အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) ကိုယ်ဝန်ရှိခြင်း...အင်မော်တယ်ဧကရာဇ် ကျင့်ကြံခြင်း..
"ဘာမှမဖြစ်ပါဘူး... ကျွန်မ သီးသွားတာနေမှာပါ..." ချန်ချင်း၏ စိုးရိမ်နေသော အကြည့်ကြောင့် ရှားချင်းယွဲ့က သူမ၏လက်ကိုဝှေ့ယမ်းကာ ပြုံးပြရင်း စိတ်မပူရန် ပြောလိုက်၏။
အချိန်တခဏမျှ စဉ်းစားပြီးနောက် ချန်ချင်းသည် ရှားချင်းယွဲ့အား သူမ၏လက်ကို ပေးရန် တောင်းဆိုလိုက်သည်။
ရှားချင်းယွဲ့သည် နားမလည်ဖြစ်သွားသော်လည်း ခေါင်းညိတ်ပြကာ ချန်ချင်းထံသို့ လက်ဆန့်တန်းပေးလေသည်။
ထို့နောက် ချန်ချင်းသည် ရှားချင်းယွဲ့၏ လက်ကောက်ဝတ်ကိုကိုင်ကာ သွေးခုန်နှုန်းကို စတင်၍ စမ်းသပ်တော့သည်။
"ခင်ပွန်းက ဆေးပညာကိုလည်း တတ်ကျွမ်းတာလား..."
နန်းတွင်းသမားတော်များက ဧကရာဇ်ရှားချန်၏ သွေးခုန်နှုန်းကို စမ်းသပ်သည်အား ရှားချင်းယွဲ့ မြင်ဖူးခဲ့ပြီး ချန်ချင်း၏နည်းလမ်းမှာ အတိအကျ တူညီနေခဲ့သည်။
"သွေးခုန်နှုန်း စမ်းသပ်တာက ငါတို့ ကျင့်ကြံသူတွေအတွက် ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုပါ..."
ချန်ချင်းက ရှားချင်းယွဲ့၏ သွေးခုန်နှုန်းကို ဂရုတစိုက် စမ်းသပ်ကာ အတည်ပြုရင်း ပြန်ဖြေလိုက်၏။
သူသည် အနည်းငယ်မျှပင် မပေါ့ဆရဲဘဲ အကြိမ်ကြိမ် အတည်ပြုနေခဲ့သည်။
အစပိုင်းတွင် တည်ငြိမ်နေသော ချန်ချင်း၏မျက်နှာအမူအရာသည် တဖြည်းဖြည်း မျက်မှောင်တွန့်ကွေးလာသည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် နှုတ်ခမ်းကို စေ့ကာ တံတွေးမျိုချလိုက်ပြီး သတ္တိမွေး၍ မေးမြန်းလိုက်၏။
"ခင်ပွန်း... ကျွန်မရဲ့ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေလို့လား..."
ဤသည်က မဖြစ်သင့်ဟု သူမ၏စိတ်ထဲတွင် တွေးတောလိုက်မိသည်။ သူမသည် သေကြေပျက်စီးခြင်းမဲ့ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားပြီးဖြစ်ကာ အထွတ်အထိပ် မဟာဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်း ရှိနေသဖြင့် သူမသည် သာမန်လူ မဟုတ်တော့ပေ။ ထိုကြောင့် သူမထံတွင် ရောဂါဝေဒနာများ စွဲကပ်နိုင်မည် မဟုတ်ချေ။
"ငါ့ရဲ့ အကဲဖြတ်မှုသာ မမှားဘူးဆိုရင်... ဇနီးလေးရဲ့ သွေးခုန်နှုန်းက..."
ချန်ချင်းက တမင်သက်သက် စကားကို ဆိုင်းငံ့ထားလိုက်၏။
"ဘာဖြစ်လို့လဲ..."
ရှားချင်းယွဲ့က တည်ကြည်လေးနက်သော အမူအရာဖြင့် အဖြေကို အတင်းအကျပ် တောင်းဆိုလိုက်သည်။
"ကိုယ်ဝန်ရှိနေတဲ့ သွေးခုန်နှုန်းပဲ..."
ချန်ချင်းက တုံ့ပြန်အဖြေပေးသည်။
"ဒါဆို ကိုယ်ဝန်ရှိနေတဲ့ သွေးခုန်နှုန်းပေါ့..."
အစပထမတွင် ရှားချင်းယွဲ့သည် မတုံ့ပြန်နိုင်ခဲ့ချေ။
ထို့နောက် သူမ၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ကျောက်ထိုင်ခုံပေါ်မှ ခုန်ထလိုက်၏။
"ဘာ... ကိုယ်ဝန်ရှိနေတဲ့ သွေးခုန်နှုန်း... ဒါဆို အဲ့ဒါက... ကျွန်မ... ကျွန်မ..."
သူမသည် လက်များကိုမြှောက်ကာ သူမ၏ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက် ချန်ချင်းကို မော့ကြည့်ကာ ထပ်မံ၍ အတည်ပြုလိုက်သည်။ "ကျွန်မ... ကျွန်မ ကိုယ်ဝန်ရှိနေပြီလား..."
"ဟုတ်တယ်..."
ချန်ချင်းသည် နောက်ပြောင်နေခြင်း မဟုတ်ဘဲ သူ၏ မျက်နှာ တည်ကြည်လေးနက်နေကာ အတည်ပြုလိုက်သည်။
"တကယ်... တကယ်ကြီးလား..."
ရှားချင်းယွဲ့သည် ကျောက်ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ပြန်ထိုင်လိုက်ပြီးနောက် သူမ၏မျက်နှာတွင် အံ့အားသင့်ဝမ်းသာမှုများ ထင်ဟပ်သွားကာ သူမ၏မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။
"အရမ်းကောင်းတာပဲ... နောက်ဆုံးတော့ ကျွန်မက ခင်ပွန်းရဲ့ ကလေးကို ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီ... ကျွန်မတို့ ဇနီးမောင်နှံမှာ ကလေး ရှိပြီ..."
ရှားချင်းယွဲ့က တစ်ခုခုကို သတိရသွားပုံပေါ်ပြီး အလျင်အမြန် မေးလိုက်သည်။
"ခင်ပွန်း... ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ရှင် သိလား..."
ချန်ချင်းက ပြုံးလိုက်သည်။
"အခုမှ ကိုယ်ဝန်ရှိကာစဆိုတော့... မသေချာသေးဘူး... အမြွှာလည်း ဖြစ်နိုင်တာပဲ..."
"တကယ်လို့ အမြွှာ သာဆိုရင်... ကျွန်မတို့မှာ သားရော သမီးပါ ရမှာမဟုတ်လား... အဲ့ဒါဆို အရမ်းကောင်းမှာပဲ..."
ရှားချင်းယွဲ့ စိတ်လှုပ်ရှားစွာဖြင့် သူမတစ်ယောက်တည်း စကားပြောနေသည်ကို မြင်သောအခါ ချန်ချင်းသည် သူမကို မနှောင့်ယှက်ခဲ့ချေ။
ဤကိစ္စ၏တိုးတက်မှုမှာ သူ စိတ်ကူးထားသည်ထက် များစွာပို၍ မြန်ဆန်နေသည်။
သို့သော် သူ သေချာစဉ်းစားကြည့်ချိန်၌ ထိုအရာမှာ ယုတ္တိရှိပေ၏။ လွန်ခဲ့သော ရက်အနည်းငယ်က သူတို့နှစ်ဦးသည် ခွဲခြား၍မရအောင် အတူရှိနေခဲ့ကြရာ ကိုယ်ဝန် မရှိလျှင်သာ ထူးဆန်းနေပေမည်။
ထို့နောက် စနစ်မျက်နှာပြင် အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။
【ပင်မတာဝန်ကို ပြီးမြောက်အောင်မြင်သည့်အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုလာဘ်များကို ပေးအပ်နေပါသည်...】
【ပင်မတာဝန် ဆုလာဘ်များကို အောင်မြင်စွာ ပေးအပ်ပြီးပါပြီ... အိမ်ရှင်က အင်မော်တယ်ဧကရာဇ် ကျင့်ကြံခြင်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
'ငါက အင်မော်တယ်ဧကရာဇ် ဖြစ်နေပြီလား...'
ချန်ချင်းသည် မကြုံစဖူးသော လုံခြုံမှု ခံစားချက်တစ်ခုကို ခံစားမိလေ၏။
အင်မော်တယ်ဧကရာဇ် ကျင့်ကြံခြင်း၊ သေကြေပျက်စီးခြင်းမဲ့သော ရုပ်ခန္ဓာကိုယ်နှင့် ကံကြမ္မာက သတ်မှတ်ထားသော အမျိုးသမီး ဇာတ်လိုက်တို့ ရှိနေသဖြင့် ချန်ချင်းက ကိစ္စတစ်ခုကို အလွန်သိချင်နေခဲ့သည်။
အနာဂတ်တွင် ထွက်ပေါ်လာမည့် ဇာတ်လိုက်ကို သူ ယခု ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီ ဖြစ်သလော..
သို့ရာတွင် ဇာတ်လိုက်နှင့် နှိုင်းယှဉ်ပါက သူနှင့်ရှားချင်းယွဲ့တို့ မည်ကဲ့သို့ သားသမီးမျိုး မွေးဖွားလာမည်ကို ချန်ချင်း ပို၍သိချင်နေပေ၏။
ရွှမ်ဟွမ်ကမ္ဘာတစ်ခုတွင် သန်မာအားကောင်းသူများကြားရှိ သွေးမျိုးဆက်ပေါင်းစပ်မှုသည် ပါရမီရှင်တစ်ဦးကို မွေးဖွားလာစေနိုင်ခြေ အလွန်များသည်။
နောက်ထပ်ဘဝတစ်ခုကို နေထိုင်ခွင့်ရရှိခဲ့ပြီး ယခင်ဘဝက အိမ်ထောင်ပင် မပြုခဲ့ဖူးဘဲ ကလေး ပြုစုပျိုးထောင်ခြင်းကို ဆိုဖွယ်ရာပင် မရှိသော ချန်ချင်းသည် နောက်ဆယ်လအကြာတွင် ရှားချင်းယွဲ့ သူတို့၏ ကလေးကို မွေးဖွားမည့်နေ့အား စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့လေ၏။
...
"ဖူး..."
တာ့မန်တောင်တန်းတွင်..
ယဲ့ဖုန်းသည် ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ််တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နေဆဲ အချိန်တွင် သူ၏မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။ သူသည် ရင်ဘတ်ကိုဖိထားပြီး သွေးအန်လိုက်ကာ ခြေနှစ်လှမ်းသုံးလှမ်းခန့် အကွာအဝေးသို့ သွေးများပန်းထွက်သွားသည်။
"အဓိပ္ပါယ်မရှိလိုက်တာ... ငါ့ရဲ့ သွေးချီစွမ်းအားတွေက ဘာလို့ ရုတ်တရက်ကြီး ပြောင်းပြန် စီးဆင်းသွားရတာလဲ... ငါက အဆင့်တက်ဖို့ ကျရှုံးခဲ့ရုံတင်မကဘူး ခြေလှမ်းတစ်ဝက် ဧကရာဇ် ပထမအဆင့်အထိတောင် ပြန်ကျလုနီးပါး ဖြစ်သွားပြီ..."
ဇာတ်လိုက်အဖြစ် တာဝန်ယူရသော ယဲ့ဖုန်းသည် သူ၏ဇာတ်လိုက်ကံကြမ္မာ အများစုသည် သူ မသိလိုက်ဘဲ ပထမဆုံးအကြိမ် နှုတ်ယူခံလိုက်ရပြီဖြစ်ကြောင်း မသိရှိခဲ့ချေ။
သူ၏ချီများကို တည်ငြိမ်စေပြီးနောက် သူသည် စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်၏။ နေ့စဥ်တက်ရောက်စာရင်းသွင်းရမည့် အချိန်အတွက် စောလွန်းနေသေးသည်။
သူသည် မသိစိတ်မှ စနစ်သိုလှောင်အိတ် စာမျက်နှာသို့ ကူးပြောင်းလိုက်ပြီး 【စောင့်ကြည့်ကြေးမုံရတနာ 】ဟု ခေါ်သော မှော်ရတနာဆီသို့ သူ၏လက်ကို ရွှေ့လိုက်သည်။
အနည်းငယ် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူသည် ခေါင်းကို ခါယမ်းကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး စနစ်မျက်နှာပြင်ကို ပိတ်လိုက်သည်။
သူ၏စိတ်သည် မတည်မငြိမ် ဖြစ်နေလေပြီ။ သူ နောက်တစ်ကြိမ် ထပ်ကြည့်ခြင်းက သိချင်စိတ်လွန်ကဲမှုကြောင့် ကိုယ့်သေတွင်းကိုယ်တူးသည့် ရလဒ်သို့သာ ဦးတည်သွားစေပေမည်။
လက်ရှိတွင် ယဲ့ဖုန်းအတွက် အရေးကြီးသော ကိစ္စတစ်ခုတည်းသာ ရှိလေ၏။ ဤသည်မှာ မဟာဧကရာဇ်နယ်ပယ်သို့ သူ ချိုးဖျက်ဝင်ရောက်ရန်ပင်။
ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် သူသည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် တတိယအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် ကြိုးစားရန် သူ၏ ကျင့်ကြံခြင်းအခြေအနေသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
သူ အလွန်အမင်း သတ်ဖြတ်လိုသော သူ၏ငယ်ချစ်ဦးကို ခိုးယူခဲ့သည့် ရန်သူသည် အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း...ထို့ပြင် အင်မော်တယ်နယ်ပယ်အတွင်း အားအကောင်းဆုံး အင်မော်တယ်ဧကရာဇ်နယ်ပယ်တွင် ရှိနေပြီး ရွှမ်ဟွမ် ကုန်းမြေ၏စွမ်းအားကန့်သတ်မှုကို အဆပေါင်း သန်းရာနှင့်ချီ၍ ကျော်လွန်သွားပြီဖြစ်ကြောင်း သူ မည်သို့ သိနိုင်မည်နည်း...
နတ်ဘုရားဓားဂိုဏ်း၌....
သုံးရက် ကုန်လွန်သွားခဲ့ပြီး ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲ ကျင်းပတော့ပေမည်။
ချန်ချင်းက ရှားချင်းယွဲ့ကို အိမ်၌ အနားယူစေချင်သော်လည်း သူမ ငြိမ်ငြိမ်မထိုင်နိုင်ဘဲ အပြင်ထွက်၍ လမ်းလျှောက်ချင်နေခဲ့သည်။
ထို့ပြင် သူမသည် မကြာမီကမှ ကိုယ်ဝန်ရှိခဲ့သဖြင့် ရှားချင်းယွဲ့၏ ချစ်စဖွယ် တောင်းဆိုမှုက ချန်ချင်းကို အနိုင်ရသွားပြီး သူ သဘောတူလိုက်၏။
ဂိုဏ်းချုပ်ကျောက်လီကို သူတို့နှင့်အတူ ခေါ်ဆောင်ကာ ဂိုဏ်းတစ်ရာမဟာမိတ်ပွဲသို့ ဦးတည်၍ သွားလိုက်ကြသည်။
ကူးပြောင်းရေးတံခါးမှတဆင့် သူတို့သည် ဂိုဏ်းတစ်ရာမဟာမိတ်ပွဲ ကျင်းပမည့် နေရာဖြစ်သော ဝမ်ကျန်းမြို့သို့ ချက်ချင်း ရောက်ရှိသွားသည်။
ကျင့်ကြံသူများစွာသည် အလားတူ ကူးပြောင်းရေး တံခါးများမှ ထွက်လာကြသဖြင့် သူတို့သုံးဦးသည် မလိုလားအပ်သော အာရုံစိုက်မှုများကို မဆွဲဆောင်နိုင်ခဲ့ကြချေ။
တစ်ခါတစ်ရံ သူတို့၏ ပတ်ဝန်းကျင်တွင် အိမ်မွေးနတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံများကို ကြားနိုင်လေ၏။
ကြီးမားသော အရိပ်များ ကျဆင်းလာပြီး မော့ကြည့်လိုက်ရာ ရေနဂါးများ၊ အင်မော်တယ် ကြိုးကြာငှက်များနှင့် နတ်ဘုရားငှက်များကဲ့သို့ မရေမတွက်နိုင်သော ပျံသန်းရေးသားရဲများနှင့်အတူ ကျန်းတစ်ရာရှိသော ပျံသန်းရေးလှေများသည် ကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေခဲ့သည်။
ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲသို့ တက်ရောက်ခြင်းသည် မဟာမိတ်အဖွဲ့၏ အနာဂတ်အကြောင်း ဆွေးနွေးရန်သာမက စွမ်းအားကို ပြသရန် ကြီးမားသော အခွင့်အရေး တစ်ခုလည်း ဖြစ်လေ၏။ မည်သူမျှ နောက်ကျကျန်ရစ်လိုခြင်း မရှိကြချေ။
ဂိုဏ်းတစ်ရာ မဟာမိတ် အတွင်းတွင် အချင်းချင်း မနှစ်သက်သော ဂိုဏ်းအင်အားစုများစွာ ရှိသည်ကို ဆိုဖွယ်ရာပင် မရှိတော့ချေ။ ကြွားလုံးထုတ်သည့်ကိစ္စနှင့် ပတ်သက်လာလျှင် တခြားမည်သူ့ကိုမဆို ရှုံးနိမ့်ခြင်းသည် အဆင်ပြေသော်လည်း သူတို့၏ ရန်သူများကိုမူ မည်သို့မျှ ရှုံးနိမ့်၍ မရချေ။
"အထက်ဘုံလို့ ခေါ်ထိုက်ပါပေတယ်... ဒီနေရာမှာ သူတော်စင်သားရဲတစ်ကောင်က ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာပေမယ့် အောက်ဘုံမှာဆိုရင် ကြီးမားတဲ့ ဆူညံပွက်လောရိုက်မှုကို ဖြစ်စေမှာပဲ..."
ရှားချင်းယွဲ့က အံ့အားတသင့် ရေရွတ်လိုက်၏။
"တကယ်လို့ ဒီသူတော်စင်သားရဲတွေကို ဇနီးလေးရဲ့ ကိုယ်ဝန် တည်ငြိမ်ဖို့ စွပ်ပြုတ် လုပ်ပေးရင်... ငါတို့ ကလေးရဲ့ သွေးကြောကို အများကြီး အားကောင်းစေမှာ သေချာတယ်..."
ချန်ချင်းက သူတော်စင်သားရဲများကို ကြည့်ကာ ရှားချင်းယွဲ့နှင့် လုံးဝကွဲပြားခြားနားသော အကြံအစည်ဖြင့် ပြောလိုက်သည်။
"သူတော်စင်သားရဲ စွပ်ပြုတ် လား..."
ရှားချင်းယွဲ့သည် သူမ၏လက်ကို မြှောက်ကာ ပါးစပ်ကို အုပ်ပြီး အပြုံးနှင့် ပြောလိုက်၏။
"အဲ့ဒါကမှ သေချာပေါက် ကျွန်မရဲ့ခင်ပွန်း ပြောမယ့် စကားမျိုးပဲ..."
"မင်းက သူတော်စင်သားရဲစွပ်ပြုတ် လုပ်ချင်တယ်ပေါ့... မင်းတို့ နတ်ဘုရားဓားဂိုဏ်းက လူတွေက အမြဲတမ်း ဒီလိုပဲ စည်းလွတ်ဝါးလွတ် ပြောတတ်ကြတာလား..."
နံဘေးမှနေ၍ သဟဇာတမဖြစ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ လှည့်ကြည့်လိုက်ရာ ချီလင် မြင်းကို စီးနင်းထားသော အမည်မသိ လူငယ်လေး တစ်ဦးဖြစ်ပြီး သူသည် လက်ထဲရှိ ဇက်ကြိုးကို တင်းကျပ်စွာကိုင်ကာ သူတို့ကို အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်နေသည်။
ချန်ချင်း၏အကြည့်ကို ခံစားရသဖြင့် ကျောက်လီ အလျင်အမြန် ရှေ့ထွက်လာပြီး ပြောလိုက်သည်။
"ဒီလူက ကောင်းကင်ဆင့်ကဲပြောင်းလဲမှု ဂိုဏ်းရဲ့ သူတော်စင်သားတော် လီဖုန်းပါ..."
"နတ်ဘုရား ဓားဂိုဏ်းက ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းနဲ့ ရန်ငြိုးရှိလို့လား..."
ချန်ချင်းက မေးလိုက်သည်။
အကယ်၍ ရန်ငြိုး မရှိခဲ့ပါက လီဖုန်းသည် အကြောင်းပြချက် မရှိဘဲ ရောက်လာပြီး စကားတစ်ခွန်းလေးအတွက် သူနှင့်ရှားချင်းယွဲ့ကို လှောင်ပြောင်လိမ့်မည်ဟု ချန်ချင်း မထင်ချေ။
"လွန်ခဲ့တဲ့ လအနည်းငယ်က... နတ်ဘုရား ဓားဂိုဏ်းနဲ့ ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ပဋိပက္ခ ဖြစ်ခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးတော့ အဲ့ဒီစိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းက ကျွန်တော်တို့ နတ်ဘုရား ဓားဂိုဏ်းရဲ့ လက်ထဲကို ရောက်လာခဲ့တယ်..."
ကျောက်လီက ရှင်းပြလိုက်သည်။
"ဟက်... အရမ်းကြီး ပျော်မနေနဲ့ဦး... အဲ့ဒီစိတ်ဝိညာဉ်ကျောက်တုံးမိုင်းကို... ငါတို့ ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းက အားကောင်းတဲ့ ကျင့်ကြံသူတွေ ခရီးကနေ ပြန်လာတာနဲ့... အနှေးနဲ့အမြန် ပြန်ယူမှာပဲ..."
လီဖုန်းက စိတ်မကျေမနပ်ဖြင့် ပြောလိုက်၏။
ရုတ်ချည်းဆိုသပင် သူသည် သူ၏ ချီလင်မြင်းကို နောက်ခြေထောက်များဖြင့် မတ်တတ်ရပ်ကာ ဟီသံပြုစေရန် တမင်သက်သက် ခြယ်လှယ်ပြီး သူတို့သုံးဦးကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
Book 11 end.