အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄) အထွတ်အထိပ် မဟာဧကရာဇ်
မူလက ချန်ချင်းသည် ဤမဟာဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်ကို ရှားချင်းယွဲ့အားပေးရန် စီစဉ်ထားပြီး မဟာဧကရာဇ်နယ်ပယ်သို့ သူမ တိုက်ရိုက်တက်လှမ်းနိုင်ရန် ကူညီပေးမည်ဟု တွေးတောထားသည်။
သို့သော် သူ နောက်တစ်ကြိမ် စဉ်းစားပြီးနောက် ဤအကြံအစည်ကို စွန့်လွှတ်လိုက်၏။
အကြောင်းအရင်းမှာ ရိုးရှင်းပြီး အချက်နှစ်ချက် ရှိနေသည်။ ပထမအချက်မှာ ရှားချင်းယွဲ့သည် စနစ်နှင့် ချိတ်ဆက်ထားခြင်း မရှိသဖြင့် အကယ်၍ သူမသည် မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန် ဤအတွေ့အကြုံ လက်ဆောင်ထုပ်ကို အတင်းအကျပ် အသုံးပြုပါက သူမသည် "ကမ္ဘာတစ်ခုမှာ မဟာဧကရာဇ် တစ်ပါးပဲ ရှိနိုင်တယ်" ဟူသော ကောင်းကင်တာအိုအမိန့်၏ သက်ရောက်မှုကို မခံရဟု အာမခံချက် မရှိချေ။
ဒုတိယအချက်မှာ မဟာဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်သည် မူလက ပေါ်ထွက်လာသော ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်တစ်ခု ဖြစ်ပြီး ဆုလာဘ်စံနှုန်းကို ဒုတိယအကြိမ် ထပ်မံ၍ မဖြစ်ပေါ်စေနိုင်ချေ။ အကယ်၍ ထိုအရာကို သူမအား ပေးအပ်လိုက်ပါက အမှန်တကယ်ကို ပေးအပ်လိုက်ခြင်းပင်။
ရွေးချယ်မှုများကို ချိန်ဆပြီးနောက် ချန်ချင်းသည် ထိုအရာကို သူကိုယ်တိုင် အသုံးပြုခြင်းက ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။
အကယ်၍ ရှားချင်းယွဲ့သည် မဟာဧကရာဇ်နယ်ပယ် သို့ တက်လှမ်းလိုပါက သူ၏ကျင့်ကြံခြင်းစွမ်းအားကို သူမအား တိုက်ရိုက်လွှဲပြောင်းပေးခြင်းက ပို၍အဆင်ပြေပေမည်။
【မဟာဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုနေပါသည်...】
【မဟာဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်ကို အောင်မြင်စွာ အသုံးပြုပြီးပါပြီ... အိမ်ရှင်၏ လက်ရှိနယ်ပယ်... အထွတ်အထိပ် မဟာဧကရာဇ်...】
'အထွတ်အထိပ် မဟာဧကရာဇ်လား... မဟာဧကရာဇ်နယ်ပယ်ရဲ့အထက်က နယ်ပယ်တစ်ခုပေါ့...'
ထျန်းရွှမ်ကုန်းမြေ၏ မူလကျင့်ကြံဆင့်နယ်ပယ်များတွင် "အထွတ်အထိပ် မဟာဧကရာဇ်" ဟူသော ဝေါဟာရကို ဖော်ပြထားခြင်း မရှိကြောင်း ချန်ချင်း သိရှိထားသည်။
ဤသည်ကို ဖော်ပြမထားရသည့် အကြောင်းအရင်းမှာ သူတို့ မဖော်ပြလို၍ မဟုတ်ဘဲ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်သူများသည် အလွန်နည်းပါးနေပြီ ဖြစ်သောကြောင့်ပင်။ မဟာဧကရာဇ်နယ်ပယ်အထက်ရှိ နယ်ပယ်တစ်ခုသို့ ချိုးဖောက်ဝင်ရောက်ရန်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
ချန်ချင်းအတွက်မူ ဤသည်မှာ ထင်မှတ်ထားသော အကျိုးအမြတ်တစ်ခုပင်။
ကျန်ရှိနေသော ကောင်းကင်အဆင့် ထိပ်တန်း စိတ်ဝိညာဉ်အမြှစ် အနည်းငယ်အတွက်မူ ထျန်းလုံမြို့မှ ထွက်ခွာပြီး မဟာဝူနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ရှားချင်းယွဲ့အားပေးရန် ချန်ချင်းက စီစဉ်ထားခဲ့သည်။
ဤနေရာတွင် လူများလွန်းသဖြင့် သူမသည် စိတ်ဝိညာဉ်အမြှစ်များကို သန့်စင်ပြီး စုပ်ယူရန် မသင့်တော်ချေ။
ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ သီးသန့်အခန်းထဲမှ ထွက်လာသည်နှင့် တပြိုင်နက် တံခါးအပြင်ဘက်တွင် စောင့်နေသော ထျန်းကျီလေလံမြို့တော်၏ မြို့တော်ဝန်ကျောက်ဝမ်ရွှမ်း၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။
"လေးစားအပ်တဲ့ သခင်နှစ်ယောက်... ခင်ဗျားတို့ရဲ့ အားကောင်းတဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ထိပ်တန်းလေလံရုံကြီးဆယ်ခုက လက်ဆောင်ငယ်လေးတစ်ခု ပြင်ဆင်ထားပါတယ်... ကျေးဇူးပြုပြီး ကြွရောက်ပေးပါ..."
မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းက သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
တခြားသူများက ဆုလာဘ်များ ရရှိရန်နှင့် အခွင့်အလမ်းများ တိုးလာစေရန် ရတနာများ ပေးအပ်လိုသဖြင့် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် တွေဝေတုံ့ဆိုင်းမှုမရှိဘဲ လက်ခံခဲ့ကြ၏။
သူတို့က မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းကို လမ်းပြခိုင်းချိန်မှာပင်...
ထျန်းကျီလေလံမြို့တော်၏ အပြင်ဘက်၌...
ချင်းထန်ဂိုဏ်း၏ အမှတ်တံဆိပ် ရေးထွင်းထားသော ပျံသန်းရေးလှေတစ်စင်းက နောက်ကျမှ ရောက်လာခဲ့သည်။
"ဒါက ဟန်ယွဲ့ဂိုဏ်းက ကောင်စုတ်တွေကြောင့်ပဲ... သူတို့သာ ငါတို့ကို ဆက်ပြီးမနှောင့်ယှက်ရင်... ငါတို့က ထျန်းလုံမြို့ကို ဒီထက်စောစောရောက်မှာ... ဆရာ... ဂိုဏ်းကို ပြန်ရောက်ရင်... သူတို့ကို လုံးဝအလွတ်ပေးလို့ မဖြစ်ဘူး..."
လင်းရော့ရွှယ်က ဒေါသတကြီး ပြောလိုက်၏။
သူမ ဆရာ လုလန်သည်လည်း သူမ၏အတွေးများကို မျှဝေခံစားပြီး ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ ရန်ငြိုးများကို ဖြေရှင်းရမည့်အချိန်ရောက်ပြီဟု ခံစားလိုက်ရသည်။
သို့သော် ထိုကိစ္စမတိုင်မီ အမြင့်ဆုံး လေလံပွဲသို့ တက်ရောက်ခြင်းက သူမတို့အတွက် ပို၍အရေးကြီးသည်။
သူမတို့နှစ်ဦးသည် ပျံသန်းရေးလှေပေါ်မှ ဆင်းပြီး ထျန်းကျီ လေလံမြို့တော်၏ အဝင်ဝသို့ ရောက်ရှိလာကြ၏။
လင်းရော့ရွှယ်က သူမ၏စိတ်ထဲမှ တွေးတောလိုကါသည်။
'အမြင့်ဆုံး လေလံပွဲကို လာနိုင်တဲ့သူတွေက မြင့်မြတ်တဲ့ သို့မဟုတ် ချမ်းသာတဲ့ အဆင့်အတန်း ရှိရမယ်... ယောက်ျားကောင်းတစ်ယောက်ယောက်များ တွေ့နိုင်မလား...'
ထိုနေ့က ချင်းထန်ဂိုဏ်းတွင် သူမ၏ နှစ်ကိုယ်တူကျင့်ကြံခြင်း ရတနာရုပ်ခန္ဓာကိုယ်ကို ငြင်းပယ်ခဲ့သော ချန်ချင်းကဲ့သို့ ရာနှုန်းပြည့်ကောင်းမွန်သူကို သူမ မတောင်းဆိုချေ။ သူ၏ တစ်ထောင်ပုံ တစ်ပုံလောက် ဆိုလျှင်ပင် သူမ စိတ်ကျေနပ်ပေမည်။
"ထူးဆန်းတယ်... ဆရာ... ဒီအမြင့်ဆုံးလေလံပွဲက အခုမှ စတာ မဟုတ်ဘူးလား... ဘာလို့ သူတို့ အကုန်လုံး ထွက်လာကြတာလဲ..."
လင်းရော့ရွှယ်၏အာရုံစိုက်မှုက ရှေ့သို့ကျရောက်သွားပြီး နားမလည်စွာဖြင့် မေးလိုက်၏။
လုလန်က ခေါင်းခါလိုက်ပြီး လင်းရော့ရွှယ်ကို အခြေအနေ သွားမေးရန် အချက်ပြလိုက်သည်။
လင်းရော့ရွှယ်က ခေါင်းညိတ်ပြီး ရှေ့သို့လျှောက်လှမ်းသွားကာ ရုပ်ရည်ချောမောပုံရသော လူငယ်ကျင့်ကြံသူတစ်ဦးကိုရှာပြီး မေးလိုက်သည်။
"တာအိုမိတ်ဆွေ ... ကျေးဇူးပြုပြီး ခဏလောက် ရပ်ပါအုံး... မေးခွန်းတစ်ခုလောက် မေးလို့ ရမလား..."
"မေးလေ..."
လူငယ်ကျင့်ကြံသူသည် ငြင်းဆိုရန် ရည်ရွယ်ခဲ့သော်လည်း လင်းရော့ရွှယ်ကို အကဲခတ်ကြည့်ပြီးနောက် သူ၏သဘောထား ချက်ချင်းပြောင်းလဲသွားခဲ့သည်။
"အမြင့်ဆုံး လေလံပွဲက မပြီးသေးဘူးမလား... ရှင်တို့ အားလုံး ဘာလို့ စောစော ထွက်လာကြတာလဲ..."
အကယ်၍ လင်းရော့ရွှယ် မှတ်မိသည်မှာ မှန်ကန်ပါက လွန်ခဲ့သော ဆယ်နှစ်က အမြင့်ဆုံးလေလံပွဲသည် အင်အားစုအသီးသီးမှ ရတနာများကို အပြိုင်အဆိုင် လုယူကြသဖြင့် သုံးရက်နှင့်သုံးညတိုင်တိုင် ကြာမြင့်ခဲ့သည်။
"မပြီးသေးဘူးလား..."
လူငယ်ကျင့်ကြံသူက ရယ်မောကာ သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။
"မင်း နောက်ကျသွားပြီ... အမြင့်ဆုံး လေလံပွဲက ပြီးသွားပြီ..."
"ပြီးသွားပြီ... ဘယ်လိုလုပ် ပြီးသွားတာလဲ..."
လင်းရော့ရွှယ်က ဆက်လက်၍ မေးမြန်းသည်။
"ဒါက . အထွတ်အထိပ် ရတနာဆယ်ခုလုံးကို လူတစ်ယောက်က ဝယ်သွားလို့လေ... မဟုတ်ရင် ဘယ်လိုလုပ်ပြီး လေလံပွဲက ပြီးမှာလဲ..."
လူငယ်ကျင့်ကြံသူက ဤမေးခွန်းမှာ တုံးအလွန်းသည်ဟု တွေးထင်လိုက်သည်။
"အမ်... ဒီလောက်ထိ မြန်တာလား... ဘယ်အရေးကြီးပုဂ္ဂိုလ်တွေက ဝယ်သွားတာလဲ..."
လင်းရော့ရွှယ်က ထပ်မေးလိုက်၏။
"အထွတ်အထိပ် ရတနာဆယ်ခုလုံးကို ဝယ်သွားတာ လူတစ်ယောက်တည်းပဲ... သူ့ရဲ့နာမည်ကိုတော့ ငါ မသိဘူး... သူက အရမ်းအစွမ်းထက်တယ်ဆိုတာလောက်ပဲ ငါ သိတယ်... သူက ကျားဖြူနိုင်ငံနဲ့ လိပ်နက်နိုင်ငံရဲ့ မင်းသားတွေကို သတ်ခဲ့ရုံတင်မကဘူး သူတို့ရဲ့ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် တာအို အစောင့်အရှောက်တွေကိုလည်း လှုပ်ရှားမှု တစ်ခုတည်းနဲ့ ချက်ချင်းသတ်ပစ်ခဲ့တာ..."
လင်းရော့ရွှယ် အံ့အားသင့်မသွားနိုင်သေးမီမှာပင် လူငယ်ကျင့်ကြံသူက စကားဆက်ပြောသည်ကို သူမ ကြားလိုက်ရသည်။
"ဒါတင်မကသေးဘူး... သူ့ရဲ့လက်အောက်မှာ နှစ်တစ်သိန်းသက်တမ်းရှိတဲ့ နဂါးမျိုးနွယ်ဝင် နတ်ဆိုးဘုရင် တစ်ပါးလည်း ရှိသေးတယ်..."
"ထားလိုက်ပါတော့... မင်းနဲ့ ဆက်မပြောတော့ဘူး... ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်... ဒါကြောင့် အရင်သွားနှင့်မယ်..."
လူငယ်ကျင့်ကြံသူသည် လင်းရော့ရွှယ်ကို နှုတ်ဆက်ပြီး ယနေ့ ထျန်းကျီလေလံမြို့တော်တွင် ဖြစ်ပျက်ခဲ့သမျှကို ဂိုဏ်းချုပ်နှင့်အကြီးအကဲများထံ အမှန်အတိုင်း သတင်းပို့ရန် သူ၏ဂိုဏ်းသို့ အလျင်အမြန် ပြန်သွားခဲ့လေ၏။
သတိပြန်ဝင်လာပြီးနောက် လင်းရော့ရွှယ်က လုလန်ထံ ပြန်သွားခဲ့သည်။
"ဆရာ... အားလုံး ကြားလိုက်တယ်မလား..."
"အင်း..." လုလန်က ပြန်ဖြေလိုက်သည်။
"ဒီတစ်ခေါက် ထျန်းလုံမြို့ ကို လာလည်တဲ့ သူတွေထဲမှာ ဒီလို အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက် ပါလာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
"ဆရာ... တကယ်လို့ ကျွန်မဆီမှာ နှစ်ကိုယ်တူကျင့်ကြံခြင်း ရတနာရုပ်ခန္ဓာကိုယ် ရှိတယ်ဆိုတာကို ဖော်ထုတ်လိုက်ရင်... အဲ့ဒီအရေးကြီးပုဂ္ဂိုလ်က ကျွန်မကို လက်ခံဖို့ ဆန္ဒရှိမယ်လို့ ဆရာ ထင်လား..."
လင်းရော့ရွှယ်သည် ထိုသို့ မတွေးတောဘဲ မနေနိုင်တော့ချေ။
ယခင်က ချန်ချင်းကို သူမ လွဲချော်ခဲ့ပြီးဖြစ်ရာ ဤတစ်ကြိမ်တွင် သူမ နောက်ထပ်အခွင့်အရေးတစ်ခုအား လွဲချော်မခံချင်တော့ချေ။
နှစ်ကိုယ်တူကျင့်ကြံခြင်း ရတနာရုပ်ခန္ဓာကိုယ် ကို အသုံးပြု၍ အမျိုးသားများကို မျက်နှာချိုသွေးရန် ဘယ်တော့မှ မလုပ်ပါဟု တစ်ချိန်က ကတိပြုခဲ့ဖူးသော သူမ၏ဂုဏ်ယူရသည့် တပည့်ဖြစ်သူ ယခုအချိန်၌ လုံးဝပြောင်းလဲသွားသည်ကို ကြည့်ကာ လုလန်သည် ဆရာတစ်ယောက်အနေဖြင့် လင်းရော့ရွှယ်အား တစ်စုံတစ်ရာ ပြောရန် ခက်ခဲနေသည်။
တခြားတစ်ဖက်တွင်မူ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ထိပ်တန်း လေလံရုံကြီး ဆယ်ခုက ပေးအပ်သော ရတနာများကို လက်ခံပြီးနောက် အချိန်တခဏကြာ စကားပြောဆိုပြီး နှုတ်ဆက်ကာ ထွက်ခွာလာခဲ့ကြ၏။
အခန်းထဲမှ ထွက်လာသည်နှင့်တပြိုင်နက် ချန်ချင်းသည် ဆုလာဘ်များရယူရန်အတွက် ထိုရတနာဆယ်ခုကို ရှားချင်းယွဲ့အား ချက်ချင်းလက်ဆောင်ပေးလိုက်သည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အဆတစ်ရာ ကျင့်ကြံခြင်း ဟင်းလင်းပြင်တစ်ခုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
ချန်ချင်းက ဖော်ပြချက်ကို အကျဉ်းရုံး ဖတ်ရှုလိုက်သည်။ ဤကျင့်ကြံခြင်းဟင်းလင်းပြင်သို့ ဝင်ရောက်ခြင်းက ပြင်ပကမ္ဘာထက် အဆတစ်ရာ ကျင့်ကြံခြင်း အမြန်နှုန်းကို ပေးစွမ်းမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားလေ၏။ ထိုနေရာတွင် စိတ်ဝိညာဉ်ချီများ အကန့်အသတ်မရှိ ဖြစ်နေပေမည်။
ယခုအချိန်၌ ရှားချင်းယွဲ့ မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် သူ ကူညီပေးရန်မှာ ကျင့်ကြံခြင်းလွှဲပြောင်းပေးရန် မလိုအပ်တော့ချေ။
သူမကို အဆတစ်ရာ ကျင့်ကြံခြင်း ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ကျင့်ကြံခွင့်ပြုရုံဖြင့် ရှားချင်းယွဲ့၏ ပါရမီဖြင့် မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန်မှာ အချိန်ကိစ္စမျှသာ ဖြစ်လေ၏။
ထို့နောက် မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းသည်လည်း သူတို့ကို နှုတ်ဆက်ချင်သည်ဟုဆိုကာ အခန်းထဲမှ အလျင်အမြန် ထွက်လာခဲ့သည်။
ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ အချင်းချင်း ကြည့်လိုက်ကြပြီး သူ့ကို မျက်နှာသာပေးသည့်အနေဖြင့် မငြင်းဆန်ခဲ့ကြချေ။
သို့သော် သူတို့ ခပ်ဝေးဝေးမရောက်သေးမီမှာပင် သူတို့နှင့် သိပ်မရင်းနှီးသော်လည်း သူစိမ်းပြင်ပြင်လည်း မဟုတ်သည့် လူနှစ်ယောက်နှင့် ကြုံတွေ့ခဲ့ရလေ၏။
ထိုလူများသည် လေလံမြို့တော်တစ်ခုလုံးတွင် ချန်ချင်းကို စုံစမ်းရှာဖွေနေခဲ့သော ချင်းထန်ဂိုဏ်းမှ ဆရာတပည့်နှစ်ယောက်ပင်။
"သူပဲ..."
"အဲ့ဒီမိန်းကလေးပဲ..."
ရှားချင်းယွဲ့နှင့်လင်းရော့ရွှယ်တို့ တစ်ယောက်ကို တစ်ယောက် တပြိုင်နက်နီးပါး မှတ်မိသွားကြသည်။
'ခဏလေး... မင်းသားတွေကို သတ်ပြီး ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်တွေကို အမြစ်ပြတ်သုတ်သင််ခဲ့တဲ့အပြင်... အမြင့်ဆုံးလေလံပွဲကို သိမ်းကြုံးဝယ်ယူဖို့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းထောင်သောင်းချီပြီး သုံးစွဲခဲ့တဲ့သူက... သူတော့ မဖြစ်နိုင်ဘူးမလား...'
ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက လင်းရော့ရွှယ်၏စိတ်ထဲတွင် ထွက်ပေါ်မလာဘဲ မနေနိုင်တော့ချေ။
"သူတို့ရဲ့ဘေးက လူက... ငါ မမှားဘူးဆိုရင်... ထျန်းကျီလေလံမြို့တော်ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ ကျောက်ဝမ်ရွှမ်းပဲဖြစ်မယ်..."
လုလန်၏စကားများက လင်းရော့ရွှယ်၏ အတွေးကို သွယ်ဝိုက်၍ အတည်ပြုပေးလိုက်သည်။
"ဆရာ... ဖြစ်နိုင်မလား..."
လင်းရော့ရွှယ် တွေဝေတုံ့ဆိုင်းသွားသည်။
"မင်း ခန့်မှန်းတာ မှန်တယ်လို့ ငါ ထင်တယ်..."
လုလန်က တက်တက်ကြွကြွ ပြောလိုက်ပြီး လင်းရော့ရွှယ်၏အတွေးများကို သဘောတူလိုက်၏။