အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀) မဟာဧကရာဇ်ကို သတ်ဖြတ်ပြီး ဧကရာဇ် လမ်းစဉ်ကို သက်သေပြခြင်း
ချန်ချင်း၏အမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့ပြီး ဤသည်မှာ သူ၏ခွေး အသတ်ခံလိုက်ရသဖြင့် နောက်ကွယ်မှ သခင်က ငြိမ်ငြိမ်မနေနိုင်ဘဲ စာရင်းရှင်းရန် လာချင်နေခြင်းဖြစ်ကြောင်း သိရှိထားလေ၏။
ကြောက်တာလား... ဘာကြောက်စရာ ရှိလို့လဲ...
ဤပြိုင်ဘက်ကင်းနယ်ပယ် မရှိလျှင်ပင် ချန်ချင်းသည် အထွတ်အထိပ် မဟာဧကရာဇ် တစ်ပါး ဖြစ်နေလေရာ သာမန်မဟာဧကရာဇ်တစ်ပါးကို သူ မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း။
ချန်ချင်းသည် တစ်ဖက်လူကို ကြောက်ရွံ့မည့်အစား ပို၍သိချင်နေခဲ့လေ၏။ အကယ်၍ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့် တစ်ဦးက ပြိုင်ဘက်ကင်း နယ်ပယ် ကို ဆုလာဘ်တစ်ခုအဖြစ် ပံ့ပိုးပေးနိုင်ပါက မဟာဧကရာဇ် တစ်ပါးက မည်မျှအထိ ပံ့ပိုးပေးနိုင်မည်နည်း ဆိုသည်ကိုပင်။
ဒုတိယအချက်အနေဖြင့် မဟာဧကရာဇ်ကို သတ်ဖြတ်ခြင်းဖြင့် ဧကရာဇ်နယ်ပယ်တွင် မည်သူမျှ မရှိတော့ဘဲ ရှားချင်းယွဲ့၏ တာအိုသို့ သွားရာလမ်းမှာ ပို၍ချောမွေ့သွားနိုင်သည်။
"မင်း ဘယ်လောက်တောင် ရဲတင်းလိုက်လဲ... ဧကရာဇ်နယ်ပယ်ကိုတောင် မရောက်သေးဘဲ ငါ့ရဲ့လူတွေကို မင်း သတ်ရဲတယ်ပေါ့... မင်းက ဒီဧကရာဇ်ကို အလေးမထားတာပဲ..."
ထျန်းရွှမ် မဟာဧကရာဇ်သည် မည်သည့်အချိန်က ဤမျှထိ ဒေါသထွက်ခဲ့ဖူးကြောင်းကို မမှတ်မိတော့ချေ။
အမြင့်တွင် ရှိနေပြီး လောကတွင် ပြိုင်ဘက်ကင်း သည်ဟု သူ့ကိုယ်သူ ယုံကြည်နေသဖြင့် သူသည် မည်သည့် ပုန်ကန်သော အပြုအမူကိုမျှ သည်းမခံနိုင်လေရာ နှစ်တစ်ရာကြာ သူ၏နောက်သို့ လိုက်ခဲ့သော လူယုံတစ်ဦး သတ်ဖြတ်ခံရခြင်းကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
"အဓိကအချက်က... ဒီဧကရာဇ်က မင်းကို မျက်လုံးထဲ ထည့်ဖို့ မင်းမှာ အရည်အချင်း ရှိရမယ်လေ..."
ချန်ချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
သူသည် ထျန်းရွှမ်မဟာဧကရာဇ်၏ ဧကရာဇ်ဖိအား ကို လုံးဝဂရုမစိုက်ချေ။ ဤသည်က သစ်ပင်တစ်ပင်ကို လှုပ်ခတိရန် ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်နှင့် တူညီကယ သူ့အပေါ်သို့ မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ချေ။
"ဒီဧကရာဇ်လား..."
ထျန်းရွှမ်မဟာဧကရာဇ်က ချန်ချင်း၏ စကားများကြောင့် ရယ်မောလိုက်သည်။
"ဒီဧကရာဇ် ရဲ့ ရှေ့မှာ 'ဒီဧကရာဇ်' လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ရဲတဲ့သူ မရှိတာ နှစ်တော်တော် ကြာပြီပဲ... ကောင်းတယ်... မင်းက တကယ့်ကို ကောင်းတယ်..."
သူ စကားပြောဆိုနေစဉ် ချန်ချင်း၏စိတ်ဆန္ဒကို ဖျက်ဆီးရန်နှင့်ရူးသွပ်သွားစေရန် ကြိုးစားသည့်အနေဖြင့် သူ၏ဧကရာဇ်ဖိအားကို အဆက်မပြတ် အားဖြည့်နေခဲ့သည်။
သို့သော် တဖြည်းဖြည်းနှင့် ထျန်းရွှမ် မဟာဧကရာဇ် သည် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ သူ၏ဧကရာဇ်ဖိအားကို မည်မျှပင် တိုးမြှင့်စေကာမူ ချန်ချင်းသည် မည်သည့်အရာမျှ မဖြစ်သည့်အလား မတ်မတ်ရပ်နေဆဲပင်။
ထျန်းရွှမ် မဟာဧကရာဇ်သည် ထပ်မံ၍ အတည်ပြုပြီးနောက် ရဲတင်းသော အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့လေ၏။
"မင်း... မင်း....ကောင်လေး... မင်းက ဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားတာများလား..."
ချန်ချင်း မငြင်းဆန်သည်ကို မြင်တွေ့ပြီးနောက် ယခင် အဖြစ်အပျက်များနှင့် ပေါင်းစပ်လိုက်ချိန်၌ ထျန်းရွှမ် မဟာဧကရာဇ်သည် ဤအချက်ကို ပို၍ပင် ယုံကြည်သွားခဲ့လေ၏။
"မင်းက ကောင်းကင်တာအိုရဲ့ဥပဒေသကို ချိုးဖျက်ပြီး ဧကရာဇ်နယ်ပယ်ကို အတင်းအကျပ် ရောက်ရှိနိုင်တာပဲ... မြန်မြန် ပြောစမ်း... မင်း ဘယ်လိုလုပ်ခဲ့တာလဲ..."
ထျန်းရွှမ် မဟာဧကရာဇ်သည် အကယ်၍ သူ ချန်ချင်းထံမှ အဖြေကို ရနိုင်ပါက သူသည်လည်း ဥပဒေသများကို ချိုးဖျက်ပြီး သာမန်လူအဖြစ်မှ အင်မော်တယ် အဖြစ်သို့ ပြောင်းလဲနိုင်မည်ဟု ယုံကြည်ခဲ့သည်။
ချန်ချင်းက သူ့ကို ပြောပြရန် ဆန္ဒမရှိပုံရသည်ကို မြင်သောအခါ ထျန်းရွှမ် မဟာဧကရာဇ်က ထပ်ပြောလိုက်သည်။
"မင်း ကောင်းကင်တာအိုရဲ့ ဥပဒေသကို ဘယ်လို ချိုးဖျက်ခဲ့လဲဆိုတာ ဒီဧကရာဇ် ကို ပြောပြသရွေ့... အရင်က ဖြစ်ခဲ့သမျှ အရာအားလုံးကို ဒီဧကရာဇ်က ခွင့်လွှတ်ပေးနိုင်တယ်..."
သူသည် ဝေ့ခန်ကဲ့သို့ပင် တွေးတောခဲ့လေ၏။ ချန်ချင်းသည် ဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့လျှင်ပင် အခြေခံအရ စီနီယာ မဟာဧကရာဇ် တစ်ပါးဖြစ်သော သူနှင့်နှိုင်းယှဉ်ပါက များစွာနိမ့်ကျနေသည်ဟု ယုံကြည်ထားလေ၏။ အကယ်၍ တိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပွားပါက ဤသည်မှာ ပြဿနာကို ဖိတ်ခေါ်ရုံသာ ရှိပေလိမ့်မည်။
သူသည် တစ်ဖက်လူကို ထွက်ပေါက်တစ်ခု ပေးထားပြီးဖြစ်ရာ ချန်ချင်း ငြင်းဆန်စရာ အကြောင်းမရှိဟု သူ ယုံကြည်ခဲ့သည်။
"မင်းရဲ့ နောက်ဆုံးစကားတွေ ပြီးပြီလား..."
"..."
သို့သော် ချန်ချင်း၏ နောက်ထပ် စကားတစ်ခွန်းက ထျန်းရွှမ် မဟာဧကရာဇ်၏ မျက်နှာအမူအရာကို အေးခဲတောင့်တင်းသွားစေပြီး သူ၏ နှုတ်ခမ်းများပေါ်ရှိ စကားလုံးများ ရုတ်တရက် ရပ်တန့်သွားခဲ့လေ၏။
"မင်းက မပြောချင်မှတော့... ဒီဧကရာဇ် က အတင်းအကြပ်လုပ်တဲ့ နည်းလမ်းတချို့ကို သုံးရုံပဲ ရှိတော့တာပေါ့..."
ထျန်းရွှမ် မဟာဧကရာဇ်သည် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ထုတ်ဖော်ခြင်း မပြုခဲ့ချေ။ သူသည် ချန်ချင်းကို သင်ခန်းစာပေးရန် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုရုံသာ ဖြစ်သည်။
ထိုသို့ပြုလုပ်မှသာ လူတစ်ယောက်ထက် ပို၍အားကောင်းသော လူများ အမြဲရှိပြီး ကောင်းကင်များ၏ အထက်တွင် ကောင်းကင်များ ရှိနေသည်ကို သူ နားလည်သွားပေမည်။
ဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိခြင်းက လူတစ်ယောက်ကို အစစ်အမှန် ပြိုင်ဘက်ကင်း ဖြစ်စေသည်ဟု တွေးထင်ခြင်းမပြုသင့်ချေ။
အကယ်၍ ချန်ချင်းက အလျှော့ပေးရန်နှင့် အမှန်တရားကို ပြောပြရန် ငြင်းဆန်နေဆဲဖြစ်ပါက ထျန်းရွှမ် မဟာဧကရာဇ်သည် သူ့ကို သတ်ပြီးနောက် ဝိညာဉ် ရှာဖွေခြင်းကို အသုံးပြုကာ ကောင်းကင်တာအို၏ ဥပဒေသကို ချိုးဖျက်ခြင်းနှင့် ပတ်သက်သော သူ၏ မှတ်ဉာဏ်အပိုင်းအစကို အတင်းအကြပ်လုယူရန် ဝန်လေးနေမည် မဟုတ်ချေ။
သို့သော် ထျန်းရွှမ်မဟာဧကရာဇ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို လှုံ့ဆော်ကာ သူ လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ချန်ချင်းအား ပြသရန်နှင့် မဟာဧကရာဇ်များကြားတွင်လည်း အားကောင်းသူနှင့် အားနည်းသူ ရှိကြောင်း သူ့ကို နားလည်စေရန် ဟန်ပြင်နေချိန်မှာပင်...
ချန်ချင်း၏အနောက်တွင် မဟာဧကရာဇ် နတ်ဘုရား ရောင်ဝါစက်ဝန်းထွက်ပေါ်လာပြီး သူ၏ဧကရာဇ် ဖိအားသည် မိုင်ထောင်ချီသော တောင်များနှင့် မြစ်များအလား ထျန်းရွှမ်မဟာဧကရာဇ်၏ ခေါင်းပေါ်သို့ တိုက်ရိုက်ဖိနှိပ်လာပေ၏။
ဤသည်က သူ့ကို လေထဲမှနေ၍ မြေကြီးပေါ်သို့ တိုက်ရိုက်ဖိနှိပ်လိုက်ပြီး ဧရာမ တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထျန်းရွှမ် မဟာဧကရာဇ်သည် ဤဧကရာဇ် စွမ်းအား ကို ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူ၏ ဒူးများသည် မနာခံတော့ဘဲ တစ်လက်မချင်းစီ ကွေးညွတ်သွားတော့သည်။
သူက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး... မင်းက ဧကရာဇ်နယ်ပယ်ကို အခုလေးတင် ရောက်လာတာ ရှင်းနေတာပဲ... ဘာလို့... ဘာလို့ ဒီဧကရာဇ် ကို ဖိနှိပ်နိုင်ရတာလဲ..."
ထျန်းရွှမ် မဟာဧကရာဇ်သည် မည်မျှထိ ဝန်ခံရန် ငြင်းဆန်စေကာမူ ချန်ချင်း၏ ဧကရာဇ်ဖိအားဖြင့် ဖိနှိပ်ခံရခြင်းမှာ သူ ငြင်းဆန်၍မရသော အမှန်တရားတစ်ခုပင်။
မဟာဧကရာဇ်များကြားတွင်လည်း ကွာခြားချက်များ ရှိကြောင်း ချန်ချင်းကို သူ နားလည်စေချင်ခဲ့သည်မှာ သိသာထင်ရှားသည်။
ရလဒ်မှာ သူ၏မျက်နှာကို ပါးဖြတ်ရိုက်ခံရခြင်းပင်။
သေလူတစ်ယောက် ဖြစ်ရန် သတ်မှတ်ခံထားရသူကို ထိုမျှထိ ရှင်းပြနေရန် ချန်ချင်းက အဖက်မလုပ်ချေ။ သူသည် သူ၏လက်ချောင်းထိပ်လေးကို ညင်သာစွာ မြှောက်လိုက်ပြီးနောက် ပြန်ချလိုက်၏။
ကျယ်လောင်သော ဝုန်းခနဲ အသံနှင့်အတူ...
ထျန်းရွှမ်ကုန်းမြေကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော ထျန်းရွှမ်မဟာဧကရာဇ်သည် မမြင်ရ မထိတွေ့နိုင်သော ဧကရာဇ်ဖိအားကြောင့် အတင်းအကြပ် ခြေမွှခံလိုက်ရသည်။ သူ၏ရုပ်ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး အရိုးများ အမှုန့်ဖြစ်သွားကာ သွေးများက မြူခိုးများအလား ပေါက်ကွဲသွားတော့သည်။
ခေတ်တစ်ခေတ်၏ မဟာဧကရာဇ်တစ်ပါး ကြွေလွင့်သွားခဲ့လေပြီ။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် မဟာဧကရာဇ် အရိပ်ရုပ်သေးရုပ် ၁၀ရုပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
"မဟာဧကရာဇ်တစ်ပါးကို သတ်ပြီး မဟာဧကရာဇ်ရုပ်သေးဆယ်ကောင်ရတာ... ဒါက အရှုံးမရှိပါဘူး..."
ချန်ချင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
ရှားချင်းယွဲ့၏ တာအိုသို့သွားရာလမ်းကို အနှောင့်အယှက်ပေးနေသော ပိုးကောင်များ အားလုံး ရှင်းလင်းသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ချန်ချင်းသည် နောက်ပြန်လှည့်ကာ အဆတစ်ရာ ကျင့်ကြံခြင်း ဟင်းလင်းပြင်သို့ ပြန်သွားပြီး သူမ၏ တာအိုကို ဆက်လက်၍ ကာကွယ်ပေးနေခဲ့သည်။
သူ ထွက်ခွာသွားသည်နှင့် မဟာဝူနိုင်ငံတစ်ခုလုံးရှိ လူသန်းပေါင်းများစွာ၏ ခေါင်းများပေါ်တွင် ဖိနှိပ်ထားသော မမြင်နိုင်သည့် လက်ကြီးသည် နောက်ဆုံးတွင် ဖယ်ရှားခြင်းခံလိုက်ရလေ၏။
လျှို့ဝှက်သတင်းပေး ထွက်ပေါ်လာသည်ကို မြင်သောအခါ နဂါးပလ္လင်ပေါ်တွင် ခွေခေါက်နေပြီး တုန်လှုပ်နေဆဲဖြစ်သော ဧကရာဇ်ရှားချန်က အလျင်အမြန် မေးလိုက်သည်။
"ရလဒ်... ရလဒ်က ဘယ်လိုနေလဲ..."
"ထျန်းရွှမ် မဟာဧကရာဇ်က... ချန်ချင်းရဲ့ အတွေးတစ်ချက်တည်းနဲ့ ဖိနှိပ်ပြီး သတ်ဖြတ်ခံလိုက်ရပါတယ်..."
သူကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့သော်လည်း လျှို့ဝှက်သတင်းပေးသည် ဤကိစ္စ အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်းကို ယခုအချိန်အထိ မယုံကြည်နိုင်သေးချေ။
သူ၏ မျက်လုံးထဲတွင် 'ပြိုင်ဘက်ကင်း' ဟူသော စကားလုံးနှင့် အဆုံးအစမရှိ နီးစပ်နေသော မဟာဧကရာဇ်သည် တစ်စုံတစ်ယောက်၏ မျက်စိတမှိတိအတွင်း သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။
"မဟာဧကရာဇ် တစ်ပါးကို အတွေးတစ်ချက်တည်းနဲ့ ဖိနှိပ်ပြီး သတ်ဖြတ်လိုက်တာလား..."
ဤကိစ္စကို သိရှိပြီးနောက် ရှားချန်၏ ဖြူရော်နေပြီဖြစ်သော မျက်နှာသည် ပို၍ပင် ဖြူရော်သွားတော့သည်။
သူက စိတ်ထဲတွင် အကြိမ်ကြိမ် အလေးပေး၍ ရေရွတ်နေခဲ့သည်။
'သူက ငါ့သမက် ပဲ...ငါ ထိတ်လန့်စရာ မလိုဘူး... ကြောက်စရာ မလိုဘူး...'
ဤနည်းလမ်းဖြင့် သူ၏စိတ်နှလုံးသားကို တည်ငြိမ်စေရန် သူ ကြိုးစားနေလေ၏။
အဆတစ်ရာကျင့်ကြံခြင်း ဟင်းလင်းပြင်၌...
အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။
ဝုန်း...
အသံကြားလိုက်ရသဖြင့် ချန်ချင်းက မော့ကြည့်လိုက်ရာ ကောင်းကင်လျှပ်စီးမိုးကြိုးများ တလက်လက် တောက်ပနေသည့် ကပ်ဘေးတိမ်တိုက်များ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ရှားချင်းယွဲ့သည် ယခုအချိန်၌ ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း သူ သိလိုက်၏။
အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ဤကြိုးစားမှုတစ်ကြိမ်အပေါ်တွင်သာ မူတည်သည်။
ဝုန်း...
ပထမဆုံး ကောင်းကင်လျှပ်စီးမိုးကြိုး ကျရောက်လာပြီး ရှားချင်းယွဲ့၏ခေါင်းကို တိုက်ရိုက်ထိမှန်သွားသည်။
သူမ မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိခဲ့ချေ။
ဝုန်း...
ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ... ကောင်းကင်လျှပ်စီး မိုးကြိုးများ တစ်ခုပြီးတစ်ခု ကျဆင်းလာသည်။
ကောင်းကင်လျှပ်စီးမိုးကြိုးများ၏ အကြိမ်အရေအတွက် တိုးလာပြီး ပြင်းအား ပို၍မြင့်မားလာသည်နှင့်အမျှ ရှားချင်းယွဲ့၏မျက်ခုံးများသည် ပို၍တင်းကြပ်စွာ တွန့်ကွေးလာပြီး သူမ၏မျက်နှာပေါ်တွင် ချွေးစေးများ ပို၍ယိုစီးကျလာပေ၏။
ကံကောင်းထောက်မစွာဖြင့် အဆတစ်ရာ ကျင့်ကြံခြင်း ဟင်းလင်းပြင်က စိတ်ဝိညာဉ်ချီ များကို အဆက်မပြတ် ထောက်ပံ့ပေးနေခြင်းနှင့် ကောင်းကင်အမိန့်တော် ဧကရီ၏ရောင်ဝါစက်ဝန်းမှ ပံ့ပိုးမှုတို့ဖြင့် လျှပ်စီးမိုးကြိုးကပ်ဘေးသည် ထိတ်လန့်ဖွယ် ဖြစ်သော်လည်း သူမ အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ကပ်ဘေးတိမ်တိုက်များ ပြယ်လွင့်သွားပြီးနောက် ရှားချင်းယွဲ့သည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူမအတွက် သီးသန့်ဖြစ်သော မဟာဧကရာဇ် နတ်ဘုရား ရောင်ဝါစက်ဝန်းသည်လည်း သူမ၏နောက်တွင် ထွက်ပေါ်လာပေ၏။
"ခင်ပွန်း... ကျွန်မ... ကျွန်မ တာအိုကို အောင်အောင်မြင်မြင် ရရှိသွားပြီ... ကျွန်မ မဟာဧကရာဇ်နယ်ပယ်ကို ရောက်သွားပြီ..."
ရှားချင်းယွဲ့သည် ရုတ်တရက် မတ်တတ်ထရပ်ကာ ဤသတင်းကောင်းကို ချန်ချင်းနှင့် မျှဝေရန် စိတ်အားထက်သန်စွာဖြင့် သူ၏ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။
ချန်ချင်းသည် ရှားချင်းယွဲ့၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်ကာ တခြားလက်တစ်ဖက်ဖြင့် သူမ၏ ဆံပင်ရှည်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
"မင်း လုပ်နိုင်မယ်ဆိုတာကို မင်းရဲ့ ခင်ပွန်းက အမြဲတမ်း ယုံကြည်ပြီးသားပါ..."
ထို့နောက် နောက်ထပ် စကားပြောဆိုမှုများမှတစ်ဆင့် ရှားချင်းယွဲ့သည် ဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ရုံသာမက သူမ၏ မွေးရာပါ ဧကရာဇ် လက်နက်ကိုလည်း နိုးထလာခဲ့ကြောင်း ချန်ချင်း သိရှိလိုက်ရသည်။
သူ မနာလိုဟုပြောလျှင် လိမ်ရာကျမည်ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ချန်ချင်းထံတွင် စနစ် ရှိနေလေ၏။
သူ၏ ဇနီးသည်ကို မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန် ကူညီပေးခြင်းက ဇနီးသည်အား အလိုလိုက်ခြင်း အဖြစ် မည်သည်ကြောင့် မရေတွက်ဘဲ နေမည်နည်း။
Book 9 end.