← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀) လူတစ်ယောက်၏ ခံစားချက်အစစ်အမှန်များကို ဖော်ပြခြင်း

ဒုတိယနေ့၌...

"ခင်ပွန်း... ရှင် ကျွန်မကို ဘာလို့ ဒီလို ကြည့်နေတာလဲ..."

ရှားချင်းယွဲ့၏မျက်နှာသည် ချန်ချင်း၏ စူးရဲသောအကြည့်အောက်တွင် နီမြန်းသွားပေ၏။

"ရေလို ဖြူစင်တဲ့ ငါ့ရဲ့ဇနီးလေးက ဘယ်ရောက်သွားပြီလဲဆိုတာ ငါ သိချင်ရုံပါ..."

ချန်ချင်းက တည်ကြည်လေးနက်စွာ မေးလိုက်သည်။

"ခင်ပွန်းက အရမ်းစွဲလမ်းစရာ ကောင်းနေလို့ပါ..."

ရှားချင်းယွဲ့၏ စကားများက ချန်ချင်း၏ လျှာဖျားတွင် ရှိနေသော စကားလုံးများကို ဆက်ပြော၍မရအောင် ဖြစ်သွားစေခဲ့သည်။

ရှားချင်းယွဲ့၏ အကွက်ကျကျ ပြောဆိုခြင်းကို ခံရလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။

ချန်ချင်း စကားမပြောနိုင်သည်ကို မြင်သောအခါ ရှားချင်းယွဲ့က အောင်ပွဲခံသည့်ဟန်ဖြင့် ပြုံးလိုက်၏။

ထို့နောက် ချန်ချင်းက နံဘေးသို့လှည့်ကာ သူမ၏ မျက်နှာနံဘေးတွင် လက်ထောက်ပြီး သူမအပေါ်သို့ အုပ်မိုးလိုက်သည်။

"မဟုတ်ဘူး... ငါ ပိုတွေးလေလေ ပိုဒေါသထွက်လေလေပဲ... ဒီခင်ပွန်းက မင်းကို သေချာပေါက် အပြစ်ပေးရမယ်..."

"အား... မလုပ်ပါနဲ့..."

ရှားချင်းယွဲ့သည် ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် "ခုခံ" ခဲ့လေ၏။

မနက်စောစော ဖြစ်သော်လည်း အိမ်ထောင်ရေးသုခကို ခံစားခြင်း၊ ခံစားချက်များ တိုးတက်စေခြင်းဖြင့် စောစီးစွာကိုယ်ဝန်ရနိုင်ခြေကို တိုးမြှင့်ခြင်းက ပိုကောင်းသည်မဟုတ်လော။ ထိုသို့ဖြစ်လာပါက ပင်မတာဝန်ဆုလာဘ်ဖြစ်သော အင်မော်တယ်ဧကရာဇ် ကျင့်ကြံခြင်းကို အလျှင်အမြန် ရရှိပေလိမ့်မည်။

အဓိကအားဖြင့် ဤပန်ဒိုရာသေတ္တာကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် ရှားချင်းယွဲ့၏နှလုံးသားထဲရှိ စိတ်ဆန္ဒသည် တစ်နေ့ထက်တစ်နေ့ ပို၍အားကောင်းလာခဲ့လေ၏။ သူမ၏ခင်ပွန်းအနေဖြင့် ချန်ချင်းသည် ထိုဆန္ဒမီးတောက်ကို ငြိမ်းသတ်ရန် တာဝန်ယူရပေမည်။

ဒုတိယအချက်အနေဖြင့် ကံကြမ္မာက သတ်မှတ်ထားသော ဗီလိန်တစ်ယောက်အနေဖြင့် ကံကြမ္မာ ဇာတ်လိုက်မနှင့်အတူ နေ့စဉ် ပျော်ရွှင်မှုများကို ခံစားနိုင်ခြင်းက သူ့အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြီးမားသော စိတ်ကျေနပ်စေမှုတစ်ခုပင်။

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့်မြင့် မှော်ရတနာ နတ်ဘုရား ကျောက်တုံးတစ်တုံးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]

စကားဟောင်းတစ်ခုလိုပဲ... ဒါကို ဇနီးသည်ကို အလိုလိုက်ခြင်းလို့ ဘယ်လိုလုပ် မသတ်မှတ်ဘဲ နေနိုင်မှာလဲ...

ပြင်းထန်သောတိုက်ပွဲ ပြီးနောက်...

သူတို့နှစ်ဦးသည် နေ့လယ်အထိ ခုတင်ပေါ်မှ မဆင်းခဲ့ကြချေ။ အနားယူနေစဉ်အတွင်း သူတို့သည် အချင်းချင်း ရင်ဖွင့်ကာ သူတို့၏ မျှဝေထားသော အနာဂတ်အကြောင်းကို စကားပြောဆိုခဲ့ကြ၏။

"အော်... ဟုတ်သားပဲ ခင်ပွန်း... ဦးလေးယဲ့နဲ့ ယဲ့လင်းအာတို့ ကိစ္စနဲ့ ပတ်သက်ပြီး... သူတို့အတွက် ခမည်းတော်ဆီမှာ ကြားဝင်ပြောပေးခဲ့တဲ့အတွက် ကျွန်မ တကယ်ကို ကျေးဇူးတင်ပါတယ်... သူတို့ရဲ့ နာမည်တွေကို ရှင်းလင်းပေးခဲ့ရုံတင်မက​ဘူး... လူယုတ်မာတွေ အားလုံးကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပြီးတော့ သူတို့ကို တရားမျှတမှု ရစေခဲ့တယ်..."

ရှားချင်းယွဲ့က ဤကိစ္စကို ရုတ်တရက် ထုတ်ပြောလိုက်သည်။

"မင်း သိနေပြီလား..."

ချန်ချင်းက အံ့အားသင့်ချင်ဟန်ဆောင်လိုက်သည်။

အမှန်အားဖြင့် သူသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်ကို ရရှိပြီးဖြစ်ကာ ထိုကိစ္စသည် အရာအားလုံးကို အဆင်ပြေရုံသက်သက် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်လေ၏။

ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်ကို ရယူနေစဉ်တွင် သူသည် ဇာတ်လိုက်၏ အရင်းနှီးဆုံး လူများဖြစ်သော ယဲ့မိသားစုအား သူ၏ ကြီးမားသော ကျေးဇူးကြွေးကိုလည်း တင်စေခဲ့သည်။

နောင်တစ်ချိန်တွင် ဇာတ်လိုက်သည် တံခါးပိတ်ကျင့်ကြံခြင်းမှ အမှန်တကယ် ထွက်လာပြီး သူ့ကို တိုက်ခိုက်လိုလျှင်ပင် ယဲ့ဟိုင်နှင့် ယဲ့လင်းအာတို့သည် သေချာပေါက် ရပ်ကြည့်နေမည် မဟုတ်ဘဲ အချင်းချင်း ဆန့်ကျင်မည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပေမည်။

ဤသည်က ဇာတ်လိုက်၏ ကံကြမ္မာကို မလွဲမသွေ ထိခိုက်စေပေမည်။

"ခမည်းတော်က ကျွန်မကို အကုန်ပြောပြတယ်..."

ရှားချင်းယွဲ့က ခေါင်းညိတ်လိုက်၏။

"အဲ့ဒီကိစ္စအပြင်... ရှင်က သူ့ကို ရှာဖို့ လူတွေလည်း လွှတ်ထားတယ်မလား..."

"မင်း စိတ်မပူပါနဲ့... ငါက စီနီယာအစ်ကိုယဲ့ ဘေးကင်းရဲ့လား ဆိုတာကို အတည်ပြုဖို့ လူတွေ လွှတ်ထားရုံပါ... သူ့ကို သတ်မှာ မဟုတ်ပါဘူး..."

ချန်ချင်းက ရှင်းပြလိုက်သည်။

"ကျွန်မက အဲ့ဒီကိစ္စအတွက် စိုးရိမ်နေတာ မဟုတ်ပါဘူး... ခင်ပွန်းအပေါ် ဘာမကျေနပ်ချက်မှလည်း မရှိပါဘူး... ရှင်က ကျွန်မအတွက် အများကြီး လုပ်ပေးလွန်းတယ်လို့ ခံစားရပြီး... ဒီကျေးဇူးကို ဘယ်အချိန်မှ ပြန်ဆပ်နိုင်မလဲဆိုတာ မသိလို့ပါ..."

ရှားချင်းယွဲ့က ချန်ချင်း သူမကို အထင်လွဲမည်အား စိုးရိမ်သဖြင့် အလျှင်အမြန် ရှင်းပြလိုက်သည်။

"ငါတို့က ဇနီးမောင်နှံတွေ ဖြစ်နေမှတော့... ကျေးဇူးဆပ်တယ်ဆိုတာ မရှိပါဘူး..."

ချန်ချင်းက ဤကဲ့သို့သော အသေးအဖွဲ ကိစ္စလေးကို စိတ်ထဲမထားရန် ရှားချင်းယွဲ့ကို ပြောလိုက်၏။

သို့သော် သူ ဤသို့ ပြောလေလေ ရှားချင်းယွဲ့ လွှတ်ချရန် ပို၍ခက်ခဲလေလေ ဖြစ်မည်ကို သူ တခြားမည်သူ့ထက်မဆို ပိုသိထားသည်။

သူမသည် နှုတ်ဖြင့် သဘောတူမည်ဖြစ်သော်လည်း သူမ၏နှလုံးသားထဲတွင် သူ့ကို အလွန်အမင်း ကျေးဇူးဆပ်ချင်နေပေမည်။

"ရှားချင်းယွဲ့... တကယ်လို့ စီနီယာအစ်ကိုယဲ့သာ အသက်ရှင်နေသေးရင်... မင်း..."

ချန်ချင်း၏ စကားတစ်ဝက်တစ်ပျက်တွင် ရှားချင်းယွဲ့က သူမ၏ နူးညံ့ချောမွတ်သော ကျောက်စိမ်းလက်ချောင်းလေးကို မြှောက်ကာ သူ၏ နှုတ်ခမ်းများပေါ်တွင် ညင်သာစွာ ဖိထားပြီး သူ့ကို ကြားဖြတ်ပြောလိုက်၏။

"သူနဲ့ ကျွန်မကြားမှာ ကျွန်မရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးပဲ ရှိတယ်... မိန်းမနဲ့ ယောက်ျားကြားက ချစ်ကြိုက်မှု မရှိဘူး... သူ တကယ်လို့ အသက်ရှင်နေပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်လာရင်တောင်... ကျွန်က ခင်ပွန်းကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်သလို သစ္စာဖောက်မှာလည်း မဟုတ်ဘူး..."

ချန်ချင်းသည် အလျှင်အမြန် ပြန်မပြောဘဲ လက်ဆန့်တန်းကာ ရှားချင်းယွဲ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ရုံသာ ပြုလုပ်ခဲ့လေ၏။

အချိန်အတော်ကြာပြီးနောက် သူသည် စိတ်သက်သာရာရသွားပြီး စိတ်အေးသွားသော လေသံဖြင့် စကားလုံးအနည်းငယ်ကို တိုးညှင်းစွာ ပြောလိုက်သည်။

"ဒါက အရမ်းကောင်းတာပဲ..."

ချန်ချင်းသည် သူမကို မည်မျှထိ တန်ဖိုးထားကြောင်း ခံစားလိုက်ရသဖြင့် ရှားချင်းယွဲ့က သူ့ကို ပို၍ပင် ချစ်မြတ်နိုးသွားသည်။

သူမ ပြောသကဲ့သို့ပင် ယခုအချိန်၌ ရှားချင်းယွဲ့သည် ယဲ့ဖုန်းအပေါ် ကျေးဇူးတင်မှုနှင့် သူမ၏ အသက်ကို ကယ်တင်ခဲ့သော ကျေးဇူးကိုသာ ခံစားရလေ၏။

အချိန်များ မည်မျှထိ ကုန်လွန်သွားသည်ကို မသိရချေ။

"ဂိုဏ်းတူဦးလေး ... ခင်ဗျား... ခင်ဗျား အထဲကိုဝင်သွားလို့ မရဘူး..."

ခြံဝင်း၏အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"အဲ့ဒီအသံက... ဟန်တျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် အသစ်နဲ့ တူတယ်..."

ရှားချင်းယွဲ့က သူမ၏ခန့်မှန်းချက်ကို ပြောလိုက်သည်။

"ဂိုဏ်းက သိမ်းပိုက်ခံလိုက်ရပြီ... ဟန်တျန်းဂိုဏ်းရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့... ငါ့ရဲ့ သေဆုံးသွားတဲ့ စီနီယာအစ်ကိုတွေနဲ့ ဂိုဏ်းတူဦးလေး ညီအစ်ကိုတွေ အတွက် ငါက ဘယ်လိုလုပ် ကလဲ့စားမချေဘဲ နေနိုင်မှာလဲ... မင်းကရော... ဂိုဏ်းချုပ်နေရာကို မြှင့်တင်ခံရပြီးတဲ့နောက်မှာ မင်းက ဘယ်သူလဲ ဆိုတာကို မေ့သွားပြီလား..."

တခြားအသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။

ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် တစ်ဖက်လူ၏ ရည်ရွယ်ချက်နှင့် ကျင့်ကြံဆင့်နယ်ပယ်ကို တပြိုင်နက်နီးပါး အတည်ပြုလိုက်ကြသည်။

အဲ့ဒီကောင်က ပြဿနာ လာရှာတာပဲ...

ယခင် မဟာအကြီးအကဲများကဲ့သို့ပင် ထိုလူသည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်တွင် ရှိနေသည်။

"ဂိုဏ်းတူဦးလေး ... ခင်ဗျားက ပင်လယ်ရပ်ခြားကို ခရီးသွားနေတာ အရမ်း ကြာသွားပြီ... ဂိုဏ်းထဲက တချို့ကိစ္စတွေကို ခင်ဗျား မသိဘူး... အတိုချုပ်ပြောရရင် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့..."

ဂိုဏ်းချုပ်အသစ်သည် အစွမ်းကုန်ဖျောင်းဖျနေဆဲပင်။

ဝှစ်...

"တကယ်လို့ မင်း ငါ့ကို ထပ်တားရဲရင်... ငါတို့ရဲ့ အတိတ်က ဆက်ဆံရေးကို မထောက်ထားဘဲ မင်းကိုပါ ခုတ်ပစ်မယ်ဆိုတာ အပြစ်မတင်နဲ့..."

"ခင်ပွန်း... ကျွန်မ ကိုင်တွယ်လိုက်ပါ့မယ်..."

ရှားချင်းယွဲ့ ထရန် ဟန်ပြင်လိုက်သည်။

သို့သော် ချန်ချင်းက ရှားချင်းယွဲ့၏လက်ကို ဖမ်းဆွဲလိုက်သည်။

"ဒီလို အသေးအဖွဲ ကောင်တွေအတွက် ဇနီးလေး ကိုယ်တိုင် လှုပ်ရှားဖို့ မလိုပါဘူး..."

'အသေးအဖွဲ ကောင်တွေလား...'

ရှားချင်းယွဲ့၏အမြင်အရ ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံး၌ သူမ၏ခင်ပွန်း တစ်ယောက်တည်းသာ ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် အဆင့်သုံး ကျင့်ကြံသူတစ်ဦးကို အသေးအဖွဲကောင်ဟု ခေါ်ဆိုပေလိမ့်မည်။

တံခါးအပြင်ဘက်ရှိ ဟန်တျန်းဂိုဏ်း၏ မဟာအကြီးအကဲကိုကို ချန်ချင်း မည်သို့ ကိုင်တွယ်မည်နည်းဟု ရှားချင်းယွဲ့ မေးရန် ဟန်ပြင်လိုက်ချိန်မှာပင်...

စာအုပ်တစ်အုပ်နှင့် စုတ်တံတစ်ချောင်း လေထဲတွင် လွင့်မျောနေသည်ကို သူမ မြင်တွေ့လိုက်ရသည်။

အကယ်၍ ရှားချင်းယွဲ့ မှတ်မိသည်မှာ မှန်ကန်ပါက ဤစာအုပ်ကို သူမ ယခင်က မြင်ဖူးခဲ့ပြီး ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ဟု ခေါ်လေ၏။

ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်တွင် ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံးရှိ လူတိုင်း၏ နာမည်များကို မှတ်တမ်းတင်ထားပြီး နာမည်တစ်ခုကို ဖြတ်ပစ်ခြင်းဖြင့် ထိုသူကို သေဆုံးစေကာ သူ၏တာအိုကို ပျောက်ကွယ်သွားစေနိုင်ကြောင်း ချန်ချင်း ပြောသည်ကို သူမ ကြားဖူးသော်လည်း....

ရှားချင်းယွဲ့က ဤယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ် သည် ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် အဆင့်သုံး ကျင့်ကြံသူတစ်ဦးအပေါ် တကယ်ပင် အကျိုးသက်ရောက်မှု ရှိမရှိ ဆိုသည်ကို သူမကိုယ်တိုင် မျက်မြင်တွေ့လိုသည်။

သေခြင်းရှင်ခြင်းစာအုပ် ထွက်ပေါ်လာပြီးနောက် စာမျက်နှာများကို အလိုအလျောက် စတင်၍လန်သွားပြီး လျင်မြန်စွာ ရပ်တန့်သွားကာ အနီရောင်စက်ဝိုင်းတစ်ခုက နာမည်တစ်ခုကို ပစ်မှတ်ထားလိုက်၏။

တုကျန်း...

ဤအရာကို မြင်သောအခါ ချန်ချင်းက စုတ်တံကို ကောက်ကိုင်လိုက်သည်။

အိမ်အပြင်ဘက်ရှိ ခြံဝင်းထဲတွင်မူ...

"ဂိုဏ်းတူဦးလေးတု ... ကျွန်တော် တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော်နဲ့ အရင်ပြန်လိုက်ခဲ့ပါ... ထိုင်ပြီး ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့... ဟုတ်ပြီလား..."

"ဖယ်စမ်း..."

တုကျန်းသည် သူ၏ဓားကို ဆွဲထုတ်ပြီး အိမ်တံခါးရှေ့သို့ ပြေးသွားခဲ့လေပြီ။ အနှောင့်အယှက် ပေးနေသူကို တွန်းဖယ်ပြီးနောက် သူက အော်ဟစ်လိုက်ပြီး တံခါးကို ချိုးဖျက်ရန်အတွက် သူ၏ဓားကို မြှောက်ရန် ဟန်ပြင်လိုက်သည်။

သို့သော် သူသည် ဓားကို ခေါင်းပေါ်တွင် အချိန်အတော်ကြာ မြှောက်ထားခဲ့သော်လည်း နောက်ထပ် လှုပ်ရှားမှု မရှိတော့ချေ။ သူသည် ရုပ်ထုတစ်ခုအလား ထိုနေရာတွင် အေးခဲတောင့်တင်းနေပေ၏။

"ဂိုဏ်းတူဦးလေး တု ..."

ဤအရာကို မြင်သောအခါ ဟန်တျန်းဂိုဏ်းချုပ်သည် သူ၏ဂိုဏ်းတူဦးလေး နောက်ဆုံးတွင် အမှားကို မြင်တွေ့သွားပြီး သူ၏စကားကို နားထောင်လိုက်ပြီဟု ထင်မှတ်ခဲ့သည်။

သို့သော် သူ အချိန်အတော်ကြာ ခေါ်နေသော်လည်း သူ၏ဂိုဏ်းတူဦးလေး တုကျန်းသည် မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ချေ။

"ဂိုဏ်းတူဦးလေး တု ..."

ဇဝေဇဝါဖြစ်နေသော ဂိုဏ်းချုပ်သည် ရှေ့သို့ သတိထားကာ လျှောက်လှမ်းသွားပြီး လက်ဆန့်တန်းကာ တုကျန်း၏ပခုံးကို ညင်သာစွာ ပုတ်လိုက်၏။

ထို့နောက် ဓားကိုမြှောက်ကိုင်ထားဆဲဖြစ်သော တုကျန်း၏ခန္ဓာကိုယ် နောက်သို့ လဲကျသွားသည်ကို မြင်တွေ့မိသဖြင့် သူ ထိတ်လန့်တကြား ဖြစ်သွားသည်။

တုကျန်း မြေကြီးပေါ်သို့ ကျသွားသောအခါ ဝုန်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။

နောက်ထပ်ကမူ...

'နောက်ထပ်' ဆိုတာ မရှိတော့ဘူး...

ဂိုဏ်းချုပ်သည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး တုကျန်း၏နှာခေါင်းအောက်သို့ လက်ကို ထားလိုက်မှသာ သူ အမှန်တကယ် သေသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေ၏။

အိမ်ထဲတွင် ရှားချင်းယွဲ့သည် ထိုမြင်ကွင်းကို မမြင်ရသည့်တိုင် တုကျန်း၏အငွေ့အသက် လုံးဝပျောက်ကွယ်သွားပြီး ဝိညာဉ်ကင်းမဲ့သော အခွံလွတ်တစ်ခုသာ ကျန်ရစ်တော့ကြောင်း ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။

သူမ၏စိတ်ထဲတွင် အံ့အားသင့်သွားသည်။

'ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်က တကယ်ကို ကြောက်စရာကောင်းတာပဲ...'

ဂိုဏ်းချုပ်အသစ်သည် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေပေ၏။ အစောပိုင်းက အကောင်းပကတိ ရှိနေသော သူ၏ဂိုဏ်းတူဦးလေးသည် မည်သို့ ရုတ်တရက် သေဆုံးသွားခဲ့သနည်း...

ဤအချိန်တွင် တံခါး၏နောက်မှ ချန်ချင်း၏အသံ ထွက်ပေါ်လာသည်။

"ဒီလိုမျိုး ဒုတိယအကြိမ် ထပ်ဖြစ်တာကို ငါ မမြင်ချင်ဘူး..."

Book 10 end.

All Chapters