← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) သူက တကယ့်ကို ပြိုင်ဘက်ကင်း သခင်တစ်ယောက်ပဲ

စာအုပ်လား...

ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ကို မသိရှိသော ကျောက်ဝူထျန်းသည် ချန်ချင်းက လွင့်မျောနေသော စုတ်တံတစ်ချောင်းကို ကောက်ကိုင်ကာ ထိုအရာပေါ်တွင် စတင်ရေးသားနေသည်အား မြင်သောအခါ လှောင်ပြောင်လိုက်၏။

"မင်းရဲ့ နောက်ဆုံးစကားတွေကို အခုမှ ရေးဖို့ စတင်တာက နောက်ကျလွန်းမနေဘူးလား..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် ချန်ချင်း၏ အသက်ကို လုယူရန် စေလွှတ်ထားသော အကြီးအကဲများသည် တစ်ယောက်ပြီး တစ်ယောက် သူတို့၏ သက်စောင့်စွမ်းအင်များ ရုတ်တရက် ဆုံးရှုံးသွားပြီး မျက်ဖြူသွားကာ လေထဲမှ တောင့်တင်းစွာ ပြုတ်ကျလာသည်ကို သူ မြင်တွေ့လိုက်ရသည်။

ချန်ချင်းသည် ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ် ပေါ်တွင် ထွက်ပေါ်လာသော နာမည်များကို တစ်ခုပြီးတစ်ခု ဖျက်ပစ်လိုက်သည်နှင့်အမျှ နတ်ဘုရား ဓားဂိုဏ်း အကြီးအကဲများ ပို၍ပို၍ သေဆုံးသွားခဲ့လေ၏။

ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ကျောက်ဝူထျန်းကဲ့သို့ သန်မာအားကောင်းသူပင်လျှင် ဤအရာ၏ နောက်ကွယ်ရှိ အကြောင်းအရင်းကို အဖြေမရှာနိုင်ခဲ့ချေ။

သူသည် သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး နတ်ဘုရားဓားဂိုဏ်း အကြီးအကဲ တစ်ဦးပြီး တစ်ဦးအပေါ် လွှမ်းခြုံသွားသောအခါ ဤလူများသည် သတိလစ်နေခြင်း မဟုတ်ဘဲ အမှန်တကယ် သေဆုံးသွားကြောင်း ကျောက်ဝူထျန်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။

'ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ...'

ကျောက်ဝူထျန်း အလွန်အမင်း စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း အပြင်ပန်းတွင်မူ သူသည် တည်ငြိမ်ဟန်ဆောင်နေခဲ့လေ၏။

'ဓားဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ ပတ်သက်နေတာများလား...'

သို့သော် မကြာမီ ဤခန့်မှန်းချက်ကို ကျောက်ဝူထျန်း ကိုယ်တိုင် ပယ်ချလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူသည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပဉ္စမအဆင့် ကျွမ်းကျင်သူတစ်ဦးပင်။ ဓားဧကရာဇ်၏ အမွေအနှစ် မည်မျှထိ သန်မာအားကောင်းစေကာမူ သူ လုံးဝမသိရှိနိုင်အောင် လှည့်စား၍ မရနိုင်ချေ။

နတ်ဘုရားဓားဂိုဏ်း၏ အတွင်းစည်းအကြီးအကဲ ဆယ်ယောက်ကျော်သည် အစုလိုက်အပြုံလိုက် လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားသည်ကို မြင်ရခြင်းက တပည့်များကြားတွင် ကြီးမားသော ထိတ်လန့်မှုကို မဖြစ်ပေါ်စေဘဲ မနေနိုင်တော့ချေ။

"မင်း... မင်း အဲ့ဒီအကြီးအကဲတွေ ဘယ်လို သေသွားလဲဆိုတာ မြင်လိုက်လား..."

"မြင်ဖို့ကို မပြောနဲါ.. အစကနေအဆုံးထိ စိတ်ဝိညာဉ်ချီအတက်အကျကို တစ်စက်လေးတောင် ငါ မခံစားမိဘူး..."

"ဒါက တကယ့်ကို ထူးဆန်းလွန်းတယ်... အဲ့ဒီလူနှစ်ယောက်ရဲ့ နောက်ခံက အတိအကျ ဘာလဲ..."

"အထက်ဘုံမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ မရေမတွက်နိုင်အောင် ရှိတယ်... ငါတို့က ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်ကို မှားယွင်းပြီး ရန်စမိတာများလား..."

"ဒီလောက် ငယ်ရွယ်တဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ လား... သူတို့က ငါတို့နဲ့ ရွယ်တူပဲ ရှိအုံးမယ်..."

"ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ ထာဝရနုပျိုခြင်းနဲ့ ပြန်လည်နုပျိုခြင်းကို ကျွမ်းကျင်ဖို့က မင်းရဲ့အမြင်မှာ ခက်ခဲလို့လား..."

...

အခြားသူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး သူ၏ စိတ်ဓာတ်ကို ကျဆင်းစေသော ဤစကားများကို ကြားရသောအခါ ကျောက်ဝူထျန်း၏ ဒေါသထွက်နေပြီဖြစ်သော စိတ်အခြေအနေသည် ပို၍ပင် လောင်ကျွမ်းသွားခဲ့လေ၏။

သူသည် နောက်လှည့်ပြီး ထိုလူများကို စူးရဲစွာ ကြည့်လိုက်ရာ တပည့်များသည် ချက်ချင်အသက်ရှုကြပ်သွားပြီး သူတို့၏ ပါးစပ်များကို တင်းကျပ်စွာ ပိတ်ထားလိုက်ကြသည်။ သူတို့သည် စကားဆက်မပြောရဲတော့ဘဲ ဂိုဏ်းချုပ်ကို ဒေါသထွက်စေပါက သူတို့ အပြစ်ပေးခံရမည်ကို စိုးရိမ်နေကြသည်။

တပည့်များ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျောက်ဝူထျန်းသည် သူ၏ စိတ်အခြေအနေကို တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်သည်။

စကားမပြောမီ သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော မဟာအကြီးအကဲတစ်ဦးထံသို့ တိတ်တဆိတ် သတင်းပို့လိုက်ပြီး ထိုထူးဆန်းသော စာအုပ်ကို ချန်ချင်း၏လက်ထဲမှ လုယူရန်အတွက် နည်းလမ်းရှာရန် ပြောလိုက်၏။

ထို့နောက် သူက ပြောလိုက်သည်။

"ကောင်လေး... မင်း ဘာနတ်ဆိုးနည်းစနစ်ကို သုံးခဲ့တာလဲ... အမှန်အတိုင်း ဝန်ခံပြီး မင်းရဲ့ မှော်ရတနာ ကို ဆက်သမယ်ဆိုရင်... ဒီခေါင်းဆောင်က မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးနိုင်တယ်..."

နတ်ဘုရားဓားဂိုဏ်း အကြီးအကဲဆယ်ယောက်ကျော်၏ သေဆုံးမှုများသည် ချန်ချင်း၏ လက်ထဲရှိ စာအုပ်နှင့် ခွဲခြား၍မရအောင် ဆက်စပ်နေကြောင်း သူ ကောက်ချက်ချထားပြီး ဖြစ်လေ၏။

သူ ထိုသို့ ပြောရခြင်းမှာ ချန်ချင်း၏စိတ်အာရုံကို လွှဲရန်နှင့် ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ကို လုယူရန် စေလွှတ်ထားသော မဟာအကြီးအကဲအတွက် အချိန်ဆွဲရန်သက်သက်သာဖြစ်သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့် ထိပ်တန်း မှော်ရတနာ မဟာဧကရာဇ် နတ်ဘုရား ခေါင်းလောင်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

အရာအားလုံးကို သင့်လျော်စွာ စီစဉ်ထားပြီး သေချာစွာ အစီအစဉ်ဆွဲထားသည်ဟု ကျောက်ဝူထျန်း ယုံကြည်ထားသော်လည်း အထွတ်အထိပ် မဟာဧကရာဇ်၏ နတ်ဘုရားစိတ်အာရုံအောက်တွင် မည်သည့်အရာမျှ တစ်ဖက်လူ၏အာရုံခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ကြောင်းကို သူ မသိရှိခဲ့ချေ။

ထိုမဟာအကြီးအကဲ၏ နာမည်ကို ဖျက်ပစ်နေစဉ် ချန်ချင်းသည် နတ်ဘုရားဓားဂိုဏ်း အကြီးအကဲ ဆယ်ယောက်ကျော်ကို ရှင်းလင်းခြင်းအတွက် ဆုလာဘ်ကိုလည်း စုဆောင်းနိုင်ခဲ့ပြီး ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ခဲ့လေ၏။

လေဟာနယ် အက်ကွဲကြောင်း ပွင့်လာခဲ့သည်။

မဟာအကြီးအကဲ၏ ပုံရိပ် ထိုအရာထဲမှ ထွက်လာသည်ကို မျက်မြင်တွေ့ရှိပြီးနောက် ကျောက်ဝူထျန်း၏နှုတ်ခမ်း အပေါ်သို့ ကွေးတက်သွားသ​ည်။

'အောင်မြင်ပြီ...'

သို့သော် နောက်တခဏတွင် လက်တွေ့ဖြစ်ပေါ်လာသော မြင်ကွင်းသည် သူ စိတ်ကူးယဉ်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

မဟာအကြီးအကဲ၏ လက်ချောင်းထိပ်သည် ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်နှင့် တစ်လက်မခန့်သာ ဝေးပုံရသော်လည်း အမှန်အားဖြင့် ထိုအရာကို ဘယ်တော့မှ လက်လှမ်းမီနိုင်မည် မဟုတ်ချေ။

သူသည် ယခင် နတ်ဘုရားဓားဂိုဏ်း အကြီးအကဲများကဲ့သို့ပင် သူ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ လေဟာနယ် အက်ကွဲကြောင်းထဲမှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပေ၏။

"အကြီးအကဲလင်းက ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် တတိယအဆင့် ကျွမ်းကျင်သူတစ်ယောက်လေ... ဒါပေမဲ့ သူ... သူလည်း အဲ့ဒီသာမန် အကြီးအကဲတွေလိုမျိုး ရှင်းပြလို့မရအောင် သတ်ဖြတ်ခံလိုက်ရတာပဲ..."

"တစ်ခုခုတော့ မှားနေပြီ... တကယ့်ကို မှားနေပြီ... ဒီလူနှစ်ယောက်ရဲ့ သတ်ဖြတ်တဲ့ နည်းလမ်းတွေက အရမ်းထူးဆန်းတယ်... တစ်ခါမှ မကြားဖူး မမြင်ဖူးဘူး..."

"သူတို့က တကယ်ကို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တွေပဲ..."

"ငါတို့ ဘာလုပ်သင့်လဲ... ငါတို့ ထွက်ပြေးသင့်လား..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူတို့သည် အလွန်တိုးညှင်းစွာ ပြောဆိုခဲ့သော်လည်း ကျောက်ဝူထျန်းသည် ချက်ချင်းထွက်ပေါ်လာပြီး သူ့ကို ဓားဖြင့်ခုတ်ပိုင်းလိုက်၏။

...

ထိုတပည့်များသည် မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် လေထဲမှ ပြုတ်ကျသွားသည်ကို လူတိုင်း ထိတ်လန့်တကြား ကြည့်နေခဲ့ကြသည်။

ထို့နောက် ကျောက်ဝူထျန်း၏ အလွန်အေးစက်သော အသံက သူတို့၏နားထဲတွင် နောက်တစ်ကြိမ် မြည်ဟီးလာသည်။

"ဒီလိုမျိုး စကားတွေကို ထပ်ပြောပြီး စိတ်ဓာတ်ကျအောင် လုပ်ရဲတဲ့ ဘယ်သူ့ကိုမဆို... ဒီခေါင်းဆောင်က သနားညှာတာမှာ မဟုတ်ဘူး..."

ထိုအချိန်မှစ၍ မည်သူမျှ ဆက်မပြောရဲတော့ဘဲ သူတို့၏အတွေးများကို မျိုသိပ်ထားရုံသာ တတ်နိုင်တော့၏။

ကျောက်ဝူထျန်း၏မျက်လုံးထဲတွင် သူတို့၏ အသက်များသည် မြက်ပင်များထက်ပင် ဈေးပေါကြောင်း တခြားမည်သူ့ထက်မဆို သူတို့ ပိုသိထားကြသ​ည်။ သူသည် သူတို့ကို သနားညှာတာမှုမရှိဘဲ ဆန္ဒရှိသည့်အတိုင်း သတ်ဖြတ်ပေမည်။

'အကြီးအကဲတွေ အားလုံး... အဲ့ဒီကောင်လေးရဲ့လက်ထဲက စာအုပ်ကို လုယူဖို့ မင်းတို့ရဲ့ စွမ်းအားတွေ အားလုံးကို သုံးကြစမ်း...'

တပည့်များအားလုံးကို အတင်းအကြပ် ဖိနှိပ်ပြီးနောက် ကျောက်ဝူထျန်းသည် ကျန်ရှိနေသော သာမန် အကြီးအကဲများနှင့် မဟာအကြီးအကဲများထံသို့ အမိန့်တစ်ခု ပေးပို့လိုက်၏။

သို့သော် မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ဘဲ သူ၏ ပတ်ဝန်းကျင်သည် သုသာန်တစပြငမကဲ့သို့ တိတ်ဆိတ်နေသည်။

...

စိတ်မငြိမ်မသက်ဖြစ်မှု ခံစားချက်တစ်ခုက ကျောက်ဝူထျန်း၏နှလုံးသားထဲတွင် ကြီးထွားလာပြီး လျှင်မြန်စွာ ပျံ့နှံ့ကာ ပို၍ပြင်းထန်လာခဲ့သည်။

သူ၏မျက်နှာသည် အလွန်သုန်မှုန်နေပေ၏။ သူ နောက်သို့လှည့်မကြည့်ရဲဘဲ မဟာအကြီးအကဲများနှင့် တခြားအကြီးအကဲများ၏ အရှိန်အဝါများကို အာရုံခံရန် ကြိုးစားနေသည်။

မရှိဘူး...

သူ ဘာကိုမှ အာရုံမခံနိုင်ခဲ့ချေ။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အဆတစ်ရာ ကျင့်ကြံခြင်း အရှိန်မြှင့်ကတ် ၁၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် သက်ရှည်သစ်သီး အလုံး၁၀၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ထိပ်တန်း နားလည်နိုင်စွမ်းအမှတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်... မှတ်ချက်...အိမ်ရှင်၏ လက်ရှိ နားလည်နိုင်စွမ်းအမှတ်သည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး ထပ်မံတိုးမြှင့်၍ မရနိုင်ပါ... (ထိပ်တန်း နားလည်နိုင်စွမ်းအမှတ်သည် ကမ္ဘာကြီးနှင့်အမျှ ပြောင်းလဲသွားမည်ဖြစ်ပြီး အမြဲတသေ အမြင့်ဆုံးအဆင့်တွင် ရှိနေပေမည်)】

...

ကျောက်ဝူထျန်း ထိတ်လန့်နေစဉ် နာမည်များ ပို၍ဖျက်ပစ်ခံရသည်နှင့်အမျှ ချန်ချင်းသည် ဆုလာဘ်များစွာကို ရရှိခဲ့ရာ ထိုအရာများသည် သူ့အပေါ် လွှမ်းမိုးသွားသည်ဟု ပြောလျှင် ပုံကြီးချဲ့ရာ မရောက်ချေ။

မကြာမီမှာပင် ကျောက်ဝူထျန်း ခေါ်လာသော မဟာအကြီးအကဲများနှင့် သာမန်အကြီးအကဲတစ်စုတို့၏အသက်များသည် ယမမင်းအဖြစ် ပြောင်းလဲသွားသော ချန်ချင်း၏ သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးပြုခြင်းဖြင့် အတင်းအကြပ် အဆုံးသတ်ခြင်းခံလိုက်ရလေ၏။

"မဟာအကြီးအကဲတွေနဲ့ အကြီးအကဲတွေ အားလုံး သေကုန်ပြီ... ဒီကောင်က ငါတို့ ရန်စလို့ရတဲ့ သူ မဟုတ်ဘူး... မြန်မြန် ထွက်ပြေးကြတော့..."

နောက်ဆုံးတွင် တပည့်တစ်ဦးက စိတ်မထိန်းနိုင်တော့ဘဲ နောက်လှည့်ကာ သူ၏ဓားပျံဖြင့် ထွက်ပြေးသွားခဲ့ပြီး တိုက်ခိုက်လိုစိတ် လုံးဝကင်းမဲ့နေခဲ့သည်။

သူ၏အမြင်တွင် မဟာအကြီးအကဲများသည် အထွတ်အထိပ် သန်မာအားကောင်းသူများ ဖြစ်သော်လည်း ထိုကဲ့သို့လူများများကို ချန်ချင်းက တစ်ကြိမ်လျှင် အများအပြား တိတ်တဆိတ် ဖယ်ရှားနိုင်သည်။

သူတို့၏ စိတ်ကူးယဉ်တွေးတောနိုင်မှု ကန့်သတ်ချက်ထက် ကျော်လွန်နေသော ဤကဲ့သို့ ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရသောအခါ သူတို့ မည်သို့ တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်လာနိုင်မည်နည်းဟု သူ တွေးမိလေ၏။

သူ၏ဓားဖြင့် မြန်မြန်မပျံသန်းနိုင်သည်ကိုသာ သူ နောင်တရမိသည်။

ဤစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် တပည့်များသည် ကြယ်များအလား လူစုခွဲကာ အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးကြပြီး ဂိုဏ်းချုပ်၏ ဩဇာအာဏာကို ဂရုမစိုက်ကြတော့ချေ။

သူတို့၏အမြင်တွင် ယခုအချိန်၌ ချန်ချင်းသည် ဂိုဏ်းချုပ်ထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေလေ၏။

ထို့ပြင် ထိုစကားများသည် ကျောက်ဝူထျန်း၏ နှလုံးသားထဲတွင် ထားရှိခဲ့သော နောက်ဆုံး မျှော်လင့်ချက် အစအနလေးကို သွယ်ဝိုက်၍ ငြိမ်းသတ်လိုက်ခြင်းပင်။

'မဟာအကြီးအကဲတွေအားလုံး တကယ်ကြီး သေသွားပြီလား...'

ကျောက်ဝူထျန်း လှည့်ကြည့်လိုက်ရာ သူတို့၏ အရိပ်အယောင်ကိုမျှ သူ မတွေ့ရတော့ချေ။

သူ ရှင်းလင်းစွာ မြင်တွေ့နိုင်သမျှမှာ သေဆုံးခြင်း ကံကြမ္မာမှ မလွတ်မြောက်နိုင်ဘဲ ကြယ်ကြွေများကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျလာသော နတ်ဘုရားဓားဂိုဏ်း တပည့်များသာ ဖြစ်ပေ၏။

ဤအချိန်တွင် သူ၏အားကောင်းသော မောက်မာမှုဖြင့်ပင် နတ်ဘုရားဓားဂိုဏ်းသည် ဤတစ်ကြိမ်တွင် မှားယွင်းသော ပြိုင်ဘက်ကို အမှန်တကယ် ရွေးချယ်ခဲ့မိကြောင်း သူ ဝန်ခံခဲ့ရပေမည်။

ထိုအချိန်မှာပင် ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ် သည် စာမျက်နှာအသစ်တစ်ခုသို့ နောက်တစ်ကြိမ် လှန်လိုက်၏။

ရှားချင်းယွဲ့သည် နံဘေးမှနေ၍ "ကျောက်ဝူထျန်း" ဟူသော နာမည်ကို မြင်လိုက်ရသည်။

All Chapters