← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း (၉၅) ကိုယ့်အမှားကိုယ် ကာကွယ်ရတာကို စွဲလမ်းနေခြင်း

ဟန်တျန်းဂိုဏ်း၏ပင်မခန်းမတွင် တပည့်များနှင့် အကြီးအကဲ အသီးသီးကို ညွှန်ကြားချက်များ ပေးပြီးနောက် ဂိုဏ်းချုပ်လီရွေ့က မတ်တတ်ထကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် သူ၏ဘေးဘက်အမြင်အာရုံသည် အလင်းရောင်တစ်ချက်ကို ဖမ်းမိသွားခဲ့လေ၏။

သူ လှည့်ကြည့်လိုက်ရာ ပင်မခန်းမ အောက်တွင် ကူးပြောင်းရေးတံခါးတစ်ခု ပွင့်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

အစပိုင်းတွင် သူက ထိုအရာကို မဟာအကြီးအကဲ တစ်ဦး၏လုပ်ရပ်ဟု ထင်မှတ်ခဲ့သော်လည်း သူ အံ့အားသင့်သွားသည်မှာ နောက်တစ်ခဏတွင် ငယ်ရွယ်သော အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးက ထိုအရာထဲမှ ထွက်လာသည်ကို သူ မြင်တွေ့လိုက်ရခြင်းပင်။

ထို့လူငယ်နှစ်ဦးသည် သူတို့၏ဂိုဏ်းမှ လူများနှင့် မတူညီချေ။ ဂိုဏ်း၏မည်သည့် တပည့်မျှ ဤကဲ့သို့ ဝတ်စားဆင်ယင်မည် မဟုတ်ပေ။

"စိတ်ဝင်စားစရာပဲ..."

လီရွေ့သည် သူ၏လက်ကို မြှောက်ကာ လူတိုင်းကို အလျင်စလို မလှုပ်ရှားရန်နှင့် သူ၏ အမိန့်ကို စောင့်ဆိုင်းရန် အချက်ပြလိုက်၏။

ထို့နောက် သူသည် ဂိုဏ်းချုပ်ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး သူ၏ မြင့်မားသော နေရာမှ ငုံ့ကြည့်ကာ မောက်မာထောင်လွှားစွာ မေးလိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ... ဟန်တျန်းဂိုဏ်းထဲကို ဘယ်လိုသတ္တိမျိုးနဲ့ ကျူးကျော်ရဲတာလဲ..."

"နင်တို့က ငါတို့ကို သတ်ပြီး ငါတို့ရဲ့ အခွင့်အရေး ကို လုယူမယ်လို့ ခုဏက ခြိမ်းခြောက်နေတာ မဟုတ်ဘူးလား..."

ရှားချင်းယွဲ့က ပြန်လည်၍ ချေပလေသည်။

"အခု ဘာလို့ ငါတို့ကို မသိဟန်ဆောင်နေရတာလဲ..."

"အော်... မင်းတို့က အောက်ဘုံကလား..."

လီရွေ့သည် သူတို့၏အထောက်အထားကို ချက်ချင်း အတည်ပြုလိုက်၏။

"ငါ့သမီးကို မင်းတို့ ဘာလုပ်လိုက်တာလဲ..."

လီရွေ့ ထပ်မပြောမီမှာပင် လင်းကျန်းက ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။

"သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး... ငါ့ခင်ပွန်းရဲ့ ရန်သူဖြစ်ဖို့ ကြိုးစားခဲ့တာ... အခုတော့ သူ သေသွားပြီ..."

ရှားချင်းယွဲ့က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"တကယ်လို့ နင် မကျေနပ်ဘူးဆိုရင်... ငါက အချိန်မရွေး အဆင့်သင့်ပဲ..."

"ဇနီးလေး... အခြေအနေတွေ ပြောင်းသွားပြီ... ပြင်ပလူတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ... သူတို့က ငါတို့ကို အထင်မသေးအောင် ကိုယ့်ကိုယ်ကိုယ် 'ဒီဧကရီက' လို့ သုံးနှုန်းသင့်တယ်..."

ချန်ချင်းက သူမကို သတိပေးလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်...ဒါက အမှန်ပဲ..."

ရှားချင်းယွဲ့သည် ချန်ချင်း၏စကားများကို မှတ်သားကာ သူမ၏ရင်ကိုကော့ပြီး ချောင်းဟန့်ကာ ထပ်မံ၍ ပြောဆိုလိုက်သည်။

"တကယ်လို့ နင် မကျေနပ်ဘူးဆိုရင်... ဒီဧကရီက အချိန်မရွေး အဆင်သင့်ပဲ..."

"မင်း... မင်းက သေလမ်းရှာနေတာပဲ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လင်းကျန်းသည် လုံးဝဒေါသထွက်သွားပြီး ကျယ်ပြန့်သော ဧကရာဇ်နယ်ပယ် အရှိန်အဝါသည် ဂိုဏ်း၏ ပင်မခန်းမတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားတော့သည်။

နှစ်ဖက်လုံး တိုက်ခိုက်ရန် ဟန်ပြင်ထားသည်ကို မြင်သောအခါ လီရွေ့သည် ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူတို့ကို တားဆီးရန် ရည်ရွယ်ချက် မရှိချေ။ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ စွမ်းအားသည် သူတို့ ပြောသလောက် အမှန်တကယ် အားကောင်းခြင်း ရှိမရှိ စမ်းသပ်ရန်အတွက် လင်းကျန်း၏လက်ကို သူ အသုံးပြုလိုပေ၏။

ဂိုဏ်းချုပ်က သူ့ကို တားဆီးရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ လင်းကျန်းသည် ဆက်လက်၍ ထိန်းချုပ်မထားတော့ချေ။ သူသည် ရက်ရက်စက်စက် တိုက်ခိုက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ရှားချင်းယွဲ့ဆီသို့ ပြေးဝင်သွားကာ အော်ငေါက်လိုက်သည်။

"ငါ့သမီးရဲ့ အသက်အတွက် မင်းကို ပေးဆပ်ခိုင်းမယ်..."

ယခင်က ဤကဲ့သို့ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို ရင်ဆိုင်ရပါက ရှားချင်းယွဲ့သည် ထိတ်လန့်နေမည်မှာ သေချာပြီး သူမ၏ ခန္ဓာကိုယ် ပျော့ခွေသွားကာ ခြေတစ်လှမ်းမျှ လှမ်းနိုင်မည် မဟုတ်ချေ။

သို့သော် ဧကရာဇ်နယ်ပယ် လမ်းကြောင်းပေါ်တွင် သူမ၏တာအိုကို အောင်မြင်စွာ သက်သေပြပြီးနောက် လင်းကျန်း၏ တိုက်ခိုက်မှုများသည် ရှားချင်းယွဲ့အတွက် မယုံနိုင်လောက်အောင် ကလေးဆန်ပြီး နှေးကွေးနေပုံ ပေါက်နေခဲ့လေ၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် လင်းကျန်းကဲ့သို့ ပြိုင်ဘက်မျိုးကို ရှားချင်းယွဲ့ အလေးအနက်ထားရန် လုံးဝမထိုက်တန်ချေ။

သူမသည် လက်ချောင်းကိုတောက်ကာ လင်းကျန်းဆီသို့ သေးငယ်သော ရေခဲကြာပန်းတစ်ပွင့်ကို ပစ်လွှတ်လိုက်သည်။

လက်ဖဝါးထက်ပင် သေးငယ်သော ရေခဲကြာပန်းကို မြင်သောအခါ လင်းကျန်း၏ပါးစပ် မဲ့ရွဲ့သွားခဲ့သည်။ သူ စော်ကားခံရသည်ဟု ခံစားလိုက်ရ၏။

"ဒီနေ့... ဒီအဘိုးကြီးက မင်းကို အမှုန့်ဖြစ်အောင် ခြေမွှဖျက်ဆီးပစ်မယ်..."

ရေခဲကြာပန်းကို ရင်ဆိုင်ရာတွင် လင်းကျန်းသည် ထိုအရာကို အနည်းငယ်မျှ အလေးအနက် မထားခဲ့ချေ။ သူသည် ထိုအရာကို ရိုက်ထုတ်ရန် ရည်ရွယ်၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

သို့သော် သူ၏လက်ချောင်းသည် ရေခဲကြာပန်း နှင့် ထိတွေ့မိသည့် အခိုက်အတန့်တွင် သူ၏ညာဘက်လက်တစ်ဖက်လုံး အေးခဲတောင့်တင်းသွားသည်။

လင်းကျန်း၏မျက်လုံးများ ပြူးကျယ်သွားလေ၏။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသဖြင့် သူသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး သူ၏ လက်တစ်ဖက်လုံးကို ပခုံးမှ ဖြတ်တောက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားစေသည်။

ဤအရာက ရေခဲများ ပျံ့နှံ့မှုကို တားဆီးနိုင်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း သူ အံ့အားသင့်သွားသည်မှာ သူ၏လက်ကို ဖြတ်တောက်ပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကာ အပိုင်းပိုင်းအစစ အက်ကွဲသွားသော်လည်း သူ၏ရုပ်ခန္ဓာကိုယ် အေးခဲမှုသည် ရပ်တန့်မသွားခြင်းပင်။

လင်းကျန်း ထပ်မံ၍ မတုံ့ပြန်နိုင်မီ အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် သူ၏အတွင်းကလီစာများ အပါအဝင် သူ၏ရုပ်ခန္ဓာကိုယ်တစ်ခုလုံး လုံးလုံးလျားလျား အေးခဲတောင့်တင်းသွားသည်။

ရှားချင်းယွဲ့သည် လင်းကျန်း၏ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းသွားကာ သူမ၏လက်ကို မြှောက်ပြီး သူ၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။

ဘုန်း...

လင်းကျန်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

"..."

ဂိုဏ်းချုပ် လီရွေ့ အပါအဝင် အကြီးအကဲများအားလုံး ဆွံ့အသွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။

လင်းကျန်း၏ခွန်အားသည် ဟန်တျန်းဂိုဏ်းရှိ မဟာအကြီးအကဲများအနက် အားအကောင်းဆုံး မဟုတ်သော်လည်း သူတို့၏အမြင်တွင် သူသည် ဤမျှထိ လွယ်ကူစွာနှင့် တစ်ဖက်သတ် အနိုင်ယူခံရမည် မဟုတ်ချေ။

သို့သော် အမှန်တရားက သူတို့၏ရှေ့တွင် ပေါ်လွင်နေပြီးသားဖြစ်ရာ သူတို့ မည်သို့ သံသယဝင်နိုင်မည်နည်း။

"မင်းတို့က ဘယ်သူတွေလဲ..."

လီရွေ့သည် နိမ့်ပါးပြီး ခြောက်ကပ်နေသော အောက်ဘုံမှ ဤမျှထိ အားကောင်းသော ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်မည်ဟု မယုံကြည်ချေ။

'လူတွေကို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေ ဖြစ်လာစေနိုင်တဲ့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုက အောက်ဘုံမှာ တကယ်ကြီး ထွက်ပေါ်လာတာ ဖြစ်နေမလား...'

ဤအကြောင်းကို တွေးမိသောအခါ လီရွေ့သည် သူ၏ လေသံကို ပြောင်းလိုက်၏။

"တကယ်လို့ မင်းတို့က ရရှိထားတဲ့ အခွင့်အရေး တွေ အားလုံးကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိရင်... ငါက အတိတ်က ရန်ငြိုးတွေကို လျစ်လျူရှုပြီးတော့ မင်းတို့ နှစ်ယောက်ကို ငါ့ရဲ့ ဟန်တျန်းဂိုဏ်းထဲ ဝင်ခွင့်ပြုပြီး မဟာအကြီးအကဲတွေရဲ့ ခံစားခွင့်တွေကို ခံစားခွင့်ပေးမယ်..."

"နင်က မထိုက်တန်ဘူး..."

ရှားချင်းယွဲ့၏မျက်လုံးများသည် ဓားများအလား အေးစက်တင်းမာနေပေ၏။

"ငါ ထိုက်တန်သလား မထိုက်တန်ဘူးလားဆိုတာကို... စမ်းမကြည့်ဘဲနဲ့ မင်းက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ..."

လီရွေ့ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် ပုံရိပ်တချို့ က ရှားချင်းယွဲ့နှင့်ချန်ချင်းတို့၏ နံဘေးပတ်လည်တွင် ဆင်းသက်လာသည်။

ချန်ချင်းက ထိုလူများကို အကဲခတ်လိုက်သည်။ ဤလူများအားလုံး၏ ကျင့်ကြံခြင်းမှာ ချွင်းချက်မရှိဘဲ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်တွင် ရှိနေသည်။

"ဒီပုရွက်ဆိတ်တွေက ခင်ပွန်းရဲ့ လှုပ်ရှားမှုကို မခံထိုက်ဘူး... ကျွန်မ ကိုင်တွယ်လိုက်ပါ့မယ်..."

ရှားချင်းယွဲ့က ရှေ့သို့ တက်သွားပြီး ချန်ချင်းကို ကာကွယ်လိုက်၏။

ယခင်က ဤကဲ့သို့ ကိစ္စများနှင့် ကြုံတွေ့ရပါက သူမသည် ချန်ချင်း၏နောက်တွင် တုန်ယင်စွာဖြင့်သာ ပုန်းအောင်းနေနိုင်ခဲ့သည်။ ယခုအချိန်၌ သူမသည် ရှေ့ထွက်ပြီး သူ့ကို ကာကွယ်ရန် ခွန်အားကို နောက်ဆုံးတွင် ရရှိလာခဲ့လေပြီ။

ဤသည်က သူမအတွက် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

ရှားချင်းယွဲ့သည် သူမ၏အပြုံးကို ဖိနှိပ်မထားနိုင်လုနီးပါး ဖြစ်နေခဲ့လေ၏။

တစ်စုံတစ်ယောက်ကို ကာကွယ်ရခြင်းသည် ဤမျှထိ စိတ်ကျေနပ်စရာကောင်းသော အရာဖြစ်ကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ချန်ချင်းက မြင်သော်လည်း ထောက်မပြခဲ့ချေ။ ရှားချင်းယွဲ့တွင် ဤကဲ့သို့ ရည်ရွယ်ချက် ရှိနေသဖြင့် သူ သဘာဝကျစွာပင် ဝမ်းသာအားရ လက်ခံလိုက်သည်။

အနာဂတ်တွင် ဇာတ်လိုက် ထွက်လာမည့်အချိန်နှင့် ရင်ဆိုင်ရသောအခါ သူမသည် တုံ့ဆိုင်းမှုမရှိဘဲ သူ၏ ဘက်မှ ရပ်တည်ပြီး တစ်ဖက်လူကို ရက်ရက်စက်စက် တိုက်ခိုက်နိုင်ပါက အကောင်းဆုံး ဖြစ်ပေမည်။

ငယ်ချစ်ဦးများ၏ မပီဝိုးတဝါး ခံစားချက်များသည် နေ့တိုင်း အတူတကွ ဖြတ်သန်းရခြင်းနှင့် မည်သို့ယှဉ်နိုင်မည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်သွားပေမည်။

"ပု... ပုရွက်ဆိတ် တွေ..."

ခြေလှမ်းတစ်ဝက် ဧကရာဇ်များအနေဖြင့် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီးကတည်းက သူတို့ကို ဤကဲ့သို့ ခေါ်ဆိုခံရခြင်းမှာ ပထမဆုံးအကြိမ်ပင်။ သူတို့၏ပါးစပ်များ မဲ့ရွဲ့သွားပြီး သူတို့၏ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ သူတို့၏ မျက်နှာများပေါ်တွင် အပြည့်အဝ ပေါ်လွင်နေပေ၏။

"ဂိုဏ်းချုပ်... သူတို့ကို အသက်တစ်ရှိုက်စာလောက် ချန်ထားပေးရုံပဲမလား..."

မဟာအကြီးအကဲတစ်ဦးက ခန်းမထဲရှိ လီရွေ့ကို မော့ကြည့်ကာ မေးလိုက်သည်။

"အင်း..."

လီရွေ့က ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူများ အသက်ရှူနေသရွေ့ အခွင့်အရေးက မည်သည့်အရာဖြစ်သည်နှင့် မည်သည့်နေရာ၌ ရှိနေသည်ကို သူတို့ မေးနိုင်သည်။

သူ့အတွက် ရှားချင်းယွဲ့နှင့် ချန်ချင်းတို့၏ တန်ဖိုးမှာ ဤအရာအတွက်သာ ကန့်သတ်ထားခြင်း ဖြစ်ပေ၏။

"ဒီခေါင်းမာတဲ့ ကောင်မလေးကို ငါ တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်... မင်းတို့ ဝင်ပါစရာ မလိုဘူး..."

လင်းခွန်း၏ ပြတ်သားသော သဘောထားကို မြင်သောအခါ တခြားမဟာအကြီးအကဲနှစ်ဦးသည် အချင်းချင်း ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်ကြသည်။

သူတို့သည် ရန်ငြိုးမဖွဲ့လိုသဖြင့် ဤအခွင့်အရေးကို မဟာအကြီးအကဲ လင်းခွန်းအား ပေးရန် သူတို့ ဆုံးဖြတ်လိုက်သည်။

လင်းခွန်းသည် သူ၏စိတ်ဝိညာဉ်ချီများကို ခြေထောက်များတွင် စုစည်းလိုက်ပြီး ရှားချင်းယွဲ့၏ နောက်သို့ အလျင်မြန်ဆုံး အမြန်နှုန်းဖြင့် ထွက်ပေါ်လာကာ သူမကို အလစ်အငိုက် တိုက်ခိုက်ရန် ရည်ရွယ်လိုက်၏။

သို့သော် သူ၏လှုပ်ရှားမှုတိုင်းသည် ရှားချင်းယွဲ့၏ နတ်ဘုရားစိတ်အာရုံ စောင့်ကြည့်မှုမှ မလွတ်ကင်းနိုင်ချေ။

သူမက ခြေဖျားကို မြှောက်ကာ ပြန်ချလိုက်သည်။

ရေခဲများသည် ချန်ချင်းကို ရှောင်ရှားကာ အရပ်မျက်နှာအဘက်ဘက်သို့ ချက်ချင်းပျံ့နှံ့သွားတော့သည်။

"မကောင်းတော့ဘူး..."

လင်းခွန်းသည် တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိပြီး နောက်ဆုတ်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်၏။

မထင်မှတ်ဘဲ ရေခဲများက ပို၍မြန်ဆန်နေခဲ့သည်။ အနည်းငယ် ထိလိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းခွန်း လုံးဝအေးခဲသွားခဲ့သည်။

တခြား ခြေလှမ်းတစ်ဝက် ဧကရာဇ် နှစ်ဦးသည်လည်း အေးခဲခြင်း ကံကြမ္မာမှ မလွတ်မြောက်နိုင်ဘဲ နောက်ဆုတ်နေသည့် အနေအထားကို ထိန်းသိမ်းထားကာ သူတို့၏မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ထင်ဟပ်နေပြီး ထာဝရ အေးခဲတောင့်တင်းသွားတော့သည်။

"ဒါက..."

ဟန်တျန်းဂိုဏ်း၏ ခြေလှမ်းတစ်ဝက် ဧကရာဇ် မဟာအကြီးအကဲများအားလုံး ရှားချင်းယွဲ့၏ လွယ်လင့်တကူ ဖိနှိပ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ကို လီရွေ့က မြင်တွေ့လိုက်ရသည်။ လီရွေ့သည် ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူ၏ ခန္ဓာကိုယ်နှင့် စိတ်သည် မယုံနိုင်လောက်အောင် လေးလံပြီး ဖိနှိပ်ခံထားရသည်ဟု ရုတ်တရက် ခံစားမိလေ၏။

သူသည် မှားယွင်းသော ပြိုင်ဘက်များကို ရန်စမိသွားပြီဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်သည်။

"နင်က အခွင့်အရေး ကို လိုချင်တယ်ဆို... ဘာလို့ မလှုပ်ရှားသေးတာလဲ..."

ရှားချင်းယွဲ့က ခန်းမထဲရှိ လီရွေ့ကိုကြည့်ပြီး မေးလိုက်သည်။

"ဂလု..."

လီရွေ့သည် တံတွေးမျိုချလိုက်ပြီး အတင်းအကျပ် ပြုံးကာ ပြောဆိုသည်။

"ငါ အစက အဆင်အခြင်မဲ့ပြီး သူရဲကောင်းတွေကို အသိအမှတ်မပြုမိဘူး... မင်းတို့ကို အရမ်း စော်ကားမိသွားတယ်... လေးစားအပ်တဲ့ သခင်နှစ်ယောက်က သဘောထားကြီးပြီး ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

"ငါ အခွင့်အရေးကို မလိုချင်တော့ဘူး... ဟန်တျန်းဂိုဏ်းက မင်းတို့ နှစ်ယောက်ကို မဟာအကြီးအကဲ တွေ... မဟုတ်ဘူး... ဒီဂိုဏ်းချုပ်နဲ့ အဆင့်အတန်း တူညီတဲ့ အထွတ်အထိပ် အကြီးအကဲတွေအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်..."

ရှားချင်းယွဲ့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မျက်မြင်တွေ့ရှိပြီးနောက် လီရွေ့သည် ထို အခွင့်အရေးကို မည်သို့ ဆက်လက်၍ တပ်မက်နိုင်မည်နည်း။

သူသည် အေးခဲခံရမည့် နောက်ထပ် လူတစ်ယောက် ဖြစ်လာမည်ကို ကြောက်ရွံ့နေခဲ့လေ၏။

အခွင့်အရေးနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် သူ တွေးနေသမျှမှာ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့၏ ခွင့်လွှတ်မှုကို တောင်းခံရန်ပင်။ အကယ်၍ သူသည် သူတို့နှစ်ဦးကို ဂိုဏ်းထဲသို့ သိမ်းသွင်းနိုင်ပါက ဤသည်က ပို၍ပင် ကောင်းမွန်ပေမည်။

ဤသည်က မဟာအကြီးအကဲငါးဦး ဆုံးရှုံးသွားမှုကို အစားထိုးနိုင်ပေမည်။

"နင်က ထိုက်တန်လို့လား..."

ရှားချင်းယွဲ့သည် တူညီသော မေးခွန်းကို ထပ်မံ၍ မေးလိုက်ပြီး သူမ၏မျက်လုံးများမှာ ယခင်ကထက် ပို၍အေးစက်တင်းမာနေခဲ့သည်။

ဤတစ်ကြိမ်တွင်မူ တူညီသော မေးခွန်းကို ရင်ဆိုင်ရသောအခါ လီရွေ့သည် ယခင်ကဲ့သို့ မောက်မာမှုမျိုးဖြင့် ပြန်လည်၍ မချေပနိုင်တော့ချေ။

"တကယ်လို့ မင်း မကျေနပ်ဘူးဆိုရင်... ငါက ဂိုဏ်းချုပ်နေရာကို စွန့်လွှတ်ပြီး ဟန်တျန်းဂိုဏ်း ကို မင်းတို့ နှစ်ယောက်ဆီ လွှဲပြောင်းပေးဖို့ ငါ ဆန္ဒရှိပါတယ်... ငါက လက်ထောက်ဂိုဏ်းချုပ်လေးတစ်ယောက် ဖြစ်ဖို့ပဲ လိုပါတယ်..."

လီရွေ့သည် အကြိမ်ကြိမ် နောက်ဆုတ်ပေးနေခဲ့သည်။

ကျင့်ကြံဆင့်အမြင့်ဆုံးလူများ စိုးစံသော ခေတ်တွင် မဟာဧကရာဇ်၏ အောက်တွင် အားအကောင်းဆုံး ဖြစ်နိုင်ခြေရှိသော ဤကဲ့သို့ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးကို ရင်ဆိုင်ရသောအခါ သူထံ၌ ရွေးချယ်စရာ မရှိချေ။

လီရွေ့သည် ဘာမှမသိသေးဘဲ ညှိနှိုင်းရန် အခွင့်အရေးများ ရှိနေသည်ဟု ထင်နေဆဲဖြစ်သည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် နောက်ထပ် စကားမပြောချင်တော့ချေ။ သူမထံမှ ဧကရာဇ်နယ်ပယ် စွမ်းအားများ တိုက်ရိုက်ထွက်ပေါ်လာပြီး မဟာဧကရာဇ် နတ်ဘုရားရောင်ဝါစက်ဝန်းသည် လည်ပတ်လာပေ၏။

"မ... မဟာဧကရာဇ်..."

မဟာဧကရာဇ် နတ်ဘုရားရောင်ဝါစက်ဝန်းကို ရှင်းလင်းစွာ မြင်လိုက်ရသည့် အခိုက်အတန့်တွင် လီရွေ့သည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ခြေထောက်များ ပျော့ခွေသွားကာ မြေကြီးပေါ်သို့ ခွေကျသွားသည်။

ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူ့ထံ၌ မောက်မာမှု သို့မဟုတ် မာနထောင်လွှားမှု အရိပ်အယောင်များ စိုးစဥ်းမျှ မရှိတော့ချေ။

သူက အပြင်းအထန် ငြင်းဆိုနေခဲ့လေ၏။

"မဟုတ်ဘူး... ထျန်းရွှမ် မဟာဧကရာဇ်က မသေဆုံးသေးဘူးလေ... မင်း... မင်းက ဘယ်လိုလုပ်ပြီးမဟာဧကရာဇ် ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်ဘူး... ဒါက လုံးဝမဖြစ်နိုင်ဘူး..."

ရှားချင်းယွဲ့သည် စကားမပြောခဲ့ချေ။ အေးစက်သော ချီ လှိုင်းလုံးတစ်ခုသည် ဂိုဏ်း၏ ပင်မခန်းမတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားပြီး သူမ၏ အမြင်အာရုံအတွင်းရှိ သက်ရှိသတ္တဝါအားလုံးကို အေးခဲသွားစေသည်။

သူမ၏ ခင်ပွန်းအပေါ် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် ရှိခဲ့သူများ...

ဤသည်မှာ တခဏကြာသာ ဖြစ်သော အတွေးတစ်ခု ဖြစ်လျှင်ပင် သူတို့အားလုံး အေးခဲသွားတော့သည်။

All Chapters