အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) ကံကြမ္မာ ထိခိုက်ပျက်စီးခြင်း
"အဖေ... ရှင်းပြပါအုံး... ရှားချင်းယွဲ့က လူကောင်း တစ်ယောက်နဲ့ အတူရှိနေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ..."
စောင့်ကြည့်ကြေးမုံရတနာ၏နောက်တွင်ရှိသော ယဲ့ဟိုင်သည် သူ၏အသံကို လုံးဝမကြားနိုင်ကြောင်း သိထားသော်လည်း ယဲ့ဖုန်းသည် စိတ်လိုက်မာန်ပါဖြင့် ပြေးသွားကာ မှန်ဘောင်ကို ဖမ်းဆွဲပြီး ရူးသွပ်စွာ မေးလိုက်၏။
အနှစ်သုံးဆယ်ကြာ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီး ရှားချင်းယွဲ့နှင့် ချစ်ခင်ကြင်နာသော ဘဝကို ဖြတ်သန်းကာ အသက်အရွယ် ကြီးရင့်သည်အထိ သစ္စာရှိသော ဇနီးမောင်နှံအဖြစ် အတူတကွ စွန့်စားသွားလာရန် သူ စိတ်ကူးယဉ်နေဆဲပင်။
ခြောက်လလေးအတွင်းမှာပင် သူမက ဖောက်ပြန်သွားလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း..
"အဖေ... ပြောလေ... ရှင်းပြပါဦး..."
ယဲ့ဖုန်း၏မျက်လုံးများ နီရဲနေကာ သွေးရူးသွေးတန်း အော်ဟစ်နေသည်။
ယဲ့ဟိုင် ပြောသော "လူကောင်း" ဆိုသည်မှာ အမှန်အားဖြင့် မည်သူဖြစ်ကြောင်း သူ အလွန်အမင်း သိချင်နေပေ၏။
ယဲ့လင်းအာသည် သူမ၏အစ်ကိုက သူမကို ချောင်းကြည့်နေကြောင်း လုံးဝမသိရှိဘဲ ခေါင်းညိတ်ပြကာ အပြုံးနှင့် ပြောလိုက်သည်။
"ဟုတ်တယ်... အစ်မ ရှားချင်းယွဲ့နဲ့ သခင်လေးချန် တို့က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ..."
"ဒါပေမဲ့... တကယ်လို့ အစ်ကိုသာ အသက်ရှင်နေသေးပြီးတော့... ဒီလိုကိစ္စမျိုးကို သိသွားရင် ဘယ်လိုလုပ်မလဲ..."
ယဲ့လင်းအာသည် ယဲ့ဟိုင်ကို ဒေါသထွက်အောင် မလုပ်ချင်သဖြင့် သူမ၏အသံ တဖြည်းဖြည်း တိုးညှင်းသွားသည်။
သူမ၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို ယဲ့ဖုန်း မြင်တွေ့နေရကြောင်း သူမ မသိခဲ့ချေ။
သူ မြင်တွေ့ရန် မလိုအပ်ဘဲ ယခု ထိုကိစ္စကို ကြားရုံသက်သက်ဖြင့်ပင် သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြိုလဲကျနေလေပြီ။
သူ၏လက်သီးများကို စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဖုံးလွှမ်းကာ သူ၏စိတ်နှလုံးသားထဲရှိ ဒေါသများကို ဖြေဖျောက်ရန် ရူးသွပ်စွာ ထိုးကြိတ်နေခဲ့လေ၏။
ကံကောင်းထောက်မစွာဖြင့် သူ့ကို ကာကွယ်ပေးနေသော အတားအဆီးတစ်ခု ရှိနေသည်။ ထိုသို့မဟုတ်ပါက သူ၏လက်ရှိကျင့်ကြံခြင်းဖြင့် အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက တောင်ပြိုကျပြီး အင်မော်တယ်လှိုဏ်ဂူတစ်ခုလုံးသည် အနှေးနှင့်အမြန် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပေမည်။
"ဟူး... ဟူး.. ဟူး..."
စောင့်ကြည့်ကြေးမုံရတနာကို ပိတ်လိုက်ပြီးနောက် ယဲ့ဖုန်းသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်စွာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရသည်။
သူသည် နံရံဆီသို့ လျှောက်လှမ်းသွားကာ လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးလိုက်ပြီး ခေါင်းငုံ့ကာ အံ့ကြိတ်၍ ပြောလိုက်၏။
"ရှားချင်းယွဲ့... ငါ မင်းကို အရမ်း ချစ်တာကို... မင်း... မင်းက ငါ့ကို ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရက်တာလဲ..."
"ငါတို့ အချင်းချင်း ပေးခဲ့တဲ့ ကတိတွေကို မင်း မေ့သွားပြီလား..."
သူ၏ညည်းတွားမှုများသည် အဆုံးမရှိဖြစ်နေပြီး သူ၏ မျက်လုံးထောင့်များမှ မျက်ရည်ပေါက်ကြီးများ စီးကျလာသည်။
သူ၏မိသားစုနှင့် သူ ချစ်ရသူ၏ သစ္စာဖောက်ခြင်းကို ခံရသည့် ဤခံစားချက်သည် ယဲ့ဖုန်း၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားသော ချွန်ထက်သည့် ဓားမြှောင်များနှင့်တူပြီး သူ့ကို သေချင်စိတ် ပေါက်သွားစေသည်။
အရာအားလုံးကို အဆုံးသတ်ရန် တဒင်္ဂအတွေးတစ်ခုပင် သူ ရခဲ့လေ၏။
ငါ အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ...
"မဟုတ်ဘူး... တစ်ခုခုတော့ မှားနေတယိ... ရှားချင်းယွဲ့က ငါ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး..."
ရုတ်တရက် ယဲ့ဖုန်း၏မျက်လုံးအကြည့်များ ပြောင်းလဲသွားပြီး သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့သည်။
"အဖေနဲ့ ညီမလေးတို့ အန္တရာယ်ကနေ ကင်းဝေးသွားနိုင်တဲ့ အကြောင်းရင်းက ရှားချင်းယွဲ့က သူတို့ကို ကယ်တင်ဖို့ အဲ့ဒီကောင်စုတ်လေးကို မျက်နှာချိုသွေး ဟန်ဆောင်ခဲ့လို့ပဲ ဖြစ်ရမယ်..."
သူနှင့်ရှားချင်းယွဲ့တို့၏ ဆယ်နှစ်ကျော်ကြာ ဆက်ဆံရေးကို ချန်ချင်းက ဤမျှထိ လွယ်ကူစွာ ခိုးယူသွားနိုင်မည်ဟု သူ မယုံကြည်ချေ။
"ဟုတ်တယ်... အမှန်... ဒီလိုပဲ ဖြစ်ရမယ်..."
"မဟုတ်ဘူး... ငါ အတွေးလွန်နေပြီးတော့ ရှားချင်းယွဲ့ ကို အထင်လွဲနေလို့ မရဘူး... အခု အဓိကဦးစားပေးရမှာက ငါ့ရဲ့ ကျင့်ကြံခြင်းကို အရှိန်မြှင့်ပြီး စောစောစီးစီး အားကောင်းလာအောင် လုပ်ဖို့နဲ့... တံခါးပိတ်ကျင့်ကြံခြင်းကနေ စောစောထွက်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖို့ပဲ..."
ယဲ့ဖုန်း စိုးရိမ်နေသည်မှာ အကယ်၍ သူ ဆက်လက် အချိန်ဆွဲနေပါက ရှားချင်းယွဲ့ သူ့အပေါ်ထားရှိသော ခံစားချက်များ မည်မျှပင် နက်ရှိုင်းစေကာမူ သူမသည် ချန်ချင်း၏ ပို၍နီးကပ်လာသော နတ်ဆိုး လက်သည်းများကို ခုခံနိုင်မည် မဟုတ်ဘဲ ရင်ဆိုင်နိုင်စွမ်းမဲ့ကာ နောက်ဆုံးတွင် လုံးဝကျဆုံးသွားမည်ကိုပင်။
ရှားချင်းယွဲ့သည် ယာယီအလျှော့ပေးပြီး ချန်ချင်းအပေါ် လိုက်လျောမှု အနည်းငယ် ပြသနေခြင်းသာ ဖြစ်မည်ဟု ယဲ့ဖုန်း ထင်မှတ်ခဲ့လေ၏။ သူမသည် သူမကိုယ်သူမ ချက်ချင်း ပေးအပ်မည် မဟုတ်သဖြင့် သူမကို ကယ်တင်ရန် အခွင့်အရေး ရှိနေနိုင်သည်။
ကျင့်ကြံမယ်... ငါ ချက်ချင်းကျင့်ကြံရမယ်...
ယဲ့ဖုန်းသည် ပလ္လင်ခွေထိုင်လိုက်ပြီး ချီသွေဖည်ခြင်း ဖြစ်သွားမည်ဆိုလျှင်ပင် ဂရုမစိုက်ဘဲ အသေအလဲ စတင်ကျင့်ကြံတော့သည်။ သူ သန်မာအားကောင်းလာနိုင်သရွေ့... တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာနိုင်သရွေ့... သူ ဘာကိုမှ ထိမ်ချန်နေမည် မဟုတ်ချေ။
တံခါးပိတ်ကျင့်ကြံချိန်ကို လျှော့ချနိုင်မလား သို့မဟုတ် အရာအားလုံးကို ဖြေရှင်းရန် တစ်ရက်လောက် အပြင်ထွက်ခွင့်ပြုပြီးမှ ပြန်လာနိုင်မလားဟုလည်း သူ စနစ်ကို မေးမြန်းခဲ့လေ၏။
သူ ရရှိခဲ့သော အဖြေမှာ အေးစက်သော 【မရပါ】 ဟူ၍ပင်။
သူ့ထံ၌ တခြားနည်းလမ်း မရှိတော့ချေ။ သူသည် သန်မာအားကောင်းလာရန် ကျင့်ကြံခြင်း လမ်းကြောင်းကို ရိုးရိုးသားသား လိုက်နာရန်သာ တတ်နိုင်တော့သည်။
မျှော်လင့်ချက် ရှိနေခြင်းက မျှော်လင့်ချက်မရှိခြင်းထက် အမြဲတစေ ပိုကောင်းသည်။
'ရှားချင်းယွဲ့... ငါ့ကို စောင့်ပါ... မင်း ငါ့ကို သေချာပေါက် စောင့်နေရမယ်...'
...
ဟန်တျန်းဂိုဏ်း၌...
ကျင့်ကြံနည်းစနစ်များအားလုံးကို ရှားချင်းယွဲ့အား လွှဲပြောင်းပေးကာ ထိုအရာများကို ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များအဖြစ် လဲလှယ်ပြီးနောက် သူတို့နှစ်ဦးသည် ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်မှ ထွက်ခွာလာခဲ့ကြပြီး ဂိုဏ်းချုပ် အသစ် စီစဉ်ပေးသော မည်သူမျှ အသုံးမပြုဖူးသေးသည့် နေအိမ် အသစ်တစ်ခုသို့ ရောက်ရှိလာကြ၏။
ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ယနေ့ည၌ ဤနေရာတွင် တည်းခိုရန် ဆုံးဖြတ်လိုက်သည်။
ဤအခွင့်အရေးကို ယူကာ ချန်ချင်းသည် သူ ယခင်က ရွေးချယ်ထားသော ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ၏ သုံးပုံတစ်ပုံကို ထုတ်ယူကာ ရှားချင်းယွဲ့အား ပေးအပ်လိုက်သည်။
ရှားချင်းယွဲ့၏ စိတ်ဝိညာဉ်အမြှစ် ပါရမီကို အရည်အသွေးအားလုံးတွင် အပြည့်အဝ ဖြည့်ဆည်းပေးရန် ဖြစ်စေ သို့မဟုတ် တာအိုတစ်သောင်း မသေမျိုး ရုပ်ခန္ဓာကိုယ် သေကြေပျက်စီးခြင်းမဲ့ ရုပ်ခန္ဓာကိုယ်ဖြစ်စေ ...
ဤအရာများသည် ချန်ချင်းအတွက် တူညီသောအရာများ သို့မဟုတ် အသုံးမဝင်သောအရာများ ဖြစ်သော်လည်း ထိုအရာများသည် တန်ဖိုးနည်းသည်ဟု မဆိုလိုချေ။
ထိုပစ္စည်းများအနက် တစ်ခုကို ပြင်ပသို့ ထုတ်ယူလိုက်သောအခါ ခြေလှမ်းတစ်ဝက် ဧကရာဇ်များနှင့် မဟာဧကရာဇ်များပင်လျှင် အလွယ်တကူ လျစ်လျူမရှုနိုင်သော ရတနာများဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ အထွတ်အထိပ် ရတနာများနှင့် နှိုင်းယှဉ်နိုင်လေ၏။ ထိုသတင်းပေါက်ကြားသွားသည်နှင့်တစ်ပြိုင်နက် အင်အားစုများစွာ၏ တပ်မက်သော အကြည့်များကို အလွယ်တကူ ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ကြီးမားသော တိုက်ပွဲများကို ဖြစ်ပေါ်စေကာ တစ်ဖက်ဖက်က သေဆုံးသည်အထိ အဆုံးမရှိ ဖြစ်လာမည်မှာ သေချာပေါက်ပင်။
ရှားချင်းယွဲ့သည် ချန်ချင်းအပေါ် လုံလောက်အောင် အကြွေးတင်နေပြီဖြစ်ရာ သူမသည် အနည်းငယ် ထပ်မံ၍ အကြွေးတင်ရန် ဝန်မလေးတော့ဘဲ အရာအားလုံးကို လက်ခံလိုက်၏။
အဘယ်ကြောင့်ဆိုသော် သူမ အားကောင်းလာမှသာလျှင် သူ့ကို ကျေးဇူးဆပ်ရန် အရည်အချင်း ပြည့်မီမည် ဖြစ်သောကြောင့်ပင်။
သူမသည် သူမ၏စိတ်ဝိညာဉ်အမြှစ် ၊ တာအိုတစ်သောင်း မသေမျိုး ရုပ်ခန္ဓာကိုယ်နှင့် သေကြေပျက်စီးခြင်းမဲ့ ရုပ်ခန္ဓာကိုယ်တို့ကို စတင်၍ ပေါင်းစပ်လိုက်သည်။
ချန်ချင်းသည် နံဘေးမှ ကူညီပေးပြီး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးခဲ့သည်။
ပေါင်းစပ်မှုအားလုံးကို ပြီးစီးပြီးနောက် ရှားချင်းယွဲ့က သူမ၏မျက်လုံးများ ဖွင့်ကာ ပထမဆုံး ပြောလိုက်သည်။
"ခင်ပွန်း... ကျွန်မ မဟာဧကရာဇ် ထက် ပိုမြင့်တဲ့ နယ်ပယ်သစ်တစ်ခုထဲကို ဝင်ရောက်သွားသလို ခံစားရတယ်..."
ချန်ချင်းက ပြန်ဖြေလိုက်၏။
"လောကကြီးက ဒီလောကမှာ အားအကောင်းဆုံးက မဟာဧကရာဇ်တွေပဲလို့ သိထားကြပေမဲ့... မဟာဧကရာဇ်တွေရဲ့ အထက်မှာ အထွတ်အထိပ် မဟာဧကရာဇ်တွေနဲ့ အင်မော်တယ်ဧကရာဇ်တွေ ရှိတယ်ဆိုတာကို သူတို့ မသိကြဘူး... အင်မော်တယ်ဧကရာဇ် တွေတောင်မှ ကျင့်ကြံခြင်းရဲ့ အဆုံးသတ် မဟုတ်ဘူး..."
"ဒါဆို... ခင်ပွန်းရဲ့ လက်ရှိ ကျင့်ကြံခြင်းနယ်ပယ်က ဘာလဲ..."
ရှားချင်းယွဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အင်မော်တယ်ဧကရာဇ် ..."
ချန်ချင်းက ပြန်ဖြေလိုက်သည်။
"အင်မော်တယ်ဧကရာဇ် ... ခင်ပွန်းက အရမ်း သန်မာအားကောင်းတာပဲ..."
ရှားချင်းယွဲ့သည် ချန်ချင်း၏ ရင်ခွင်ထဲသို့ တိုးဝင်သွားခဲ့လေ၏။
ချန်ချင်းသည်လည်း လက်လှမ်းကာ သူမကို ဖက်ထားလိုက်သည်။
ရှားချင်းယွဲ့က နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။
"နောက်ကျနေပြီ... စောစော အနားယူကြရအောင်..."
အချိန်တခဏအကြာတွင် ချန်ချင်းက ရုတ်တရက် ပြောလိုက်သည်။
"အမ်..."
ရှားချင်းယွဲ့ မော့ကြည့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် စိတ်ပျက်သွားပုံ ပေါက်နေလေ၏။
"အမ်..."
ချန်ချင်းက ရှားချင်းယွဲ့၏လေသံကို တမင်သက်သက် အတုခိုးလိုက်သည်။
"မဟုတ်ဘူး... ဘာမှမဟုတ်ပါဘူး..."
ရှားချင်းယွဲ့သည် သူ၏ အကြည့်ကို ရှောင်ဖယ်ကာ ပြောလိုက်သည်။
"ကျွန်မ... ကျွန်မက 'ဟုတ်ကဲ့' လို့ ပြောချင်တာပါ..."
"ငါ့ရဲ့ဇနီးလေးက တကယ်ကို လောဘကြီးတဲ့ ကလေးလေးပဲ... ရောင့်ရဲမှုမရှိဘဲ လောဘကြီးတဲ့ ကလေးလေး..."
ချန်ချင်းက ကျီစယ်လိုက်သည်။
"ဘာ... ဘာကို ဆိုလိုတာလဲ..."
ရှားချင်းယွဲ့သည် ချန်ချင်းက "လောဘကြီးတဲ့ ကလေးလေး" နှင့် "ရောင့်ရဲမှု မရှိတဲ့ လောဘကြီးတဲ့ ကလေးလေး" ဟု ပြောခြင်းမှာ မည်သည့်အရာကို ဆိုလိုကြောင်း သေချာပေါက် သိထားလေ၏။
သူမ၏ပါးလေးများ ဖောင်းသွားပြီး ချန်ချင်းကို ချစ်စဖွယ် မျက်စောင်းထိုးလိုက်သည်။
"ခင်ပွန်းက သမီးလေးတစ်ယောက် လိုချင်တယ်လို့ ပြောခဲ့တာလေ... ကျွန်မက ဒီအတိုင်း... ဒီအတိုင်း..."
"ငါ့ရဲ့ဇနီးလေးက ငါ့အတွက် အများကြီး တွေးပေးနေတာကို... ငါက လူကြီးလူကောင်း တစ်ယောက်ကို ဗီလိန်ရဲ့ နှလုံးသားနဲ့ ဆုံးဖြတ်မိတာပဲ... ငါ တကယ် မလုပ်သင့်ဘူး..."
"အဲ့ဒီလိုဖြစ်နေမှတော့... ငါ့ရဲ့ လုပ်ရပ်တွေနဲ့ ငါ့ဇနီးလေးကို ပြန်ပေးဆပ်ခွင့်ပြုပါ..."
"အား... ယားတယ်... ရှင်... ရှင်က ကျွန်မကို အနိုင်ကျင့်နေတာပဲ..."
ချန်ချင်းက သူမကို အနိုင်ကျင့်နေသည်ဟု သူမ ပြောသော်လည်း သူမ၏လက်များသည် မြွေတစ်ကောင်အလား သူ၏လည်ပင်းကို ရစ်ပတ်သွားခဲ့လေ၏။
ချန်ချင်းက နှုတ်ခမ်းကို ဖယ်ခွာလိုက်သည်နှင့်တပြိုင်နက် သူမသည် လောဘတကြီးဖြင့် လိုက်လံ၍ နမ်းရှိုက်တော့သည်။
သူမ၏မျက်လုံးများတွင် ချစ်ခင်မှုများဖြင့် ပြည့်နှက်နေပြီး တလက်လက် တောက်ပနေသည်။
...
တာ့မန်တောင်တန်း၌....
"ဖူး..."
ယဲ့ဖုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူသည် ရင်ဘတ်ကိုဖိကာ သွေးတစ်လုတ် အန်ထုတ်လိုက်သဖြင့် မီတာဝက်ခန့် အကွာအဝေးသို့ သွေးများ လွင့်စင်သွားသည်။
"ထူးဆန်းတယ်... ငါ့ရဲ့စိတ်ကို ဘာလို့ တည်ငြိမ်အောင် လုပ်လို့ မရတာလဲ... ငါ့ရဲ့နှလုံးသားက ဘာလို့ အမြဲတမ်း မငြိမ်မသက် ဖြစ်နေရတာလဲ..."
သူ နားမလည်နိုင်ခဲ့ချေ။
"ငါက အမြန်အောင်မြင်ချင်လွန်းလို့ ချီသွေဖည်ခြင်း ဖြစ်မယ့် အရိပ်အယောင်တွေ ရှိနေတာလား..."
ယဲ့ဖုန်းသည် ချန်ချင်း မဟုတ်ချေ။ သူသည် ပြန်လည်မွေးဖွားလာသူ မဟုတ်သလို အတွေ့အကြုံများ စုဆောင်းရန် ဝတ္ထုများလည်း မဖတ်ဖူးခဲ့ချေ။ သူ၏ ကံကြမ္မာ ထိခိုက်ပျက်စီးသွားကြောင်းကို သူ မည်သို့ သိနိုင်မည်နည်း။
အချိန်အတော်ကြာ တွေးတောပြီးနောက် သူသည် မည်သည့်အရာကိုမျှ ဆက်စပ်၍ မရနိုင်သေးချေ။
သူသည် ဆက်မတွေးတော့ဘဲ ဤဖော်ပြ၍မရသော စိုးရိမ်ပူပန်မှုကို အတင်းအကြပ် လျစ်လျူရှုကာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းမှလွဲ၍ တခြားဘာကိုမှ သူ မလုပ်နိုင်သောကြောင့်ပင်။