← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆) အတုအယောင် ဧကရာဇ် လား...

"ဘယ်သူမှ ဒူးထောက်ခွင့် မရှိဘူး... ထကြစမ်း..."

နတ်ဘုရားဓားဂိုဏ်း၏ ဘိုးဘေးကျောက်ချင်းရှန်း သည် သနားစရာကောင်းပြီး နောင်တရစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူသည် နှစ်တစ်ထောင်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်း ရှိသင့်သည့် သူ၏ နတ်ဘုရား ဓားဂိုဏ်းတွင် ယခုအချိန်၌ မတ်မတ်ရပ်တည်နိုင်စွမ်းရှိသော တပည့်ဟူ၍ တစ်ယောက်မျှ မရှိတော့ချေ။

သို့သော် သူသည် ဘိုးဘေး တစ်ဦးဖြစ်သော်လည်း သူ စကားပြောသောအခါ သူ၏အမိန့်ကို အမှန်တကယ် လိုက်နာသူဟူ၍ အနည်းငယ်သာ ရှိလေ၏။

ဘိုးဘေးသည် အားကောင်းသော်လည်း သူသည် အတိတ်က တည်ရှိမှုတစ်ခုသာ ဖြစ်ပြီး တပည့်အများစုသည် သူ့အကြောင်းကို များစွာမသိကြချေ။

သို့သော် မဟာအကြီးအကဲများနှင့် ဂိုဏ်းချုပ်တို့၏ အလောင်းများသည် သူတို့၏ ရှေ့မလှမ်းမကမ်းအကွာတွင် ရှင်းလင်းစွာ ရှိနေပြီး ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ စွမ်းအားကို သူတို့အား ပို၍တိုက်ရိုက်ခံစားသိရှိနိုင်စေခဲ့သည်။

ဘိုးဘေး တစ်ဦးအနေဖြင့် သူ၏ စကားများကို လျစ်လျူရှုခံရသည်ကို မြင်သောအခါ ကျောက်ချင်းရှန်း၏ မနည်းထိန်းချုပ်ထားရသော ဒေါသများသည် အထိန်းအကွပ်မရှိ ပေါက်ကွဲထွက်လာတော့သည်။

အထွတ်အထိပ် ခြေလှမ်းတစ်ဝက်ဧကရာဇ် နယ်ပယ် ဖိအားသည် ဟိန်းဟောက်နေသော လေပြင်းမုန်တိုင်း တစ်ခုကဲ့သို့ နတ်ဘုရားဓားဂိုဏ်းတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။

'အထွတ်အထိပ် ခြေလှမ်းတစ်ဝက်ဧကရာဇ် လား...'

နတ်ဘုရားဓားဂိုဏ်း၏ တပည့်များသည် ဘိုးဘေး တစ်ဦးအနေဖြင့် ကျောက်ချင်းရှန်း၏ခွန်အားမှာ သေချာပေါက် အားနည်းမည် မဟုတ်ကြောင်း စဉ်းစားခဲ့ကြသော်လည်း သူသည် အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

နတ်ဘုရား ဓားဂိုဏ်းတွင် အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ် ဘိုးဘေး တစ်ဦး ကြီးကြပ်နေကြောင်း သူတို့ တွေးမိသည်နှင့်တစ်ပြိုင်နက် မူလက မြေကြီးပေါ်တွင် အမြစ်တွယ်နေသော တပည့်များ၏ ဒူးများသည် ဖြည်းညင်းစွာ ပြေလျော့လာခဲ့လေ၏။

သူတို့သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး ဆက်လက်၍ ဒူးထောက်နေသင့်သလား သို့မဟုတ် ဒူးမထောက်ဘဲ မတ်တတ်ရပ်၍ ဘိုးဘေး ၏ အမိန့်ကို နာခံသင့်သလားဟု တွေးတောကာ တစ်စုံတစ်ယောက်က အရင်ဆုံး လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းနေကြပုံရသည်။

လူတချို့က ကျောက်ချင်းရှန်းသည် သူတို့၏ နောက်ခံ ဖြစ်လာနိုင်သည်ဟု ယုံကြည်လာပြီး သူတို့၏ဒူးများ ဖြည်းညှင်းစွာ အနည်းငယ် မြင့်တက်လာသည်ကို မြင်သောအခါ...

ရှားချင်းယွဲ့သည်လည်း ယဉ်ကျေးမနေခဲ့ချေ။ ကျောက်ချင်းရှန်းကဲ့သို့ပင် သူမသည်လည်း သူမ၏ ဧကရာဇ်ဖိအားကို ထုတ်လွှတ်လိုက်၏။

ကွာခြားချက်မှာ ကျောက်ချင်းရှန်း၏ဖိအားသည် ခြေလှမ်းတစ်ဝက် ဧကရာဇ် ၏ ဖိအားဖြစ်ပြီး သူမ ထုတ်လွှတ်လိုက်သည်မှာ မဟာဧကရာဇ်၏ဖိအား ဖြစ်နေခြင်းပင်။

တွေဝေတုံ့ဆိုင်းနေခဲ့သော နတ်ဘုရား ဓားဂိုဏ်း တပည့်အနည်းငယ်သည် မဟာဧကရာဇ်၏ဖိအားနှင့် ခြေလှမ်းတစ်ဝက်ဧကရာဇ်၏ ဖိအားအကြားမှ ကွာခြားချက်ကို ခံစားလိုက်ရသည်။ ထို့နောက် ရှားချင်းယွဲ့၏နောက်တွင် မဟာဧကရာဇ် နတ်ဘုရားရောင်ဝါစက်ဝန်း ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီးနောက် သူတို့၏ဒူးများသည် မြေကြီးပေါ်တွင် လုံးဝအမြစ်တွယ်သွားတော့သည်။

'မဟာ... မဟာဧကရာဇ် လား...'

ရှားချင်းယွဲ့သည် မဟာဧကရာဇ် တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးယဉ်တွေးတောခဲ့ဖူးခြင်း မရှိချေ။

"မဟာဧကရာဇ် လား..."

ဤအရာကြောင့် အံ့အားသင့်အသွားဆုံးသူမှာ ကျောက်ချင်းရှန်းသာ ဖြစ်လေ၏။

"ငါ ထျန်းရွှမ် မဟာဧကရာဇ်ရဲ့ အရှိန်အဝါကို အာရုံမခံနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး... သူရဲ့ နေရာကို အစားထိုးပြီး မဟာဧကရာဇ်အသစ် ဖြစ်လာတာက မင်း ဖြစ်နေတာကိုး..."

ကျောက်ချင်းရှန်း၏စကားများက အံ့အားသင့်ဖွယ်ကောင်းပြီး တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ်သို့ ပစ်ချလိုက်သော ကျောက်တုံးတစ်လုံးက လှိုင်းတစ်ထောင်ကို ဖြစ်ပေါ်စေခဲ့သည့်အလားပင်။

"အမ်... ထျန်းရွှမ် မဟာဧကရာဇ် သေဆုံးသွားပြီလား... သူက ဧကရာဇ်အသစ် ဖြစ်လာတာလား..."

"တကယ်ပါပဲ... လူတစ်ယောက်ကို အပြင်ပန်း အသွင်အပြင်နဲ့ ဆုံးဖြတ်လို့ မရဘူး... ပင်လယ်ကို ခွက်နဲ့ တိုင်းလို့ မရဘူး..."

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာဧကရာဇ်အဖြစ် တက်လှမ်းနိုင်တာဆိုတော့... အချိန်တစ်ခု ရောက်လာရင် သူက တာအိုကို အောင်မြင်ပြီး အင်မော်တယ်အဖြစ်တောင် တက်လှမ်းနိုင်လောက်တယ်..."

"တကယ်လို့ နတ်ဘုရားဓားဂိုဏ်းသာ ဒီလို အားကောင်းတဲ့ ကျင့်ကြံသူရဲ့ နောက်ကို လိုက်နိုင်ရင်... အနာဂတ်မှာ ထိပ်သီးအစွမ်းထက်ဂိုဏ်းတစ်ဂိုဏ်းအဖြစ် သေချာပေါက် တက်လှမ်းနိုင်မှာပဲ..."

...

အားကြီးသူကို လေးစားသော ဤခေတ်တွင် ရှားချင်းယွဲ့၏စွမ်းအားကို မျက်မြင်တွေ့ရှိပြီးနောက် နတ်ဘုရား ဓားဂိုဏ်းတပည့်များ၏ အညံ့ခံလိုစိတ်မှာ ပို၍ပင် အားကောင်းလာခဲ့လေ၏။

သို့သော် မကြာမီ ကျောက်ချင်းရှန်း၏ လေသံ ပြောင်းလဲသွားပြီး သူ၏မျက်ခုံးများ တွန့်ကွေးသွားကာ ခေါင်းခါရင်း အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး... အဲ့ဒါက မမှန်ဘူး... မဟာဧကရာဇ် တစ်ပါးနဲ့ သက်ဆိုင်တဲ့ ကောင်းကင်တာအို ကံကြမ္မာ က အခုထိ သိမ်းပိုက်ခံထားရတာ... မဟုတ်ဘူး... မင်းက မဟာဧကရာဇ် မဟုတ်ဘူး..."

နှစ်တစ်ထောင် အကြာတွင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာရန် သူ ဆုံးဖြတ်ရခြင်း၏ အကြောင်းအရင်းသည် နတ်ဘုရား ဓားဂိုဏ်းကို ပြင်ပရန်သူများ ကျူးကျော်လာခြင်းကြောင့်ဆိုသည်မှာ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေ၏။ အဓိကအကြောင်းအရင်းမှာ ထျန်းရွှမ် မဟာဧကရာဇ်က နှစ်တစ်ထောင်ကြာ သိမ်းပိုက်ထားခဲ့သော ကောင်းကင်တာအိုကံကြမ္မာသည် ယခုအချိန်၌ လွတ်လပ်သွားပြီဖြစ်ကြောင်း သူ အာရုံခံမိသောကြောင့်ပင်။

ကျောက်ချင်းရှန်းသည် ဤအချိန်အတွက် နှစ်တစ်ထောင်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်ပေသည်။

သူသည် ဧကရာဇ်၏ တာအိုကို အောင်မြင်စွာ သက်သေပြနိုင်ပြီး ကောင်းကင်တာအို ကံကြမ္မာကို ရရှိကာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာသရွေ့ သေးငယ်သော နတ်ဘုရား ဓားဂိုဏ်းကို ဆုံးရှုံးရခြင်းက ဘာအရေးကြီးသနည်း...

ထိုအချိန်တွင် ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံးသည် သူ၏အမိန့်များကို နာခံရမည် ဖြစ်ရာ အရေးမပါသော နတ်ဘုရားဓားဂိုဏ်းကို သူ ဂရုစိုက်ရမည်လော...

ကောင်းကင်တာအို ကံကြမ္မာ သိမ်းပိုက်ခံထားရခြင်း မရှိဘဲ လွတ်လပ်နေဆဲဖြစ်ကြောင်း အတည်ပြုပြီးနောက် ကျောက်ချင်းရှန်းသည် ရှားချင်းယွဲ့က မဟာဧကရာဇ် နတ်ဘုရားရောင်ဝါစက်ဝန်းနှင့် မဟာဧကရာဇ်၏ဖိအားကို အတုအယောင် ဖန်တီးရန် မှော်နည်းစနစ်တချို့ကို အသုံးပြုကာ လှည့်စားနေခြင်းသာ ဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်သွားခဲ့လေ၏။

ရှားချင်းယွဲ့သည် မဟာဧကရာဇ် တစ်ပါး ဖြစ်ကြောင်း ယုံကြည်ခြင်းထက် ဤခန့်မှန်းချက်သည် ကျောက်ချင်းရှန်းအတွက် လက်ခံရန် များစွာပို၍ လွယ်ကူနေသည်မှာ သိသာရှင်းလင်းသည်။

ထိုသို့မဟုတ်ပါက ဤသည်မှာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်ရန် သူ ဆန္ဒရှိနေခြင်းပင်။

"မဟာဧကရာဇ်တစ်ပါးအဖြစ် ဟန်ဆောင်ရဲလောက်အောင် သတ္တိရှိလှချည်လား... မင်းက သေလမ်းရှာနေတာပဲ..."

ကျောက်ချင်းရှန်းသည် အချိန်ဖြုန်းရန် ရည်ရွယ်မထညးချေ။ လက်ရှိ ပြဿနာကို မြန်မြန်ဖြေရှင်းပြီးနောက် အခြားသူများထက် အရင်ဦးအောင် ဧကရာဇ် ၏တာအိုကို မည်သို့ သက်သေပြရမည်အား စဉ်းစားခြင်းက သူ့အတွက် ထိပ်တန်းဦးစားပေးကိစ္စပင်။

ချန်ချင်းနှင့် ရှားချင်းယွဲ့...

ဤဒုက္ခပေးသော လူနှစ်ယောက်ကို သူ သတ်ပစ်ရပေမည်။

သူသည် ကောင်းကင်သို့ လက်ညှိုးထိုးလိုက်ရာ ကျန်းတစ်ရာရှည်လျားသာ စိတ်ဝိညာဉ်ချီဓားတစ်လက် လျှင်မြန်စွာ ဖွဲ့စည်းလာပြီး ထွက်ပေါ်လာပေ၏။

"သေစမ်း..."

ကျောက်ချင်းရှန်း၏လက် ကျဆင်းသွားသည်နှင့်အမျှ ကျန်းတစ်ရာရှည်လျားသော စိတ်ဝိညာဉ်ချီဓားသည်လည်း ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ဆီသို့ ပြင်းထန်စွာ ကျရောက်လာသည်။

ဤဓားချက်သည် လျှင်မြန်ပြီး အားကောင်းကာ ဤလောကကြီးတစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်ရန် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေသည်။

ရှားချင်းယွဲ့နှင့်ချန်ချင်းတို့ နေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ မလှုပ်မယှက် မတ်တတ်ရပ်နေသည်ကို မြင်သောအခါ ကျောက်ချင်းရှန်း၏ပါးစပ် အပေါ်သို့ ကွေးတက်သွားသည်။

သူတို့နှစ်ဦးသည် သူ၏ သေစေနိုင်သော လှုပ်ရှားမှုကြောင့် ကြောက်လန့်သွားပြီး ခုခံရန်ပင် မေ့သွားကြပြီဟု သူ ယူဆလိုက်၏။

ဤကဲ့သို့ ဖြစ်သွားခြင်းက ကောင်းသည်ဟု သူ တွေးတောလိုက်ပသည်။ သူတို့ ခုခံခြင်းမရှိဘဲ လျှင်မြန်စွာသေဆုံးသွားခြင်းက သူ့အတွက် အချိန်နှင့် ပြဿနာများစွာကို သက်သာစေပေမည်။

သို့သော် အလွန်လျှင်မြန်စွာဖြင့် သူ၏အပေါ်သို့ ကွေးတက်နေသော ပါးစပ်မှာ အောက်သို့ကျသွားပြီး လုံးဝအေးခဲတောင့်တင်းသွားသည်။

ဤသည်မှာ တခြားအကြောင်းပြချက် မရှိချေ။ သူတို့နှစ်ဦးကို ခုတ်ပိုင်းရန် တစ်ပေခန့်သာ လိုတော့သော ဧရာမဓားကြီးသည် ရုတ်တရက် ရပ်တန့်သွားသောကြောင့်ပင်။

ကျောက်ချင်းရှန်း မတုံ့ပြန်နိုင်မီ စိတ်ဝိညာဉ်ချီဓား သည် အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားကာ ပြန့်ကျဲနေသော စိတ်ဝိညာဉ်ချီများအဖြစ် ပြောင်းလဲသွားပြီး လောကကြီးဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

ဤအရာအားလုံးကို မျက်မြင်တွေ့ရှိပြီးနောက် ကျောက်ချင်းရှန်းသည် အမှန်တကယ်ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့လေ၏။

ရှားချင်းယွဲ့သည် သူမ၏ မဟာဧကရာဇ် ခွန်အားကို မည်သို့ အတုအယောင် ဖန်တီးခဲ့သနည်းဆိုသည်ကို သူ မမြင်နိုင်ခဲ့ချေ။ ထိုကြောင့် ဤဓားချက်အတွက် ကျောက်ချင်းရှန်းသည် ထိုစိတ်ဝိညာဉ်ချီဓားကိူ အသက်သွင်းရန် သူ၏စွမ်းအား အနည်းဆုံး ငါးဆယ် ရာခိုင်နှုန်းကို အသုံးပြုခဲ့ကြောင်း သိထားရပေမည်။

ဤဓားချက်သည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ဆဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ဦးကို အလွယ်တကူ ချက်ချင်းသတ်ဖြတ်နိုင်ရန် လုံလောက်သည်ဟုပြောလျှင် ပုံကြီးချဲ့ရာ မရောက်ချေ။

သို့သော် ထိုမျှထိ ယုံကြည်မှုရှိသော ဓားချက်သည် ရှားချင်းယွဲ့က လက်ပင်မမြှောက်ဘဲ အားစိုက်ထုတ်စရာမလိုဘဲ ဖြေရှင်းခံလိုက်ရလေ၏။

သူ နားမလည်နိုင်ခဲ့ချေ။ ဤကိစ္စ၏နောက်ကွယ်ရှိ အကြောင်းအရင်းကို ကျောက်ချင်းရှန်း အနည်းငယ်မျှ နားမလည်နိုင်ခဲ့ပေ။

"ဒီလို နည်းလမ်းမျိုးကို မင်း ဘယ်နှစ်ကြိမ် သုံးနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

သတိပြန်ဝင်လာသော ကျောက်ချင်းရှန်းသည် ဤကိစ္စကို ယုံကြည်ရန် ငြင်းဆန်ခဲ့သည်။ သူသည် ကောင်းကင်သို့ သူ၏လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ရာ ဤတစ်ကြိမ်တွင် စိတ်ဝိညာဉ်ချီဓားသည် ဓားငယ်လေး ရာပေါင်းများစွာအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဤသည်က ရှားချင်းယွဲ့ကိုသာ ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ဤစိတ်ဝိညာဉ်ချီဓား ရာပေါင်းများစွာ ကျဆင်းလာသည်နှင့် တပြိုင်နက် နတ်ဘုရားဓားဂိုဏ်း တစ်ခုလုံးသည် အတိတ်က အရာတစ်ခု ဖြစ်သွားပြီး တည်ရှိမှု ပျောက်ကွယ်သွားပေမည်။

ဤသည်​က ယခင်စကားအတိုင်းသာ ဖြစ်လေ၏။ ကျောက်ချင်းရှန်းသည် သူ ဧကရာဇ်၏တာအိုကို သက်သေပြမည်အား တားဆီးရဲသော မည်သူမဆို သေရမည် ဖြစ်ပြီး သူ၏ကိုယ်ပိုင်လူများပင်လျှင် ချွင်းချက်မဟုတ်ချေ။

ဘိုးဘေးသည် သူတို့ကိုလည်းသတ်ချင်နေကြောင်း နားလည်သဘောပေါက်သွားသောအခါ တပည့်များသည် အကြောက်တရားဖြင့် တုန်ယင်သွားကြ၏။

သို့သော် ရှားချင်းယွဲ့ကမူ သူမ၏မျက်နှာအမူအရာ ပျက်ယွင်းသွားခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

ဤအရာက ကျောက်ချင်းရှန်းကို အလွန်အမင်း မကျေမနပ် ဖြစ်သွားစေသည်။

အစမှအဆုံး ရှားချင်းယွဲ့၏ဓမ္မမျက်စိထဲသို့ သူ ဘယ်သောအခါမျှ မဝင်ရောက်နိုင်ခဲ့သကဲ့သို့ ခံစားရစေပြီး သူမက သူ့ကို ပြိုင်ဘက် တစ်ဦးအဖြစ် ဘယ်သောအခါမျှ မသတ်မှတ်ခဲ့သကဲ့သို့ ခံစားရစေသည်။

လွန်ခဲ့သော နှစ်တစ်ထောင်က လွှမ်းမိုးအုပ်ချုပ်နိုင်သူ တစ်ဦးဖြစ်ခဲ့သော ကျင့်ကြံသူ ကျောက်ချင်းရှန်းသည် ဤအရာကို မည်သို့ သည်းခံနိုင်မည်နည်း။

အကယ်၍ သူသည် ရှားချင်းယွဲ့ကို မသတ်ခဲ့ပါက သူ၏ဒေါသကို မျိုသိပ်ထားနိုင်မည် မဟုတ်ဘဲ အိပ်မပျော် စားမဝင် ဖြစ်နေပေမည်။

"သေစမ်း..."

သူ၏လက် ကျဆင်းသွားသည်နှင့်အမျှ စိတ်ဝိညာဉ်ချီဓား ရာပေါင်းများစွာသည် ရှားချင်းယွဲ့ဆီသို့ တည့်မတ်စွာ ပျံ့လွင့်သွားပြီး မရေမတွက်နိုင်သော ကြယ်ကြွေများ ကျဆင်းလာသည့်အလားပင်။ ဤမြင်ကွင်းမှာ ခမ်းနားကြီးကျယ်လှပေ၏။

ဤတစ်ကြိမ်တွင်လည်း ရှားချင်းယွဲ့က ထိုအရာကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု ကျောက်ချင်းရှန်း ယုံကြည်မှုမရှိချေ။

ဤလှုပ်ရှားမှုဖြင့် အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ဦးကို ရင်ဆိုင်သည့်တိုင် ထိုလူ၏ အသက်ကို မယူနိုင်ခဲ့လျှင်ပင် သူ၏သက်တမ်းကို နှစ်တစ်ရာခန့် ထိခိုက်စေပြီး ပြင်းထန်သော ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်မည်ဟု ကျောက်ချင်းရှန်း ယုံကြည်ထားသည်။

သူ၏ နှစ်တစ်ထောင် တံခါးပိတ်ကျင့်ကြံခြင်းသည် အလဟဿ မဖြစ်ခဲ့ချေ။

ရှားချင်းယွဲ့သည် ကျောက်ချင်းရှန်း ဘာတွေးနေသည်ကို အနည်းငယ်မျှ ဂရုမစိုက်ပေ၏။

ဓားများ၏ ထက်ရှသော အစွန်းသည် တစ်ပေခန့်သာ ကွာဝေးတော့ချိန်၌ သူမသည် လက်ကို ညင်သာစွာ မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

ဓားရာပေါင်းများစွာသည် တပြိုင်နက်တည်း အေးခဲတောင့်တင်းသွားတော့သည်။

နောက်တခဏတွင် ကျောက်ချင်းရှန်း၏ ဂုဏ်ယူဝင့်ကြွားရသော စိတ်ဝိညာဉ်ချီဓား ရာပေါင်းများစွာသည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီး တစ်ချိန်တည်းမှာပင် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပေ၏။

All Chapters