အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) ငယ်သူငယ်ချင်းများ သူတို့၏ အချစ်စစ်ကို ရှာတွေ့သွားခြင်း
သူ၏ အရင်းနှီးဆုံးနှင့် အချစ်ရဆုံး လူများကို မတွေ့ရသည်မှာ မည်မျှကြာပြီလဲဟု တွေးမိသောအခါ ယဲ့ဖုန်း၏မျက်လုံးများ အနည်းငယ် ကျိန်းစပ်ပြီး စိုစွတ်လာသည်။
သူသည် မျက်လုံးထောင့်မှ ယိုစိမ့်ထွက်လာသော မျက်ရည်ကိုသုတ်ရန် သူ၏လက်ကို မြှောက်လိုက်၏။ ထို့နောက် ယဲ့ဖုန်းသည် စောင့်ကြည့်ကြေးမုံရတနာကို စိတ်မရှည်စွာဖွင့်ကာ ထိန်းချုပ်ပြီး မှန်ထဲရှိ မြင်ကွင်းကို မဟာဝူနိုင်ငံ၏ ဦးတည်ရာသို့ အဆက်မပြတ် ချဲ့ကားလိုက်သည်။
"မဟာဝူကို ရောက်ပြီ..."
သူ ကြီးပြင်းခဲ့သည့် နေရာဖြစ်သော မဟာဝူတွင် ဆယ့်ရှစ်နှစ်ကြာ နေထိုင်ခဲ့ဖူးသဖြင့် သူက ထိုအရာကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။
ရှားချင်းယွဲ့နှင့် သူ၏ မိသားစုမှလွဲ၍ မဟာဝူ နိုင်ငံသည် ယဲ့ဖုန်းအပေါ် ကောင်းမွန်သော အထင်အမြင်ကို အနည်းငယ်မျှ မကျန်ရစ်စေခဲ့ခြင်းက နှမြောစရာပင်။
မူလက သူ အမှုဆင်ခံရစဉ်က ယဲ့ဖုန်းသည် ရှားချင်းယွဲ့နှင့် သူ၏ဆက်ဆံရေးနှင့် မင်းသမီး ကြင်ယာတော် အဖြစ် သူ၏ အနာဂတ်အဆင့်အတန်းအရ ဧကရာဇ် ရှားချန် သည် သူ့အတွက် အာမခံပေးရန် ရှေ့ထွက်လာသင့်သည်ဟု တစ်ချိန်က စိတ်ကူးယဉ်တွေးတောခဲ့ဖူးလေ၏။
သူ၏ မျှော်လင့်ချက် ကြီးမားလေလေ သူ၏ စိတ်ပျက်မှုက ကြီးမားလေလေ ဖြစ်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ဧကရာဇ်ရှားချန်သည် သူ၏ နိမ့်ကျသော နောက်ခံကို အစဥ်အမြဲ အထင်သေးခဲ့ကြောင်း ယဲ့ဖုန်း သိသော်လည်း ဤကဲ့သို့ ကိစ္စမျိုးတွင် ကူညီရန်ပင် ဆန္ဒမရှိဘဲ ဖြစ်နေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် ယဲ့ဖုန်းသည် ကံကောင်းသော လူတစ်ယောက် ဖြစ်ပြီး ကြီးမားသော ဘေးဒုက္ခမှ အသက်ရှင်လွတ်မြောက်ခဲ့ရုံသာမက နေ့စဉ် တံခါးပိတ် တက်ရောက်စာရင်းသွင်းခြင်း စနစ်ကိုလည်း နိုးထလာခဲ့သည်။
ပြိုင်ဘက်ကင်း ကျင့်ကြံခြင်းဖြင့် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီး မဟာဝူသို့ ဆင်းသက်လာသောအခါ ရှားချန်၏မျက်နှာပေါ်တွင် မည်ကဲ့သို့ အမူအရာမျိုး ရှိနေမည်ကို ယဲ့ဖုန်း တွေ့မြင်လိုပေ၏။ သူ့ကို အထင်သေးရဲခြင်းရှိမရှိအား သူ ကြည့်ချင်ခဲ့သည်။
စောင့်ကြည့်ကြေးမုံရတနာထဲရှိ မြင်ကွင်းသည် ယဲ့အိမ်တော်သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း မြင်သောအခါ ယဲ့ဖုန်းသည် မလိုလားအပ်သော အတွေးများကို ရှင်းထုတ်ရန် သူ၏ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။
သူ၏ဖခင်နှင့်ညီမလေး ယခုချိန်၌ မည်သို့ ဖြစ်နေသည်ကို သူ သိချင်နေခဲ့ပြီး သူ့ကြောင့် သူတို့ ပါဝင်ပတ်သက်ခြင်း ခံရခြင်းရှိမရှိကို သူ သိလိုသည်။
မကြာမီ မြင်ကွင်းသည် ခြံဝင်းထဲသို့ ရောက်ရှိသွားလေ၏။
"ညီမလေး..."
ရင်းနှီးသော လှပသည့် ပုံရိပ်ကို မြင်သည်နှင့်တပြိုင်နက် ယဲ့ဖုန်းသည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး အသံကို မြှင့်ကာ ရှေ့သို့တိုးသွားခဲ့ပေသည်။
သူမကို ဖမ်းဆွဲလိုသဖြင့် သူ မသိစိတ်မှနေ၍ လက်ဆန့်တန်းလိုက်မိသည်။
"အရမ်း ကောင်းတာပဲ... ညီမလေး... မင်း အသက်ရှင်နေသေးတာပဲ..."
အားကောင်းသူများကို စော်ကားခဲ့သည့် သူ၏ လုပ်ရပ်ကြောင့် မိသားစုအပေါ် ဘေးဒုက္ခများ ကျရောက်လာမည်ကို ယဲ့ဖုန်း အမြဲတစေ စိုးရိမ်နေခဲ့လေ၏။
ယခုချိန်၌ ယဲ့လင်းအာသည် ဘေးကင်းလုံခြုံပြီး ခြံဝင်းထဲတွင် ဓားရေးလေ့ကျင့်နေသေးသည်ကို မြင်သောအခါ သူ၏လေးလံနေသော စိတ်နှလုံးသား နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားသည်။
"ရှားချင်းယွဲ့က ရှေ့ထွက်လာပြီး လင်းအာကို ကာကွယ်ပေးခဲ့တာပဲ ဖြစ်မယ်..."
ထိုသို့ဖြစ်မည်ဟု ယဲ့ဖုန်းက ယုံကြည်လိုခဲ့သည်။
အချိန်တခဏအကြာတွင် ယဲ့ဖုန်းသည် တခြားရင်းနှီးသော ပုံရိပ်တစ်ခု စောင့်ကြည့်ကြေးမုံရတနာ၏ အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်ကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။
"အဖေ..."
ယခုရောက်လာသူမှာ ယဲ့ဖုန်း၏ဖခင် ယဲ့ဟိုင်ပင်။
"လင်းအာ... သမီး မနက်ကတည်းက လေ့ကျင့်နေတာလေ... လက်ဖက်ရည်သောက်ပြီး ခဏလောက် အနားယူပါအုံး... ကိုယ့်ကိုယ်ကိုယ် အရမ်းမပင်ပန်းစေနဲ့..."
ယဲ့ဟိုင် ထိုသို့ပြောသည်ကို ကြားသောအခါ ယဲ့ဖုန်းသည် အလွန်ထူးဆန်းသည်ဟု ခံစားမိလေ၏။
"ညီမလေးက ဘာလို့ ရုတ်တရက်ကြီး စာပေလေ့လာတာကို စွန့်လွှတ်ပြီး ကျင့်ကြံတာကို ပြောင်းသွားရတာလဲ... ငါ့အတွက် ကလဲ့စားချေချင်လို့လား..."
ဤအကြောင်းကို တွေးမိသောအခါ ယဲ့ဖုန်း ချက်ချင်း စိုးရိမ်သွားခဲ့သည်။
"ညီမလေး... မင်း စိတ်လိုက်မာန်ပါ မလုပ်ရဘူး... စောင့်ပါ... မင်းရဲ့ အစ်ကို တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့အထိ စောင့်ပါ... ပြီးတော့ ငါ့ရဲ့ ယဲ့ မိသားစုကို အပြစ်လုပ်ရဲတဲ့ လောကကြီးက လူတွေအားလုံးကို ငါ သတ်ပစ်မယ်..."
သို့သော် ယဲ့လင်းအာ၏ နောက်ထပ် စကားများက ယဲ့ဖုန်းကို အလွန်စိတ်ပျက်သွားစေသည်။
"အဖေ... သခင်လေးချန်က သမီးတို့ ယဲ့မိသားစုကို ဘဝသစ်တစ်ခု ပေးခဲ့တာ... သူသာ မရှိရင်... သမီးနဲ့ အဖေတို့ သားအဖ နှစ်ယောက်က လူယုတ်မာတွေရဲ့ အန္တရာယ်ပြုတာခံရပြီးတော့ ထောင်ထဲမှာ သေဆုံးသွားတာ အချိန်တော်တော်ကြာနေလောက်ပြီ... ဒါကြောင့် သူ့ရဲ့ ကျေးဇူးကို ဆပ်နိုင်လောက်အောင်... သမီး မြန်မြန် အားကောင်းလာရမယ်... သန်မာအားကောင်းလာရမယ်..."
ယဲ့လင်းအာက ပြတ်သားသော အမူအရာဖြင့် ပြောလိုက်၏။
"သခင်လေးချန် ..."
ဤစကားလုံးများက ယဲ့ဖုန်းကို လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
"သခင်လေးချန်က ဘယ်သူလဲ... ဘယ်သခင်လေးချန်လဲ..."
ထို့နောက် ယဲ့ဟိုင်၏အသံကို သူ ထပ်မံ၍ ကြားလိုက်ရသည်။
"ဟုတ်တယ်... သခင်လေးချန်က ဧကရာဇ်ရှားကို ငါတို့ကို လွှတ်ပေးဖို့ ဖြောင့်ဖျခဲ့ရုံတင် မကဘူး... ငါတို့ကို အမှုဆင်ခဲ့တဲ့ ကျောက်မိသားစု တစ်ခုလုံးကိုလည်း ကွပ်မျက်ခဲ့ပြီးတော့ ငါတို့ ယဲ့မိသားစုရဲ့ နာမည်ကို ရှင်းလင်းပေးခဲ့တယ်... ဒီလို ကြီးမားတဲ့ ကျေးဇူးကို ဆပ်ကိုဆပ်ရမယ်..."
ယဲ့ဟိုင် ထိုသို့ပြောသည်ကို ကြားသောအခါ ယဲ့ဖုန်းသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသညိ။ သူ၏ မှတ်ဉာဏ်ထံတွင် ယဲ့မိသားစုအတွက် ဤမျှထိ လုပ်ပေးနိုင်သော သခင်လေးချန်ဟူ၍ မရှိခဲ့ချေ။
ယဲ့ဖုန်းသည် နှာခေါင်းမှ လေပူများ မှုတ်ထုတ်ကာ တီးတိုးရေရွတ်လိုက်၏။
"ဒါပေမဲ့... ငါ့ရဲ့ညီမလေးနဲ့ အဖေ ပြောတာကို ထောက်ရှုရင်... ဒီလူက ငါရဲ့ ယဲ့မိသားစုအပေါ် ကြီးမားတဲ့ ကျေးဇူးပြုခဲ့တာ သေချာတယ်... ကောင်းပြီလေ... ငါ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့အချိန်ကျရင် ငါ မင်းကို သေချာပေါက် ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး..."
ယဲ့ဖုန်းက အလွန် ရှင်းလင်းစွာ တွေးတောခဲ့သည်။လက်ရှိကျင့်ကြံခြင်းအမြန်နှုန်းဖြင့် သူ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသောအခါ တာအိုကို သက်သေပြပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ သံသယဝင်စရာ မလိုဘဲ သေချာနေလေပြီ။ ထိုအချိန်တွင် စကားတစ်ခွန်းတည်းဖြင့် သူသည် ဤ "သခင်လေးချန်" ဟု ခေါ်ဆိုသူ၏ မိသားစုတစ်ခုလုံးကို လူတစ်ယောက် တာအိုကို အောင်မြင်ခြင်းမှသည် သူတို့၏ ကြက်များနှင့် ခွေးများပင် ကောင်းကင်သို့ တက်လှမ်းနိုင်သည့် ဆိုရိုးအလား ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံးတွင် ထိပ်တန်းမိသားစုတစ်ခု ဖြစ်လာစေနိုင်သည်။
မည်သူကများ သူ ယဲ့ဖုန်းကို ကျေးဇူးတစ်စက်အား ရေပန်းတစ်ခုနှင့် ပြန်ဆပ်ရမည်ဆိုသော သဘောတရားကို အမြဲတစေ လိုက်နာစေခဲ့သနည်း...
"နှမြောစရာပဲ... ဒီ စောင့်ကြည့်ကြေးမုံရတနာက စောင့်ကြည့်ဖို့ပဲ သုံးလို့ရပြီး အထဲက လူတွေနဲ့ စကားပြောဖို့အတွက် သုံးလို့ မရဘူး... မဟုတ်ရင် အဲ့ဒီသခင်လေးချန်က ဘယ်သူလဲ ဆိုတာကို အဖေနဲ့ ညီမလေးကို ငါ တကယ် မေးချင်တယ်..."
ယဲ့ဖုန်း ဤသို့ တွေးတောနေစဉ်မှာပင် ယဲ့ဟိုင်၏စကားကို သူ ကြားလိုက်ရလေ၏။
"မဟာဝူမှာရှိတဲ့ လူတိုင်းက သခင်လေးချန်က လူတွေရဲ့ အသက်ကို ဂရုမစိုက်တဲ့ အပျော်အပါး မက်သူဖြစ်ပြီးတော့ သစ္စာဖောက်ဝန်ကြီးရဲ့ သားလို့ ပြောကြတယ်... တကယ်တော့ သူက အမြဲတမ်း အချိန်ကို စောင့်ဆိုင်းပြီး သူ့ရဲ့ အစစ်အမှန်စွမ်းရည်တွေကို ဖုံးကွယ်ထားခဲ့တာပဲ... ဒီလို စိတ်ထား မျိုးနဲ့ဆိုရင်... သူက အနာဂတ်မှာ သေချာပေါက် အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာပဲ..."
"သခင်လေးချန်က အခုတောင် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပါပြီ..."
ယဲ့လင်းအာက ကြည်ညိုလေးစားစွာဖြင့် ပြောလိုက်လသည်။
အကယ်၍ "လူ့အသက်ကို ဂရုမစိုက်တဲ့ အပျော်အပါး မက်သူ" ဟူသော စကားစုမှတစ်ဆင့် သူတို့ ရည်ညွှန်းနေသော သခင်လေးချန်မှာ မည်သူဖြစ်ကြောင်း ယဲ့ဖုန်း မဆုံးဖြတ်နိုင်သေးပါက...
ထို့နောက် "သစ္စာဖောက် ဝန်ကြီးရဲ့ သား" ဟူသော စကားလုံးများမှတစ်ဆင့် ယဲ့ဖုန်းသည် သခင်လေးချန် ၏အထောက်အထားကို ချက်ချင်းအတည်ပြုနိုင်ခဲ့သည်။
"ချန်ရှုံးရဲ့ သား... ချန်ချင်း..."
ချန်ချင်း၏နာမည်ကို ယဲ့ဖုန်း ရေရွတ်လိုက်ချိန်၌ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ မကျေမနပ် ဖြစ်နေခဲ့လေ၏။
သူသည် ချန်ချင်းနှင့် တိုက်ရိုက်အပြန်အလှန် ဆက်ဆံမှု မရှိခဲ့သော်လည်း တစ်ဖက်လူသည် ရှားချင်းယွဲ့ကို တစ်ကြိမ်မက နှောင့်ယှက်ခဲ့ကြောင်း သူမ ညည်းတွားသည်ကို သူ ကြားဖူးခဲ့သည်။
အကယ်၍ သူ၏ဖခင် ချန်ရှုံးသည် နန်းတွင်းတွင် ကြီးမားသော အာဏာကို ကိုင်စွဲထားပြီး ယဲ့ဖုန်း မစော်ကားနိုင်သော သူတစ်ဦး မဟုတ်ခဲ့ပါက သူသည် သူ၏ဓားကို ဆွဲထုတ်ပြီး ချန်ချင်းကို နေရာတွင်ပင် သတ်ဖြတ်ပြီးဖြစ်ပေမည်။
ယဲ့ဖုန်းသည် သူ၏ပိုင်ဆိုင်မှုများနှင့် အမျိုးသမီးများနှင့် ပတ်သက်လာလျှင် အလွန်တစ်ကိုယ်ကောင်းဆနါသူပင်။ သူ၏ မျက်လုံးထဲတွင် မည်သည့် အညစ်အကြေးကိုမျှ သူ သည်းမခံနိုင်ချေ။
သို့သော် ထိုကဲ့သို့ လူတစ်ယောက်သည် ယခုအချိန်၌ သူ၏ အရင်းနှီးဆုံးဆွေမျိုးများအတွက် ကယ်တင်ရှင် ဖြစ်လာခဲ့ရာ ယဲ့ဖုန်း၏ခံစားချက်များကို အလွန် ရှုပ်ထွေးသွားစေခဲ့သည်။
"ဟူး..."
သူ သက်ပြင်းချလိုက်၏။
ချန်ချင်းသည် ရှားချင်းယွဲ့ကို နှောင့်ယှက်ခဲ့သည်မှာ အမှန်ဖြစ်သလို သူ၏အဖေနှင့် ညီမလေးကို ကယ်တင်ခဲ့သည်မှာလည်း အမှန်ပင်။ ထိုသို့ဖြစ်နေသဖြင့် ဤသည်ကို တစ်ဖက်လူက အတိတ်က အမှားများအတွက် ပြန်လည်ပေးဆပ်ခြင်းဟု မှတ်ယူနိုင်ပြီး ဘာမှ မဖြစ်ခဲ့သကဲ့သို့ သူ သဘောထားနိုင်သည်။
အကောင်းအဆိုးကို ချိန်ဆပြီးနောက် ယဲ့ဖုန်းသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသောအခါ ချန်ချင်းအပေါ် ကျေးဇူးဆပ်ခြင်း သို့မဟုတ် ကလဲ့စားချေခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။
ယဲ့ဖုန်း ပြောသလိုပင် ချန်ချင်း၏ လုပ်ရပ်များသည် သူ၏ အတိတ်က အမှားများအတွက် ပြန်လည်ပေးဆပ်ခြင်းဟု ယူဆနိုင်သည်။ ယဲ့ဖုန်း၏ ညီမလေးနှင့် ဖခင်ကို ကယ်တင်ခြင်းဖြင့် တစ်ဖက်လူ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် ရှားချင်းယွဲ့အား နှောင့်ယှက်ခဲ့မှုအတွက် လက်တုံ့ပြန်မခံရရန် အခွင့်အရေးကို သူ ရယူခဲ့ခြင်း ဖြစ်သည်။
ယဲ့ဖုန်းသည် ရှားချင်းယွဲ့ကို သွားကြည့်ရန် စီစဉ်နေစဉ် ယဲ့လင်းအာ၏ စကားတစ်ခွန်းက သူ၏စိတ်အာရုံကို ဖမ်းစားသွားခဲ့လေ၏။
"အစ်ကိုကြီး အခု ဘယ်လိုနေလဲ မသိဘူး... အသက်ရှင်နေလား... ဒါမှမဟုတ် သူ သေပြီလား..."
"သူ့အကြောင်း မပြောနဲ့... သူ့ရဲ့ မောက်မာမှုနဲ့ အမြဲတမ်း ပြဿနာရှာတတ်တဲ့ အကျင့်သာ မဟုတ်ရင်... ယဲ့မိသားစုဝင်တွေ အပြစ်မရှိဘဲ သေဆုံးပြီး... ငါတို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး..." ဤကိစ္စကို ပြောလာသောအခါ ယဲ့ဟိုင် ဒေါသထွက်သွားသည်။
"အဖေ..."
ယဲ့ဖုန်းသည် ဤစကားကို မချေပနိုင်ခဲ့ချေ။
သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကို အထင်ကြီးလွန်းပြီး အာရုံစိုက်မှုကို အလွန်အမင်း ရှာဖွေခဲ့သဖြင့် ယဲ့ မိသားစုဝင်အများစု၏ ကြေကွဲဖွယ်သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်မှာ အမှန်ပင်။
"တကယ်လို့ သူ တကယ် အသက်ရှင်နေသေးရင်တောင်... ခြောက်လလောက် ကြာနေပြီ... စာတစ်စောင်တောင် ပြန်မပို့ဘူး... သူ သေသွားပြီလို့ပဲ ငါ သတ်မှတ်တယ်..."
ယဲ့ဟိုင်၏ လေသံမှာ ပြင်းထန်နေခဲ့လေ၏။
"အစ်ကို့မှာလည်း အကြောင်းပြချက်တွေ ရှိမယ်လို့ သမီး ထင်တယ်..."
ယဲ့လင်းအာသည် ယဲ့ဟိုင်၏ ဒေါသကို မြင်သောအခါ တိုးညှင်းစွာ ပြောလိုက်သည်။
"အကြောင်းပြချက်... သူ့မှာ ဘာအကြောင်းပြချက် ရှိနိုင်မှာလဲ... အဲ့ဒီကောင်မလေး ရှားချင်းယွဲ့ က အခု လူကောင်းတစ်ယောက်နဲ့ အတူရှိနေတာ ကောင်းတဲ့ကိစ္စပဲ... တကယ်လို့ ချင်းယွဲ့သာ သူနဲ့ အတူရှိနေရင်... အလကားသက်သက် ဒုက္ခရောက်ရုံပဲ ရှိမှာ..."
ယဲ့ဟိုင်သည် စကားပြောလေလေ ပို၍ဒေါသထွက်လေလေပင်။
အဲ့ဒီကောင်မလေး ရှားချင်းယွဲ့... လူကောင်း တစ်ယောက်နဲ့ အတူရှိနေတယ်... ဟုတ်လား...
သူ့အပေါ် ညည်းတွားနေသော ယဲ့ဟိုင်၏ စကားများမှ အဓိက အချက်အလက်များကို ထုတ်နုတ်လိုက်သဖြင့် ယဲ့ဖုန်း၏မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။
သူ၏နားများက သူ့ကို လှည့်စားနေပြီး အကြားအာရုံ မှားယွင်းသွားစေသလားဟု သူ အကြိမ်ကြိမ် တွေးမိလေ၏။