← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) ပြိုင်ဘက်ကင်း နယ်ပယ်

"ဇနီးလေး... မဟာဧကရာဇ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ပဲ အာရုံစိုက်ပါ... ကျန်တဲ့ကိစ္စတွေကို ငါ ကိုင်တွယ်ပါ့မယ်..."

ချန်ချင်းက သူ၏ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်လေ၏။

"ကောင်းပါပြီ..."

ချန်ချင်း၏ စကားကို ကြားသောအခါ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သော ရှားချင်းယွဲ့၏စိတ်နှလုံးသား တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။

သူမကိုယ်သူမထက် ချန်ချင်း၏ မျှော်လင့်ချက်များကို သူမ စိတ်မပျက်စေချင်ခဲ့ချေ။

သူမ ကျင့်ကြံရန် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ပြီးနောက် ချန်ချင်း မည်မျှထိ ရင်းနှီးမြှုပ်နှံခဲ့သည်ကို တခြားသူများ မသိနိုင်သော်လည်း ရှားချင်းယွဲ့ မည်သို့ မသိဘဲ နေမည်နည်း။

အကယ်၍ သူမ ဧကရာဇ်နယ်ပယ်ကို မရောက်ရှိနိုင်ပါက သူမကိုယ်သူမ စိတ်ပျက်စေရုံသာမက ချန်ချင်းကို ပို၍ပင် စိတ်ပျက်စေပေမည်။

သူမ ထိုအကြောင်းကို ပို၍တွေးတောမိလေလေ ဧကရာဇ်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်လိုသော သူမ၏ဆန္ဒသည် စွဲလမ်းမှုတစ်ခု ဖြစ်လာလေလေပင်။ သူမ လိပ်ပြာသန့်စေရန်နှင့် သူမ ချစ်ရသူကို စိတ်မပျက်စေရန် အစွမ်းကုန် ကြိုးစားရပေမည်။

သူမသည် ဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် အကြိမ်ကြိမ် ကြိုးစားနေစဉ် ပြင်ပလောကရှိ တိုင်လင်းရှန်ဟု အမည်ရသော တောင်ထိပ်တစ်ခု၌...

ခြံဝင်းအပြင်ဘက်တွင် တံမြက်စည်းလှည်းနေသော အဘိုးအိုတစ်ဦးသည် တံခါးပွင့်သံကို ကြားလိုက်ရပြီးနောက် တံမြက်စည်းကို အလျင်အမြန် ချကာ ရှေ့သို့ တက်၍ ဒူးထောက်အရိုအသေပေးလိုက်၏။

"ဒီအစေခံအိုကြီးက အရှင်ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်..."

"ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ... ဧကရာဇ် တာအို ကို အောင်မြင်ချင်တဲ့သူ ရှိနေအုံးမယ်လို့ ငါ ထင်မထားခဲ့ဘူး..."

ထျန်းရွှမ် မဟာဧကရာဇ်က အဝေးသို့ ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"တစ်ယောက်ယောက်က ဧကရာဇ်တာအိုကို အောင်မြင်ချင်နေတာလား..."

တံမြက်စည်းလှည်းနေသော အဘိုးအို အံ့အားသင့်သွားပေ၏။

"ဒါပေမဲ့... အထက်ဘုံက လူတွေမှာ အဲ့ဒီလို လုပ်ရဲတဲ့ သတ္တိ မရှိသင့်ဘူးလေ..."

ထျန်းရွှမ် မဟာဧကရာဇ်၏ အစေခံတစ်ဦးအနေဖြင့် ဧကရာဇ် တာအိုကို အောင်မြင်ရန် ကြိုးစားသော အတင့်ရဲသူများသည် သူ့သခင်၏ လွှမ်းမိုးမှုရှိသော လက်ဖြင့် ရက်ရက်စက်စက် သုတ်သင်ခံရသည့် မြင်ကွင်းများကို သူ ရှင်းလင်းစွာ မျက်မြင်တွေ့ရှိခဲ့ဖူးသည်။

ထိုကဲ့သို့ အဖြစ်အပျက်များ အကြိမ်ကြိမ် ဖြစ်ပွားပြီးနောက် ဧကရာဇ်တာအိုကို အောင်မြင်ခြင်းသည် တားမြစ်ချက်တစ်ခု ဖြစ်လာပြီး မဟာဧကရာဇ်၏ ဩဇာအာဏာကို စိန်ခေါ်မှုတစ်ခုအဖြစ် ရှုမြင်လာကြသည်။

ပြီးပြည့်စုံသော စွမ်းအားနှင့် ယုံကြည်မှု မရှိလျှင် သာမန် ကျင့်ကြံသူများသည် ဧကရာဇ်တာအိုသို့ တက်လှမ်းရန် အလွယ်တကူ ကြိုးစားမည် မဟုတ်ချေ။ ထိုအစား သူတို့သည် ဆက်လက်ပုန်းအောင်းနေရန် ရွေးချယ်ပြီး စီနီယာမဟာဧကရာဇ် အိုမင်းလာကာ သဘာဝအတိုင်း သေဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းကြပေမည်။

"အဲ့ဒီလူက အထက်ဘုံမှာ မဟုတ်ဘူး... အောက်ဘုံ မှာ... မဟာဝူနိုင်ငံလို့ ခေါ်တဲ့ နေရာတစ်ခုမှာပဲ..."

ထျန်းရွှမ် မဟာဧကရာဇ်သည် ရှားချင်းယွဲ့၏အရှိန်အဝါကို တိကျစွာ ရှာဖွေတွေ့ရှိခဲ့လေ၏။

"အောက်ဘုံလား... အဲ့ဒီလို နေရာမျိုးက လူတစ်ယောက်က ဧကရာဇ် တာအိုကို အောင်မြင်နိုင်တယ်ပေါ့..."

ဤသည်မှာ တံမြက်စည်းလှည်းနေသော အဘိုးအို တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့သော အရာပင်။ မဟာဝူနိုင်ငံအကြောင်းကို သူ မကြားဖူးခဲ့ချေ။

"ဒီနှစ်တွေမှာ... ငါက အထက်ဘုံကို ဖိနှိပ်ဖို့ပဲ အာရုံစိုက်နေခဲ့ပြီးတော့ အောက်ဘုံကို လျစ်လျူရှုထားခဲ့တယ်... ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့သူတွေ ထွက်ပေါ်လာတာက ပုံမှန်ပါပဲ..."

ထိုသို့ပြောဆိုပြီးနောက် ထျန်းရွှမ် မဟာဧကရာဇ်သည် သူ၏ ရှေ့ရှိ တံမြက်စည်းလှည်းနေသော အဘိုးအိုကို ငုံ့ကြည့်ကာ အမိန့်ပေးလိုက်၏။

"မင်း အောက်ဘုံကို သွားပြီး ဒီကိစ္စကို ဖြေရှင်းလိုက်..."

"ဟုတ်ကဲ့ပါ အရှင်ဧကရာဇ်.."

တံမြက်စည်းလှည်းနေသော အဘိုးအိုက အမိန့်ကို လက်ခံလိုက်သည်။

သူ၏သခင်သည် အောက်ဘုံမှ လူတစ်ဦးအတွက် ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားပါက အဆင့်အတန်း ကျဆင်းစေပေမည်။ ထိုကိစ္စနှင့် ပတ်သက်သော သတင်းများက သခင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားလေ၏။

မည်သို့ပင်ဖြစ်စေကာမူ အထက်ဘုံ၏အမြင်တွင် အောက်ဘုံသည် အမြဲတစေ ခြောက်ကပ်သောမြေတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး အုပ်ချုပ်ရန်ပင် မထိုက်တန်ချေ။

အစေခံ တစ်ဦးအနေဖြင့် အထူးသဖြင့် ကျွန်အမှတ်အသား ရှိသူတစ်ဦးအနေဖြင့် တံမြက်စည်းလှည်းနေသော အဘိုးအိုသည် ထျန်းရွှမ် မဟာဧကရာဇ်၏ ညွှန်ကြားချက်များကိုသာ လိုက်နာနိုင်ပေ၏။

သူ အောက်ဘုံသို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။

သူ ထွက်ခွာသွားပြီဟု ဆိုသော်လည်း အမှန်အားဖြင့် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး မဟာဧကရာဇ်၏အောက်တွင် အားအကောင်းဆုံးဖြစ်သော ဝေ့ခန်အတွက် တိုင်လင်းရှန်တောင်မှ မဟာဝူ နိုင်ငံသို့ သွားခြင်းမှာ အတွေးတစ်ချက်မျှသာ ဖြစ်သည်။

ဝင်္ကပါပုံစံတစ်ခုသည် မဟာဝူတော်ဝင်နန်းတော်၏ အထက်တွင် ထွက်ပေါ်လာပြီး ဝေ့ခန်သည် ထိုအရာထဲမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

သူ အပြည့်အဝ ထွက်ပေါ်လာပြီးသည်နှင့် ဝင်္ကပါပုံစံ ပျောက်ကွယ်သွားခဲ့လေ၏။

သူမကို နေရာအနှံ့အပြား၌ လိုက်ရှာမည့်အစား ဝေ့ခန် သည် သူ၏ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် နတ်ဘုရားဖိအားကို ရေတံခွန်တစ်ခုကဲ့သို့ ချက်ချင်း ထုတ်လွှတ်လိုက်ပြီး မဟာဝူနိုင်ငံတစ်ခုလုံးကို အလွန် တိုတောင်းသော အချိန်အတွင်း လွှမ်းခြုံသွားစေခဲ့သည်။

ဤသို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှားချင်းယွဲ့ကို ဖိအားပေးရန်နှင့် သူ ရောက်ရှိနေပြီဖြစ်ကြောင်း သူမကို အသိပေးရန်ပင်။

ဤသည်ကို ရှားချင်းယွဲ့က မခံစားမိသော်လည်း ချန်ချင်းက ရှင်းလင်းစွာ ခံစားမိသည်။

သူ ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့ပေ၏။ ရှားချင်းယွဲ့တွင် စနစ် မရှိသဖြင့် သူမကို သူ အကူအညီ ပေးနိုင်သည့်တိုင် ကောင်းကင်တာအို၏အမိန့်တော်အရ သူမထံ၌ ကန့်သတ်ချက်များ ရှိနေဆဲပင်။

အကယ်၍ သူမသည် ဧကရာဇ်တာအိုကို အောင်မြင်လိုပါက ရှေ့မှလူ၏အလောင်းပေါ်မှ ကျော်ဖြတ်ရပေမည်။

ထို့ပြင် စီနီယာမဟာဧကရာဇ် တစ်ပါးအနေဖြင့် ထျန်းရွှမ် မဟာဧကရာဇ်သည် သူ ကြိုးကြိုးစားစား တည်ဆောက်ထားသမျှ အရာအားလုံး လုယူခံရသည်ကို ရပ်ကြည့်နေမည် မဟုတ်ဘဲ ထိုကိစ္စကို တားဆီးရန် သေချာပေါက် လှုပ်ရှားပေမည်။

ချန်ချင်းသည်လည်း တစ်ဖက်လူ၏ဆန္ဒအတိုင်း ဖြစ်လာရန် ရည်ရွယ်ချက် မရှိချေ။

အတွေးတစ်ချက်ဖြင့် သူသည် ဝေ့ခန်၏ရှေ့ ခုနစ်မီတာ၊ ရှစ်မီတာခန့် အကွာအဝေး၌ ချက်ချင်းထွက်ပေါ်လာသည်။

"မင်းက ဧကရာဇ်တာအိုကို အောင်မြင်ဖို့ စိတ်ကူးယဉ်နေတဲ့သူလား..."

ဝေ့ခန်က တိုက်ရိုက်မေးမြန်းလိုက်သည်။

ထိုစကားကို ပြောဆိုပြီးနောက် သူသည် ခေါင်းခါယမ်းလိုက်ပြီး သူ မည်သည်ကြောင့် စကားများပြောပြီး အချိန်ဖြုန်းနေမိသနည်းဟု တွေးတောလိုက်၏။ သူ ချန်ချင်းကိုသတ်ပြီး ပြန်လည်၍ သတင်းပို့ရပေမည်။

ဝေ့ခန်၏လက် ဆန့်တန်းလာပြီး လက်သီးဆုပ်လိုက်သည်နှင့် လှံရှည်တစ်လက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ သူ၏ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် နတ်ဘုရားဖိအားသည် တဝုန်းဝုန်းစီးဆင်းနေသော မြစ်ရေအလား ချန်ချင်းဆီသို့ ပြေးဝင်သွားခဲ့လေ၏။

သူတို့ နှစ်ယောက်လုံး ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိနေသော်လည်း သူတို့၏ အခြေခံကွာခြားချက်မှာ ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ဖြစ်ကြောင်း တစ်ဖက်လူကို သူ နားလည်စေချင်ခဲ့သည်။

ဝေ့ခန်သည် လှံကျင့်ကြံသူတစ်ဦးဖြစ်ပြီး ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်ကျင့်ကြံခြင်းရှိကြောင်း မြင်ချိန်၌...

ချန်ချင်းသည်လည်း နဂါးအသင်္ချေလှံနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။

"မင်းလည်း လှံကျင့်ကြံသူပဲလား..."

ဝေ့ခန် အနည်းငယ် အံ့အားသင့်သွားသည်။

သူ၏အကြည့်သည် ချန်ချင်း၏လက်ထဲရှိ နဂါးအသင်္ချေလှံနည်းစနစ်အပေါ်သို့ ကျရောက်သွားပြီး သေချာလေ့လာကာ ပြောဆိုလိုက်၏။

"လှံကောင်း တစ်လက်ပဲ... မင်း သေသွားရင်... ဒီအဘိုးကြီးက အဲ့ဒါကို သေချာအသုံးပြုပေးပါ့မယ်..."

ရုတ်ချည်းဆိုသလိုပင် သူက အစပြု၍ တိုက်ခိုက်လိုက်သည်။ အေးစက်သော အလင်းတန်းတစ်တန်း အရင် ရောက်လာပြီးနောက် လှံသည် နဂါးတစ်ကောင်အလား ပြေးဝင်လာသည်။

လှံစိတ်ဆန္ဒသည် သိသာထင်ရှားလာပြီး ချန်ချင်းဆီသို့ တိုက်ရိုက်ထိုးဖောက်လာကာ ဝေ့ခန်က တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ သူသည် ချန်ချင်း၏ရုပ်ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရန် ရည်ရွယ်ထားလေ၏။

ဤအရာကို မြင်သောအခါ ချန်ချင်းက ဝေ့ခန်အား လှံ တစ်ချက်ဖြင့် ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

ဝေ့ခန်က ဤအရာကြောင့် မျက်မှောင်အနည်းငယ် တွန့်ကွေးသွားသည်။ သေရေးရှင်ရေးတိုက်ပွဲကို ဤမျှထိ ပေါ့ပေါ့ပါးပါး ဆင်နွှဲသူကို သူ တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ချန်ချင်းက သူ့ကို အထင်သေးနေသည်ဟု သူ ခံစားမိပေ၏။

သို့သော် နောက်တခဏတွင် ဝေ့ခန် ထိုသို့ ဆက်မတွေးတော့ချေ သို့မဟုတ် ထိုသို့ ဆက်တွေးဝံ့ခြင်း မရှိတော့ချေ။

ချန်ချင်း၏လှံသည်လည်း သိသာထင်ရှားသော လှံ စိတ်ဆန္ဒဖြင့် ကျန်းတစ်ရာရှည်သော ငွေရောင်နဂါးပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုငွေရောင်နဂါးသည် နက်ရှိုင်းသော ပါးစပ်ကြီးကို ချက်ချင်းဖွင့်ဟကာ တောင်တစ်လုံးအလား ဝေ့ခန် အပေါ်သို့ ကျဆင်းလာသည်။

ထိုငွေရောင်နဂါးပုံရိပ်ယောင်၏ရှေ့တွင် ဝေ့ခန်သည် ရုတ်တရက် သူ၏ခန္ဓာကိုယ်နှင့်စိတ်နှစ်ခုလုံး စွမ်းဆောင်ရည်မဲ့မှုကို ခံစားလိုက်ရပြီး ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားခဲ့သည်။

သူ ယခင်က သိမြင်ခဲ့သော အခြေခံကွာခြားချက်မှာ ရက်ရက်စက်စက် ပါးဖြတ်ရိုက်ခြင်း ခံလိုက်ရလေ၏။

သူ ထုတ်လွှတ်လိုက်သော လှံစိတ်ဆန္ဒသည် တစ်ဖက်လူနှင့် ထိပ်တိုက်ယှဉ်ပြိုင်ရန် အရည်အချင်းပင် မရှိခဲ့ချေ။ ငွေရောင်နဂါးပုံရိပ်ယောင်၏ စွမ်းအားအရိပ်အယောင်ကို ထိတွေ့မိရုံဖြင့်ပင် ထိုအရာသည် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားတော့သည်။

သူ ပြန်လည်တိုက်ခိုက်ရမည်လော...

သူ၏တာအိုနှလုံးသားမှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲနေလေပြီ။ သူ မည်သို့ ဆန္ဒရှိနိုင်မည်နည်း။ အကယ်၍ သူ့ထံ၌ ဆန္ဒရှိလျှင်ပင် စွမ်းဆောင်ရည်မဲ့နေလေ၏။

ဂုဏ်သရေရှိသော ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်သည် ချန်ချင်း၏ လှံ တစ်ချက်တည်းဖြင့် ထုတ်လွှတ်လိုက်သော ငွေရောင်နဂါးပုံရိပ်ယောင်ကြောင့် ချက်ချင်း သုတ်သင်ခံလိုက်ရပြီး အရိုးအပိုင်းအစတစ်ခုမျှ မကျန်တော့သည်အထိ ခြေမွှခံလိုက်ရလေ၏။

"သူက တကယ်ပဲ ဒီလောက်ထိ အားနည်းတာလား..."

ချန်ချင်း အနည်းငယ် စိတ်ပျက်သွားသည်။

ဤဖြစ်စဉ်တစ်ခုလုံးအတွင်း သူသည် သူ၏စိတ်ဝိညာဉ်စွမ်းအားမှ သန်းတစ်ရာပုံ တစ်ပုံကိုပင် အသုံးမပြုခဲ့ချေ။

ထိုလှံတိုက်ခိုက်မှုသည် အရိုင်းဆန်သော ခွန်အားသက်သက်ပင်။

သို့သော် သူ ဤမျှထိ ထိန်းချုပိထားခဲ့သော်လည်း ဝေ့ခန်သည် သူ၏တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ချေ။

သို့သော် အလွန်လျှင်မြန်စွာဖြင့် ချန်ချင်း၏စိတ်အာရုံသည် သူ၏ရှေ့တွင် ထွက်ပေါ်လာသော စနစ်မျက်နှာပြင်ဆီသို့ ရောက်ရှိသွားသည်။

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ပြိုင်ဘက်ကင်း နယ်ပယ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]

'ပြိုင်ဘက်ကင်းနယ်ပယ်လား... ဒါက ကောင်းတယ်...'

အသေးစိတ် ဖော်ပြချက်ကို စစ်ဆေးရန် မလိုအပ်ဘဲ "ပြိုင်ဘက်ကင်း နယ်ပယ် " ဟူသော စကားလုံးများကို ကြည့်ရုံဖြင့် ထိုအရာ၏လုပ်ဆောင်ချက်ကို ချန်ချင်း အလွယ်တကူ နားလည်နိုင်လေပြီ။

သူ စစ်ဆေးကြည့်လိုက်သောအခါ ပြိုင်ဘက်ကင်း နယ်ပယ်သည် ကျန်းရာပေါင်းများစွာကို လွှမ်းခြုံနိုင်ကြောင်း သူ သိရှိခဲ့လေ၏။ ထိုနယ်ပယ်အတွင်းတွင် ချန်ချင်းသည် ပြိုင်ဘက်ကင်း ဖြစ်ပြီး မည်သူမျှ သူ့ကို အနိုင်မယူနိုင်ချေ။

အထွတ်အထိပ် မဟာဧကရာဇ်ထက် အားကောင်းသော ပြင်ပကမ္ဘာမှ နတ်ဆိုးဘုရင်များ ဆင်းသက်လာလျှင်ပင် ထိုနယ်ပယ်အတွင်းတွင် ချန်ချင်း၏ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ချက်ချင်းအသတ်ခံရနိုင်သည်အထိ စည်းမျဉ်းများ၏စွမ်းအားဖြင့် ရန်သူများကို အတင်းအကျပ် အားနည်းသွားစေပေမည်။

သူ ထိုအရာကို ပို၍ကြည့်မိလေလေ ပို၍သဘောကျလေလေပင်။

သို့သော် သူ အချိန်ကြာမြင့်စွာ မပျော်ရွှင်နိုင်မီမှာပင် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်ထက် များစွာပို၍အားကောင်းသော နတ်ဘုရားဖိအားတစ်ရပ် ကျရောက်လာသည်။

All Chapters