများ ပြသခဲ့ကြသည်။

ပတ်ဝန်းကျင်တွင် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သာ မတ်တတ်ရပ်နေတော့သည်။

ငရဲကိုးထပ် မသေမျိုးနဂါးသည် သူ၏ စိတ်ဝိညာဉ်သားရဲ ဖြစ်သဖြင့် ချန်ချင်းအပေါ် သဘာဝကျစွာပင် သက်ရောက်မှု မရှိခဲ့ချေ။

ထို့ပြင် ရှားချင်းယွဲ့သည် ချန်ချင်း၏ဇနီး ဖြစ်လေ၏။ ဤအဆင့်အတန်းကြောင့် ငရဲကိုးထပ် မသေမျိုးနဂါး သည် သူမအပေါ် ဖိအားပေးရန် ပို၍ပင် မလုပ်ဝံ့ချေ။

"မင်းတို့က ဘာလို့ မြန်မြန် ဒူးမထောက်ကြသေးတာလဲ... ဒါက နှစ်တစ်သိန်း ကျင့်ကြံခြင်းရှိတဲ့ နတ်ဆိုးဘုရင်တစ်ပါးပဲ... မင်းတို့ရဲ့ မောက်မာမှုအတွက် မြို့ထဲက လူတိုင်းကို ပေးဆပ်ခိုင်းပြီး မင်းတို့နဲ့အတူ မြှုပ်နှံပစ်ဖို့ ကြံရွယ်နေတာလား..."

ချန်ချင်းက ဘာမှမဖြစ်သကဲ့သို့ မတ်တတ်ရပ်နေသည်ကို မြင်သောအခါ ရှောင်လဲ့က သူ့ကို တိုက်တွန်းလိုက်သည်။

ချန်ချင်း ဤအတိုင်း ဆက်လုပ်နေပါက မည်သည့်အကြောင်းကြောင့်မှန်းမသိရဘဲ ထျန်းလုံမြို့သို့ ဆင်းသက်လာသော သူတို့၏အထက်ရှိ နတ်ဆိုးဘုရင် ကို ဒေါသထွက်သွားစေမည်အား သူ အလွန်အမင်း စိုးရိမ်နေခဲ့သည်။

ရှောင်လဲ့ မည်မျှပင် မောက်မာစေကာမူ ရွှမ်ဟွမ် ကမ္ဘာ၏ သံမဏိ စည်းမျဉ်းဖြစ်သော 'စွမ်းအားကြီးသူကသာ အမြင့်ဆုံး စိုးစံသည်' ဟူသောအချက်မှ သူ မလွတ်မြောက်နိုင်သေးချေ။

"ဒီဧကရာဇ်က ဘာလို့ ဒူးထောက်ရမှာလဲ..."

ချန်ချင်းက ရယ်မောလိုက်ပြီး ရှောင်လဲ့၏ စကားများကို လုံးဝဂရုမစိုက်ချေ။

'ဒီဧကရာဇ်လား... ဒီကောင်လေးက အရမ်းမောက်မာလွန်းတယ်... သူ ကြောက်လွန်းလို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား...'

ဤအချက်အပြင် ရှောင်လဲ့သည် တခြားပို၍သင့်လျော်သော ရှင်းလင်းချက်ကို အမှန်တကယ် မစဉ်းစားနိုင်တော့ချေ။

သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် မြင်ကွင်းက ရှောင်လဲ့၏နှလုံးသားကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးခဲ့လေ၏။

အထက်တွင် မြင့်မားစွာ ရှိနေသင့်သော နတ်ဆိုးဘုရင် သည် လက်မောင်းအရွယ်အစားသို့ ပြောင်းလဲသွားပြီး မိုးကောင်းကင်ယံမှနေ၍ ချန်ချင်း၏ ပခုံးပေါ်သို့ဆင်းသက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

Book 8 end.

All Chapters