← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) ဒါက ပညာမတတ်တာ ဘာကိုဆိုလိုလဲ ဆိုတာပဲ

ဤဟန်ဆောင်ကောင်းသောကောင်က ရှားချင်းယွဲ့နှင့် ပတ်သက်၍ မည်သည့်အတွေးမျှ မရှိဟု ပြောလျှင်...

တခြားသူများ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အရေးမကြီးချေ။ မည်သို့ပင်ဖြစ်စေကာမူ ချန်ချင်းသည် ဤကိစ္စကို မယုံကြည်ချေ။

အတွေးတစ်ချက်ဖြင့် သူ၏နံဘေးပတ်လည်ရှိ စိတ်ဝိညာဉ်ချီများသည် အလိုအလျောက် စုစည်းလာပြီး ဓားတစ်လက်ကို ဖန်တီးလိုက်၏။

ထိုအရာ ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် ဓားကျင့်ကြံသူဆီသို့ လျှင်မြန်စွာ ပျံ့လွင့်သွားသည်။

"မင်းက ဒီနေရာမှာ ဒီလိုလှုပ်ရှားမှုတွေ လုပ်ချင်သေးတယ်ပေါ့... မင်းက ကိုယ့်ကိုယ်ကိုယ် တကယ်ကြီး အထင်ကြီးလွန်းနေတာပဲ..."

ဓားကျင့်ကြံသူသည် ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ ဆက်ဆံရေးကို သိထားပြီး သူ့ကို မည်သည်ကြောင့် တိုက်ခိုက်ရသနည်းဆိုသည်ကို သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။

သို့သော် ထိုကိစ္စသည် အရေးမကြီးချေ။ အရေးကြီးသည်မှာ ချန်ချင်း လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက်သူသည် တစ်ဖက်လူကို တန်ပြန်တိုက်ခိုက်ပြီး ဖယ်ရှားရန်အတွက် အလွန်ယုတ္တိရှိသော အကြောင်းပြချက် တစ်ခု ရရှိသွားခြင်းပင်။

ဓားကျင့်ကြံသူ၏အမြင်တွင် ချန်ချင်းသည် အလွန် ဒုက္ခပေးမည့်သူ တစ်ယောက်ပင်။ တစ်ဖက်လူကို သတ်ခြင်းက သူ့အတွက် ပြဿနာများစွာကို လျှော့ချပေးနိုင်ပေမည်။

ထိုသို့ဖြစ်နေသဖြင့် သူ မည်သည်ကြောင့် မလှုပ်ရှားဘဲ နေရမည်နည်း...

နှစ်ဖက်လုံး အချင်းချင်း မကျေမနပ် ဖြစ်နေကြပြီး ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့ပေမည်။

မြေကြီးပေါ်တွင် ဒူးထောက်နေကြသော ဂိုဏ်းအသီးသီးမှ တပည့်များသည် ကောင်းကင်သို့ ခြေတစ်လှမ်းတည်းဖြင့် တက်လှမ်းရန် အခွင့်အရေး တစ်ခု ရရှိခဲ့သော်လည်း ချန်ချင်းကြောင့် ပျက်စီးသလောက်နီးပါး ဖြစ်သွားခဲ့သော ရှားချင်းယွဲ့အတွက် သနားမိနေသည်။

ဓားကျင့်ကြံသူကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူ တစ်ဦး၏ လက်ခံခြင်းကို ခံရပြီး တပည့်ရင်းတစ်ယောက် ဖြစ်လာရန်မှာ သူတို့ အိပ်မက်ပင် မမက်နိုင်သောအရာဖြစ်သည်။

ရှားချင်းယွဲ့၏ ကံကြမ္မာ မည်သို့ပင် ရှိစေကာမူ ချန်ချင်း၏ကံကြမ္မာကို သူတို့ ခန့်မှန်းရန် လွယ်ကူနေလေပြီ။

သို့သော် ထိုစိတ်ဝိညာဉ်ချီဓားသည် ဓား ကျင့်ကြံသူ ၏ ရှေ့သို့ရောက်လာပြီး သူသည် ဓားကိုယ်ထည်ကို ဖမ်းဆုပ်ကာ ခြေမွှဖျက်ဆီးရန် သူ၏လက်ကို မြှောက်လိုက်သောအခါ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏လက်ချောင်းငါးချောင်းသည် စိတ်ဝိညာဉ်ချီဓား၏ ထက်ရှမှု အရိပ်အယောင်လေးတစ်ခုကိုသာ ထိမိခဲ့သော်လည်း သူ၏လက်ကောက်ဝတ်အောက်ပိုင်းသည် တိုက်ရိုက်ပေါက်ကွဲထွက်သွားပြီး အရိုးများ အမှုန်အမွှားဖြစ်သွားကာ သွေးမြူလုံးငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"..."

ဓားကျင့်ကြံသူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချန်ချင်း၏စွမ်းအားသည် သူ၏စိတ်ကူးယဉ်တွေးတောနိုင်မှုထက် ကျော်လွန်နေကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သို့သော် ဓားကျင့်ကြံသူ လုပ်နိုင်သမျှမှာ ထိုမျှသာ ဖြစ်နေသည်။

သူသည် ထိုဓားပျံကို မတားဆီးနိုင်ခဲ့သလို ရှောင်တိမ်းရန်လည်း အချိန်မရခဲ့ချေ။

ဝုန်း...

မျက်တောင်တစ်ခတ်စာထက်နည်းသော အချိန်အတွင်းမှာပင် ဓားကျင့်ကြံသူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုဓားပျံ၏စွမ်းအားအောက်တွင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီး လေထဲတွင် ကြီးမားသော သွေးမြူတိမ်တိုက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားလေ၏။

ဤမြင်ကွင်းသည် ချန်ချင်းက ဓားကျင့်ကြံသူ၏ လက်ချက်ဖြင့် သေဆုံးလိမ့်မည်ဟု ယခင်က အကြွင်းမဲ့ ယုံကြည်ခဲ့ကြသော ဂိုဏ်းတပည့်များကို တကယ်ကို ဆွံ့အသွားစေခဲ့သည်။

"မဖြစ်နိုင်ဘူး... မင်း ငါ့ကို နောက်နေတာလား... ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် တတိယအဆင့်ကျွမ်းကျင်သူတစ်ယောက်က... အချိန်တိုအတွင်းမှာ ချက်ချင်းအသတ်ခံလိုက်ရတယ်ပေါ့..."

"အဲ့ဒီဓားကို ကြည့်ရတာ ပေါ့ပေါ့ပါးပါး ဖြစ်ပြီးတော့ နက်နဲတဲ့ ကျင့်ကြံနည်းစနစ်တစ်ခုရဲ့ အရိပ်အယောင် တစ်စက်လေးမှ မပြဘူး... ဒါဆို ဘာလို့ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ချက်ချင်း သတ်နိုင်ရတာလဲ..."

"ငါ မှတ်မိတာ မှန်တယ်ဆိုရင်... စွမ်းအားအရ ပြောရရင်... ကျန်းကျီက နတ်ဘုရားဓားဂိုဏ်းတစ်ခုလုံးမှာ အနည်းဆုံး ထိပ်ဆုံးဆယ်ယောက်စာရင်း ဝင်နိုင်တယ်..."

"ဒါဆိုရင်တောင် ဘာဖြစ်လဲ... သူက ဓားတစ်ချက်တည်းနဲ့ ချက်ချင်း အသတ်ခံလိုက်ရတာပဲ..."

...

သူ့ကို မည်ကဲ့သို့ ရှုမြင်ကြသည်ကို ဂရုစိုက်ခြင်းထက် ချန်ချင်းသည် သူ၏ရှေ့တွင် ထွက်ပေါ်လာသော စနစ်မျက်နှာပြင်ကို ပို၍စိတ်ဝင်စားနေသည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နဂါးသိုင်းပညာ အရှင်သခင် ရုပ်ခန္ဓာကိုယ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်... ရုပ်ခန္ဓာကိုယ်အမျိုးအစား သုံးထောင် အဆင့်... ၁၅၅...】

ဤဆုလာဘ် ထွက်ပေါ်လာခြင်းက အစောပိုင်းက ကျန်းကျီ၏မျက်လုံးထဲတွင် ရှားချင်းယွဲ့အပေါ် ဦးတည်နေသော ရမ္မက်ဆန္ဒအရိပ်အယောင်သည် အထင်လွဲမှုတစ်ခု မဟုတ်ကြောင်း ပို၍အတည်ပြုပေးလိုက်၏။

"ဒါက ပြီးသွားပြီ... နတ်ဘုရားဓားဂိုဏ်းက သူတို့ရဲ့လူတွေကို ကာကွယ်ပေးတဲ့ နေရာမှာ နာမည်ကြီးတယ်... သူတို့က နတ်ဘုရား ဓားဂိုဏ်းရဲ့ တပည့်ကို သတ်ရုံတင်မကဘူး... အခု နတ်ဘုရားဓားဂိုဏ်းရဲ့ မဟာအကြီးအကဲကိုတောင် ချမ်းသာမပေးဘူး... ငါ့အထင်တော့ သူတို့အသက်ရှင်ဖို့က မသေချာတော့ဘူး..."

"မင်း နိမိတ်မရှိတာတွေ လျှောက်မပြောဘဲ နေလို့ရမလား..."

ဤသည်မှာ ချန်ချင်း သို့မဟုတ် ရှားချင်းယွဲ့၏ ဘေးကင်းရေးကို စိုးရိမ်ခြင်း မဟုတ်ဘဲ နတ်ဘုရားများ တိုက်ခိုက်သောအခါ သာမန်လူများ ဒုက္ခရောက်သကဲ့သို့ သူတို့လည်း ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။

အတွင်းစည်းတပည့်သုံးဦး သေဆုံးသွားသည့်အပြင် မဟာအကြီးအကဲတစ်ဦးလည်း သေဆုံးသွားသဖြင့် ဤကိစ္စသည် နတ်ဘုရားဓားဂိုဏ်းသို့ ရောက်ရှိသွားသောအခါ အကြီးအကဲများနှင့်ဂိုဏ်းချုပ်တို့ မည်မျှထိ ဒေါသထွက်မည်ကို သူတို့ လွယ်လင့်တကူ တွေးတောကြည့်နိုင်သည်။

"တော်လောက်ပြီ... အရေးမပါတဲ့ စကားတွေကို ပြောနေမယ့်အစား... မင်းတို့ မြန်မြန်ပြေးတာ ပိုကောင်းမယ်... နတ်ဘုရားဓားဂိုဏ်းရဲ့ ဒေါသအတွက် အသုံးချမခံရအောင်ပေါ့..."

တစ်စုံတစ်ယောက်က သတိပေးစကားကို အလျင်အမြန် ပြောဆိုလိုက်သည်။

"မရတော့ဘူး... နောက်ကျသွားပြီ... နတ်ဘုရားဓားဂိုဏ်းက လူတွေ ရောက်လာပြီ..."

သတိပေးခံရပြီးနောက် ထိုလူများအားလုံး သူတို့၏ခေါင်းများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ကြ၏။

ဤနေရာသို့ အကြီးအကဲပေါင်းများစွာ၊ မဟာအကြီးအကဲများနှင့် ဂိုဏ်းချုပ်ပင်လျှင် နတ်ဘုရား ဓားဂိုဏ်းတပည့် ထောင်ပေါင်းများစွာနှင့်အတူ ရောက်ရှိလာသည်။ ထိုလူများသည် မည်သည့်အချိန်ကတည်းက သူတို့၏အထက်တွင် တိတ်တဆိတ် ထွက်ပေါ်လာမှန်းမသိရချေ။ ထိုလူများသည် ကြီးမားသော ကောင်းကင်ကို ဖုံးကွယ်ထားသည့် တပ်ဖွဲ့ကြီးတစ်ခု ဖွဲ့စည်းကာ လူတိုင်းက ဓားပျံတစ်လက်စီ စီးနင်းထားကြသည်ကို သူတို့ အမှန်တကယ် မြင်တွေ့လိုက်ရသည်။

ထိုအခြေအနေကို မြင်သောအခါ ဉာဏ်ကောင်းသူများသည် ချက်ချင်းဒူးထောက်ကာ ဦးညွှတ်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်ကြ၏။

"သခင်တို့... ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး... ဒါတွေအားလုံးက အဲ့ဒီလူနှစ်ယောက် လုပ်ခဲ့တာပါ... ကျေးဇူးပြုပြီး ခွဲခြားသိမြင်ပေးပါ..."

"ဟုတ်တယ်... ဒါက အမှန်ပါပဲ... အဲ့ဒါက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး..."

"ကျွန်တော်တို့ရဲ့ အမြဲစိမ်းနန်းတော်နဲ့ နတ်ဘုရားဓားဂိုဏ်းတို့က အမြဲတမ်း ဆက်ဆံရေး ကောင်းခဲ့ပါတယ်... ကျေးဇူးပြုပြီး သခင်တို့က ကျွန်တော်တို့ ဂိုဏ်းရဲ့ မျက်နှာကို ထောက်ထားပြီး... ကျွန်တော်တို့ ဂိုဏ်းရဲ့ တပည့်တွေအပေါ် ဒေါသမထွက်ပါနဲ့..."

တာဝန်ကို ရှားချင်းယွဲ့နှင့်ချန်ချင်းတို့အပေါ် အသေအလဲ ပုံချနေစဉ် လူတိုင်းသည် သနားညှာတာမှု တောင်းခံရန်အတွက် သူတို့၏ကိုယ်ပိုင်ဂိုဏ်းများကို ထုတ်ပြောရန်လည်း မမေ့လျော့ခဲ့ကြချေ။

သူတို့သည် နတ်ဘုရားဓားဂိုဏ်း၏ အမြှောက်စာအဖြစ် အသုံးချခံရမည်ကို ကြောက်ရွံ့နေကြ၏။

အထက်ဘုံတွင် နတ်ဘုရားဓားဂိုဏ်း၏ လွှမ်းမိုးချုပ်ကိုင်နိုုင်မှုကို ထည့်သွင်းစဉ်းစားပါက သူတို့ အမှန်တကယ် သတ်ဖြတ်ခံရမည်ဆိုလျှင်ပင် သူတို့၏ ကိုယ်ပိုငိဂိုဏ်းက သူတို့အတွက် နတ်ဘုရား ဓားဂိုဏ်းကို ဆန့်ကျင်မည်ဟု သူတို့ တွေးထင်မထားခဲ့ကြချေ။

သူတို့ထံတွင် ထိုအရည်အချင်းမျိုး ရှိမရှိကို တခြားသူများ မသိနိုင်သော်လည်း သူတို့ကိုယ်တိုင်ကမူ သိနိုင်သည် မဟုတ်လော...

နတ်ဘုရားဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကျောက်ဝူထျန်းသည် ထိုအသံများကို တုံ့ပြန်ခြင်း မပြုခဲ့ချေ။ သူ၏ အေးစက်သော အကြည့်တစ်ချက်က သူတို့အားလုံးကို တိတ်ဆိတ်သွားစေပြီး စကားဆက်ပြောခွင့် မပေးတော့ပေ၏။

"ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပဉ္စမအဆင့်.." ရှားချင်းယွဲ့သည် အထွတ်အထိပ် ဧကရာဇ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသဖြင့် ကျောက်ဝူထျန်း၏ ကျင့်ကြံဆင့်နယ်ပယ်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ကာ ဖုံးကွယ်ထား၍ မရနိုင်ချေ။

ကျောက်ဝူထျန်းသည် ယခင်က ဓားကျင့်ကြံသူ ကျန်းကျီကဲ့သို့ ထပ်တူထပ်မျှ တွေးတောခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ဂိုဏ်းချုပ်တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားသဖြင့် ရှားချင်းယွဲ့က သူ၏စွမ်းအားကို သိရှိခြင်းမှာ ကျင့်ကြံခြင်းလောက အဆင့်သတ်မှတ်ချက်များမှတဆင့် ဖြစ်ပေမည်။ ထိုကြောင့် ဤသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။

အကြောင်းပြချက်များစွာ ရှိနိုင်သော်လည်း ရှားချင်းယွဲ့၏စွမ်းအားက သူ၏စွမ်းအားထက် သာလွန်နေသည်မှာမူ မည်သို့မျှ မဟုတ်နိုင်ချေ။

"ဓားဧကရာဇ် အခွင့်အရေးကို လွှဲပေးလိုက်... ဒီခေါင်းဆောင်က မင်းတို့နှစ်ယောက်ကို အလောင်းအပြည့်အစုံ ချန်ထားပေးနိုင်တယ်..."

ကျောက်ဝူထျန်းသည် ကျန်းကျီ အသတ်ခံရသည်ကို သူကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရချေ။

ခြေလှမ်းတစ်ဝက် ဧကရာဇ် တတိယအဆင့်ဖြစ်သော အကြီးအကဲချုပ် ကျန်းကျီကို ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ သတ်နိုင်ခြင်းမှာ ဓားဧကရာဇ် အမွေအနှစ်နှင့် ရာနှုန်းပြည့် ဆက်စပ်နေမည်ဟု သူ ခန့်မှန်းခဲ့လေ၏။

ဓားဧကရာဇ် အမွေအနှစ်သည် အားကောင်းကြောင်း သူ သိသော်လည်း လူတိုင်း လိုချင်သော ဓားဧကရာဇ် အမွေအနှစ်သည် ခြေလှမ်းတစ်ဝက်နယ်ပယ် တတိယအဆင့် ဧကရာဇ်တစ်ဦးကို သတ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

ဤအရာက ကျောက်ဝူထျန်းကို ပို၍စိတ်ဝင်စားလာစေပြီး ရယူရန်အတွက် စိတ်အားထက်သန်လာစေခဲ့ပေသည်။

ဤဓားဧကရာဇ် အမွေအနှစ်သည် အမှန်တကယ်ကို ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းခြင်း ရှိမရှိကို သူ ကိုယ်တိုင် အတည်ပြုချင်ခဲ့သည်။

"လူနှစ်ယောက်... အလောင်းအပြည့်အစုံပဲလား... ခင်ပွန်း... ဒီအထက်ဘုံက ဂိုဏ်းချုပ်တွေ အားလုံးက ဒီလောက်ထိ အမြင်ကျဥ်းတာလား... ပညာမတတ်ပုံရတယ်..."

ရှားချင်းယွဲ့သည် ကျောက်ဝူထျန်း၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ ချန်ချင်းကို ကြည့်ပြီး နောက်ပြောင်လိုက်၏။

"အဲ့ဒါက ပညာမတတ်တာက ဘာကိုဆိုလိုလဲဆိုတာပဲ..."

ချန်ချင်းက သူမ၏စကားအတိုင်း သံယောင်လိုက်လေသည်။

'ပညာမတတ်ဘူး...'

ကျောက်ဝူထျန်း၏ပါးစပ် မဲ့ရွဲ့သွားသည်။

သူ၏ဘဝတလျှောက်လုံး စော်ကားမခံခဲ့ရဖူးဘဲ ဤကဲ့သို့ အလွန်အမင်း ရှက်စရာကောင်းမှုသည် ပထမဆုံးအကြိမ်ပင်။

ဂုဏ်သရေရှိသော ဂိုဏ်းချုပ်တစ်ဦးက ပညာမတတ်ဟု လှောင်ပြောင်ခံရခြင်းကို သူ မည်သို့ သည်းခံနိုင်မည်နည်း။

"သတ်စမ်း... ဒီခေါင်းဆောင်အတွက် အဲ့ဒီလူနှစ်ယောက်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲလိုက်စမ်း... သူတို့ရဲ့ လျှာတွေကို ဆွဲထုတ်ပြီး သူတို့ရဲ့ နှလုံးသားတွေကို တူးထုတ်လိုက်..."

ကျောက်ဝူထျန်း၏ စကားများသည် အစွမ်းအစမရှိသော ဒေါသကို အနည်းငယ် ရည်ညွှန်းနေသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ဂိုဏ်းချုပ် တစ်ဦးဖြစ်နေသဖြင့် မည်သူမျှ မငြင်းဆန်ရဲကြချေ။

ကျောက်ဝူထျန်း၏အမိန့်ကို ရရှိပြီးနောက် အစွမ်းပြလိုသော အကြီးအကဲ အနည်းငယ်က ဦးဆောင်လိုက်၏။

ချန်ချင်းနှင့် သူ၏ဇနီးဆီသို့ ပြေးဝင်လာသော လူဆယ်ယောက်ကျော်ခန့်၏ ပုံရိပ်များကို ကြည့်ကာ...

တခြားလူများသည် သူတို့၏အခွင့်အရေးကို လွဲချော်သွားပြီဖြစ်ကြောင်း သိလိုက်ကြပြီး တိတ်တဆိတ် ရပ်ကာ ကောင်းမွန်သော ပြဇာတ်ကို ကြည့်ရန်သာ တတ်နိုင်တော့၏။

နတ်ဘုရားဓားဂိုဏ်းမှ အကြီးအကဲဆယ်ယောက်ကျော်ခန့်၏ ဝိုင်းရံမှုကို ရင်ဆိုင်ရသော်လည်း ရှားချင်းယွဲ့သည် မည်သည့်ကြောက်ရွံ့မှုမျှ မပြသခဲ့ချေ။

သို့သော် ချန်ချင်းက ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ကို ထုတ်ယူလိုက်သည်အား မြင်သောအခါ သူမ၏လက်ကို ဖြည်းညင်းစွာ ချလိုက်၏။

ချန်ချင်းအပေါ် လူအများ၏အာရုံစိုက်ခံရမှုကို သူမ လုမယူလိုချေ။

သူမကိုယ်သူမ ကြွားလုံးထုတ်ခြင်းထက် ချန်ချင်းက သူ၏လွှမ်းမိုးမှုရှိသော အသွင်အပြင်ကို ပြသသည်အား နံဘေးမှ ရပ်ကြည့်ရခြင်းကို ရှားချင်းယွဲ့ ပို၍နှစ်သက်ပေ၏။

All Chapters