အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း (၁၁၃) နတ်ဆိုး စုံတွဲ
ချန်ချင်းသည် မြှောက်ထားသော သူ၏လက်ညှိုးကို ညင်သာစွာ ချလိုက်၏။
ဝုန်း...
ရှောင်ဟော့ကို ပြီးပြည့်စုံစွာ ဝန်းရံထားသော အမြင့်ဆုံး စွမ်းအားတစ်ရပ်သည် တိုင်တစ်တိုင်အလား သူ့အပေါ်သို့ ကျဆင်းလာသည်။
မျက်စိတစ်မှိတ်အတွင်း ရှောင်ဟော့သည် တုံ့ပြန်ရန် အခွင့်အရေးပင် မရခဲ့ဘဲ သူ၏ခေါင်းမှ ခြေဖျားအထိ ခြေမွှဖျက်ဆီးခံလိုက်ရပြီး ပေါက်ကွဲသွားသည်။ သူ၏သွေးများ နေရာအနှံ့အပြားသို့ လွင့်စင်သွားပြီး မြေကြီးပေါ်တွင် တောက်ပသော သွေးရောင်ပန်းတစ်ပွင့်ကို ပွင့်လန်းလာစေသည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၅၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်... မှတ်ချက် ....အိမ်ရှင်သည် ထိပ်တန်း နားလည်နိုင်စွမ်းအမှတ်ကို ပိုင်ဆိုင်ထားပြီးဖြစ်သဖြင့်... နောက်ထပ် နားလည်နိုင်စွမ်းအမှတ်များကို ပေါင်းထည့်၍ မရနိုင်တော့ပါ... နောက်ထပ် နားလည်နိုင်စွမ်းအမှတ် ဆုလာဘ်များကို စနစ်သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားမည်ဖြစ်ပြီး အိမ်ရှင် လွတ်လပ်စွာ အသုံးပြုနိုင်သည်...】
ချန်ချင်းသည် ဤသတ်မှတ်ချက်တွင် မည်သည့် ပြဿနာမျှ မရှိဟု တွေးထင်ခဲ့ပြီး ဤသည်မှာ အတော်လေး အသုံးပြုရ လွယ်ကူသည်ဟုပင် ခံစားမိလေ၏။
သူသည် ဤနားလည်နိုင်စွမ်းအမှတ်ငါးရာကို ရှားချင်းယွဲ့အားပေး၍ သူမ၏နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။
"ခင်ပွန်း... ကျွန်မရဲ့ သားကောင်ကို ဘာလို့ လုသွားတာလဲ..."
ရှားချင်းယွဲ့သည် သူမ၏စိတ်ဝိညာဉ်ချီစွမ်းအား တစ်ဝက်ကိုသာ လှုံ့ဆော်ရသေးချိန်တွင် မထင်မှတ်ဘဲ ချန်ချင်းက ရှောင်ဟော့ကို မျက်စိတမှိတ်အတွင်း အမှုန်အမွှားဖြစ်အောင် ခြေမွှဖျက်ဆီးလိုက်၏။
"ဒါပေမဲ့ ငါ မှတ်မိသလောက်တော့... သူက အစကတည်းက ငါ့အတွက်လာတာ မဟုတ်ဘူးလား..." ချန်ချင်းက ပြန်လည်ချေပလိုက်သည်။
"အဲ့ဒီကိစ္စက မှန်ပေမဲ့... ဒီလိုကောင်မျိုးက ခင်ပွန်း လှုပ်ရှားဖို့ မတန်ပါဘူး..."
ရှားချင်းယွဲ့က ကိုယ်ကျိုးစွန့်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ငါ့အတွက်တော့... ဒီလိုကောင်မျိုးကို သတ်တာက ငါ့ဇနီးလေးရဲ့ လက်တွေကို ညစ်ပတ်သွားစေလိမ့်မယ်..." ချန်ချင်းက ပြောလိုက်ပြီး ထိုစကားတစ်ခွန်းတည်းဖြင့် ရှားချင်းယွဲ့တွင် ကြီးမားသော မကျေနပ်ချက်များ ရှိနေခဲ့လျှင်ပင် ထိုအရာများသည် လေထဲတွင် ပျောက်ကွယ်သွားပေမည်။
ပြဇာတ်ကောင်း တစ်ပုဒ်ကို မျှော်လင့်ထားသော်လည်း အချိုအအီများဖြင့် လွှမ်းမိုးခံလိုက်ရသော ပရိသတ်များသည် သူတို့၏အပြုံးများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့လေ၏။
ချန်ချင်းနှင့် ရှားချင်းယွဲ့တို့၏ စွမ်းအားကို သူတို့ မစိုးရိမ်ပါက "အချစ်ကို ကြွားလုံးထုတ်ရင်... ပိုပြီးမြန်မြန် သေတယ်" ကဲ့သို့ စကားစုများသည် သူတို့၏ ပါးစပ်မှ အဆုံးမရှိ ထွက်ပေါ်လာမည်မှာ သေချာပေါက်ပင်။
ရှောင်ဟော့ကို ချက်ချင်း သတ်ဖြတ်ပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ ထွက်သွားသော လူနှစ်ဦးကို ကြည့်ကာ လူတိုင်းသည် သူတို့၏တုန်လှုပ်မှုမှ တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့သည်။
"ငါ အမြင်မမှားဘူးမလား... အဲ့ဒီအဘိုးကြီးက တကယ်ပဲ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် စတုတ္ထအဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ မဟုတ်လား... ဒါပေမဲ့ သူတို့က ဘာလို့ သူ့ကို ဒီလောက် လွယ်လွယ်ကူကူ ချက်ချင်းသတ်နိုင်ခဲ့တာလဲ..."
"ဘာကြောင့်များ ဖြစ်ရမလဲ... သူတို့ နှစ်ယောက်လုံးရဲ့ စွမ်းအားက ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် စတုတ္ထအဆင့်ထက် ပိုမြင့်နေလို့ပေါ့..."
"ဒါပေမဲ့ သူတို့က အသက်နှစ်ဆယ် အစောပိုင်းလောက်ပဲ ရှိသေးတဲ့ပုံရတယ်... ပြီးတော့ သူတို့ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေကလည်း လူငယ်တွေနဲ့ တူတယ်..."
"ဒီခေတ်က လူငယ်ပါရမီရှင်တွေက ငါတို့ စိတ်ကူးယဉ်တွေးတောထားသလို မဟုတ်တော့ဘူးလို့ပဲ ပြောရမှာပေါ့... သူတို့က ပိုပြီးသန်မာအားကောင်းတယ်... ပိုပြီးတော့ ကြောက်စရာကောင်းတယ်..."
"ဒီလိုကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ကတင် လုံလောက်အောင် ထိတ်လန့်စရာ ကောင်းနေပြီကို... သူတို့က တာအိုလက်တွဲဖော်တွေ ဇနီးမောင်နှံတွေတောင် ဖြစ်သွားကြပြီ... တကယ်လို့ သူတို့မှာသာ ကလေး ရလာခဲ့ရင်... အဲ့ဒီကလေးတွေရဲ့ ပါရမီက အရမ်းမွန်းစတားဆန်နေမှာ မဟုတ်ဘူးလား..."
"ဒါက မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ..."
...
ထို့နောက် ချန်ချင်းသည် ရှားချင်းယွဲ့ကို ခေါ်ကာ ဝမ်ကျန်းမြို့တဝိုက်တွင် လမ်းလျှောက်ထွက်ခဲ့ကြသည်။
သူတို့သည် လမ်းဘေးဈေးဆိုင်များသို့ အရင်သွားပြီး အရသာရှိသော အစားအစာအမျိုးမျိုးကို မြည်းစမ်းကာ ဗိုက်ပြည့်အောင် စားသောက်ကြရင်း ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်တချို့ကိုလည်း ရယူခဲ့သည်။
လမ်းတစ်လျှောက်တွင် ရှားချင်းယွဲ့သည် တစ်ခုခုကို အနံ့ခံနေသည့်အလား သူမ၏ခေါင်းကို ရုတ်တရက် မော့လိုက်၏။
"မွှေးလိုက်တဲ့ အနံ့လေး..."
ချန်ချင်းက အနံ့ခံကြည့်ကာ မှန်ကန်သည်ဟု သူ ယူဆသော အဖြေတစ်ခုကို ပေးလိုက်သည်။
"ဒါက ဆေးလုံးတွေရဲ့ အနံ့ပဲ... တစ်ယောက်ယောက်က ဆေးဖော်စပ်နေတာ... အနီးအနားမှာ ဆေးဖော်စပ်ရေးအခန်းတစ်ခု ရှိရမယ်..."
"ဒါဆို ဆေးလုံး တွေရဲ့ အနံ့ကိုး..."
ရှားချင်းယွဲ့ ရုတ်တရက် နားလည်သွားခဲ့သည်။
"သွားကြည့်ကြတာပေါ့... ငါ့ဇနီးလေးအတွက် ဆေးဖော်စပ်ဖို့ ဆေပင်တွေအများကြီး ဝယ်ဖို့ စီစဉ်ထားတာ..."
ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲကို လက်ခံကျင်းပနိုင်ပြီး အထက်ဘုံတွင် ရှိနေသော နေရာတစ်ခု၌ အဆင့်မြင့် ဆေးပင်များစွာ သေချာပေါက် ရရှိနိုင်လိမ့်မည်ဟု ချန်ချင်းက တွေးတောလိုက်သည်။
သူ့ထံ၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ်ကျောက်တုံး များရှိနေပြီး ထိုအရာအားလုံးကို မသုံးနိုင်သဖြင့် ဤအခွင့်အရေးကိုယူကာ ဆေးပင်အများအပြားကို ဝယ်ယူရပေမည်။
"ဟုတ်ကဲ့..."
ဗိုက်ပြည့်နေပြီဖြစ်သော ရှားချင်းယွဲ့က အလွယ်တကူ သဘောတူလိုက်သည်။ သူမသည် ရှေ့သို့တက်သွားပြီး ချန်ချင်း၏လက်မောင်းကို ချိတ်ကာ သူမ၏တခြားလက်တစ်ဖက်ဖြင့် တစ်ဝက်စားပြီးသား ကြံသကြားလုံးတုတ်တံကို ကိုင်ထားလေ၏။
သူမကိုယ်တိုင် တစ်လုံးစားပြီးနောက် ချန်ချင်းကို တစ်လုံး ခွံကျွေးလိုက်သည်။
"အရမ်း ချိုတာပဲ ခင်ပွန်း... ရှင်လည်း နည်းနည်းမြည်းကြည့်ပါအုံး..."
ချန်ချင်းသည် ရှားချင်းယွဲ့ကို အားနာမနေတော့ဘဲ သူ သကြားလုံးတစ်လုံး ကိုက်စားလိုက်ရာ အမှန်တကယ်ပင် အရသာရှိနေသည်။
မကြာမီမှာပင်...
သူတို့၏ပါးစပ်ထဲရှိ ကြံသကြားလုံးကို ဝါးစားပြီးချိန်တွင် သူတို့နှစ်ဦးသည် ဆေးခန်းမ၏ရှေ့သို့ ရောက်ရှိနေလေပြီ။
"လေးစားအပ်တဲ့ ဧည့်သည်တော်တို့... ဆေးလုံးတွေ ဝယ်ဖို့ လာတာလား... ဒါမှမဟုတ် ဆေးဖော်စပ်ဖို့ လာတာလား ခင်ဗျာ..."
ခမ်းနားစွာ ဝတ်စားဆင်ယင်ထားပြီး ထူးကဲသော အသွင်အပြင်ရှိသည့် သူတို့ ရောက်လာသည်ကို မြင်သောအခါ ဆေးခန်းမအစေခံက သူတို့ကို ကြိုဆိုရန် လှေကားပေါ်မှ အလျင်အမြန် ဆင်းလာခဲ့သည်။
"ဆေးပင်တွေ ဝယ်ဖို့ပါ..."
ချန်ချင်းက ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့... ပြဿနာ မရှိပါဘူး... လေးစားအပ်တဲ့ ဧည့်သည်တော်တို့... ဒီဘက်ကို ကြွပါ..."
အစေခံသည် လမ်းပြရန် သူ၏လက်ကို မြှောက်လိုက်ပြီး ရိုသေစွာ ပြုမူလိုက်သည်။
ထို့နောက် အစေခံ၏ လမ်းညွှန်မှုဖြင့် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ဆေးပင်များ သိမ်းဆည်းထားသော နေရာသို့ ရောက်ရှိလာကြသည်။
"ဘယ်လို ဆေးပင်တွေ လိုအပ်လဲ မသိဘူး ..." အစေခံသည် ကောင်တာနောက်သို့ ပြန်ရောက်သွားပြီး မှတ်တမ်းတင်ရန် အသင့်ဖြစ်နေသော စက္ကူနှင့် ကလောင်တံကို ထုတ်ယူထားပြီး ဖြစ်လေ၏။
"အဆင့်ခုနစ်နဲ့အထက် ဆေးပင်တွေအားလုံးကို ငါ ယူမယ်..."
ချန်ချင်းက ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ အစေခံသည် အချိန်အတော်ကြာ ဆွံ့အသွားပြီး ကလောင်တံကို မလှုပ်ရှားနိုင်ခဲ့ချေ။
အချိန်အတော်ကြာပြီးနောက် သူသည် နောက်ဆုံးတွင် ချန်ချင်းကို မော့ကြည့်လိုက်သည်။
"လေးစားအပ်တဲ့ ဧည့်သည်တော်... ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးမလား... ကျွန်တော်တို့ ဆေးခန်းမမှာ အဆင့်ခုနစ်နဲ့အထက် ဆေးပင်တွေ တော်တော်များများ ရှိပါတယ်..."
"ဘာလဲ... ငါ မတတ်နိုင်ဘူးလို့ မင်း ထင်နေတာလား..."
ချန်ချင်းက တည်ငြိမ်စွာ ပြုံးလိုက်၏။ ထို့နောက် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများ တောင်ကုန်းလေးတစ်ခုစာ ပုံသွားပြီး လေဟာနယ်အက်ကွဲကြောင်းတစ်ခုမှ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ အဆက်မပြတ် ကျဆင်းလာသဖြင့် ဝုန်းခနဲအသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီလောက်ဆို လုံလောက်ပြီလား..."
အောက်မေးရိုးများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေသော အစေခံကို ချန်ချင်းက မေးလိုက်၏။
"လုံလောက်ပါတယ်... လုံလောက်တာထက်တောင် ပိုပါသေးတယ်... အခုချက်ချင်း သွားစီစဉ်ပေးပါ့မယ်..." အစေခံသည် ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ အသွင်အပြင်နှင့် အမူအရာမှ သူတို့သည် သာမန် မဟုတ်ကြောင်းကို သိမြင်ခဲ့ပြီးဖြစ်သော်လည်း သူတို့၏ကြွယ်ဝချမ်းသာမှုမှာ ဤမျှထိ ကြီးမားလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
သူ ဘာမှထပ်မပြောရဲတော့ဘဲ ဆေးပင်များကို ထုပ်ပိုးရန် ချက်ချင်းလှုပ်ရှားလိုက်၏။
ဤမျှများပြားသော ဆေးပင်များကို ရောင်းချရသဖြင့် ဆေးခန်းမအတွင်း သူ၏ရာထူးသည် အဆင့်များစွာ မြင့်တက်သွားမည်မှာ သေချာပေါက်ပင်။
အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်စာခန့် ကြာမြင့်ပြီးနောက်...
အစေခံသည် ချန်ချင်းထံ ပြန်လာသောအခါ သူ၏ လက်ထဲတွင် သိုလှောင်အိတ်သုံးလုံး ကိုင်ဆောင်ထားသည်။
သူက ထိုအရာကိုများကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးလိုက်သည်။
"သခင်... ဒီအိတ်ထဲမှာ အဆင့်ခုနစ် ဆေးပင်တွေ ပါပါတယ်... ဒီအိတ်ထဲမှာ အဆင့်ရှစ် ဆေးပင်တွေ ပါပြီးတော့ ကျန်တဲ့အိတ်ထဲမှာ အဆင့်ကိုး ဆေးပင်တွေ ပါပါတယ်... ပစ္စည်းတွေကို အရင်စစ်ဆေးကြည့်ချင်လား..."
"မလိုပါဘူး... ငါ မင်းကို ယုံတယ်..."
ချန်ချင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး သိုလှောင်အိတ် သုံးလုံးကို သူ၏စနစ်သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
"သခင်ရဲ့ ယုံကြည်မှုကိုရတာ ကျွန်တော့်ရဲ့ ဂုဏ်ကျက်သရေပါ..."
အစေခံက ပြောလိုက်ပြီး သူ၏စိတ်နှလုံးသားထဲတွင်လည်း အမှန်တကယ်ပင် ထိုသို့ ခံစားရလေ၏။
သူတို့ လိုချင်သော ဆေးပင်များကို ဝယ်ယူပြီးဖြစ်ရာ အချိန်ဆွဲနေရန် မလိုတော့ချေ။
ချန်ချင်းက ရှားချင်းယွဲ့ကို ကြည့်လိုက်သည်။
"ဇနီးလေး... သွားကြစို့..."
"ဟုတ်ကဲ့..."
ရှားချင်းယွဲ့က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလေသည်။
သူတို့ ထွက်ခွာသွားစဉ် သူတို့၏နောက်မှ တခြားသူများနှင့်အစေခံကြားရှိ စကားပြောဆိုမှုကို သူတို့ ကြားလိုက်ရသည်။
"ကောင်းကင် ကြယ်တာရာမြက်... ထာဝရည ပန်း... ကြယ်မျိုးစေ့..."
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အသက်တစ်ရှိုက်တည်းဖြင့် ဆေးပင်အမျိုးအစား သုံးဆယ်ထက်မနည်းကို ရေရွတ်လိုက်သည်။
အစေခံက နားထောင်ပြီးနောက် ပြန်ဖြေလိုက်၏။ "သခင်... သခင် တောင်းဆိုတဲ့ ဆေးပင်တွေထဲမှာ... ထာဝရညပန်းနဲ့ ကြယ်မျိုးစေ့က ရောင်းကုန်သွားပါပြီ..."
"ရောင်းကုန်သွားပြီ... မင်း ခုဏကပဲ ပစ္စည်း အလုံအလောက် ရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..."
သက်လတ်ပိုင်းအမျိုးသားက မကျေမနပ်ဖြင့် မေးလိုက်သည်။
"သခင့်ကို အကြောင်းပြန်ပါတယ်... အခုလေးတင် ရောင်းကုန်သွားတာပါ..."
အစေခံက ဒုက္ခရောက်နေပုံနှင့် ချွေးများပြန်နေပြီး ပြောလိုက်ရာ အမျိုးသားက သူ၏အင်္ကျီဂုတ်ကို ဆွဲကိုင်လိုက်သည်။
"အခုလေးတင် ရောင်းကုန်သွားတာလား... ဘယ်သူ ဝယ်သွားတာလဲ..."
သက်လတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ပြိုင်ဘက်က အကြံအစည်တစ်ခုခုများ ရှိနေသလောဟု သံသယဝင်မိလေ၏။
"ဒါက..."
ဆေးခန်းမဆောင်၏ စည်းမျဉ်းများအရ အစေခံသည် ဤကဲ့သို့ အချက်အလက်များကို ပေါ့ပေါ့ပါးပါး ထုတ်ဖော်၍ မရနိုင်ချေ။
သို့သော် သူ ထိုသို့ တွေးနေသော်လည်း သူ၏အမှတ်မထင် အကြည့်တစ်ချက်ကို သက်လတ်ပိုင်း အမျိုးသား က ရိပ်စားမိသွားသည်။
သက်လတ်ပိုင်း အမျိုးသားသည် အစေခံ၏ အကြည့် ဦးတည်ရာသို့ လိုက်ကြည့်လိုက်သည်။
သူ၏အကြည့်သည် ပင်မတံခါးဝသို့ ရောက်ရှိနေပြီဖြစ်သော ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ ကျောပြင်များပေါ်သို့ လျှင်မြန်စွာ ကျရောက်သွားပေ၏။