← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

အခန်း (၉၆) ဧကရီ ၏ ဖွံ့ဖြိုးတိုးတက်မှု

ဂိုဏ်း၏ပင်မခန်းမ တစ်ခုလုံးသည် အပြင်ရော အတွင်းပါ လုံးဝအေးခဲသွားပြီး အအေးဒဏ်မှာ အလွန်ပြင်းထန်လွန်းသဖြင့် မီတာရာပေါင်းများစွာ အကွာအဝေးမှပင် ထိုးဖောက်ဝင်ရောက်လာသော ချမ်းစိမ့်မှုကို ခံစားနိုင်လေ၏။

ဟန်တျန်းဂိုဏ်း၏တပည့်များသည် ခန်းမအနီးသို့ အလွန်နီးကပ်စွာ မချဉ်းရဲကြချေ။ အနည်းငယ်ရဲရင့်ပြီး ခြေလှမ်းအနည်းငယ် ပို၍နီးကပ်လာသူများသည် သူတို့၏အဝတ်အစားများပေါ်တွင် ရေခဲလွှာ ပါးပါးလေးတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့၏မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် အဆများစွာ ဝေးကွာသောနေရာသို့ နောက်ဆုတ်သွားကြကာ သူတို့၏မျက်နှာများတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေသည်။

ဤသည်မှာ သူတို့ ရုန်းထွက်မရနိုင်တော့သော ရွှံ့နွံတစ်ခု မျှော်လင့်ချက်မဲ့မှု ခံစားချက်တစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည့်အလားပင်။ ချွေးစေးများသည် အစက်အပေါက်ကြီးများအဖြစ် ကျဆင်းလာကာ သူတို့၏မေးဖျားတွင် စုစည်းပြီး ပလုံဟူသော အသံဖြင့် ပြုတ်ကျသွားသည်။

"ဒီလောက်... ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အအေးဒဏ်..."

သူတို့က အံ့အားတသင့် ရေရွတ်လိုက်ကြပြီး သူတို့၏ ရင်ဘတ်များကို ဖိထားကာ ထိတ်လန့်တုန်လှုပ်နေဆဲပင်။

"ဂိုဏ်းရဲ့ ပင်မခန်းမက ဘယ်လိုလုပ်ပြီး အေးခဲသွားတာလဲ... အကြီးအကဲတစ်ယောက် ကျင့်ကြံနေရင်း ချီသွေဖည်သွားတာများလား..."

"မဖြစ်နိုင်ဘူး... ငါတို့ ဟန်တျန်းဂိုဏ်းထဲကို တစ်ယောက်ယောက် ကျူးကျော်ဝင်ရောက်လာတယ်လို့ ငါ ကြားတယ်..."

"အာ... ဘယ်သူကများ ဟန်တျန်းဂိုဏ်းထဲကို ကျူးကျော်ရဲလောက်အောင် သတ္တိရှိရတာလဲ... သူတို့ ရဲ့အသက်ကို သူတို့ တန်ဖိုးမထားကြဘူးလား..."

"ဒီထူးဆန်းတဲ့ဖြစ်စဉ်ကို ဂိုဏ်းချုပ် ဒါမှမဟုတ် တခြား အကြီးအကဲတွေက ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်..."

လူတိုင်း ဆူညံစွာ စကားပြောနေကြစဉ် အသံတစ်သံက အော်ဟစ်လိုက်သည်ကို သူတို့ ကြားလိုက်ရလေ၏။

"ကြည့်ကြအုံး... တစ်ယောက်ယောက် ထွက်လာပြီ..."

သူတို့ အသံလာရာသို့ ကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရပေသည်။ သူတို့သည် တခြားလူများမဟုတ်ဘဲ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ပင်။

ရှားချင်းယွဲ့သည် ဤလူများနှင့် စကားပြောရန် အချိန်မဖြုန်းချင်ချေ။ သူမသည် လက်ကိုမြှောက်ပြီး လက်ချောင်းလေးဖြင့် ညင်သာစွာ တောက်လိုက်ရာ ဂိုဏ်းချုပ်နှင့်မဟာအကြီးအကဲချုပ်များ၏ ရေခဲရုပ်ထုများသည် ခန်းမထဲမှ ပျံသန်းထွက်လာပြီး လူတိုင်း၏ ခေါင်းပေါ်တွင် လွင့်မျောနေသည်။

အစပိုင်းတွင် လူတိုင်းသည် လူပုံစံ ရေခဲရုပ်ထုများကို စိတ်အနှောင့်အယှက် ဖြစ်စရာဟုသာ တွေးထင်ခဲ့ကြသည်။ သို့သော် တဖြည်းဖြည်းနှင့် တချို့လူများသည် ရေခဲများကို ဖောက်ထွင်းမြင်လာရပြီး ထိုအရာအတွင်းရှိ မျက်နှာများကို မှတ်မိသွားကြ၏။

"ခဏလေး... အဲ့ဒါ... အဲ့ဒါက ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေ မဟုတ်ဘူးလား..."

တစ်စုံတစ်ယောက်က ထုတ်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူအများက အေးခဲနေသူများမှာ သူတို့၏ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲများဖြစ်ကြောင်း မှတ်မိသွားကြပြီး သူတို့၏မျက်နှာများတွင် ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားတော့သည်။

ရှားချင်းယွဲ့၏ ညင်သာသော လက်ချောင်တောက်မှုဖြင့်အတူ ရေခဲရုပ်ထု အများအပြားသည် ကောင်းကင်မှ တစ်ပြိုင်နက်တည်း ကျဆင်းလာပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့လေ၏။

သူတို့၏ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲများ အပိုင်းပိုင်းအစစ ဖြစ်သွားသည်ကို ကြည့်ကာ သူတို့အားလုံး ထိတ်လန့်သွားသည်။

ဒီနေရာမှာ လက်တစ်ဖက် ဟိုနေရာမှာ ခေါင်းတစ်လုံး...

လူတိုင်းသည် သူတို့၏နှလုံးသားများ တဒိတ်ဒိတ် ခုန်နေသည်ကို ခံစားလိုက်ရပြီး စိတ်မတည်ငြိမ်နိုင်တော့ချေ။

"ဒီအေးခဲတဲ့ အရသာကို ဘယ်သူ စမ်းကြည့်ချင်လဲ..."

ရှားချင်းယွဲ့က မေးလိုက်ပြီး လက်ကို မြှောက်လိုက်ရာ ရေခဲကြာပန်းတစ်ပွင့်က သူမ၏လက်ဝါးထဲတွင် ဖြစ်ပေါ်လာသည်။

တစ်နည်းဆိုရလျှင် ဒူးထောက်ခြင်းသည် အသက်ရှင်ခွင့်ရခြင်းကို ဆိုလိုကြောင်း ဤဟန်တျန်းဂိုဏ်း၏ တပည့်များကို သူမ ပြောပြနေခြင်းပင်။

ထိုတပည့်များအားလုံးသည် ဉာဏ်ကောင်းကြ၏။ ရှားချင်းယွဲ့၏ စကားများတွင် ပါဝင်သော ပို၍နက်ရှိုင်းသည့် အဓိပ္ပာယ်ကို သူတို့ မည်သို့ နားမလည်ဘဲ နေမည်နည်း။

အကယ်၍ သူတို့ အမှန်တကယ် နားမလည်နိုင်လျှင်ပင် တခြားလူများ ဒူးထောက်နေချိန်တွင် သူတို့က မတ်တတ်ရပ်နေမည်ဆိုပါက သူတို့သည် မျက်စိစူးစရာ ဖြစ်နေပေမည်။

သူတို့သည် သေချာပေါက် မျက်စိစူးစရာလူများ မဖြစ်ချင်ကြချေ။

ဤသို့ တွေးတောမိသဖြင့် လူအမြောက်အများ အစုလိုက်အပြုံလိုက် ဒူးထောက်လိုက်ကြပြီး ရှားချင်းယွဲ့အား သစ္စာခံကြောင်း ကျမ်းသစ္စာဆိုလိုက်ကြ၏။

ချန်ချင်းသည် သူမ၏နောက်တွင် မတ်တတ်ရပ်နေပြီး ရှားချင်းယွဲ့က အာရုံစိုက်မှုများအားလုံးကို ရယူသွားခြင်းအတွက် အနှောင့်အယှက် လုံးဝမဖြစ်ခဲ့ချေ။

သူမ ပို၍ပို၍သန်မာအားကောင်းလာစေရန် သူ ဆန္ဒရှိသည်။ ထိုသို့ဖြစ်လာမှသာ သူသည် စိတ်အေးလက်အေးနေနိုင်ပြီး သူမနောက်မှ အပါးခိုကာ နေ့စဉ်နေ့တိုင်း ဇနီးသည်အား အလိုလိုက်ခြင်းအတွက် ဆုလာဘ်များ ရယူပြီး ဇာတ်လိုက် ကို ဆန့်ကျင်မည့် သူ၏ဝှက်ဖဲများကို အဆက်မပြတ် အားဖြည့်နိုင်ပေမည်။

နောက်ဆုံးတွင် ဟန်တျန်းဂိုဏ်း၏ ကျန်ရစ်သောအကြီးအကဲများထဲမှ ဩဇာအာဏာအမြင့်ဆုံးဖြစ်သော ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် ရှေ့ထွက်လာပြီး ဟန်တျန်းဂိုဏ်းတစ်ခုလုံးကို သူမထံ အညံ့ခံရန် ဦးဆောင်လိုကြောင်း ရှားချင်းယွဲ့အား ပြောလိုက်၏။

ရှားချင်းယွဲ့က ချန်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏စကားတစ်ခွန်းတည်းဖြင့် ရှားချင်းယွဲ့သည် ချက်ချင်းနောက်ဆုတ်ပေးပေမည်။

ချန်ချင်းက ခေါင်းညိတ်လိုက်ပြီး အကြီးအကဲဆယ့်သုံး၏အညံ့ခံမှုကို သဘောတူရန် ရှားချင်းယွဲ့အား အချက်ပြလိုက်သည်။ သူတို့၏အမိန့်အောက်တွင် အင်အားစုများ ပို၍ရှိနေခြင်းက ဆိုးရွားသော ကိစ္စ မဟုတ်ချေ။

သေးငယ်သော ဟန်တျန်းဂိုဏ်းကို မဆိုထားနှင့် "ကောင်းကင်အမိန့်တော် ဧကရီ "ဟူသော စကားလုံးများအပေါ် ချန်ချင်း၏ နားလည်မှုအရ ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံးသည် နောက်ဆုံးတွင် ရှားချင်းယွဲ့၏အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားပေမည်။ သူသည် ဤဖြစ်စဉ်ကို အရှိန်မြှင့်ပေးရုံသာ ဖြစ်ပေ၏။

'ဧကရီ ဇနီးလေး...'

တခြားအရာများကို မဆိုထားနှင့် ယခင်ဘဝတွင် ဝတ္ထုများ ဖတ်ရှုရခြင်းကို နှစ်သက်သော ချန်ချင်းအတွက် ဧကရီဇနီးတစ်ယောက်ကို မှီခိုပြီး သူမနောက်မှ အပါးခိုရခြင်းသည် မည်မျှထိ အံ့အားသင့်ဖွယ်ကောင်းမည်ကို သူ အမှန်တကယ်ပင် စိတ်ကူးယဉ်ခဲ့ဖူးလေ၏။

သူသည် ဗီလိန်တစ်ယောက်ဖြစ်သော်လည်း ဗီလိန် တစ်ယောက်က ကောင်းကင်အမိန့်တော်ဧကရီကို လက်ထပ်၍မရဟု မည်သူက ပြောသနည်း...

အကယ်၍ သူသာ ကောင်းကင်တာအို၏ ဇာတ်ညွှန်းအတိုင်း အမှန်တကယ် လုပ်ဆောင်ခဲ့ပါက သူသည် တစ်နေ့ထက်တစ်နေ့ သေခြင်းတရား နီးကပ်လာသည်ကို သတိမပြုမိဘဲ ရိုးအသော ဗီလိန် တစ်ယောက်အဖြစ်သာ ရှိနေပေမည်။

ချန်ချင်း သတိပြန်ဝင်လာချိန်တွင် ရှားချင်းယွဲ့သည် အကြီးအကဲဆယ့်သုံးကို ဟန်တျန်းဂိုဏ်း၏ ဂိုဏ်းချုပ် အသစ်အဖြစ် ခန့်အပ်ပြီးဖြစ်လေ၏။ ရှားချင်းယွဲ့သည် ဟန်တျန်းဂိုဏ်းကို သူမကိုယ်တိုင် စီမံခန့်ခွဲရန် ရည်ရွယ်ချက် မရှိချေ။

များသောအားဖြင့် သူမသည် နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် လုပ်ဆောင်ကာ ဟန်တျန်းဂိုဏ်းအတွက် ကျောထောက်နောက်ခံအဖြစ် ဆောင်ရွက်ရပေမည်။

ဤဂိုဏ်းချုပ်ရာထူးသည် အလဟဿ မဟုတ်ချေ။ သူတို့ကို ဘယ်တော့မှ သစ္စာမဖောက်ဟု မိုးကောင်းကင်တာအို ကျိန်ဆိုခြင်းကို ပြုလုပ်ရပေမည်။

အကြီးအကဲဆယ့်သုံးသည် တွေဝေတုံ့ဆိုင်းမနေခဲ့ချေ။ သူ၏မူလအစီအစဉ်အရ သူ အသက်ကြီး၍ သေဆုံးသွားလျှင်ပင် ဂိုဏ်းချုပ် တစ်ယောက် ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ချေ။

ယခုအချိန်၌ သူသည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာနိုင်ရုံသာမက ရှားချင်းယွဲ့ကဲ့သို့ အားကောင်းသည့် ပုဂ္ဂိုလ်တစ်ဦးကိုလည်း မှီခိုနိုင်လေပြီ။ သူ မည်သည်ကြောင့် မလုပ်ရမည်နည်း။ သူမထံ၌ ငြင်းဆန်ရန် အကြောင်းပြချက် အမှန်တကယ်ကို မရှိချေ။

မျက်စိတစ်မှိတ်အတွင်း၌....

ဟန်တျန်းဂိုဏ်း၌ ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်အတွင်းတွင်....

သူတို့၏အဆက်မပြတ် အတူတကွ ရှိနေမှုအောက်တွင် ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် အပြန်အလှန် နားလည်မှု ပို၍အားကောင်းလာသည်။ စကားပြောဆိုရန် မလိုဘဲ သူတို့နှစ်ဦးလုံးသည် ဤနေရာသို့ လာရန် တပြိုင်နက်တည်း ရွေးချယ်ခဲ့ကြသည်။

"အထက်ဘုံရဲ့ ကျင့်ကြံနည်းစနစ်တွေက ကျွန်မတို့ အောက်ဘုံကအရာတွေနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ မသိဘူး..."

တံခါးထဲသို့ မဝင်မီကတည်းက ရှားချင်းယွဲ့သည် မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်၏။

"အထဲကိုဝင်ကြည့်ရင် သိရမှာပေါ့..."

ချန်ချင်းက ပြောဆိုလိုက်ပြီး ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်၏တံခါးကို တွန်းဖွင့်ကာ ရှားချင်းယွဲ့နှင့်အတူ အထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူတို့နှစ်ဦး ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်သို့ သွားလိုကြောင်း သိရှိပြီးနောက် ဂိုဏ်းချုပ် အသစ်သည် ဂိုဏ်းချုပ်အမိန့်ကို ချက်ချင်းထုတ်ပြန်ကာ တပည့်များနှင့် စောင့်ရှောက်သူအားလုံးကို ထိုနေရာမှ ထွက်ခွာရန်နှင့် ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ကို မနှောင့်ယှက်ရန် ညွှန်ကြားလိုက်သည်။ သူသည် အထင်ကြီးဖွယ်ကောင်းသော စေ့စပ်သေချာမှုကို ပြသခဲ့သည်။

ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်သို့ ဝင်ရောက်ပြီးနောက် ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်များ သိမ်းဆည်းထားသော အပေါ်ဆုံးထပ်သို့ တိုက်ရိုက်သွားခဲ့သည်။

"ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ် ရာနဲ့ချီပြီး ရှိနေမယ်..."

ရှားချင်းယွဲ့သည် အရေအတွက် များပြားမည်ဟု မျှော်လင့်ထားသော်လည်း ဤမျှထိ များပြားသော အတိုင်းအတာအထိ မဟုတ်ချေ။

ဂိုဏ်းချုပ်အသစ်ထံမှတစ်ဆင့် အထက်ဘုံရှိ ဟန်တျန်းဂိုဏ်း၏ အဆင့်အတန်းနှင့် ဩဇာလွှမ်းမိုးမှုသည် မဟာဝူ၏ စံနှုန်းများဖြင့် သတ်မှတ်မည်ဆိုပါက မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းအနက်မှ တစ်ခုအဖြစ်ပင် အရည်အချင်း မပြည့်မီကြောင်းနှင့် ဂိုဏ်းငယ်လေးတစ်ဂိုဏ်းအဖြစ် သတ်မှတ်ထားကြောင်း ရှားချင်းယွဲ့က သိရှိခဲ့ရသည်။

သို့သော် ဤကဲ့သို့ ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသည် မဟာဝူ နိုင်ငံတစ်ခုလုံးနှင့် သူတော်စင်နိုင်ငံလေးခု ပေါင်းစပ်ထားသည်ထက် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်များကို ပို၍ပိုင်ဆိုင်ထားသည်။

"ဒါတွေက စုစုပေါင်း ငါးရာ့လေးဆယ့်ရှစ်ခု ရှိတယ်..."

ချန်ချင်းက တိကျသောအရေအတွက်ကို ပြောလိုက်၏။

"ငါးရာ့လေးဆယ့်ရှစ်ခု..."

ရှားချင်းယွဲ့က တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူမက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောဆိုသည်။

"အခုတော့... အထက်ဘုံက လူတွေက ကျွန်မတို့ အောက်ဘုံကို ဘာလို့ အထင်သေးကြလဲဆိုတာ ကျွန်မ နားလည်သွားပြီ... သူတို့ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေက အောက်ဘုံက လူတွေ စိတ်ကူးယဉ်လို့တောင် မရနိုင်တဲ့ အရာတွေပဲ..."

ချန်ချင်းက ရှားချင်းယွဲ့၏စကားကို အကြွင်းမဲ့ သဘောတူသည်။ ကျင့်ကြံနည်းစနစ်များသာမက စိတ်ဝိညာဉ်သွေးကြော၏ အထူးလွှမ်းမိုးမှုကြောင့် လူတစ်ယောက် ခံစားရနိုင်သော ကျင့်ကြံခြင်းအမြန်နှုန်းမှာလည်း အထက်ဘုံနှင့်အောက်ဘုံကြားတွင် များစွာ ကွာခြားလေ၏။

ထို့ကြောင့်ပင် အထက်ဘုံတွင် ခြေလှမ်းတစ်ဝက် ဧကရာဇ်များစွာ ရှိနေပြီး သူတို့၏ သက်တမ်းအပေါ် အခြေခံ၍ တန်းစီစောင့်ဆိုင်းကာ နေရာ အစားထိုးနိုင်ရန်အတွက် သက်ကြီးမဟာဧကရာဇ် သက်တမ်း ကုန်ဆုံးပြီး သေဆုံးသွားမည့်အချိန်ကို မျှော်လင့်နေကြခြင်းပင်။

"နောက်ထပ် အချိန်မဆွဲတော့ဘဲနဲ့... ဒီ ကျင့်ကြံနည်းစနစ်တွေကို အမြန် မှတ်သားပြီး ငါတို့ရဲ့ ကိုယ်ပိုင်အရာတွေအဖြစ် ပြောင်းလဲလိုက်ကြရအောင်..."

ချန်ချင်းက အကြံပြုလိုက်၏။

"ကောင်းပြီလေ..."

ရှားချင်းယွဲ့က ခေါင်းညိတ်လိုက်သည်။

မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိခြင်းက ကျင့်ကြံခြင်းတွင် ပျင်းရိနေနိုင်သည်ဟု မဆိုလိုကြောင်း သူမ ယုံကြည်ထားလေ၏။ အကယ်၍ သူမသည် တိုးတက်ရန် အချိန်ဆွဲနေပါက သူမသည် နောက်ထပ်ထျန်းရွှမ် မဟာဧကရာဇ်အဆင့်မျိုးတွင်သာ ဖြစ်လာပေမည်။

သူမသည် လက်ဆန့်တန်းကာ ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခုကို ကောက်ယူလိုက်သည်။

အစောပိုင်းက ချန်ချင်း ပေးခဲ့သော ကောင်းကင်အဆင့် ထိပ်တန်းစိတ်ဝိညာဉ်အမြှစ်များစွာ၏ ကျေးဇူးကြောင့် ရှားချင်းယွဲ့သည် ယခုအချိန်၌ စွမ်းရည်အားလုံးနီးပါးတွင် ကောင်းကင်အဆင့် ထိပ်တန်းပါရမီကို ရရှိလုနီးပါး ဖြစ်နေလေပြီ။ ထိုကြောင့် သူမသည် ဤကျင့်ကြံနည်းစနစ်များအနက် အများစုကို လွယ်လင့်တကူ နားလည်နိုင်စွမ်း ရှိနေသည်။

ကောင်းကင်အဆင့်နိမ့် ကျင့်ကြံနည်းစနစ်တစ်ခုကို ပြီးပြည့်စုံခြင်းနယ်ပယ်အထိ ကျင့်ကြံရန် သူမသည် အမွှေးတိုင်လောင်ကျွမ်းချိန်စာ တစ်ဝက်စာခန့်သာအချိန်ယူရပေမည်။

ထို့ထက်ပို၍မြင့်မားသော အရည်အသွေးရှိသည့် အရာများကမူ သူမ ကျင့်ကြံရန် အချိန်အနည်းငယ် ပို၍ကြာမြင့်ပေမည်။

သို့သော် မကြာမီ ရှားချင်းယွဲ့သည် ချန်ချင်းနှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။

သူသည် စာအုပ်စင်မှ ကျင့်ကြံနည်းစနစ်များကို တစ်ခုပြီးတစ်ခု အဆက်မပြတ်ယူနေပြီး ပြန်မထားမီ တခဏမျှသာ ကြည့်ရှုနေခဲ့လေ၏။

ရှားချင်းယွဲ့က မမေးဘဲ မနေနိုင်တော့ချေ။

"ခင်ပွန်း... ဒီကျင့်ကြံနည်းစနစ်တွေက အရည်အသွေး အရမ်းနိမ့်ပြီးတော့ ရှင့်အတွက် မတန်ဘူးလို့ ထင်နေတာလား..."

All Chapters